နတ်ပြည်ထောင်တစ်ခု ထွက်ပေါ်လာခြင်း
Vol. 71 Ch. 991
ကြယ်တစ်လုံးပေါ်တွင် နှစ်တစ်ထောင်က အလွန်ကြာမြင့်သော်လည်း စကြဝဠာကြီးတစ်ခုလုံးနှင့်ယှဥ်လျှင် ခဏတာသာ ဖြစ်၏။ စကြဝဠာအတွင်း နတ်ပြည်ထောင်သုံးဆယ်ကျော် ရှိသော်လည်း အစိတ်အပိုင်းအနည်းငယ်ကိုသာ သိမ်းပိုက်ထားကြပြီး ကျယ်ဝန်းသော ပိုင်ရှင်မဲ့ကြယ်များစွာ ကျန်ရစ်နေသည်။ ထာဝရနတ်ပြည်ထောင်၊ သွေးပြည်ထောင်၊ နတ်ဆိုးဘုရင်ပြည်ထောင်နှင့် အခြားနတ်ပြည်ထောင်များက ချီသိပ်သည်းသော နေရာများကို အပိုင်သိမ်းထားကာ ကျန်နယ်မြေများတွင် သတ်ဖြတ်ရန်သာ သိသော နတ်ဆိုးဝိညာဥ်များသာ ကြီးစိုးနေကြသဖြင့် သက်ရှိအနည်းငယ်သာ ရှင်သန်နိုင်ကြ၏။
သုံးပြည်ထောင်စစ်ပွဲတွင် သွေးပြည်ထောင်နှင့် နတ်ဆိုးဘုရင်ပြည်ထောင်က ထာဝရနတ်ပြည်ထောင်ကို တွန်းလှန်ရန် ပူးပေါင်းထားသော်လည်း နောက်ကျောဓားထိုးခံရမည့် အဖြစ်ကို ကြောက်သောကြောင့် အချင်းချင်း သတိထားနေရသည်။ ဘီလီယံရာချီသော ကျင့်ကြံသူများက နယ်စပ်များတွင် ကြမ်းတမ်းစွာ တိုက်ခိုက်နေသောကြောင့် ရက်စက်လှသော မြင်ကွင်းတစ်ခု ဖြစ်၏။ ထိုနတ်ပြည်ထောင်များအပြင် အခြားနတ်ပြည်ထောင်များလည်း စစ်ပွဲဖြစ်နေကြပြီး လွန်ခဲ့သော နှစ်များအတွင်း လူသားမျိုးနွယ်က ပုန်းအောင်းနေခဲ့သည်။ သူတို့အတွက် မျှော်လင့်ချက် စတင်ဖြစ်ပေါ်လာသည်မှာ ခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် နန်းကုန်းဇီနှင့် ယဲ့ရှင်းရွှမ်တို့က အာကာသနတ်အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။ ပြည်ထောင်နှစ်ခု၏ ထောက်ခံမှုဖြင့် သူတို့က ရှင်းဟွမ်မျိုးနွယ်ကို တိုက်ခိုက်ရန်အတွက် လူသားများစွာ စုဆောင်းနိုင်ခဲ့သည်။
ပုကျောက်တောင်တန်းတွင် အာကာသနတ် ပိုင်ကျိ၏ကာကွယ်ပေးမှုဖြင့် လင်လုံနှင့် ထိပ်တန်းမဟာမိတ်မှ ကျင့်ကြံသူများ နေထိုင်ခဲ့ကြသည်။ ဤနှစ်များအတွင်း ပိုင်ကျိက ကာကွယ်ပေးထားသဖြင့် ရှင်းဟွမ်မျိုးနွယ်က လိုက်လံဖမ်းဆီးခြင်း မရှိပေ။ ပုကျောက်တောင်၏ အချိန်စီးဆင်းနှုန်းက အပြင်ကမ္ဘာ၌ နှစ်တစ်ထောင်ဆိုလျှင် ထိုနေရာ၌ နှစ်တစ်သောင်းဖြစ်သောကြောင့် လင်လုံက အာကာသနတ်အဆင့်၊ လင်ရွဲ့က ဟင်းလင်းပြင်နတ် ထိပ်ဆုံးအဆင့်နှင့် အခြားသူများလည်း ဟင်းလင်းပြင်နတ်အဆင့် ရောက်လာကြသည်။ သူမက မဟာတာအို ကောင်းကင်သခင်၏ မျိုးဆက်သွေးကို အမွေရထားသောကြောင့် အာကာသနတ်အဆင့်သို့ ရောက်လာသည်မှာ မထူးဆန်းသော်လည်း အခြားလူသားများမှာမူ အားနည်းနေခဲ့သည်။
