← Chapters

ပီဖန်းနှင့် တိုက်ပွဲ

Vol. 71 Ch. 995

ပီဖန်းနှင့် တိုက်ပွဲ

Vol. 71 Ch. 995

လက်သည်းကုတ်ချက် ကျဆင်းလာသောအခါ မူလချီများ ပါဝင်ပြီး မူလနတ်သားရဲ၏ ဒေါသတကြီး တိုက်ကွက်ဖြစ်သောကြောင့် ကြယ်ကောင်းကင်ခံတပ်၏ နံရံများမှာ ဖိအားဒဏ်ကြောင့် ကွေးစပြုလာသည်။

"အမြှောက်တွေ ပစ်စမ်း"

ယဲ့ချန်သည် မူလနိယာမကိုးပါးကို ထုတ်ဖော်၍ ကောင်းကင်ဓားပျံအတွင်း ပေါင်းစပ်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားသော်လည်း တစ်ချက်ပြုံးကာ အမိန့်ပေးလိုက်သည်။

"ဘုန်း ဘုန်း ဘုန်း"

အမြှောက်ဆံများသည် အလင်းလုံးကြီးများပမာ ထွက်ပေါ်လာ၍ ဒါဇင်ချီသော အမြှောက်ကြီးများ တပြိုင်နက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် အရေပြား လောင်ကျွမ်းသွားသဖြင့် နာကျင်စွာ နောက်ဆုတ်ပေးလိုက်ရသောအခါ ပီဖန်းက ပို၍ဒေါသထွက်လာခဲ့၏။ ၎င်း၏ခန္ဓာကိုယ်ကာ ပြန်လည်ကောင်းမွန်နှုန်း မြန်ဆန်သောကြောင့် ဒဏ်ရာများ ချက်ချင်းကောင်းမွန်သွားသောအခါ ဆက်လက်ချီတက်လာပြန်သည်။

"ဘုန်း"

နောက်ထပ်အမြှောက်ပစ်ချက်များ ထွက်ပေါ်လာသောအခါ ၎င်းက နောက်ဆုတ်သွားရပြန်သဖြင့် စိတ်ဓာတ်ကျနေခဲ့သည်။ အကြိမ်တိုင်း ကြိုးစားနေသော်လည်း အမြှောက်ကြီးများ၏ ပစ်ခတ်မှုကြောင့် နောက်ဆုတ်နေရပြီး မသေနိုင်သော်လည်း နာကျင်နေဆဲပင်။ မူလနတ်သားရဲ၏ ရုပ်ခန္ဓာက သာမန်အာကာသနတ် ထိပ်ဆုံးအဆင့်ထက် ပို၍မာကျောသော်လည်း အာကာသအမြှောက်များ၏ ပစ်ချက်ကို အပြည့်အဝ မကာကွယ်နိုင်ချေ။ ဤနေရာ၌ တစ်ခုခု ထူးဆန်းနေပြီး မူလနိယာမကိုးခု၏ ဖိနှိပ်မှုကြောင့် စွမ်းအားများ ဖိနှိပ်ခံထားရသောအခါ ဆက်၍တိုက်ခိုက်နေလျှင် အဆုံးမရှိနိုင်ပေ။ ထို့ကြောင့် အမြှောက်ပစ်ချက်များကြောင့် နာကျင်နေသော ၎င်းမှာ နောက်ဆုတ်ရန် အတွေး ဖြစ်ပေါ်လာသည်။

"အသက်နတ်ဘုရားရဲ့ သားရဲက ဒီလောက်မောက်မာနေပြီးတော့ အစွမ်းထက်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် မင်းက ဒီလောက်ပဲ အစွမ်းထက်တာလား။ ထွက်သွားစမ်း။ လူသားမျိုးနွယ်ရဲ့ ပိုင်နက်မှာ မင်းက မောက်မာနိုင်တဲ့ အစွမ်းအစ မရှိဘူး"

ယဲ့ချန်က လှောင်ပြုံးတစ်ချက်ပြုံး၍ ရန်စလိုက်သောအခါ ထွက်သွားချင်နေသော ပီဖန်းမှာ နောက်တစ်ကြိမ် ဒေါသထွက်လာသည်။

