← Chapters

အင်ပါယာရှား၏ဒေါသ

Vol. 010 Ch. 942

အင်ပါယာရှား၏ဒေါသ

Vol. 010 Ch. 942

မီးတောက်ရှန့်ထို၏ ခန္ဓာကိုယ်မှာ မြန်ဆန်စွာ နောက်သို့ ရွေ့လျား သွားခဲ့သည်။ ထောင်ကျန်းက သူ့ထံသို့ မြန်ဆန်စွာပင် မီလာခဲ့ကာ ကျေးရွာ ခေါင်းဆောင် ကလည်း ရှေ့မှ ပိတ်ရပ်နေသည်။ ကျေးရွာ ခေါင်းဆောင် ရှိခြင်းက မီးတောက် ရှန့်ထိုအတွက် မည်သို့မှ ထွက်ပြေး လွတ်မြောက်စရာ အကြောင်း မရှိပေ။

ထိုအခိုက်တွင် မီးတောက်ရှန့်ထိုထံမှ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ကျိရှမ်းကမ်းပါး၏ အမြင့်ဆုံးနေရာ တစ်ခုသို့ ဦးတည် သွားခဲ့သည်။ အလင်းတန်းမှာ ထိုနေရာမှ တစ်စုံတစ်ခုအား လှုပ်နိုးသက်ဝင် စေခဲ့ဟန်ရပြီး ကောင်းကင် တစ်ခွင်လုံး နီရဲသွားသည်။ ကြောက်မက်ဖွယ် ရောင်စဉ် ရောင်ဝါများ ထိုနေရာ တစ်ခုလုံးအား ခြုံလွှမ်းလာခဲ့၏။

“ကျုပ် အင်ပါယာရှားကို ဆင့်ခေါ်ပါတယ်” မီးတောက်ရှန့်ထို၏ အသံက ကောင်းကင် တစ်ခွင်ကို တုန်ဟည်းစေ၏။ မြေရိုင်းပြည်နယ်မှ လာရောက် တိုက်ခိုက်ခြင်းတွင် ရှန့်ထိုနှစ်ပါးအား သူ ရင်မဆိုင်နိုင်သည်ကို မီးတောက်ရှန့်ထို ကောင်းကောင်း သိပေ၏။ ထို့ကြောင့် သူက အင်ပါယာရှားအား ဖိတ်ကြားခဲ့သည်။

ထောင်ကျန်းနှင့် ကျေးရွာ ခေါင်းဆောင်တို့ တိုက်ခိုက်ခြင်းအား ရပ်တန့် လိုက်ကြသလို ရီဖူရှင်းလည်း အပေါ်သို့ ပျံတက်သွားသည်။ မီးတောက်ရှန့်ထို ဤသို့ လုပ်မည်ဟု သူမထင်ထားသော်လည်း ရီဖူရှင်း လိုချင်သည်ကလည်း သူ ဤသို့လုပ်ရန် ဖြစ်သည်။

တော်ဝင်မြေသုံးခု မဟာမိတ်ပြုကာ တော်ဝင်ကျဲ နန်းတော်အား လာရောက် တိုက်ခိုက်ခြင်းအား စောင့်စားနေပါက သူကား မိမိသေတွင်းကို မိမိတူးနေသလို ဖြစ်ပေမည်။

ထို့ကြောင့် အင်ပါယာရှား ကိုယ်တိုင် သူတို့ အားလုံးအတွက် တော်ဝင်စစ်ပွဲအား တရားနည်းလမ်း မျှတသော ပုံစံဖြင့် ထိန်းချုပ်စေခြင်းမှာ သူလိုလားသော အချက် ဖြစ်ပေသည်။

ကောင်းကင်မှ ကြီးမားသော ဖိအားများ ဆင်းသက် လာသည်။ အင်ပါယာရှား၏ပုံရိပ် တစ်ဖန် ကောင်းကင်၌ ပေါ်လာပြန်သည်။ တည်ကြည် မြင့်မြတ်ကာ ထည်ဝါစွာ ရပ်လျက် သူက တစ်လုံးချင်း ပြောသည်... “ယွီပြည်နယ်၊ ကျိရှမ်းကမ်းပါး။ ဘာကိစ္စများလဲ”