ယဲ့မုန်သည် သွေးမီးတောက်နတ်ဆိုးမျိုးနွယ်မှ အာကာသနတ်တစ်ယောက်ကို ဆရာတင်ခဲ့ပြီး သိပ်မကြာခင်က အာကာသနတ်အဆင့်သို့ တက်နိုင်ခဲ့သည်။ ရန်လီက သူ၏ဆရာဖြစ်ပြီး အလွန်ထူးချွန်သော ပါရမီကို သွေးပေးနိုင်ခဲ့သည်။ ယဲ့ပင်းကမူ အကန့်အသတ်ရှိသောကြောင့် ဟင်းလင်းပြင်နတ်အဆင့် ရောက်သောအခါ ကျင့်ကြံဆင့် ရပ်တန့်သွားခဲ့သည်။ လူသားမျိုးနွယ်တွင် လောကနတ်အဆင့်များ ထွက်ပေါ်လာသော်လည်း ဟင်းလင်းပြင်နတ်အဆင့် ရောက်နိုင်သူများမှာ အလွန်နည်းပါးနေသည်။ ယဲ့မုန်၏ ကျင့်ကြံဆင့်မြန်နှုန်းသည် ယဲ့ချန်၏ ဝိညာဥ်ကောင်များကြောင့်ဖြစ်ပြီး လူသားစစ်တပ်ရှိ မည်သူမဆို ၎င်းတို့နှင့်သာ မပေါင်းစပ်ခဲ့လျှင် နတ်အဆင့်အထက်သို့ တက်နိုင်မည် မဟုတ်ချေ။
သွေးပြည်ထောင်ရှိ မီးများ တောက်လောင်နေသော ကြယ်တစ်လုံးအထက်တွင် ယဲ့မုန်သည် အဝေးကို ငေးမောရင်း တိတ်တဆိတ် ရပ်နေခဲ့သည်။ သူက လူငယ်ဆန်ဆန် ချောမောနေဆဲဖြစ်သော်လည်း စိတ်အခြေအနေက ရင့်ကျက်ပြောင်းလဲသွားခဲ့၏။
"ယဲ့မုန် ငါ နန်းကုန်းဇီထံကနေ သတင်းရလာတယ်။ လက်ရှိမှာ လူသားမျိုးနွယ်က အဆင့်ခြောက်ဖြစ်လာပြီး အင်အားအမှတ်က နေ့တိုင်း တိုးတက်လာနေတယ်။ ဒါကြောင့် ခေါင်းဆောင်က အဆင်ပြေမှာပါ၊ စိုးရိမ်စရာ မလိုဘူး"
ယဲ့ပင်းရောက်လာကာ သတင်းပို့လိုက်ခြင်း ဖြစ်သည်။
"ငါ မစိုးရိမ်ပါဘူး။ အစ်ကိုကြီး ဒီအချိန်မှာ ဘာလုပ်နေမလဲဆိုတာကိုတော့ သိချင်မိတယ်။ သူက ဘယ်အချိန်ကျရင် ထွက်လာပြီး ငါတို့ကို ဦးဆောင်တိုက်ပွဲဝင်မှာလဲ"
ယဲ့မုန်၏ တိုက်ခိုက်လိုစိတ်က ဓားတစ်လက်ပမာ ထက်ရှနေပြီး လူသားအားလုံးသည် တိုက်ပွဲဝင်မည့် နေရက်ကို စောင့်ဆိုင်းနေကြ၏။ နှစ်ပေါင်းတစ်ထောင် ကြာမြင့်သွားသော်လည်း သူတို့၏တိုက်ခိုက်လိုစိတ်က လျော့နည်းမသွားခဲ့ပေ။ ထိုအချိန်၌ သူက အာကာသနတ်သုံးယောက် ရောက်လာသည်ကို အာရုံခံမိလိုက်ပြီး သွေးမီးတောက်နတ်ဆိုးမျိုးနွယ်မှဖြစ်ကာ အာကာသနတ်ထိပ်ဆုံးအဆင့် တစ်ယောက် ပါဝင်သည်။ သူတို့က သွေးနတ်ဆိုးမျိုးနွယ်၏ ဧည့်အကြီးအကဲများဖြစ်ကာ ထိုမျိုးနွယ်သည် အဆင့်ခြောက်မျိုးနွယ်တစ်ခုဖြစ်၍ အစွမ်းထက်သည်ဟု ယူဆနိုင်သော်လည်း ရှင်းဟွမ်မျိုးနွယ်အောက် အားနည်းနေခဲ့သည်။
