← Chapters

ပင်မတံဆိပ်၏ လျှို့ဝှက်ချက်

Vol. 71 Ch. 993

ပင်မတံဆိပ်၏ လျှို့ဝှက်ချက်

Vol. 71 Ch. 993

ကြယ်ကောင်းကင်ခံတပ်၏ အမြင့်ပိုင်းနေရာတွင် လူတစ်ယောက် တင်ပျဥ်ခွေထိုင်ပြီး စကြဝဠာကို စိုက်ကြည့်နေခဲ့သည်။ မူလနိယာမကိုးခုသည် ခံတပ်၏ ကောင်းကင်ယံတွင် သက်တန့်များပမာ ထွန်းလင်းတောက်ပနေ၏။ ထိုင်နေသော ယဲ့ချန်၏ မျက်နှာရှေ့တွင် ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်က တိတ်တဆိတ် မျောလွင့်နေခဲ့သည်။ လက်ရှိတွင် သူက ကောင်းကင်ကြယ်တာရာ ရုန်းကျင့်စဥ်ကို နောက်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး အတိတ်ဘဝတွင် သူတော်စင်ဘုရင် ရောက်ခဲ့သော အဆင့်မျိုးသို့ ရောက်ရှိလာသဖြင့် သာမန်ကျောက်တုံးများကို တံဆိပ်အဖြစ် ပြောင်းလဲကာ ကောင်းကင်ကိုပင် ချိတ်ပိတ်နိုင်စွမ်း ရှိလာသည်။ ပင်မတံဆိပ်အတွင်း ရှိနေသည်မှာ ဆန်းကျယ်နေဆဲပင်ဖြစ်ပြီး သူက စစ်ဆေးရန် အသင့်ပြင်ထားသော်လည်း မရိုးရှင်းကြောင်း ခံစားနေရ၏။

"အဖေ ရှင်းဟွမ်မျိုးနွယ်ရဲ့ အာကာသနတ်သုံးယောက်ကို ဖမ်းခေါ်လာပြီ"

ယဲ့တန်းရွှမ်က စိတ်ချင်းဆက်သွယ်၍ သတင်းပို့လိုက်ပြီး ကောင်းကင်မူလကြယ်တွင် ဆော့ကစားနေတတ်သည့် ကလေးတစ်ယောက်အဖြစ်မှ အာကာသနတ်အဖြစ် ကြီးပြင်းလာခဲ့သည်။

"ဖေဖေ သမီးလည်း ပြန်လာပြီ"

ပိုလင်း၏ ဝမ်းကြာတိုက်အတွင်းမှ ယဲ့ချင်းရောင်သည်လည်း လက်ရှိတွင် အလယ်အဆင့် အာကာသနတ်တစ်ယောက် ဖြစ်လာခဲ့သည်။ နှစ်ပေါင်းတစ်ထောင်ကျော်သည်အထိ ယဲ့ချန်သည် နတ်စက်လုံးနှင့် စကြဝဠာအတွင်း ခရီးနှင်ခဲ့ပြီး မျိုးနွယ်ပေါင်းစုံမှ မရေမတွက်နိုင်သော နောက်လိုက်များကို စုဆောင်းခဲ့သည်။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်က သူထင်ထားသည်ထက် ကျော်လွန်ပြီး မူလနိယာမများကို ကိုယ်တိုင် လေ့ကျင့်နိုင်ခဲ့ရုံသာမက ငယ်သားများအားလည်း သင်ကြားပေးနိုင်ခဲ့သည်။ အင်အားစုဆောင်းခြင်း၊ ကျင့်ကြံခြင်းနှင့် ပန်းပဲလုပ်ငန်းက သူ၏နေ့စဥ် အလုပ်များဖြစ်လာခဲ့ပြီး လူသားမျိုးနွယ်ကိုလည်း အဆင့်ခြောက်မျိုးနွယ်အဖြစ်မြှ င့်တင်ပေးနိုင်ခဲ့သည်။

