နှစ်တစ်ထောင်ကြာပြီး လူသားမျိုးနွယ်၏အင်အား
Vol. 71 Ch. 992
ဘီလီယံနှစ်ဆယ်ကျော် ပါဝင်သော ကင်းထောက်တပ်က နဂါးငွေ့တန်းကြယ် အဖွဲ့အစည်းအတွင်း ပြေးဝင်သွားသောအခါ မျက်စိကျိန်းလောက်အောင် တောက်ပသည့် အလင်းတစ်ခု ထွက်ပေါ်လာသည်။ အစွမ်းထက် ပေါက်ကွဲမှုတစ်ရပ်က ဘုန်းခနဲ ထွက်ပေါ်လာ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုအရာက ကင်းထောက်တပ်အတွင်း ကျရောက်ပေါက်ကွဲသွားသောအခါ အဖြူရောင် မီးလျှံများက အားလုံးကို ပြာကျသည်အထိ လောင်ကျွမ်းခဲ့သည်။ ၎င်းက ပြင်းထန်လွန်းသော တိုက်ကွက်ဖြစ်ကာ အချိန်အတန်ကြာသည်အထိ ပေါက်ကွဲမှု၏ အရှိန်အဟုန်များ ပျောက်ကွယ်မသွားချေ။
ကြောက်မက်ဖွယ် တန်ပြန်အားက အာကာသနတ်သုံးယောက်ကို လာရောက်အဖျားခတ်သွားသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး မျက်နှာ၌ သွေးရောင် ပျောက်သွားကြသည်။ အကယ်၍ သူတို့သာ ပစ်မှတ်ဖြစ်ခဲ့လျှင် မသေသည့်တိုင်အောင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ သွေးပြည်ထောင်၏ အဆင့်ငါး မရဏအလင်းမျှော်စင်က အစွမ်းထက်သော်လည်း ဤမျှလောက် ပြင်းထန်ခြင်းမရှိသဖြင့် ထုတ်ကုန်အသစ် ဖြစ်နိုင်သည်။ မျက်တောင်တစ်ခတ်အတွင်း ဟင်းလင်းပြင်နတ်များပင် မကျန်အောင် အသတ်ခံလိုက်ရသောကြောင့် သူတို့က ခေါင်းကိုက်နေရသည်။ ထိုအချိန်တွင် ကြယ်အဖွဲ့အစည်းအတွင်းမှ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်၏ပုံရိပ်က သူတို့ထံ ဦးတည်လာနေပြီး ချောမောသော လူသားများ ဖြစ်နေကြသည်။
အမျိုးသားဖြစ်သူက အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် လေးနက်တည်ကြည်သော မျက်နှာထားကို ပိုင်ဆိုင်ထား၏။ သူ၏လေးနက်သော မျက်ဝန်းများတွင် မိန်းကလေးငယ်အပေါ် ကြင်နာတတ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူ၏ပတ်လည်၌ အလင်းစက်ကွင်းများစွာက တဝီဝီ လည်ပတ်နေကြပြီး မိန်းကလေးသည် ခရမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားကာ ပြိုင်ဘက်ကင်းလောက်သော အလှပိုင်ရှင်တစ်ယောက် ဖြစ်၏။ သူမ၏အလှက ကျက်သရေနှင့် ပြည့်စုံသော်လည်း မျက်ဝန်းများက ဆွဲဆောင်အားပြင်းလှပြီး ခန္ဓာကိုယ်ထက်တွင် နတ်မိုးကြိုးများ ယှက်သန်းနေသည်။ ဤနှစ်ယောက်ကို မြင်သောအခါ မင်စန်း၊ မင်ကျောက်နှင့် မင်လွမ်ဟူသော