"တပည့် ဆန်းကျယ်တဲ့ အင်အားစုတစ်ခုက နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းမှာ နတ်ပြည်ထောင်တစ်ခု တည်ထောင်လိုက်တယ်လို့ ငါ သတင်းရတယ်"
ရန်လီ၏စကားသံ ထွက်ပေါ်လာခဲ့သည်။ နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းတွင် မူလနိယာမများ ကျိုးပဲ့နေပြီး မည်သည့်ချီမှ မရှိသောကြောင့် နတ်ပြည်ထောင်တစ်ခု ထွက်ပေါ်လာသည့် အဖြစ်က မယုံနိုင်စရာ ကောင်းနေသည်။ ထို့ကြောင့် ယဲ့မုန်က အံ့အားသင့်သွားကာ မည်သည့်အင်အားစုဖြစ်ကြောင်း အတွေးနက်သွားခဲ့သည်။ ထိုနေရာက နိမ့်ကျသော်လည်း ထာဝရနတ်ပြည်ထောင်၏ ပိုင်နက်အတွင်း ရှိသောကြောင့် ဤလုပ်ရပ်သည် ပါးပိတ်ရိုက်ခြင်းနှင့် ဆင်တူသည်။
"တစ်ချက်လောက် သွားကြည့်လိုက်ပါ။ သူတို့က ထာဝရနတ်ပြည်ထောင်ကိုတောင် စိန်ခေါ်ရဲမှတော့ မရိုးရှင်းဘူး။ ငါ့နတ်ဝိညာဥ်တောင် အဲ့ဒီနေရာကို မစစ်ဆေးနိုင်တော့ဘူး။ အချိန်မရွေး ဆရာ့ကို ဆက်သွယ်နေပါ။ အန္တရာယ်တစ်ခုခုဖြစ်လာရင် ငါ မင်းကို ချက်ချင်းလာကယ်မယ်"
ရန်လီသည် သွေးမီးတောက် နတ်ဆိုးမျိုးနွယ်ဝင် ဖြစ်သောကြောင့် လူမြင်ကွင်းထွက်ရန် အဆင်မပြေသဖြင့် တပည့်ဖြစ်သူကို ညွှတ်ကြားလိုက်ရ၏။
"ဟုတ်ကဲ့ပါ ဆရာ"
"အစ်ကို ကျုပ် လိုက်ခဲ့ရမလား။ အန္တရာယ် ရှိနိုင်တယ်"
ယဲ့မုန်က ခေါင်းညိတ်လိုက်သောအခါ ယဲ့ပင်းက ဝင်ပြောလိုက်ခြင်းဖြစ်သည်။
"မလိုအပ်ဘူး။ ဒီကိစ္စက အစ်ကိုကြီးနဲ့ ပတ်သက်နေမယ်လို့ ငါ ခံစားနေရတယ်"
"ဒါဆိုရင် နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းမှာ နတ်ပြည်ထောင် တည်ထောင်တာက ခေါင်းဆောင်လား။ နှစ်တစ်ထောင်အကြာမှာ သူက ရှင်းဟွမ်မျိုးနွယ်ကို တိုက်ခိုက်ဖို့ ပြန်လည်ထွက်ပေါ်လာပြီလား။ ငါ့ကို အတူလိုက်ခွင့်ပေးပါ"
ယဲ့မုန်၏ လေးနက်သော စကားကြောင့် ယဲ့ပင်း၏ သွေးများ ပွက်ပွက်ဆူလာခဲ့သည်။
"မသေချာသေးဘူး။ ဒါကြောင့် ငါ့သတင်းကို ဒီမှာ စောင့်နေပါ"
ယဲ့မုန်သည် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ပြီးနောက် ရန်လီနှင့် ယဲ့ပင်းကို နှုတ်ဆက်ကာ နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းထံ တည်နေရာပြောင်းကျင့်စဥ်နှင့် ဦးတည်လိုက်သည်။
