← Chapters

မူလနတ်သားရဲ ပီဖန်း

Vol. 71 Ch. 994

မူလနတ်သားရဲ ပီဖန်း

Vol. 71 Ch. 994

ယဲ့ချန်သည် နတ်ဝိညာဥ်ကို အပ်တစ်ချောင်းပမာ ဖန်ဆင်း၍ ပင်မတံဆိပ်အတွင်း ထိုးဖောက်လိုက်သောအခါ အကာအကွယ်အစီအရင်သည် မခုခံနိုင်တော့သဖြင့် အက်ကြောင်းများ ပေါ်လာကာ ဘန်းခနဲ ပျက်စီးသွားသည်။ ၎င်းကို ဗဟိုပြု၍ ကြောက်မက်ဖွယ် နတ်စွမ်းအားများက သိပ်သည်းလှသော မူလချီများနှင့်အတူ အသက်နိယာမကို သယ်ဆောင်ကာ ပြန့်ထွက်လာသည်။ အသက်နိယာမက ဖြစ်တည်မှု နိယာမကိုးပါးတွင် ပါဝင်ပြီး စွမ်းအင်အနည်းငယ်သာ ထွက်ပေါ်လာသော်လည်း အစွမ်းထက်နေဆဲပင် ဖြစ်၏။

"ဟား ဟား နောက်ဆုံးတော့ ငါ လွတ်ပြီ။ သူတော်စင်ဘုရင် မင်း ငါ့ကို ဖမ်းထားတဲ့ အကျိုးဆက်ကို ပြပေးမယ်ကွ"

ဧရာမ ပုံရိပ်ကြီးတစ်ခုက ၎င်းအတွင်းမှ ထွက်ပေါ်လာကာ စကြဝဠာအတွင်း ပျံတက်သွားပြီး အော်ဟစ်ကြုံးဝါးနေခဲ့သည်။ ၎င်း၏ဖိအားအောက်တွင် ကြယ်ကောင်းကင်ခံတပ်ရှိ ကျင့်ကြံသူများ သက်ရောက်ခံလိုက်ရပြီး ပတ်ဝန်းကျင်၌ ကင်းလှည့်နေသော ရွှေနီလင်းနို့များမှာ ကောင်းကင်မှ တဖြုတ်ဖြုတ် ပြုတ်ကျကုန်သည်။ သူတို့က ပျံတက်ရန် ကြိုးစားရုန်းကန်နေသော်လည်း အစွမ်းထက်ဖိအားအောက်တွင် အချည်းအနှီးသာ ဖြစ်၏။ အာကာသနတ်နှစ်ဆယ်ကျော်က အရင်းအမြစ်ကို ရှာဖွေလိုက်သောအခါ နဂါးခေါင်းကိုးလုံး၊ မြင်းခန္ဓာကိုယ်၊ လင်းယုန်လက်သည်း၊ တူသဏ္ဍာန် အမြှီးရှည်နှင့် အနက်ရောင် အကြေးခွံများရှိသည့် သားရဲကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်း၏ပတ်လည်၌ နတ်ချီများက ကိုးရောင်ခြယ် အလင်းအသွင်နှင့် လည်ပတ်နေကြပြီး ခေါင်းကိုးလုံး၌ ရေခဲ၊ မီး၊ မိုးကြိုးစသော ဓာတ်သဘာဝကိုယ်စီ တောက်လောင်နေသည်။

"အဖေ ဒါက ဘာကြီးလဲ"

ယဲ့တန်းရွှမ်က အနည်းငယ် တုန်လှုပ်သွားသော်လည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်၍ မေးလိုက်ခြင်းဖြစ်သည်။

"ဒီကောင်ကြီးကို ငါ တစ်ခါမြင်ဖူးတယ်။ သူက ပင်မတံဆိပ်ထဲကနေတောင် ချိုးဖျက်နိုင်တဲ့ အစွမ်းမျိုး ရှိတယ်။ အကြီးအကဲကျိုးကိုတောင်မှ ပင်မတံဆိပ်ထဲမှာ ဒဏ်ရာရအောင် လုပ်နိုင်လုနီးပါး တိုက်ခိုက်ခဲ့ဖူးတယ်"