“အင်ပါယာ... တော်ဝင်ကျဲနန်းတော် ရီဖူရှင်းက ကျိရှမ်းကမ်းပါးကို အင်ပါယာရဲ့ ခွင့်ပြုချက်မရှိဘဲ လာရောက် တိုက်ခိုက်နေပါတယ်” မီးတောက်ရှန့်ထိုက ဦးညွှတ်ကာ တင်ပြသည်။

အင်ပါယာရှား၏ အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။

“အဲဒါ မင်းကိုး...” သူနောက်ဆုံး တစ်ခေါက် ပြည်နယ်ကိုးခုသို့ ရောက်ရှိခဲ့သည်မှာ မြေရိုင်း ပြည်နယ်သို့ ဖြစ်သည်။ ယခင် တော်ဝင်ကျဲနန်းတော် သခင်ဟောင်းက သူ၏နေရာအား ရီဖူရှင်းသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ထိုစဉ်က ကောင်လေးကား နိုဘယ် အဆင့်မှနေ၍ မြင့်မားသော တန်ခိုးအဆင့် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သည်ကောင်လေးက ရှားရှင်းယွန်အား ငြင်းပယ်ခဲ့ဟန် ရသည်။ တစ်စုံ တစ်ယောက်က ထိုကိစ္စအား သူ့ထံသို့ လာရောက် တင်ပြခဲ့ရာ သူ အတော်လေး စိတ်ဝင်စားခဲ့သည်။

“အင်ပါယာရှားကို နှုတ်ဆက်ပါတယ်။ ကျွန်တော်က မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော် သခင် ရီဖူရှင်းပါ” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်... “မီးတောက်ရှန့်ထိုက အရှင့်ကို လိမ်လည် နေပါတယ်။ သူ့ကို အပြစ်ပေး စေချင်ပါတယ်”

“အဓိပ္ပာယ် မရှိတာ...” မီးတောက်ရှန့်ထိုက ရီဖူရှင်းအား မီးဝင်းဝင်း တောက်သော မျက်လုံးများဖြင့် ကြည့်သည်။ အင်ပါယာရှားကား ပြည်နယ်ကိုးခု၏ အကြွင်းမဲ့ အာဏာ ပိုင်စိုးသူဖြစ်၏။ သူက မည်သို့ လိမ်လည်ရဲ မည်နည်း။

အင်ပါယာရှား၏ စကားတစ်ခွန်းမျှဖြင့် ယခင်က တော်ဝင်မြေတစ်ခု အစအန ပျောက်သွားခဲ့ဖူးပေသည်။

“ရှင်းပြစမ်း...” အင်ပါယာရှားက ရီဖူရှင်းအား ကြည့်သည်။

“အရှင်... တော်ဝင်ကျဲ နန်းတော်တုန်းက အရှင်ကိုယ်တိုင် ရောက်ခဲ့တာပဲ။ ဘာဖြစ်ခဲ့တယ် ဆိုတာကိုလည်း အရှင် သိတယ်။ ကျိရှမ်းကမ်းပါးက မြေရိုင်း ပြည်နယ်ကို လာရောက် သတ်ဖြတ် မွှေနှောက်ခဲ့တယ်။ ဒီလိုလုပ်ဖို့လည်း သူတို့က အရှင်ရဲ့ ခွင့်ပြုချက်ကို မတောင်းခဲ့ကြဘူး။ ကျုပ်က သူတို့လုပ်ခဲ့တဲ့ သွေးကြွေးတွေကို ပြန်ဆပ်ဖို့ ရောက်လာတာပါ။ ပြီးတော့ ကျိရှမ်းကမ်းပါးက ကျုပ်တို့ကို အနိုင်ကျင့်ခွင့် ရှိပြီးတော့ ကျုပ်တို့က ပြန်တိုက်ခိုက်ခွင့် မရှိသင့်ဘူးလား”

ရီဖူရှင်းက ဆက်ပြောသည်... “ပြီးတော့ မကြာခင်က လုပ်ခဲ့တဲ့ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင် တို့ရဲ့ လက်ထပ်ပွဲ မဟာမိတ်မှာ ပြည်နယ်ကိုးခုတိုင်းက ဖိတ်ကြား ခံခဲ့ရတယ်။ အဲဒီပွဲမှာပဲ ရှီဟွာတောင် ရှန့်ထိုနဲ့အတူ ရှန့်ထိုကျဲတို့က တော်ဝင်စစ်ပွဲမှာ ကျောက်ပြည်ထောင်နဲ့ အတူ ပူးပေါင်း ပါဝင်မယ်လို့ ကြေညာခဲ့တယ်။ တော်ဝင်မြေ သုံးခုက အခုမှ စတင်ပြီး အင်အား အခြေကျလာစပဲ ရှိပါသေးတယ်။ အခု တော်ဝင်မြေ သုံးခုက ကျုပ်တို့ကို ပူးပေါင်းပြီး သုတ်သင်တော့မဲ့ အခြေအနေမှာ ကျွန်တော်က ဒီအတိုင်းတော့ ထိုင်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော့်လူတွေကို ခေါ်ပြီး ကျိရှမ်းကမ်းပါးသို့ ရောက်လာတာပါ”