ရှင်းဟွမ်မျိုးနွယ်၏ အာကာသနတ်သုံးယောက်က သတိကြီးကြီးထားလိုက်သည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းက သူတို့နှင့် မတိမ်းမယိမ်းဖြစ်ပြီး ယောကျ်ားလေးထံ ကျယ်ပြောလှသော အရှိန်အဝါကို ခံစားနေရကာ ထွင်းဖောက်မမြင်နိုင်ချေ။ မိန်းကလေးငယ်ကမူ နတ်မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားပုံရပြီး အချိန်မရွေး ဖောက်ခွဲတိုက်ခိုက်လာနိုင်သည်။ လူသားမျိုးနွယ်၌ သူတို့မသိသော အာကာသနတ်နှစ်ယောက် ရှိနေသောကြောင့် တုန်လှုပ်နေစဥ် တစ်ဖက်လူသည် ဘီလီယံရာချီသော ရှင်းဟွမ်စစ်တပ်ကြီးနှင့် မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။
"ကိုကို သူတို့အကုန်လုံးကို ဘာကြောင့် သတ်လိုက်တာလဲ။ ဝိညာဥ်ကောင်နဲ့ ပေါင်းစပ်လိုက်ရင် ပိုမကောင်းဘူးလား"
ယဲ့ချင်းရောင်က နှုတ်ခမ်းဆူ၍ မေးလိုက်သောကြောင့် အလွန်ချစ်စရာကောင်းနေသည်။
"ငါတို့မှာ လူအင်အား လုံလောက်နေပါပြီ။ မလိုတော့ပါဘူး ညီမလေးရယ်"
ယဲ့တန်းရွှမ်က လေးနက်စွာ ဖြေလိုက်သည်။
"ဟုတ်။ ဒါဆိုရင် ဒီသုံးယောက်ကိုရော ဖမ်းကြမလား"
သူမက ခေါင်းတစ်ချက်ညိတ်၍ ခွင့်ပြုချက် တောင်းလိုက်သည်။
"အာကာသနတ်တွေကိုတော့ ဖမ်းရမယ်"
ယဲ့တန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး မူလနိယာမကိုးခု၏ စွမ်းအားများကို ခန္ဓာကိုယ်၌ စုစည်းလိုက်သည်။ လူသားမျိုးနွယ်တွင် သူနှင့် ဖခင်ဖြစ်သူ ယဲ့ချန်သာ ပါရမီအမြင့်ဆုံးဖြစ်၍ မူလနိယာမကိုးခုအထိ ဆင်ခြင်နိုင်ခဲ့သည်။ ထန်တိုက်လင်၊ ယဲ့ချင်းရောင်၊ နင်အာ၊ ပိုလင်းနှင့် အခြားသူများမှာ အများဆုံး ခြောက်ခုအထိသာ နားလည်နိုင်ခဲ့ကြ၏။ ဤနှစ်များအတွင်း လူသားမျိုးနွယ်နှင့် မဟာမိတ်များက ကွဲပြားသော ကျင့်ကြံရေး လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့သည်။ အခြားသောမျိုးနွယ်များက ကောင်းကင်ချီ၊ အချိန်လေဟာနယ်ချီ၊ နတ်ချီနှင့် အခြားချီများကို ကျင့်ကြံရန်အတွက် စုပ်ယူခဲ့ကြသော်လည်း သူတို့အားလုံးက မူလနိယာမများကို ကျင့်ကြံခဲ့သည်။ နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းရှိ ပျက်စီးနေသော မူလနိယာမများကို ယဲ့ချန်က အစားထိုးခဲ့သောကြောင့် ကျင့်ကြံနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာသည်။