ခြင်္သေ့ကြီး၏ စကားသံ ထွက်ပေါ်လာသည်။

"သူတော်စင်ဘုရင်ရဲ့ မှတ်ဉာဏ်တွေအရ ဒါက မူလနတ်သားရဲ ပီဖန်းဖြစ်ပြီး အသက်နတ်ဘုရားရဲ့ စီးတော်ယာဥ်ဖြစ်တယ်။ ဒီကောင်ကြီးကို သူတော်စင်ဘုရင်က ပင်မတံဆိပ်ထဲမှာ ဖမ်းထားမယ်လို့ မထင်ထားဘူး"

ယဲ့ချန်က ရှင်းပြလိုက်သောအခါ လူတိုင်း မျက်နှာထားများ ပြောင်းလဲကုန်သည်။

"မူလနတ်သားရဲ"

"အသက်နတ်ဘုရားရဲ့ စီးတော်ယာဥ်"

"ဒါကြီးကို သူတော်စင်ဘုရင်က ဘယ်လိုဖမ်းချုပ်နိုင်ခဲ့တာလဲ"

"ငါလည်း မသိဘူး"

ပီဖန်းသည် အသက်နိယာမ တစ်ပိုင်းတစ်စကို ပိုင်ဆိုင်ထားသော အာကာသနတ် ထိပ်ဆုံးအဆင့် ဖြစ်သောကြောင့် ဖမ်းဆီးရန် အလွန်တရာခက်ခဲသည်။ ထိုအချိန်၌ ကောင်းကင်တွင် အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး ကောင်းကင်ဓားပျံ၏ နောက်ဆုံးအစိတ်အပိုင်းဖြစ်ကာ ပင်မတံဆိပ်အတွင်း ထိန်းသိမ်းထားခြင်း ဖြစ်၏။ ပီဖန်းသည် ကောင်းကင်ခံတပ်ကို ငုံ့ကြည့်လိုက်ပြီး အာကာသနတ်နှစ်ဆယ်ကျော်ကို မြင်လိုက်ရသော်လည်း ကြောက်ရွံ့ခြင်း ကင်းမဲ့နေသည်။ ၎င်းက အလွန်တရာ အစွမ်းထက်သောကြောင့် သာမန်အာကာသနတ်များကို အလွယ်တကူ အနိုင်ယူနိုင်သည်။ ခန္ဓာကိုယ်ကြီးက မီတာသန်းချီအထိ မြင့်မားလာပြီး ဧရာမနဂါးခေါင်းကြီးများသည် ခံတပ်အပေါ်မှ အုပ်မိုးထားခဲ့သည်။

"လူသားတွေကို ငါ မုန်းတယ်။ မင်းတို့ရဲ့ သူတော်စင်ဘုရင်ကို ခေါ်လိုက်စမ်း။ ဒီကောင်ကို သတ်ပစ်ရမယ်။ သူတော်စင်ဘုရင် မင်း ငါနဲ့မတိုက်ခိုက်ရင် ဒီခံတပ်ကို ငါ စားပစ်လိုက်မယ်"