"ငါက မူလနတ်သားရဲကွ။ မင်းကိုယ်မင်း ဘယ်သူထင်နေလို့ ငါ့ကို အထင်သေးရဲတာလဲ။ လူသား မင်းရဲ့မျိုးနွယ်တစ်ခုလုံးကို ငါ ဖျက်ဆီးပြမယ်"

၎င်းက ကြုံးဝါး၍ ခေါင်းကိုးလုံးထံမှ ရေခဲများ၊ မီးတောက်များနှင့် မိုးကြိုးများကို ကြယ်ကောင်းကင်ခံတပ်ထံ မှုတ်ထုတ်လိုက်သည်။

"အကာအကွယ်အစီအရင်"

ယဲ့ချန်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သောအခါ ဖောက်ထွင်းမြင်ရသော အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာပြီး ထိမှန်သမျှ စွမ်းအင်များကို ပျက်ပြယ်သွားစေသည်။ ကြယ်ကောင်းကင်ခံတပ်၏ ကာကွယ်ရေးအစီအရင်ကို မူလနိယာမများဖြင့် ဖန်တီးထားသဖြင့် မူလနတ်သားရဲအနေဖြင့် အလွယ်တကူ ထိုးဖောက်နိုင်မည် မဟုတ်ချေ။ ၎င်းက တုန်လှုပ်နေစဥ် အမြှောက်ကြီးများထံမှ ပစ်ခတ်လာသောကြောင့် ရူးချင်ချင်ဖြစ်လာသည်။ ၎င်းက ခံတပ်အနားသို့ပင် မကပ်နိုင်ဘဲ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ကုသရန်အတွက် စွမ်းအင်ပမာဏများစွာ အသုံးပြုနေရသည်။ အကယ်၍ နတ်ပြည်တွင်ဆိုလျှင် ၎င်း၏ခွန်အား အထွတ်အထိပ်သို့ ရောက်နေမည်ဖြစ်သော်လည်း သူတော်စင်ဘုရင်၏ လက်ချက်ဖြင့် ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်အတွင်း ဖမ်းဆီးခံခဲ့ရပြီး အောက်ဘုံသို့ ရောက်လာခဲ့သည်။ ဤနှစ်များအတွင်း ၎င်း၏ရုပ်ခွန်အားက များစွာလျော့ကျသွားပြီး နတ်ချီများလည်း နည်းပါးနေသဖြင့် အထွတ်အထိပ်ခွန်အား၏ ၆၀ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထား၏။

"အစီအရင် စမယ်"

ယဲ့ချန်က အော်ဟစ်အမိန့်ပေးလိုက်ပြီး အာကာသနတ်၂၂ယောက်ဖြင့် ရှေ့ထွက်လာကာ ပီဖန်းကို ရုတ်တရက်ဝိုင်းဝန်းပြီး ချောင်ပိတ်၍ အစီအရင်တစ်ခု ဖန်တီးလိုက်သည်။ မူလနိယာမများသည် ၎င်းထံ တဘန်းဘန်း တိုးဝင်လာနေပြီး ထိမှန်နေသောကြောင့် နာကျင်စွာ လူးလှိမ့်နေရသည်။

"ကောက်ကျစ်တဲ့ လူသားတွေ သတ္တိရှိရင် တစ်ယောက်ချင်း တိုက်ခိုက်မယ်"

ပီဖန်း၏အမြင်၌ လူသားမျိုးနွယ်က ကောက်ကျစ်လွန်းနေကာ အာကာသအမြှောက်များဖြင့် သူ၏ခွန်အားကို ကုန်ဆုံးစေပြီးနောက် အာကာသနတ် အရေအတွက်အသာစီးဖြင့် အနိုင်ကျင့်ခံလိုက်ရသည်။ ၎င်းသည် ကိုယ်ပိုင်ခွန်အားကို ယုံကြည်မှုရှိပြီး သာမန်အာကာသနတ်များဆိုလျှင် အသက်နိယာမဖြင့် အနိုင်ယူနိုင်သော်လည်း တစ်ဖက်က ထူးဆန်းလွန်းနေ၏။ သူတို့က ဖြစ်တည်မှုနိယာမများကို နားလည်မထားသော်လည်း အရေအတွက် သာလွန်သောကြောင့် တိုက်ပွဲ၌ အသာစီးရနေသည်။