ယဲ့ချန်နှင့် ယဲ့တန်းရွှမ်က ထိပ်တန်းအာကာသနတ်များ ဖြစ်လာသကဲ့သို့ ထန်တိုက်လင်၊ နင်အာ၊ ပိုလင်း၊ ယဲ့လော့၊ ခြင်္သေ့ကြီးနှင့် ရှောင်ရိတို့မှာ အဆင့်မြင့် အာကာသနတ်များ ဖြစ်လာခဲ့သည်။ ထို့အပြင် အဆင့်နိမ့်နှင့် အလယ်အဆင့် အာကာသနတ် ဆယ်ယောက်ကျော်ကလည်း နောက်လိုက်များအတွင်းမှ ထွက်ပေါ်လာခဲ့၏။ သူက ရှင်းဟွမ်မျိုးနွယ်ကို စစ်ကြေငြာရန် အလျင်မလိုသော်လည်း အသက်မီးတောက် ထွက်ပေါ်လာသဖြင့် နတ်စက်လုံးအတွင်းမှ လူယောင်ထွက်ပြခဲ့ရသည်။ သို့မဟုတ်လျှင် သူက ရန်သူကို အပိုင်တိုက်ခိုက်ချင်သောကြောင့် နောက်ထပ်နှစ်ပေါင်းထောင်ချီ နတ်စက်လုံးအတွင်း ကျင့်ကြံကာ ရှင်းဟွမ်ဘုရင်ကို အနိုင်ယူရန် အားမွေးနေပေလိမ့်မည်။ တစ်ဖက်ရန်သူက အလွန်အန္တရာယ်များပြီး အာကာသနတ်အရေအတွက်ကို မသိရသည့်အပြင် နှစ်တစ်ထောင်အကြာတွင် နောက်ထပ်တိုးပွားလာရန် သေချာသည်။ ကျင့်ကြံရေးလမ်းကြောင်းအစတွင် သူ့ကို အဖော်ပြုခဲ့သော ထုံတန်၊ အားဖန်တစ်၊ မင်ဝူ စသူတို့မှာလည်း နတ်အဆင့်နှင့် အထက်အဆင့်များသို့ အသီးသီး မြင့်တက်လာကြကာ အုပ်ချုပ်ရေးတွင် ကူညီပေးခဲ့သည်။ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းသည် လူသားမျိုးနွယ်၏ အုပ်ချုပ်မှုအောက်တွင် စစ်ယန္တရားကြီးတစ်ခုပမာ ပြင်းထန်စွာ လည်ပတ်လာခဲ့၏။

ထို့အပြင် နတ်ဆိုးဘဝဖြင့် ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားသော ဧကရာဇ်ချင်သည် လက်ရှိတွင် နတ်ဆိုးဘုရင်ပြည်ထောင်သို့ ရောက်ရှိနေကာ ယဲ့ရှင်းရွှမ်၏ နောက်လိုက်ဖြစ်နေကြောင်း ယဲ့ချန်က သတင်းရခဲ့သည်။ ထန်းယွမ်သည် လက်ရှိတွင် နတ်ပြည်သို့ ရောက်ရှိနေပြီး လူသားမျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာသောကြောင့် သူ့ကို အလွန်အံ့သြစေခဲ့သည်။ သူက စကြဝဠာအတွင်း ခရီးသွားနေစဥ် ထန်းယွမ်နှင့် ပတ်သက်သော သတင်းများကို မရခဲ့သော်လည်း လူသားမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာမည်ဟု ထင်မထားပေ။ ထန်းယွမ်က လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရန် သေချာပြီး နဂါးဘုရင်လည်း အတူရှိနေပေလိမ့်မည်။ သူက ထိုသားအဖသည် နတ်မြေခွေးဘုရင်မကို ပြန်လည်အသက်သွင်းနိုင်သော နည်းလမ်း ရှာတွေ့နိုင်ပါစေဟု မျှော်လင့်နေခဲ့သည်။