၎င်း၏ဟိန်းသံက မိုးချုန်းသံပမာ ထွက်ပေါ်လာပြီး အတိတ်တွင် အိပ်စက်နေခဲ့သော်လည်း နိုးထလာသောအခါတွင် ပင်မတံဆိပ်အတွင်း ရောက်နေခဲ့သည်။ ၎င်း၏အိပ်ချိန်ကို ဖျက်ဆီး၍ ဖမ်းဆီးခဲ့သော သူတော်စင်ဘုရင်ကို အလွန်တရာ လက်စားချေလိုနေခဲ့သည်။ အကယ်၍ အသက်နတ်ဘုရားသာ အသက်ရှင်နေလျှင် မည်သည့်အာကာသနတ်မှ ၎င်းကို ဤသို့ဆက်ဆံဝံ့မည် မဟုတ်ပေ။ တစ်ချိန်တွင် ပင်မတံဆိပ်ကို ချိုးဖျက်ရန် နီးစပ်ခဲ့သော်လည်း ကျိုးလီက ပြင်ဆင်လိုက်သောကြောင့် ခွန်အားကို စုဆောင်းကာ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ရ၏။ ယဲ့ချန်က ပင်မတံဆိပ်ကို အပြင်ဘက်မှ ဖျက်ဆီးလိုက်သောအခါတွင်မှ ၎င်းက လွတ်မြောက်နိုင်ခဲ့သည်။ ၎င်းက ဒေါသတကြီးဖြစ်နေပြီး တစ်ကိုယ်လုံး အနက်ရောင်မီးများ တောက်လောင်လာသောအခါ အာကာသနတ်များ၏ တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်လာကာ နတ်ဝိညာဥ်များ ထုတ်ဖော်လိုက်ကြသည်။ သူတို့အနေဖြင့် ဤသားရဲကြီးအား ကြယ်ကောင်းကင်ခံတပ်ကို ဖျက်ဆီးခွင့်မပြုနိုင်ပေ။

"မင်းတို့ကများ ငါ့ကို တိုက်ခိုက်ချင်နေတာလား။ မင်းတို့ရဲ့ သူတော်စင်ဘုရင်တောင် ငါ့ကို ဘာမှမလုပ်နိုင်ဘူး။ မင်းတို့နည်းနည်းလောက်လေးနဲ့ ငါ့ကို နိုင်မှာလား"

ပီဖန်းက အထင်သေးစွာ ရယ်မောလိုက်ပြီး နတ်ချီလှိုင်းများ ထုတ်ဖော်၍ အာကာသနတ်များ၏ တိုက်ကွက်ကို ချေဖျက်လိုက်သည်။ ၎င်းက အာကာသနတ်အယောက်နှစ်ဆယ်ကို တစ်ကိုယ်တော် တိုက်ခိုက်နေရသော်လည်း ဖိအား လုံးဝမရှိပေ။ သို့ရာတွင် ယဲ့ချန်က ဓားပျံအစိတ်အပိုင်းကို ရယူရန်သာ အာရုံစိုက်ထားပြီး ၎င်းက ဂရုမစိုက်ခဲ့ပေ။ ကောင်းကင်ဓားပျံက ကောင်းကင်အဆင့် နတ်လက်နက်ဖြစ်သော်လည်း ၎င်းနှင့် အဆင့်တူ ဖြစ်တည်မှုတစ်ခု ဖြစ်သောကြောင့်ပင်။ ထိုအချိန်၌ ဓားပျံအစိတ်အပိုင်းအားလုံးက ပေါင်းစပ်သွားကာ အလင်းရောင် တဖိတ်ဖိတ်တောက်ပ၍ ကြမ်းတမ်းသော အားတစ်ရပ် ဖြစ်တည်လာသည်။ ဓားသွားက ပုစဥ်းတောင်ပံပမာ ပါးလွှာ၍ သွေးရောင်တောက်ပနေပြီး အတွင်း၌ ကြယ်များစွာ လည်ပတ်နေပုံရသည်။ ဓားသွားအတွင်း၌ စကြဝဠာတစ်ခုကို ချိတ်ပိတ်သိမ်းဆည်းထားသကဲ့သို့ မူလချီများစွာ ပိုင်ဆိုင်ထားခဲ့သည်။