"ဟေ့ ခေါင်းကိုးလုံးပိုးကောင်ကြီး ငါတို့က မင်းနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်လို့ ပြောဖူးလို့လား။ မင်းက လူသားမျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်လို့ လေကြီးနေတာလား"

ယဲ့တန်းရွှမ်သည် အဖေတူသား ဖြစ်သောကြောင့် ဉာဏ်များသူဖြစ်ပြီး ရန်သူနှင့် တိုက်ခိုက်လျှင် အနိုင်ရရေးကိုသာ ဦးစားပေးတတ်၏။

"ငါက အသက်နတ်ဘုရားရဲ့ စီးတော်နတ်မူလသားရဲကွ။ မင်းကများ ငါ့ကို ပိုးကောင်လေးလို့ ခေါ်ရဲတယ်။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား"

ပီဖန်းက ဒေါသထွက်လာကာ သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ သူက ဆည်းဆာနတ်ဓားကို ဆွဲထုတ်၍ ခုတ်ပိုင်းလိုက်သောအခါ မီတာသိန်းချီရှည်လျားသည့် ဓားအလင်းတစ်ချက်သည် မူလနိယာမများ ခြံရံပြီး ထွက်ပေါ်လာသည်။ ယဲ့ချန်သည် ဤဓားကို ကောင်းကင်တုန်ခါဆေးအိုးဖြင့် လက်နက်ဝိညာဥ် ဖန်တီးပေးခဲ့၏။ ထို့အပြင် မူလနိယာမများလည်း ပေါင်းစပ်ပေးခဲ့သောကြောင့် လက်ရှိတွင် ဆည်းဆာနတ်ဓားသည် ကောင်းကင်အဆင့် နတ်လက်နက်များအောက် မနိမ့်ပေ။

"ဘုန်း"

တိုက်ကွက်ချင်း ရင်ဆိုင်မိသောအခါ နှစ်ဖက်လုံး ခြေလှမ်းကိုယ်စီ နောက်ဆုတ်ပေးလိုက်ရသော်လည်း ယဲ့တန်းရွှမ်၏ မျက်လုံးများ၌ တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။ ပီဖန်းသည် တစ်ဖက်လူနှင့် တိုက်ခိုက်လိုက်သောအခါတွင် သူ၏လက်ရှိခွန်အားအောက် မနိမ့်ကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ ၎င်းက အထွတ်အထိပ်အခြေအနေကို ပိုင်ဆိုင်ထားလျှင် ယဲ့တန်းရွှမ်ကို အနိုင်ယူရန် မခက်ခဲပေ။ သို့ရာတွင် လက်ရှိ၌ ခွန်အားက များစွာယုတ်လျော့နေသဖြင့် တိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ ပတ်ဝန်းကျင်၌ စောင့်ကြပ်နေသော အာကာသနတ် နှစ်ဆယ်ကျော်သည်လည်း ပြဿနာတစ်ခုဖြစ်ကာ အသက်နိယာမကို ထုတ်သုံးလျှင်ပင် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

"ပိုးကောင်လေး လာစမ်းပါ"

ယဲ့တန်းရွှမ်သည် ဆည်းဆာနတ်ဓားကိုဝင့်ကာ ပီဖန်းထံ ပြေးဝင်လိုက်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ သားဖြစ်သူ၏ ခွန်အားဖြင့် နတ်မူလသားရဲကို တိုက်ခိုက်ရန် ပြဿနာမရှိသောကြောင့် ယဲ့ချန်က ဝင်မပါဘဲ စောင့်ကြည့်နေခဲ့သည်။ စကြဝဠာအတွင်း အာကာသနတ်နှစ်ယောက်၏ တိုက်ပွဲအကြီးအကျယ်ဖြစ်နေကာ အချိန်တိုအတွင်း အနိုင်အရှုံး ဆုံးဖြတ်နိုင်မည် မဟုတ်ချေ။