ရောင်ယွမ်ကမူ စကြဝဠာအတွင်းမှ ပျောက်ကွယ်သွားသကဲ့သို့ ယဲ့ချန်က သတင်းအစအနပင် မရခဲ့ပေ။ စကြဝဠာအတွင်း နှစ်ပေါင်းများစွာ သွားလာရင်း သူက သူတော်စင်ဘုရင်၏ ဘဝအကြောင်း များစွာသိလာခဲ့သည်။ အတိတ်တွင် သူမသည် နတ်ဆေးပင်တစ်ပင်မှ အသွင်ပြောင်းထားခြင်းဖြစ်ကာ သူတော်စင်ဘုရင်ကို သဘောကျခဲ့သည်။ ရှင်းဟွမ်မျိုးနွယ်မှ ကျိယွမ်ဆိုသော မိန်းကလေးသည်လည်း သူ့ကို သဘောကျခဲ့သော်လည်း လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်နေရသဖြင့် ကိုယ်ပိုင်ခံစားချက်များကို လျစ်လျူရှုထားခဲ့ရ၏။ လူသားမျိုးနွယ်နှင့် မှော်သားရဲမျိုးနွယ်များက မဟာမိတ်ဖြစ်သောကြောင့် မြင့်မြတ်ပင်လယ် သားရဲမျိုးနွယ်၊ နတ်မြေခွေးမျိုးနွယ်နှင့် သူတော်စင် မိုးကြိုးသားရဲမျိုးနွယ်များမှ အစွမ်းထက် သွေးမျိုးဆက်များကို ကိုယ်လုပ်တော်အဖြစ် ဆက်သခဲ့သည်။ ဤကိစ္စကြောင့် ရောင်ယွမ်က အသည်းကွဲခဲ့ရသော်လည်း ရှင်းဟွမ်ဘုရင်နှင့် တိုက်ပွဲ၌ သူတော်စင်ဘုရင်ကို အသက်ပေးကယ်တင်ခဲ့သည်။ ထို့ကြောင့် သူက နောင်တရခဲ့ပြီး အသက်သွေးကို လောင်ကျွမ်းကာ ပြန်လည်ရှင်သန်နိုင်စေခဲ့သော်လည်း သူမမှာ အတိတ်ဘဝအား လုံးဝမေ့လျော့သွားလေသည်။

သူတော်စင်ဘုရင်သည် ပါရမီထူးချွန်သော ယောကျ်ားကောင်းတစ်ယောက် ဖြစ်သောကြောင့် မျိုးနွယ်ပေါင်းစုံမှ မိန်းကလေးများကို ဆွဲဆောင်နိုင်သည်မှာ မထူးဆန်းလှပေ။ သို့သော်လည်း အတိတ်မှ အရာရာ ပျောက်ကွယ်သွားကာ အတိတ်မှ ရောင်ယွမ်နှင့် လက်ရှိရောင်ယွမ်သည် ကွာခြားနေသကဲ့သို့ ကျိယွမ်မှာလည်း သေလားရှင်လားပင် မသိရချေ။ အတိတ်ဘဝမှ အချစ်များသည် ယဲ့ချန်နှင့် ပတ်သက်ခြင်းမရှိသည့်အပြင် မှတ်ဉာဏ်များကိုလည်း မေ့လျော့နေပြီဖြစ်သည်။ လက်ရှိတွင် သူ၌ ဇနီးလေးယောက်၊ သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ကျေနပ်ဖွယ်ကောင်းသော မိသားစုတစ်ခု တည်ဆောက်နိုင်ခဲ့သည်။ သူ၏နောက်ထပ်ဆန္ဒမှာ လူသားမျိုးနွယ်ကို ဦးဆောင်၍ အတိတ်မှ အောင်မြင်မှုမျိုး ပြန်လည်ရယူပေးနိုင်ရန် ဖြစ်သည်။ သူက မရေမတွက်နိုင်သော လူသားများနှင့် ကျိုးလီကဲ့သို့ သူရဲကောင်းများ၏ မျှော်လင့်ချက်ကို ထမ်းထားရသည်။

"တန်းအာ စစ်တပ်ကို မင်းလက်ထဲ ထည့်ပေးလိုက်မယ်။ စစ်သည်ဘီလီယံငါးရာနဲ့ဆိုရင် ကြယ်အဖွဲ့အစည်းသုံးရာကို ၂နှစ်အတွင်း သိမ်းပိုက်နိုင်မလား"

ဤနှစ်များအတွင်း နောက်လိုက်များကို မရေမတွက်နိုင်အောင် စုဆောင်းခဲ့သောကြောင့် ယဲ့ချန်၏ ဒန်တန်အတွင်းရှိ ပမာဏမှာ စိတ်ကူးမရနိုင်လောက်အောင် များပြားပြီး ဤစစ်တပ်က သေးငယ်သည်ဟုပင် ဆိုနိုင်၏။

"ဟုတ်ကဲ့ အဖေ။ ကြယ်ယာဥ်တွေနဲ့ဆိုရင် ဒါကို အောင်မြင်ဖို့အတွက် ၂နှစ်တောင် မလိုပါဘူး"

ယဲ့တန်းရွှမ်က ယုံကြည်မှုရှိစွာ အာမခံလိုက်၏။

"ရန်သူကို အထင်မသေးရဘူး။ အောက်ဘုံကို မင်းလက်ထဲ အပ်ထားလိုက်မယ်။ နှစ်လအတွင်း အဖေက နတ်ပြည်ကို သွားတော့မယ်"