“အရှင်... တော်ဝင်မြေ သုံးခုကသာ ပူးပေါင်းပြီး ကျုပ်တို့ကို ဒီလို အနိုင်ကျင့် တိုက်ခိုက်ရင် ကျုပ်တို့ သေချာပေါက် ကွယ်ပျောက် ရတော့မှာပါ။ တော်ဝင်ကျဲ နန်းတော်ကို ဖျက်ဆီးဖို့ ကျိရှမ်းကမ်းပါး ခေါင်းဆောင် ရှန့်ထိုကျဲက ကိုယ်တိုင် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါဆို တော်ဝင်ကျဲ နန်းတော်ကရော ပြန်တိုက်ခိုက်လို့ မရဘူးလား။ ကျုပ်တို့က ဒီအတိုင်းတော့ သေမှာ ထိုင်မစောင့်နိုင်ပါဘူး ... အရှင်။ ပြီးတော့ ကျွန်တော်တို့က ကျိရှမ်းကမ်းပါးသို့ လာရောက် တိုက်ခိုက်တဲ့အခါ တော်ဝင်စစ်ပွဲတွေရဲ့ စည်းမျဉ်းအတိုင်း ရှန့်ထိုများက ရှန့်ထို၊ ရှီများက ရှီတန်ခိုးရှင်တွေကိုသာ တိုက်ခိုက်စေပြီး အင်ပါယာရဲ့ စည်းမျဉ်းတွေကို လိုက်နာပါတယ်”

ရီဖူရှင်း၏အသံကား ဆွေးမြည့်ကြေကွဲသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ သူ၏ရှင်းပြချက်တွင် တော်ဝင်ကျဲ နန်းတော်ကား အမှန်ပင် အလွန်ဆိုးဝါးသော အခြေအနေသို့ ရောက်နေ၏။ တော်ဝင်မြေသုံးခုမှာ အရှက်ကင်းမဲ့စွာဖြင့် တော်ဝင်ကျဲ နန်းတော်အား အနိုင်ကျင့်ရာ သူက မတတ်သာဘဲ ပြန်လည် ခုခံရသော အနေအထား ဖြစ်နေသည်။ ကျိရှမ်းကမ်းပါးမှ လူတိုင်းမှာ သူ၏စကားကို ကြားပြီး ဆွံ့အရသည်။

မီးတောက်ရှန့်ထိုက ရီဖူရှင်းအား ဒေါသ အမျက်ထွက်သော မျက်လုံးများဖြင့် ပြူးကျယ်စွာ ကြည့်သည်။ ရီဖူရှင်းက ရှန့်ထိုနှစ်ပါးအား ဦးဆောင်ကာ ကျိရှမ်းကမ်းပါးအား လာရောက် အလစ် တိုက်ခိုက်သည့်တိုင် သူ၏ လုပ်ဆောင်ချက်က မှန်ကန်သယောင် ပြောဆိုနေသည်။

ယခု အခိုက်အတန့်ကား ကျိရှမ်းကမ်းပါး အတွက်သာ သေရေးရှင်ရေး မဟုတ်ပေဘူးလား။

“အရှင်... သူက အမှန်တရားကို ဖုံးကွယ် နေပါတယ်” မီးတောက်ရှန့်ထိုက ဒေါသတကြီး ပြောသည်။

“ကျုပ်ပြောတာ တစ်ခုခု လွဲမှားနေရင် အရှင်က ကျုပ်ကို သေမိန့် ပေးနိုင်ပါတယ်” ရီဖူရှင်းက ခိုင်မာစွာ ပြောသည်။