အတိတ်တွင် သူတော်စင်ဘုရင်သည် ကောင်းကင်ဓားပျံကို အသုံးပြု၍ ဘိုးဘေးနတ်အဆင့်အောက်တွင် ရှင်းဟွမ်ဘုရင်မှလွဲလျှင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။ ၎င်းက ကောင်းကင်အဆင့် နတ်လက်နက်သုံးခုတွင် ပါဝင်ပြီး ပြိုင်ဘက်ကင်း လက်နက်တစ်ခုဖြစ်ကာ အာကာသနတ်တစ်ယောက်၏ ရုပ်ခန္ဓာကို အလွယ်တကူ ထိုးဖောက်နိုင်သည်။ ထို့အပြင် ၎င်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာကို ပြန်လည်ကုသရန်အတွက် အလွန့်အလွန် ခဲယဥ်းပေသည်။ ယဲ့ချန်၏စိတ်အတွင်း ပေါင်းစပ်နေသော လက်နက်ဝိညာဥ် ထွက်ပေါ်လာကာ ၎င်းထံ ပျံသန်းပေါင်းစပ်သွားခဲ့ပြီး သူက မရေမတွက်နိုင်သော မှတ်ဉာဏ်ပုံရိပ်များကို အမွေဆက်ခံလိုက်ရပြန်သည်။

ပီဖန်းသည် အာကာသနတ် ထိပ်ဆုံးအဆင့်များကိုပင် တိုက်ခိုက်နိုင်သော်လည်း အချိန်တိုင်း အိပ်မောကျနေတတ်သည်။ အသက်နတ်ဘုရား ကွယ်လွန်သွားချိန်၌ပင် ၎င်းက အသက်ဥယျာဥ်တော်အတွင်း အိပ်မောကျနေခဲ့သည်။ အာကာသနတ်များစွာက ၎င်းကို သိမ်းပိုက်လိုခဲ့သော်လည်း သူတော်စင်ဘုရင်က ခြေတစ်လှမ်း ဦးခဲ့သည်။ သူက ထိုဥယျာဥ်အတွင်း အမြန်ဆုံး ဝင်ရောက်ကာ ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်ကို ဖန်တီးပြီး အိပ်နေသော သားရဲကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့သည်။ သို့ရာတွင် သူက ၎င်းကို လက်အောက်ခံသားရဲအဖြစ် သိမ်းသွင်းရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ သူက အသက်ဥယျာဥ်တော်မှ ၎င်းအပြင် ပထမဆုံး ကျောက်နက်တစ်ခုကိုလည်း ရရှိခဲ့သည်။ ၎င်းက အလွန်ဆန်းကျယ်ပြီး လေဟာနယ် အက်ကြောင်းတစ်ခုအတွင်း၌ အသက်နတ်ဘုရားမှ သိမ်းဆည်းထားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းသည် မဟာပေါက်ကွဲမှုကြီးကြောင့် စကြဝဠာ ဖြစ်တည်လာသောအခါ အရာအားလုံး၏ မူလအစ ကျောက်တုံးကြီး၏ အပိုင်းအစတစ်ခုဖြစ်ကြောင်း သူတော်စင်ဘုရင်က အဖြေရှာနိုင်ခဲ့သည်။

သူတော်စင်ဘုရင်သည် ပထမဆုံး ကျောက်တုံးကို ကောင်းကင်ဓားပျံ၏ လက်နက်ဝိညာဥ်နှင့် ပေါင်းစပ်ခဲ့ပြီး ပြန်လည်ဝင်စားခဲ့သည်။ ဤအကြောင်းအရင်းကြောင့် လက်နက်ဝိညာဥ်ကို ပိုင်ဆိုင်ထားသော ယဲ့ချန်၏ ဒန်တန်အတွင်း စကြဝဠာတစ်ခု ဖြစ်တည်လာခဲ့သည်။ အရာအားလုံးသည် ထိုကျောက်တုံး၏ စွမ်းအားဖြင့် သက်ဆိုင်နေပြီး စကြဝဠာတစ်ခုကို ၎င်းက ဖန်တီးနိုင်စွမ်းရှိနေသည်။ ဝိညာဥ်ကောင်များမှာ စကြဝဠာ၏ ပထမဆုံး သက်ရှိများ ဖြစ်သောကြောင့် ၎င်းတို့နှင့် ပေါင်းစပ်လိုက်သူတိုင်း၏ ပါရမီနှင့် ကျင့်ကြံဆင့်များ မြင့်တက်သွားခြင်းဖြစ်သည်။ သူတော်စင်ဘုရင်သည် အလွန်အရေးကြီးသော အရာတစ်ခုကို မပြောပြခဲ့ကြောင်း ယဲ့ချန်က အမြဲတမ်းခံစားနေရပြီး လက်ရှိတွင် အဖြေရှာတွေ့ခဲ့သည်။ ပထမကျောက်နက်သည် သော့ချက်ဖြစ်ပြီး ကောင်းကင်နတ်လက်နက်များထက် တစ်ဆင့်ပိုမြင့်ကာ စကြဝဠာတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသောကြောင့် ဖြစ်တည်မှု နိယာမကိုးပါးအား နားလည်ဆင်ခြင်နိုင်အောင် ပြုလုပ်ပေးနိုင်သည်။

