← Chapters

ပီဖန်း အညံ့ခံခြင်း

Vol. 71 Ch. 996

ပီဖန်း အညံ့ခံခြင်း

Vol. 71 Ch. 996

"လခွမ်း"

ကောင်းကင်ဓားပျံ၊ ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်စက်လုံးကို မြင်လိုက်ရသောအခါ ပီဖန်းသည် စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။ ကောင်းကင်ဓားပျံကိုပင် ၎င်းက အနိုင်နိုင် တိုက်ခိုက်ရမည်ဖြစ်ပြီး ဖောက်ထွင်းခံလိုက်ရလျှင် တိုက်ပွဲအတွင်း အောက်စည်းသို့ သေချာပေါက် ရောက်သွားပေလိမ့်မည်။ တစ်ဖက်လူ၌ မူလရတနာနှစ်ခုကိုပါ ပိုင်ဆိုင်ထားသောအခါ အနိုင်ရရန် အခွင့်အရေး မရှိတော့ပေ။ လူသားများထဲတွင် ယဲ့ချန်က အသန်မာဆုံးဖြစ်ပြီး မလှုပ်ရှားခဲ့သောကြောင့် ၎င်းသည် သူ၏အစွမ်းကို အာရုံမခံနိုင်ခဲ့ချေ။ ယဲ့တန်းရွှမ်ကိုပင် အနိုင်ယူရန် ခက်ခဲနေသောကြောင့် အစွမ်းထက်ရတနာသုံးခု ပိုင်ဆိုင်ထားသည့် ယဲ့ချန်အား အနိုင်ရရန် မဖြစ်နိုင်ပေ။ ရှုံးနိမ့်ရန် သေချာသော်လည်း အသက်နတ်ဘုရား၏ လက်အောက်ခံ ဖြစ်ခဲ့သောကြောင့် ၎င်းက အလွန်မာနကြီး၏။ အကယ်၍ တစ်ဖက်လူက ဘိုး​ဘေး နတ်ဘုရားတစ်ယောက်ဆိုလျှင် ဂုဏ်ယူစွာ လက်ခံလိုက်မည်ဖြစ်သော်လည်း အာကာသနတ်အဆင့် လူသားတစ်ယောက်ထံ အညံ့မခံနိုင်ပေ။

"ကောင်းပြီ။ ငါ အညံ့ခံမယ်။ မင်းက ဘာအကျိုးအမြတ်ပေးနိုင်လဲ"

ပီဖန်းက အကြံထုတ်ရင်း အချိန်ဆွဲရန် ကြံစည်လိုက်သည်။

"မင်းက ငါ့စီးတော်ယာဥ် ဖြစ်လာမယ့် အကျိုးအမြတ် ရှိတယ်လေ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"ခွေးကောင် မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ ငါက အသက်နတ်ဘုရားရဲ့ စီးတော်ယာဥ်ကွ။ မင်းက ဘာအကျိုးအမြတ်မှ မပေးနိုင်ဘဲ ငါ့ကို အညံ့ခံစေချင်တာလား"

အကယ်၍ တစ်ဖက်လူ၌သာ ခွန်အားသာလွန်ချက် ရှိမနေလျှင် ပီဖန်းက ယဲ့ချန်၏ ဆွေစဥ်မျိုးဆက် ခုနစ်ဆက်တိုင်အောင် အော်ဟစ်ဆဲဆိုမိပေလိမ့်မည်။ သူက စိတ်ထဲမှ ကျိန်ဆဲနေစဥ် တစ်ဖက်လူက တည်ငြိမ်စွာ ချဥ်းကပ်လာခဲ့သည်။ ယဲ့ချန်က အနားသို့ ရောက်သောအခါ ၎င်းက ရုတ်တရက် လှုပ်ရှားလိုက်ပြီး အနက်ရောင် မီးလျှံများနှင့် လှောင်အိမ်တစ်ခု ဖန်တီးကာ ချုပ်နှောင်လိုက်သည်။

"အဖေ သတိထား"

"ခေါင်းဆောင် ဂရုစိုက်ပါ"

အာကာသနတ်များက ယဲ့ချန်ကို ကယ်တင်ရန်အတွက် လှုပ်ရှားလာကြသောအခါ အစီအရင်၌ ဟာကွက်တစ်ခု ဖြစ်ပေါ်လာသည်။

"အချိန်တန်ပြီ"

ပီဖန်းက တည်နေရာပြောင်းလဲ၍ ထိုဟာကွက်မှတဆင့် အလင်းတန်းပမာ ထွက်ပြေးသွားခဲ့သည်။ အချိန်ခဏအကြာတွင် ၎င်းက စကြဝဠာတစ်နေရာ၌ ထွက်ပေါ်လာပြီး အဝေး၌ ကြယ်များ ရှိနေသော်လည်း နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းကို မမြင်ရတော့သည်အထိ ဝေးကွာနေခဲ့သည်။