အင်ပါယာရှားက ရီဖူရှင်းအား သံသယ မဝင်ပေ။ ပြည်နယ်ကိုးခု၌ မည်သူကမှ သူ့အား မလိမ်ရဲပေ။ ရီဖူရှင်း၏ စကားများအား မှန်ခြင်း မှားခြင်းကို သူအနည်းငယ်မျှ အားထုတ် လိုက်ရုံဖြင့် သိနိုင်ပေသည်။

အင်ပါယာရှားက မီးတောက်ရှန့်ထိုအား ကြည့်ကာ မေးသည်... “သူပြောတာ ဘာမှားနေလဲ”

မီးတောက်ရှန့်ထို ပါးစပ်ပိတ် သွားသည်။ ရီဖူရှင်း၏ စကားများ၌ သူအမှားရှာ၍ မရပေ။ ကျိရှမ်းကမ်းပါး ရှန့်ထိုခေါင်းဆောင်သာ ထိုစကားများအား အမှန်ပြောခဲ့သည် ဆိုပါက သူ မည်သို့မှ စောဒက တက်စရာ အကြောင်းအရင်း မရှိတော့ပေ။

အမှန်တကယ်အားဖြင့် ရှန့်ထိုကျဲသည် တော်ဝင်စစ်ပွဲ၌ ပါဝင်မည်ဟု တစ်ခါမှ မပြောခဲ့ဖူးပေ။ သို့သော်လည်း လျူကျောင်း၏ လက်ထပ်ပွဲ၌ သူထုတ်ဖော် ပြောဆိုခဲ့သော စကားများက ထိုသဘော သက်ရောက်ပေသည်။ ရီဖူရှင်းကလည်း ထိုသဘောကို ကောက်နုတ် ယူဆခဲ့၏။ အင်ပါယာရှားက ထိုကိစ္စအပေါ် အမှန်တကယ် စုံစမ်းမှုပြုလျှင်လည်း ထိုသဘောကိုသာ နားလည်ပေမည်။

မီးတောက်ရှန့်ထို၏ အမူအရာများမှ အင်ပါယာရှား ကောင်းကောင်း သိလိုက်ပေပြီ။ သူက လူတိုင်းအား ကြည့်ကာ လေးနက်စွာ ပြောသည် ... “မင်းတို့က မြေရိုင်း ပြည်နယ်ကို တောက်လျှောက် ဖိနှိပ်ခဲ့ပြီး အခု တော်ဝင်မြေသုံးခု ထပ်ပူးပေါင်းပြီး အနိုင်ကျင့်ကြ ဦးမယ်။ ဒါဆို မင်းက ငါ့ကို ဘာကြောင်းပြချက်နဲ့ ဖိတ်ခေါ်ခဲ့ရတာလဲ” အင်ပါယာရှား၏ လေသံ၌ ဒေါသသံများ စွက်နေသည်။ ကျိရှမ်းကမ်းပါးမှ လူများအားလုံးမှာ ထိတ်လန့် ကြောက်ရွံ့ခြင်း ကြီးစွာ ဖြစ်သွားကြပြီး မည်သူမှ အင်ပါယာအား မော့မကြည့်ရဲ ကြတော့ပေ။

“ကျုပ်က ကျိရှမ်းကမ်းပါး အတွက် လုပ်ဆောင်ခဲ့တာပါ” မီးတောက်ရှန့်ထို၏ မျက်နှာက လွန်စွာ ပျက်ယွင်း နေလေပြီ။

အင်ပါယာရှား၏ ဒေါသကို ပြည်နယ်ကိုးခု၌ မည်သူမှ ထိပ်တိုက် ရင်မဆိုင်ရဲပေ။ ရီဖူရှင်း၏ စကားများကို အင်ပါယာရှား ယုံကြည်ခဲ့သည်မှာ ထင်ရှား၏။ ယနေ့ ဖြစ်ပျက်ခဲ့သည်များကို သူ ဝင်စွက်ဖက်ဖွယ် မရှိတော့။