"အဖေက ရန်သူတွေကို ပေါ်တင်တိုက်ခိုက်တော့မှာလား"

"မှန်တယ်"

"သားကို အတူလိုက်ခွင့်ပေးပါ"

"သမီးလည်း အတူတူလိုက်ချင်တယ်"

နတ်ပြည်သည် ရှင်းဟွမ်မျိုးနွယ်၏ အိမ်ကွင်းသဘောဖြစ်ကာ မျိုးနွယ်ပေါင်းစုံ ရှိနေသောကြောင့် ယဲ့တန်းရွှမ်နှင့် ယဲ့ချင်းရောင်က စိတ်ပူစွာ တောင်းဆိုလိုက်ကြသည်။

"လိုအပ်ရင် ကလေးတို့ကို ခေါ်ပါမယ်။ အဖေ့ခွန်အားနဲ့ဆိုရင် ရှင်းဟွမ်မျိုးနွယ်ကို တစ်ကိုယ်တော် မတိုက်ခိုက်နိုင်သေးပေမယ့် သူတို့မှာ ရန်သူ အများကြီးရှိတယ်။ တန်းအာက အောက်ဘုံမှာ လှုပ်ရှားပြီး ဒီကောင်တွေကို စိတ်ရှုပ်အောင် ထာဝရနတ်ပြည်ထောင်နဲ့ အဆက်မပြတ် တိုက်ခိုက်​နေရမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သောအခါ သားသမီးနှစ်ယောက်က စိုးရိမ်သော်လည်း လက်ခံခဲ့ရသည်။ ဝူဇီက အပြင်းအထန် ဒဏ်ရာရထားသော အာကာနတ်သုံးယောက်ကို ဒရွတ်တိုက်ဆွဲခေါ်၍ ရောက်ရှိလာခဲ့၏။ လမ်းတလျှောက်တွင် များပြားလှသော ကြယ်ယာဥ်ကြီးများ၊ အဆောက်အအုံကြီးများနှင့် ဧရာမအမြှောက်ကြီးများကို မြင်ခဲ့ရသောကြောင့် သူတို့က ထိတ်လန့်တုန်လှုပ်နေကြ၏။ ပန်းပဲရုံများထံမှ နာရီအနည်းငယ်ကြာတိုင်း ကြယ်ယာဥ်တစ်စီး ထုတ်လုပ်နေပြီး အာကာသအမြှောက်ကိုယ်စီ တပ်ဆင်ထားသည်။ ထို့နောက် ၎င်းတို့သည် များပြားလှသော နတ်အဆင့်များ၊ လောကနတ်အဆင့်များနှင့် ဟင်းလင်းပြင်နတ်အဆင့်များကို သယ်ဆောင်၍ စကြဝဠာအတွင်း ထွက်ခွာနေကြ၏။ သူတို့သည် ရှင်းဟွမ်မျိုးနွယ်က အစွမ်းအထက်ဆုံးဟု ထင်မှတ်ထားကာ ပြိုင်ဘက်ကင်းဟု သွေးနားထင်ရောက်နေသော်လည်း နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းသို့ ရောက်သောအခါ ယုံကြည်မှု ယိုင်နဲ့လာသည်။

"လူသားမျိုးနွယ်က ဘာကြောင့် ဒီလောက်အစွမ်းထက်လာရတာလဲ။ ဒီကျင့်ကြံသူတွေကရော ဘယ်က ထွက်လာကြတာလဲ"

ရန်သူသုံးယောက်က ကြယ်ကောင်းခံတပ်၏ ကောင်းကင်၌ မူလချီများ အဆက်မပြတ် ထုတ်လုပ်ပေးနေသော မူလနိယာမကိုးခုကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်ကုန်သည်။

"မင်း ဘယ်သူလဲ"

ယဲ့ချန်ရှေ့မှောက်သို့ ရောက်သောအခါ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ကျဆင်းလာသောကြောင့် မင်ကျောက်၏ မျက်လုံးများအတွင်း ကြောက်စိတ်များ ထင်ဟပ်လာသည်။ သူက ဤဖိအားမျိုးကို သူတော်စင်ဘုရင်ထံမှသာ ခံစားဖူးသောကြောင့် နောက်တစ်ယောက် ထပ်တွေ့ရမည်ဟု မျှော်လင့်မထားပေ။