နတ်ပြည်ရှိ ရှင်းဟွမ်နန်းတော်အတွင်း ရှင်းဟွမ်ဘုရင်သည် ပလ္လင်ထက်၌ မည်းမှောင်သော မျက်နှာထားဖြင့် ထိုင်နေခဲ့သည်။ ကောင်းကင်ကံဗျတ်စောင်း၏ စောင်းကြိုးများ ပြတ်တောက်သွားသောကြောင့် သူက အလွန်တရာ ဒေါသထွက်နေခဲ့၏။ ၎င်းက မူလရတနာတစ်ခုဖြစ်ပြီး လူသားမျိုးနွယ်၏ ကံတရားကို ဖိနှိပ်ထားသဖြင့် စောင်းကြိုး ပြတ်တောက်သွားရန်အတွက် အနည်းဆုံး လူသားကြယ်သခင် ဘီလီယံရာချီက တပြိုင်နက် အဆင့်တက်ရန် လိုအပ်သည်။ လူသားမျိုးနွယ်ကို သူက အမြဲတမ်းဖိနှိပ်ထားပြီး လိုက်လံသတ်ဖြတ်ခဲ့သောကြောင့် ဤကျင့်ကြံသူများ မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း စဥ်းစားမရပေ။ ဘိုးဘေးနတ်များက စောင်းကြိုးများကို ပြန်လည်ပြင်ဆင်ပေးနိုင်သော်လည်း မည်သူမှ ကူညီမည် မဟုတ်ပေ။ သူက အသက်မီးတောက်ကို ရယူ၍ ဘိုးဘေးနတ်ဘုရားဖြစ်လာလျှင် ၎င်းကို ပြင်ဆင်နိုင်သော်လည်း ထိုအချိန်၌ မူလရတနာတစ်ခု၏ စွမ်းအားကို မလိုအပ်တော့ပေ။ ကောင်းကင်ကံဗျတ်စောင်းက စကြဝဠာ၏ မူလချီများကို ရွှေ့ပြောင်းပေးနိုင်ရုံသာ တတ်နိုင်သော်လည်း ဘိုးဘေးနတ်များကိုယ်တိုင်က မူလနိယာမများ ဖြစ်နေသည် မဟုတ်ပါလော။
အသက်မီးတောက်လုပွဲက စတင်တော့မည် ဖြစ်သောကြောင့် ရှင်းဟွမ်ဘုရင်က ပြိုင်ဘက်များကို မကြောက်သော်လည်း လှည့်ကွက်များကို စိုးရိမ်သဖြင့် မူလရတနာ၏စွမ်းအားကို လိုအပ်နေသည်။ သို့ရာတွင် ၎င်းက အချိန်ကိုက် ပျက်စီးသွားသောအခါ သည်းမခံနိုင် ဖြစ်နေခဲ့သည်။
"ရွှမ်ကုန်း ဒီနှစ်တစ်ထောင်အတွင်းမှာ စကြဝဠာထဲက လူသားတွေကို ငါတို့ လိုက်သတ်ခဲ့ပြီးပြီမလား။ ဒီကောင်တွေက ဒီလောက်ကျဆင်းသွားတာတောင် နတ်တစ်ပိုင်းအဆင့် ဘီလီယံရာချီ ဘယ်က ထွက်လာတာလဲ။ အခြေအနေကို ပြောစမ်း"
သူ၏စကားသံက တည်ငြိမ်နေသော်လည်း ပတ်ဝန်းကျင် လေဟာနယ်မှာ ဆက်တိုက်ပျက်စီးနေသည်။
"စိတ်အေးအေးထားပါ မင်းကြီး။ ဘာတွေဖြစ်နေလဲဆိုတာ ကျုပ် ချက်ချင်းစုံစမ်းလိုက်ပါမယ်။ ဒါပေမယ့် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းမှာ နတ်ပြည်ထောင်တစ်ခု ပေါ်လာတယ်လို့ သတင်းရထားပါတယ်"
ရွှမ်ကုန်းက စိုးရွံ့စွာဖြင့် တင်ပြလိုက်သည်။