"ဟား ဟား အရူးတွေ မင်းတို့ကို ငါက လွယ်လွယ်လေး အရူးလုပ်လိုက်နိုင်ပြီ။ ကြည့်ရတာ လူသားတွေက ထင်သလောက်လည်း ဉာဏ်ကောင်းပုံမရဘူး။ ငါ နတ်ပြည်ကို အမြန်ဆုံးပြန်ပြီး ခွန်အား အထွတ်အထိပ်ရောက်အောင် ကျင့်ကြံမယ်။ ငါ့ခွန်အားကို ပြန်ရလာရင် မင်းတို့ကို လက်စားချေဖို့ ပြန်လာမယ်"

ပီဖန်းက ကျေနပ်စွာ ရေရွတ်လိုက်သည်။

"ဟုတ်လား၊ မင်းက နတ်ပြည်ကို ဘယ်လိုပြန်မှာလဲ"

ထိုအချိန်၌ ယဲ့ချန်၏စကားသံ ထွက်ပေါ်လာသောကြောင့် ၎င်းက တုန်ရီသွားခဲ့သည်။ ၎င်းက ပတ်ဝန်းကျင်ကို ချက်ချင်းစစ်ဆေးလိုက်သော်လည်း တစ်ဖက်လူ၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ။ ယဲ့ချန်က တည်နေရာပြောင်းလဲရန် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြုထားပုံရသည်။

"ဝှစ် ဝှစ် ဝှစ်"

"ဒီတစ်ခေါက် မင်း ငါ့ကို မမီတော့ဘူးမလား ဟား ဟား"

ပီဖန်းက ဆက်တိုက်တည်နေရာပြောင်းလဲ၍ ကျင့်စဥ်ကို အစွမ်းကုန်အသုံးချကာ စကြဝဠာအတွင်း ခုန်ပျံကျော်လွှားနေ၏။ မကြာမီပင် ၎င်းသည် နောက်ထပ်စကြဝဠာတစ်နေရာသို့ ရောက်လာပြီးနောက် လှောင်ရယ်လိုက်သည်။ သူက အကြိမ်များစွာ တည်နေရာ ပြောင်းလဲခဲ့သောကြောင့် ယဲ့ချန်အနေဖြင့် မည်မျှအစွမ်းထက်ပါစေ၊ လိုက်မီရန် မဖြစ်နိုင်ပေ။ သို့ရာတွင် စကားအဆုံး၌ ယဲ့ချန်၏ရယ်သံ ထွက်ပေါ်လာသောကြောင့် ၎င်းမှာ ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။ အကြိမ်ရာချီ တည်နေရာ ပြောင်းလဲခဲ့သော်လည်း ယဲ့ချန်က လိုက်လာနိုင်သောကြောင့် အလွန်ထူးဆန်းနေခဲ့သည်။ ထို့နောက် ၎င်းသည် တစ်ခုခုကို သတိထားမိသွားကာ ရောက်ရှိနေသော စကြဝဠာကို လေ့လာခဲ့သည်။

"နောက်ဆုံးတော့ မင်းက ငါ့ကမ္ဘာထဲကို ရောက်နေတာ နားလည်သွားပြီပေါ့"

"ဟင်းလင်းပြင်လား။ မဖြစ်နိုင်ဘူး။ ဟင်းလင်းပြင်ပိုင်နက်ထဲမှာ ကြယ်တွေ မရှိနိုင်တဲ့အပြင် ငါ့ကိုလည်း ဖမ်းချုပ်မထားနိုင်ဘူး"

အကယ်၍ ဤနေရာသည် အချိန်နှင့် လေဟာနယ်ချီများဖြင့် ဖန်တီးထားသော ဟင်းလင်းပြင်တစ်ခုဆိုလျှင် ပီဖန်းက ထွက်ပြေးနိုင်သောကြောင့် လုံးဝမဟုတ်နိုင်ပေ။

"ဒါက ဟင်းလင်းပြင်နယ်မြေ မဟုတ်ဘူး။ အစစ်အမှန် စကြဝဠာတစ်ခု ဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် မင်းက ဝင်လာလာချင်း သတိထားမိမှာပေါ့"

ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း မင်း ငါ့ကို ထောက်ချောက်ဆင်ခဲ့တယ်ပေါ့"

ပီဖန်းသည် လူသားများကို လှည့်စားရန် လွယ်ကူသည်ဟု ထင်ထားသော်လည်း ယဲ့ချန်မှာ ထင်ထားသည်ထက် ပို၍ကောက်ကျစ်နေခဲ့သည်။ မူလတွင် ၎င်းက သတိထားနေခဲ့သဖြင့် လှည့်စားခံရမည်မဟုတ်ဟု ထင်ထားသော်လည်း တစ်ဖက်လူ၏ လှည့်ကွက်အောက်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီဟု အထင်ရောက်ခဲ့ရသည်။