“မင်းတို့က နှစ်နည်းနည်း အတွင်းမှာ ငါ့ကို နှောင့်ယှက်တာ နှစ်ခါရှိပြီ။ မင်တို့ ဒီလောက် တိုက်ခိုက်ချင်ကြတယ် ဆိုရင် ... ကောင်းပြီ။ နောက်ပိုင်း တော်ဝင်စစ်ပွဲတွေ အတွက် ငါ့ခွင့်ပြုချက်တွေ တောင်းစရာ မလိုတော့ဘူး။ ဒါပေမဲ့ ပြည်နယ်ကိုးခုက ငါ့အုပ်ချုပ်မှု အောက်မှာ ရှိနေမှတော့ ဘယ်တော်ဝင်မြေမဆို စစ်ခင်းမယ်ဆိုရင် တော်ဝင်စစ်ပွဲတွေရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း တန်ခိုးအဆင့် ကျော်ပြီး အချင်းချင်း တိုက်ခိုက်ခွင့် မရှိဘူး။ မင်းတို့ အချင်းချင်း တိုက်ခိုက်ပြီးသွားရင် ပြည်နယ်ကိုးခု တမန်တော်ဆီ အကြောင်း ကြားလိုက်ကြ”

အင်ပါယာရှားက ဒေါသစွက်သော လေသံဖြင့် ပြောသည်။

“အရှင့်ဆန္ဒ အတိုင်းပါ” ရီဖူရှင်းက ပြောသည်။ အင်ပါယာရှား ရောက်လာရန်ကား သူ၏ အကြံအစည် ဖြစ်ပေသည်။ မီးတောက်ရှန့်ထိုမှာ အမှန်တကယ်အားဖြင့် သူ၏ အသုံးချမှုကို ခံရခြင်းမျှသာ ဖြစ်သည်။ မဟုတ်လျှင် သူက အင်ပါယာရှားအား ဖိတ်ခေါ်နိုင်စွမ်း မရှိပေ။

အင်ပါယာရှား ကိုယ်တိုင် ရောက်မလာခဲ့ဘဲ ရှီဟွာတောင်မှ လူများ စည်းမျဉ်း စည်းကမ်း အတိုင်း မလုပ်ဆောင်ခဲ့ပါက သူကား သေရမည် မုချဖြစ်သည်။ ထို့ကြောင့် ရှီဟွာတောင်မှ မထွက်ခွာမီ မှန်နန်းတော် သခင်မအား မည်သည့်နေရာ၌ အင်ပါယာရှား၏ စိတ်အသိ ချန်ထားရစ် သေးကြောင်း မေးမြန်ခဲ့ခြင်း ဖြစ်သည်။

“ငါ့အမိန့်ကို ပြည်နယ်ကိုးခုသို့ ထုတ်ပြန်စမ်း...” အင်ပါယာရှားက ထိုသို့ ပြောလိုက်ပြီး မကြာခင် ကောင်းကင်၌ သူ၏ထည်ဝါသော ပုံရိပ်မှာ ပျောက်ကွယ် သွားတော့သည်။ ကျိရှမ်းကမ်းပါးမှ ဖြစ်ရပ်အပေါ် သူ သဘောတူခဲ့သည်မှာ ထင်ရှား၏။

မီးတောက်ရှန့်ထို၏ မျက်နှာများက ပျက်ယွင်းနေသည်။ ကျေးရွာ ခေါင်းဆောင် ရှိနေခြင်းက သူ အနိုင်ရစရာ မရှိပေ။

အင်ပါယာရှား ချမှတ်ထားသော စည်းကမ်းကား ရှန့်ထိုများက ရှန့်ထိုအဆင့် အချင်းချင်းသာ တိုက်ခိုက်ရပေမည်။

မီးတောက်ရှန့်ထိုက လက်ဝှေ့ယမ်းသည်တွင် ကြောက်မက်ဖွယ် မီးတောက်များ ကျေးရွာ ခေါင်းဆောင်နှင့် ထောင်ကျန်းတို့ထံသို့ ဦးတည် သွားကြသည်။ သူက နောက်ဘက်သို့ လှည့်သွားကာ ထွက်သွားမည် လုပ်လျက် ပြောသည်... “ရှန့်ထိုတွေက မင်တို့ကို လက်ဖျားနဲ့တောင် ထိလို့မရဘူး။ ဝင်္ကပါတည်ပြီး အတတ်နိုင်ဆုံး ခုခံကြ”

“မင်း ပြောချင်တာလား” ကျေးရွာ ခေါင်းဆောင်က နှာခေါင်းရှုံ့သည်။ သူ၏ခန္ဓာကိုယ်က ဓားတစ်လက် အသွင်သို့ ပြောင်းလဲသွားပြီး မီးတောက်များအား ဖြတ်သန်းသွားကာ မီးတောက် ရှန့်ထိုနောက်သို့ လိုက်သည်။ ရှန့်ထိုကျဲမရှိသည့် အခိုက်တွင် သူတို့က မီးတောက်ရှန့်ထိုအား အသက်ရှင်ရက် လွှတ်မပေးနိုင်ပေ။