ယဲ့မောင်နှမ၏ အထင်သေးစကားကို ကြားလိုက်ရသောအခါ ရှင်းဟွမ်သုံးယောက်က ဒေါသထွက်သွားပြီး မောက်မာလွန်းသည်ဟု ယူဆလိုက်ကြသည်။ မင်ကျောက်က အေးစက်စက် နှာခေါင်းရှုံ့၍ များပြားလှသော နတ်ချီများအား စုစည်းကာ ယဲ့တန်းရွှမ်ထံ တိုက်ခိုက်လိုက်သည်။ ဤကား အာကာသနတ်တစ်ယောက်၏ ဒေါသတကြီး တိုက်ကွက်ဖြစ်ကာ စွမ်းအင်အမျှင်တစ်ခုဖြင့် ထိလျှင်ပင် ကြယ်တစ်လုံးအနေဖြင့် မွစာကြဲသွားပေလိမ့်မည်။
"လူသားမျိုးနွယ်ကို မင်းတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ် ထင်နေတုန်းလား။ ဒါဆိုရင် မှားသွားပြီ"
ယဲ့တန်းရွှမ်က တစ်ချက်ပြုံး၍ ညာလက်ဝါးကို ဆန့်ထုတ်လိုက်သောအခါ မရေမတွက်နိုင်သော စကြဝဠာ၏စွမ်းအင်များ စုဝေးလာခဲ့သည်။ မင်ကျောက်၏ တိုက်ကွက်က ထိုလက်ဝါးနှင့် အတွေ့တွင် တစ်ဖက်လူက မျက်နှာပျက်သွားကာ ချက်ချင်းထွက်ပြေးလိုခဲ့သည်။
"ဘန်း"
သို့ရာတွင် လက်ဝါးချက်က နတ်ချီများကို ဖျက်ဆီး၍ သူ့ကိုထိမှန်သွားကာ တစ်ကိုယ်လုံးတွင် စုစည်းထားသမျှ မူလချီများ ပျက်စီးကုန်သည်။ သူက လက်ဝါးတစ်ချက်တည်းဖြင့် သေလုမျောပါး ဖြစ်သွားသောကြောင့် ကြောက်စရာကောင်းလွန်းနေပြီး တစ်ဖက်လူမှာ အာကာသနတ်ထိပ်ဆုံးအဆင့် ဖြစ်နိုင်ပြီး ရှင်းဟွမ်မျိုးနွယ်၏ ခေါင်းဆောင်အချို့သာ ရင်ဆိုင်နိုင်ပေလိမ့်မည်။ ယဲ့တန်းရွှမ်က ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်သော်လည်း အာကာသနတ်အလယ်အဆင့်ကို အနိုင်ယူပြလိုက်သောကြောင့် ရှင်းဟွမ်မျိုးနွယ်ဝင် သုံးယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
"မင်းတို့ အရှုံးပေးမလား တိုက်ခိုက်မလား"
ယဲ့တန်းရွှမ်က မောက်မာခြင်းကင်းမဲ့သော လေသံဖြင့် မေးလိုက်သော်လည်း တည်ကြည်သော မျက်နှာထက်၌ အဆုံးမဲ့အာဏာ ထင်ဟပ်နေသည်။ ရန်သူသုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး နတ်ချီအလင်းသုံးခုကို စုစည်းကာ တစ်သက်လုံး စုပ်ယူလာသမျှ မူလချီများ ပေါင်းစပ်၍ ပစ်ခတ်လာကြ၏။ သူတို့က ဤတိုက်ကွက်တွင် ရှိသမျှ ပုံအောထားခြင်း ဖြစ်သည်။
"လက်မလျှော့ချင်သေးဘူးလား"
ယဲ့တန်းရွှမ်၏ လက်ဝါးအတွင်း မူလနိယာမကိုးပါးက တဝီဝီ လှည့်ပတ်လာကြသည်။
"ကိုကို ညီမလေး တိုက်ခိုက်မယ်"
ယဲ့ချင်းရောင်၏ လက်ချောင်းလေးများ လှုပ်ခတ်သွားကာ မူလနိယာမခြောက်ခုသည် ကြာပန်းဖြူသဏ္ဍာန် ထွက်ပေါ်လာ၍ ရန်သူ၏ တိုက်ကွက်အား ပိတ်ဆို့လိုက်သည်။