"ဘာ"
နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းက နုံချာ၍ သေးနုပ်သော်လည်း ထာဝရနတ်ပြည်ထောင်၏ ပိုင်နက် ဖြစ်သောကြောင့် သေချာပေါက် ရန်စခြင်းဖြစ်ရာ ရှင်းဟွမ်ဘုရင်၏ မျက်နှာက ပို၍မည်းမှောက်လာသည်။
"ကြည့်ရတာ ဒီကောင်တွေက အကြာကြီးပုန်းနေပြီး အခုမှ ထွက်လာတာ ထင်တယ်။ မင်းတို့ ဘယ်လောက်စွမ်းဆောင်နိုင်မလဲ ကြည့်ရသေးတာပေါ့။ အာကာသနတ်သုံးယောက်၊ ဟင်းလင်းပြင်နတ်နှစ်ရာ၊ လောကနတ်တစ်သောင်းနဲ့ စစ်သည်နှစ်ရာဘီလီယံကို နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းဆီ စစ်ချီစေ၊ တွေ့သမျှ ဘယ်သူဖြစ်ဖြစ် သတ်လာဖို့ အမိန့်ပေးလိုက်"
ကောင်းကင်ဗျတ်စောင်း ပျက်စီးသွားကြောင်း တွေးမိသောအခါ သူက အေးစက်စက် ညွှန်ကြားလိုက်သည်။
"အမိန့်တော်အတိုင်းပါ"
ရွှမ်ကုန်းက ခေါင်းညိတ်လိုက်ပြီး ဤပမာဏသည် ထာဝရနတ်ပြည်ထောင်၏ အစစ်အမှန် စစ်တပ်တစ်ခုနှင့် တူညီသောကြောင့် ရှင်းဟွမ်ဘုရင် အလေးအနက်ထားနေကြောင်း နားလည်လိုက်၏။ အာကာသနတ်များက တည်နေရာပြောင်းကျင့်စဥ်ဖြင့် ဧရာမစစ်တပ်ကြီးကို နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းထံ ပို့ဆောင်လိုက်သည်။ အာကာသနတ်သုံးယောက်က နတ်ဝိညာဥ်ဖြင့် စစ်ဆေးလိုက်သော်လည်း တစ်နေရာလုံးကို ဆန်းကျယ်သော အကာအကွယ်တစ်ခု ဖုံးအုပ်နေသောကြောင့် အတွင်းသို့ လုံးဝမမြင်နိုင်ခဲ့ပေ။
"ငါ မှတ်မိပြီ။ ဒီနေရာကို အရင်တစ်ခါ ရောက်ဖူးတုန်းက မူလနိယာမတွေ ပျက်စီးနေတယ်။ ဘာကြောင့် မူလနိယာမတွေနဲ့ ချီတွေ ရှိနေရတာလဲ။ စကြဝဠာက အလိုလို ပြင်ဆင်ပေးလိုက်တာလား"
အာကာသနတ်တစ်ယောက်က သံသယဖြင့် ရေရွတ်လိုက်သည်။ မူလနိယာမများကို ပြန်လည်ပြင်ဆင်ခြင်းသည် အာကာသနတ်အဆင့်ဖြင့် စွမ်းဆောင်နိုင်သော အရာ မဟုတ်ချေ။
"မူလနိယာမတွေ တကယ်ရှိနေတာပဲ"
ကျန်အာကာသနတ်တစ်ယောက်က ပတ်ဝန်းကျင်ကို အာရုံခံလိုက်သောအခါ တစ်ခုခုမှားယွင်းနေကြောင်း သဘောပေါက်လိုက်သည်။ ထိုအချိန်တွင် ကင်းထောက်တပ်အဖြစ် စစ်သည်တော် ဘီလီယံနှစ်ဆယ်က နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းထံ ချီတက်နေပြီဖြစ်၏။ ဤကင်းထောက်တပ်တွင် နတ်အဆင့်များနှင့် လောကနတ်အဆင့်များသာမက ဟင်းလင်းပြင်နတ်များပင် ပါဝင်လေသည်။