"ငါ့ကမ္ဘာထဲမှာ မင်းက နိယာမတွေကို မချိုးဖျက်နိုင်ရင် ထွက်ပြေးဖို့ မေ့ထားလိုက်။ မင်းရဲ့ခွန်အားက မလုံလောက်ဘူး။ အသက်နတ်ဘုရားရဲ့ အသက်နိယာမအစွမ်းတွေ ပိုင်ဆိုင်ထားပေမယ့် အသုံးမဝင်ဘူး။ အညံ့မခံဘူးဆိုရင် သေချာလေး ရိုက်နှက်ပေးမယ်"

ယဲ့ချန်က အေးစက်စက် သတိပေးလိုက်သည်။

"ဒီစကြဝဠာက စစ်မှန်တယ်ဆိုရင် ငါက ဘာကြောင့် မနေနိုင်ရမှာလဲ။ မင်းက ဘာများလုပ်နိုင်မှာလဲ။ ငါက အထွတ်အထိပ်ရောက်အောင် ပြန်ကျင့်ကြံပြီးရင် မင်းရဲ့ နိယာမတွေကို ချိုးဖျက်ပြမယ်"

ပီဖန်းက နှာခေါင်းရှုံ့လိုက်ပြီး ဤပတ်ဝန်းကျင်တွင် မူလချီများ သိပ်သည်းစွာ ရှိနေသောကြောင့် ပြန်လည်ကောင်းမွန်သည်အထိ ကျင့်ကြံနိုင်ပေလိမ့်မည်။

"ကြည့်ရတာ မင်းကို မရိုက်ပေးရင် နာခံမှာ မဟုတ်ဘူး။ ငါက ဒီစကြဝဠာကို ဖန်တီးခဲ့ပြီး အရာရာကို အုပ်ချုပ်တယ်။ မင်းက ကျင့်ကြံဖို့အတွက် ချီတွေ ရနိုင်မယ် ထင်နေတာလား"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး စကားအဆုံးတွင် ပီဖန်း၏ပတ်လည်တွင် မူလချီများ ပျောက်ကွယ်သွားကာ မည်သည့်စွမ်းအင်မှ မရှိသော ဗလာနယ်တစ်ခု ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ၎င်းအနေဖြင့် ကျင့်ကြံရန် မဖြစ်နိုင်သောအခါ ပြန်လည်ကောင်းမွန်လာနိုင်တော့မည် မဟုတ်ပေ။

"မင်းက အထွတ်အထိပ် အခြေအနေကို ရောက်ရင်တောင် ငါ့ကို မယှဥ်နိုင်ဘူး။ မင်းက ငါ့စီးတော်သားရဲ ဖြစ်လာတာ ဂုဏ်ယူစရာ ဖြစ်တယ်။ ငါက မင်းကို အနိုင်ယူနိုင်သလို သတ်ပစ်နိုင်တယ်။ ဘာဖြစ်ဖြစ် မင်းက ငါ့သားရဲ ဖြစ်လာရမယ်"

"မောက်မာလှချည်လား။ မင်းက ငါ့ကို ဘယ်လိုအညံ့ခံအောင် လုပ်မှာလဲ"

ပီဖန်းက ဒေါသတကြီး အော်ဟစ်နေသော်လည်း လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း နားလည်သွားခဲ့သည်။ ဤစကြဝဠာသည် အဆုံးအစမဲ့ ကျယ်ဝန်းပြီး တည်နေရာ မည်မျှပြောင်းလဲပါစေ၊ အပြင်မထွက်နိုင်ချေ။ ဤနေရာတွင် ယဲ့ချန်က စွမ်းအင်များကို ထိန်းချုပ်ထားသောကြောင့် ပြန်လည်ကောင်းမွန်လာရမည့်အစား ပို၍အားနည်းလာခဲ့သည်။ ထောင်ချောက်တစ်ခုသာဆိုလျှင် ၎င်းက ဖြည်းဖြည်းချင်း လွတ်လမ်းကို ရှာဖွေနိုင်သောကြောင့် ပြဿနာမရှိပေ။ သို့ရာတွင် ယဲ့ချန်က အချိန်တိုင်း လိုက်လံတိုက်ခိုက်နေပြီး ၎င်း၏ခွန်အားများ ကျဆင်းလာအောင် ပြုလုပ်နေသဖြင့် အညံ့ခံရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။

"ငါက စကြဝဠာထဲမှာ နှစ်သန်းပေါင်းများစွာ အသက်ရှင်လာတဲ့ မူလနတ်သားရဲတစ်ကောင် ဖြစ်တာတောင် ဘာကြောင့် လူသားတစ်ယောက်ကို ရှုံးနိမ့်ရတာလဲ။ ငါ ဒါကို လက်မခံနိုင်ဘူး"

ပီဖန်းသည် မကျေမနပ် ကြုံးဝါးနေသော်လည်း ခုခံခြင်းက အဓိပ္ပါယ်မရှိကြောင်း သဘောပေါက်သွားသောအခါ နောက်ဆုံးတွင် ကံကြမ္မာအလိုအတိုင်း လက်ခံလိုက်ရလေသည်။

"ကောင်းပြီ။ ငါ အရှုံးပေးတယ်”

All Chapters