"ဘုန်း"
လျင်မြန်စွာ ဖူးပွင့်လာသော ကြာပန်းသည် ရန်သူ၏တိုက်ကွက်တွင် ပါဝင်သော စွမ်းအင်အားလုံးကို စုပ်ယူချေဖျက်လိုက်သည်။
"ဒီလူသားနှစ်ယောက်က ကြောက်စရာကောင်းလှချည်လား"
"ဒီနှစ်တစ်ထောင်အတွင်းမှာ ငါတို့မျိုးနွယ်က အလိမ်ခံထားရတာပဲ"
"ပြေးကြ"
ရန်သူသုံးယောက်က ထွက်ပြေးချင်သော်လည်း ကြာပန်းဖြူက ဝင်ရောက်ရိုက်ခတ်လိုက်သောကြောင့် အပြင်းအထန် ဒဏ်ရာရသွားကာ တည်နေရာ မပြောင်းရွှေ့နိုင်တော့ချေ။
"ထွက်ပြေးချင်တာလား။ ဝူဇီ သူတို့ကို ဖမ်းလိုက်"
ယဲ့တန်းရွှမ်က အမိန့်ပေးလိုက်သောအခါ စကြဝဠာအတွင်း ဧရာမ အနက်ရောင် ရေဘဝဲကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းက မီတာရာချီမြင့်မား၍ လက်တံရှစ်ချောင်းမှာ မီတာတစ်ရာစီ ရှည်လျားကြသည်။ လက်ရှိတွင် ဝူဇီက သေးငယ်သော ရေဘဝဲလေးမဟုတ်တော့ဘဲ လက်တံသုံးခုဖြင့် ရန်သူများထံ ပစ်ခတ်လိုက်၏။ ပတ်ဝန်းကျင် လေဟာနယ်က ချိတ်ပိတ်ခံလိုက်ရပြီး အာကာသနတ်သုံးယောက်မှာ လက်တံများဖြင့် ရစ်ပတ်ခံလိုက်ရပြီး မည်မျှရုန်းကန်ပါစေ၊ တင်းကြပ်လှသောကြောင့် လှုပ်ပင်မလှုပ်နိုင်တော့ပေ။ သူတို့က ဒေါသတကြီးဖြင့် ရှိသမျှစွမ်းအင်များ စုစည်းကာ ဝူဇီကို တိုက်ခိုက်လိုက်သော်လည်း ၎င်းက မကာကွယ်ခဲ့ပေ။ နတ်ချီများက ၎င်း၏ကိုယ်ထည်ကို ဆက်တိုက်ထိမှန်နေသော်လည်း ပြုံးရုံသာပြုံးနေပြီး ဒဏ်ရာရခြင်း မရှိချေ။
"သွားကြစို့"
ထို့နောက် ယဲ့တန်းရွှမ်နှင့် ယဲ့ချင်းရောင်က နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းအတွင်း ပြန်သွားကြသောအခါ ဝူဇီသည်လည်း အာကာသနတ်သုံးယောက်ကို လက်တံများဖြင့် ဒရွတ်တိုက်ဆွဲကာ လိုက်ပါသွားခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲမှုများ ထွက်ပေါ်လာကာ လူသားမျိုးနွယ်၏ ပစ်ချက်များအောက်တွင် ဘီလီယံရာချီသော ရှင်းဟွမ်စစ်တပ်ကြီး၌ အနည်းငယ်မျှသာ ရှင်သန်ခဲ့ပြီး ပျက်စီးသွားသည်။ လေထဲတွင် ဧရာမယာဥ်ကြီးအနည်းငယ် ထွက်ပေါ်လာကာ ကြယ်များအလား ကြီးမား၍ ထိပ်ပိုင်းတွင် အမြှောက်များနှင့်ဆင်တူသော လက်နက်ကိုယ်စီ တပ်ဆင်ထားကြ၏။ အမြှောက်တစ်ခုချင်းစီက မီတာထောင်ချီ ရှည်လျား၍ ကြောက်မက်ဖွယ် သားရဲပမာ အနက်ရောင် တဖိတ်ဖိတ်တောက်ပနေသည်။ ၎င်းတို့မှာ လူသားမျိုးနွယ်၏ စစ်လက်နက် ကြယ်ယာဥ်နှင့် အာကာသအမြှောက်တို့ ဖြစ်ကြသည်။ အတိတ်တွင် ယဲ့ချန်သည် သုံ့ပန်းရှင်းဟွမ်များကို သွေးပြည်ထောင်ထံ ရောင်းချခဲ့သောအခါ တစ်ဖက်လူသည် သုံ့ပန်းများအား ပန်းပဲလုပ်ငန်းတွင် အသုံးချခဲ့၏။ သူက ထိုသုံ့ပန်းများမှတဆင့် သွေးပြည်ထောင်၏ ပန်းပဲပညာကို ခိုးယူနိုင်ခဲ့ပြီး နောက်လိုက်များကို လေ့လာစေသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချန်သည် သူ၏အမိမြေဟောင်း ဖြစ်ဖူးသော ကမ္ဘာမြေမှ လူသားများက ကျင့်ကြံခြင်းတွင် ပါရမီမပါသော်လည်း တီထွင်စမ်းသပ်ရာ၌ ထူးချွန်ကြောင်း ရှာတွေ့ခဲ့သည်။ သူတို့က သွေးပြည်ထောင်၏ ပန်းပဲပညာကို လေ့လာပြီး အစွမ်းထက် ပန်းပဲဆရာသခင်များစွာ ထွက်ပေါ်လာသည့်အပြင် ကြယ်ယာဥ်နှင့် အာကာသအမြှောက်သည် ဤပန်းပဲဆရာများ၏ အားထုတ်မှုဖြစ်သည်။ အာကာသအမြှောက်သည် အဆင့်ငါး မရဏအလင်းမျှော်စင်ထက် များစွာပို၍သန်မာပြီး အာကာသနတ်တစ်ယောက်ကို အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။ ကြယ်ယာဥ်ကြီးများက အလွန်တရာမာကျောပြီး အာကာသနတ်များပင် မထိုးဖောက်နိုင်ပေ။ လက်ရှိတွင် နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းထံမှ ကြယ်ယာဥ်ကြီးများသည် အာကာသအမြှောက်များကို တင်ဆောင်၍ ထာဝရပြည်ထောင်၏ အဓိကနယ်မြေများထံ စစ်ချီလာနေပြီ ဖြစ်သည်။ လူသားမျိုးနွယ်၏ လက်စားချေမှုကို ထင်ဟပ်သော စစ်ပွဲကြီးက စတင်လာပေတော့မည်။
ယဲ့တန်းရွှမ်တို့ သုံးယောက်သည် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်း၏ အလယ်ရှိ ကောင်းကင်ခံတပ်တစ်ခုထံ ပျံသန်းလာခဲ့ကြသည်။ ၎င်းက အလွန်ကြီးကျယ်ခမ်းနား၍ အဖြူရောင်ဖြစ်ကာ ကြီးမားသော ကြယ်များပင်လျှင် နှိုင်းယှဥ်ပါက သေးငယ်သွားပေလိမ့်မည်။ ကောင်းကင်ခံတပ်အတွင်းမှ ယာဥ်ပေါင်းစုံ ဝင်ထွက်သွားလာနေကြပြီး အပြင်ဘက်မြို့ရိုး၌ ဧရာမ ရွှေနီလင်းနို့များစွာ စောင့်ကြပ်နေကြသည်။ ၎င်းတို့က မီတာထောင်ချီမြင့်မား၍ အရေအတွက် များပြားလှကာ အများစုသည် လောကနတ်အဆင့်များဖြစ်ပြီး ဟင်းလင်းပြင်နတ်အဆင့်များလည်း ပါဝင်ကြသည်။ သို့ရာတွင် ၎င်းတို့၏ခန္ဓာကိုယ်က ကောင်းကင်ခံတပ်နှင့်ယှဥ်လျှင် အလွန်သေးငယ်နေပြီး သစ္စာရှိနောက်လိုက်များပမာ ကင်းလှည့်နေကြသည်။ ပုံရိပ်သုံးခုက ကြယ်ကောင်းကင်ခံတပ်အတွင်း ဝင်ရောက်လာကြပြီး အမြင့်ဆုံးနေရာထံ ဦးတည်လိုက်ကြလေသည်။