"ငါကယဲ့ချန်၊ လူသားမျိုးနွယ်ရဲ့ သူတော်စင်ဘုရင် အသစ်ဖြစ်တယ်"

ယဲ့ချန်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သောအခါ မင်ကျောက်မှာ အရာရာကို နားလည်သွားခဲ့သည်။ သူတော်စင်ဘုရင်က ကွယ်လွန်သွားသော်လည်း ဘဝအသစ်၌ ပြန်လည်ဝင်စားပြီး လူသားမျိုးနွယ်၏ အောင်ပွဲကို ဆောင်ယူရန် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူက မင်ကျောက်အနားသို့ ရောက်လာကာ ဝိညာဥ်ကောင်ဖြင့် ပေါင်းစပ်ပေးလိုက်သကဲ့သို့ ကျန်နှစ်ယောက်ကိုလည်း အလွတ်မပေးခဲ့ချေ။ အာကာသနတ် ထိပ်ဆုံးအဆင့်သို့ ရောက်ပြီးနောက် ဝိညာဥ်ကောင်များသည် အာကာသနတ်များကို အလွယ်တကူ ထိန်းချုပ်နိုင်သော အဆင့်မျိုးအထိ တိုးတက်လာခဲ့၏။

"သခင်"

ရှင်းဟွမ်သုံးယောက်၏ မျက်လုံးများက ကြည်လင်နေရာမှ မှုန်မှိုင်းသွားကာ နောက်တစ်ဖန် ပြန်လည်ကြည်လင်လာသောအခါ ဒူးထောက်ချလိုက်၏။

"မင်းတို့ ထွက်ပြေးဖို့အတွက် လျှို့ဝှက်ကျင့်စဥ်တစ်ခု အသုံးပြုခဲ့တယ်လို့ သတင်းပို့လိုက်။ ငါ့အတွက် သူလျှိုလုပ်ပေးဖို့ ပြန်ကြပေတော့"

ယဲ့ချန်က မှာကြားစရာရှိသည်များ မှာကြားပြီးနောက် ရှင်းဟွမ်မျိုးနွယ်ဝင် အာကာသနတ်သုံးယောက်က ပြိုင်တူဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။ ရှင်းဟွမ်ဘုရင်သည် သူ၏ဝိညာဥ်ကောင်များနှင့် အသုံးပြုပုံကို မသိထားသောကြောင့် သံသယဝင်မည် မဟုတ်ပေ။ ဝိညာဥ်ကောင်များ၏ အကူအညီကြောင့် သူတို့၏ကျင့်ကြံဆင့်က မြင့်တက်သွားနိုင်သည်ဖြစ်ရာ ရန်သူဘက်တွင် အဖိုးတန်သူလျှိုများ ဖြစ်လာကြပေလိမ့်မည်။

"တန်းအာ ချင်းအာ ဝေးဝေးသွားနေကြ။ အဖေက ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်ကို ဖွင့်လိုက်တော့မယ်"

ယဲ့ချန်က သားနှင့်သမီးကို သတိပေးလိုက်သကဲ့သို့ ထန်တိုက်လင်နှင့် ကြယ်ကောင်းကင်ခံတပ်အတွင်းမှ ကျင့်ကြံသူများကို စိတ်ဖြင့် ဆက်သွယ်လိုက်သည်။

"ဒီတံဆိပ်ထဲမှာ ဘာရှိနေလို့လဲ အဖေ"

ယဲ့တန်းရွှမ်က သိချင်စိတ်ဖြင့် မေးလိုက်ခြင်းဖြစ်၏။

"သူတော်စင်ဘုရင်က ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်ကို ပြင်ဆင်ခဲ့တဲ့အတွက် ငါ့ဒန်တန်ထဲမှာ စကြဝဠာတစ်ခု ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် သူက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ငါ ခံစားနေရတယ်။ ဒီအဖြေက ပင်မတံဆိပ်ထဲမှာ ရှိလိမ့်မယ်"

သူက ခဏတာစဥ်းစား၍ အဖြေပေးလိုက်သည်။ အတိတ်တွင် သူက ပင်မတံဆိပ်ကို ဖွင့်လှစ်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့ရသည်။ လက်ရှိတွင် သူက အတိတ်ဘဝအောက် မနိမ့်သော ကျင့်ကြံဆင့်မျိုးအထိ ရောက်လာသောအခါ ၎င်းကို ဖွင့်လှစ်ရန် စွမ်းအားမျိုး ပိုင်ဆိုင်ခဲ့လေသည်။

All Chapters