ထိုအချိန်၌ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်း၏ နယ်စပ်သို့ ယဲ့မုန်က သွေးပြည်ထောင်မှတဆင့် ရောက်ရှိလာကာ ထာဝရနတ်ပြည်ထောင်ထံ ဦးတည်နေသော ကြယ်ယာဥ်အုပ်စုကြီးအား မျက်ဝါးထင်ထင် မြင်နေရသည်။ သူက နတ်ဝိညာဥ်ဖြင့် စစ်ဆေးလိုက်သောအခါ လူသားကျင့်ကြံသူများကို မြင်လိုက်ရသောကြောင့် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။ သူ၏အမြင်၌ ဤစစ်တပ်မျိုး၏ ခေါင်းဆောင်မှာ ယဲ့ချန်မှလွဲ၍ မဖြစ်နိုင်သောကြောင့် နောက်ဆုံးတွင် နှစ်တစ်ထောင်အကြာ၌ ပြန်လည်ဆုံစည်းရပေတော့မည်။

"ယဲ့မုန် မင်း ရောက်လာပြီလား"

သူက နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းအတွင်း ဝင်ရောက်လိုက်သောအခါ ယဲ့ချန်၏အသံကို ကြားလိုက်ရသည်။

"ဟုတ်ကဲ့ အစ်ကိုကြီး"

နှစ်ပေါင်းများစွာ ကြာပြီးနောက် ညီအစ်ကိုနှစ်ယောက် ပြန်လည်တွေ့ဆုံရမည် ဖြစ်သောကြောင့် သူက ဝမ်းမြောက်ဝမ်းသာဖြင့် ရှေ့ဆက်လာခဲ့သည်။ လမ်းတလျှောက်ရှိ မြင်ကွင်းများက မင်သက်ဖွယ်ကောင်းလှပြီး သိပ်သည်းလှသော ကြယ်ယာဥ်အုပ်စုများအပြင် ထိန်းချုပ်သူ မလိုအပ်ဘဲ အလိုအလျောက် အလုပ်လုပ်နေသော စက်ယန္တရားများ၊ အာကာသအမြှောက်များကို ထုတ်လုပ်နေသော စက်ရုံများနှင့် အာကာသနတ်များပင် မထိုးဖောက်နိုင်သော အကာအကွယ်အစီအရင်များကို တွေ့ခဲ့သည်။ ဤနေရာ၏ ကာကွယ်မှုက သံမဏိနံရံပမာ မာကျောနေပြီဖြစ်သောကြောင့် သူ၏အစ်ကိုကြီးက နတ်ပြည်ထောင်တစ်ခု တည်ထောင်ရဲခြင်းမှာ မထူးဆန်းပေ။ ထာဝရနတ်ပြည်ထောင်မှ စစ်တပ် မည်မျှစေလွှတ်လိုက်ပါစေ၊ ဤအင်အားအောက်တွင် ချက်ချင်း ချေမှုန်းခံလိုက်ရပေလိမ့်မည်။

"ယဲ့မုန် မင်းလည်း အာကာသနတ်အဆင့်ကို ရောက်သွားပြီပေါ့။ မင်းရဲ့ပါရမီက မဆိုးဘူး၊ အာကာသနတ် ထိပ်ဆုံးအဆင့်ကိုတောင် ရောက်လိမ့်မယ်"

"အစ်ကိုကြီးရဲ့ ဝိညာဥ်ကောင်တွေနဲ့ နတ်ဝိညာဥ်ကို ကျေးဇူးတင်ရမှာပါပဲ"

ယဲ့မုန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ည ယဲ့ချန်၏အကူအညီသာ မရှိလျှင် သူ့အတွက် ယနေ့အောင်မြင်မှုမျိုး ရနိုင်မည် မဟုတ်ပေ။ ယဲ့ချန်၏ နတ်ဝိညာဥ်က သူမြင်ဖူးသမျှတွင် အစွမ်းအထက်ဆုံးဖြစ်ကာ ကျင့်ကြံဆင့် မြင့်မားလာသောအခါ နိယာမများ ပါဝင်နေကြောင်း သတိထားမိလာခဲ့သည်။