၎င်းသည် ယဲ့ချန်နှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစပ်သွားသောကြောင့် သူကိုယ်တိုင်က စကြဝဠာတစ်ခု ဖြစ်နေသည်။ သူက ဖြစ်တည်မှုနိယာမများကို အာရုံမခံနိုင်သေးသော်လည်း ကောင်းကင်ဓားပျံ၏ လက်နက်ဝိညာဥ်က လိုလိုလားလား အညံ့ခံခဲ့ပြီး ခွန်အားလည်း မြင့်တက်လာခဲ့၏။ ပီဖန်းသည် တစ်ခုခုကို အာရုံခံမိဟန်ဖြင့် ယဲ့ချန်ကို လှည့်ကြည့်လိုက်သောအခါ သူတော်စင်ဘုရင်၏ လက်နက်ကို သတိရသွားခဲ့သည်။

"မင်းက သူတော်စင်ဘုရင်ရဲ့ ဆက်ခံသူလား။ ဒီကောင် အသတ်ခံလိုက်ရပြီလား။ ဒီလိုဆိုရင် ငါက မင်းတို့လူသားမျိုးနွယ်ဆီ အကြွေး ပြန်တောင်းရမယ်"

၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်၍ ကြယ်ကောင်းကင်ခံတပ်ကို ဖျက်ဆီးရန် ရှေ့တိုးလာခဲ့သည်။ ယဲ့ချန်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ ထက်ရှသော အကြည့်တစ်ချက်ကြောင့် ၎င်းမှာ ချက်ချင်းတုန်ရီသွားပြီး ဘိုးဘေးနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်စိတ်များ ဖြစ်တည်လာသည်။

"ဒီလူသားက နည်းနည်းထူးဆန်းတယ်"

"မူလနတ်သားရဲ ငါ့ကို အညံ့ခံမယ်ဆိုရင် မင်းကို ခွင့်လွှတ်မယ်။ မဟုတ်ရင် နာနာကျင်ကျင် ခံစားစေရမယ်"

ယဲ့ချန်၏စကားသံက အာဏာစက်အပြည့်အဝဖြင့် ထွက်ပေါ်လာပြီး ခံတပ်အတွင်းရှိ အာကာသအမြှောက်ကြီးများက ပီဖန်းထံ ပြိုင်တူချိန်ရွယ်လိုက်ကြ၏။ ၎င်းတို့က သာမန် အာကာသအမြှောက်များကို အဆင့်မြှင့်တင်ထားသော အမျိုးအစားဖြစ်ကာ အာကာသနတ်များကိုပင် ပစ်ချနိုင်စွမ်းရှိသည်။ သို့ရာတွင် ပီဖန်းက သားရဲတစ်ကောင်ပီပီ ဤသတ္တုချောင်းကြီးများကြောင့် မထိခိုက်နိုင်ဟု တွေးနေခဲ့သည်။

"လူသား မင်းကများ ငါ့ကို ဒီလိုခြိမ်းခြောက်ရဲတယ်ပေါ့။ အသက်မရှင်ချင်တော့ဘူးလား"

၎င်းက ဒေါသတကြီးဖြင့် ဧရာမလက်သည်းကြီးများကို ဖြန့်ထုတ်ကာ ယဲ့ချန်ထံ ခုတ်ပိုင်းလိုက်လေသည်။

=

All Chapters