ထိုစဉ်မှာပင် ကျိရှမ်းကမ်းပါး တန်ခိုးရှင်များထဲမှ အလင်းတန်းတစ်ခု ရီဖူရှင်းထံသို့ တိုးဝင်လာသည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ကီဖုန်းဖြစ်သည်။ သူ၏လက်ထဲတွင် သုံးခွမှိန်းတစ်ခု ပါလာသည်။ ထိုအရာကား တော်ဝင်ရတနာ တစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ် စွမ်းအင်များ ထုတ်လွှတ် နိုင်သည်။

ရီဖူရှင်းရှေ့၌ လူကိုးယောက် ပေါ်လာသည်။ သူတို့ကား ကျန်ကျောင်း၊ ဓားမိစ္ဆာ၊ စုရှမ်းနှင့် တခြား ဓားသမား ခြောက်ယောက်တို့ ဖြစ်ကြသည်။ သူတို့အားလုံးက ဝင်္ကပါတစ်ခု စုဖွဲ့ထားကြ၏။ သူတို့အားလုံးက ကီဖုန်းထံမှ လာသော စွမ်းအားများအား အလွယ် ဖျက်ဆီး ဖြတ်တောက် နိုင်ကြသည်။

ကျိရှမ်းကမ်းပါးမှ မရေမတွက်နိုင်သော တန်ခိုးရှင်များထံမှ ပြင်းထန်သော ကိုယ်ရောင် ကိုယ်ဝါများ၊ သက်စောင့်ဝိညာဉ်များ ထွက်ပေါလာကာ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ထက်သို့ တက်လာကြသည်။

နောက်ထပ် တန်ခိုးရှင် တစ်ယောက် ရှေ့သို့ တက်လာသည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင် နေ့ရန်ဖြစ်သည်။ သူက လက်ဆန့်တန်းလျှင် အရာအားလုံးကို ပြာမှုန့်အဖြစ်သို့ ပြောင်းလဲ သွားစေနိုင်စွမ်း ရှိဟန်ရသည်။

ယွန်ရှင်း ရှေ့သို့ တက်လာသည်။ သူမက နှင်တံကို ဝှေ့ယမ်းလျှင် ပူပြင်းသော စွမ်းအားကို ရေခဲများဖြင့် ထိန်းချုပ်စေ၏။

ဂါး..

ပြင်းထန်သော မာန်သွင်းသံ တစ်ချက်အား ကြားရသည်။ ကောင်းကင်ဝင်္ကပါမှာ တစ်ဖန် ဖြစ်ပေါ်လာခဲ့၏။ သည်တစ်ခေါက် ဝင်္ကပါအား ဦးဆောင်သူမှာ ထောင်ကျန်း မဟုတ်တော့ဘဲ ယန်ဟောင် ဖြစ်သည်။ သူ၏လက်ထဲတွင် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအစား ရှီတန်ခိုးရှင် ဝူလျန် ပိုင်ဆိုင်သော အဆုံးမဲ့ဓားအား ကိုင်စွဲထား၏။

ကျန်းရှာက ထိုက်ဟန်တောင်သို့ လာရောက် တိုက်ခိုက်ခဲ့စဉ် အခါက ထိုနေရာကား သွေးချောင်း စီးခဲ့ရသည်။ သူ၏ ကျိရှမ်းကမ်းပါး အပေါ် အမုန်းတရားအား မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။

“တိုက်...” ယန်ဟောင်က ကောင်းကင်ဝင်္ကပါ၏ စွမ်းအားဖြင့် ရှေ့သို့ တက်ရောက် တိုက်ခိုက်လျှင် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်း နိုင်ပေသည်။ အဆုံးအစမဲ့သော ကြီးမြတ်သော စွမ်းအားများ ကောင်းကင်ထက်၌ ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ပေါ်လာခဲ့ကြပြီး ရန်သူများအား အဆက်မပြတ် ပြိုလဲစေသည်။ အဆုံးမဲ့ဓားဖြင့် ပိုင်းဖြတ် ခံရသူများအား ခုခံရန်ပင် မစွမ်းသာဘဲ သေရွာသို့ အလည်အပတ် ရောက်ရှိ သွားကြရတော့သည်။

***

All Chapters