"တကယ်တော့ မင်းရဲ့ပါရမီကလည်း ကောင်းလို့ပါ။ ငါတို့ညီအစ်ကိုတွေ လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ကြမယ်"

"လူသားမျိုးနွယ် အစွမ်းထက်လာရမယ်"

ယဲ့ချန်က စိတ်အားတက်ကြွစွာ ပြောလိုက်သောအခါ လူသားမျိုးနွယ်တစ်ခုလုံး၏ တောင်းဆု ဖြစ်နေသောကြောင့် ယဲ့မုန်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

"ဒီကိုလာခဲ့"

ယဲ့မုန်သည် လူတစ်ယောက်နှင့် သားရဲတစ်ကောင် တိုက်ခိုက်နေသော ပတ်ဝန်းကျင်သို့ ရောက်သောအခါ လက်လှမ်းပြနေသည့် ယဲ့ချန်ကို မြင်လိုက်ရသည်။

"ဒါက တန်းအာနဲ့ အစ်ကိုကြီးရဲ့ သမီးလေးလား"

သူက အလျင်အမြန် ရောက်ရှိသွားပြီး ယဲ့တန်းရွှမ်နှင့် ယဲ့ချင်းရောင်ကို တစ်ချက်ကြည့်ရုံဖြင့် ယဲ့ချန်၏အမွေကို ဆက်ခံထားကြောင်း နားလည်လိုက်သည်။

"ဟုတ်တယ်ကွ"

ယဲ့ချန်က သူ၏ပခုံးကို ကြင်နာစွာ ပုတ်လိုက်ပြီး မူလနတ်သားရဲနှင့်သာ တိုက်ခိုက်နေရခြင်းမရှိလျှင် စကားစမြည် ပြောဖြစ်ပေလိမ့်မည်။ ပီဖန်းသည် ယဲ့တန်းရွှမ်နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နေသော်လည်း အနိုင်အရှုံး မပေါ်သောကြောင့် စိတ်ဓာတ်ကျနေသည်။ ၎င်း၏ကိုယ်တွင်း၌ စုဆောင်းထားသော မူလချီများမှာ ကုန်ခမ်းစပြုလာပြီး နောက်ထပ်အာကာသနတ်တစ်ယောက် ရောက်လာကြောင်း မြင်သောအခါ ပို၍စိတ်ညစ်လာခဲ့သည်။

"တန်းအာ ဘေးဖယ်ပေး"

ယဲ့ချန်၏ဘေးတွင် ကောင်းကင်ဓားပျံ၊ ကောင်းကင်တုန်ခါ ဆေးအိုးနှင့် နတ်စက်လုံး ထွက်ပေါ်လာကာ သားဖြစ်သူထံ အသံချင်း ဆက်သွယ်လိုက်သည်။

"ဟုတ်ကဲ့ အဖေ"

ယဲ့တန်းရွှမ်က ဆက်လက်တိုက်ခိုက်ချင်သော်လည်း နာခံစွာဖြင့် နောက်ဆုတ်ပေးခဲ့သည်။

"ကောက်ကျစ်လှချည်လား"

လူသားများက အလှည့်ကျတိုက်ခိုက်ရန် ကြံစည်နေသောကြောင့် ပီဖန်း၏ စိတ်ဓာတ်က အဝိစီထိ ထိုးကျသွားခဲ့သည်။

"မူလနတ်သားရဲ မင်းရဲ့ အထွတ်အထိပ်မှာဆိုရင်တောင် ကောင်းကင် နတ်လက်နက်တစ်ခုနဲ့ မူလရတနာနှစ်ခုကို အနိုင်ယူနိုင်မှာလား။ လက်နက်ချဖို့ နောက်ဆုံးအခွင့်အရေး ပေးမယ်။ မဟုတ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့"

ယဲ့ချန်က တည်ငြိမ်စွာ သတိပေးလိုက်ပြီး ရတနာများ၏ အရှိန်အဝါက ပြင်းထန်စွာ တပြိုင်နက် ထွက်ပေါ်လာခဲ့လေသည်။

All Chapters