ရှန့်ထိုကျဲ၏ကြိမ်းဝါးသံ
Vol. 010 Ch. 945
ရှီဟွာတောင်မှ ရီဖူရှင်း ထွက်သွားသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုနေရာ၌ စည်ကားနေဆဲ ဖြစ်သည်။
ပြည်နယ်ကိုးခုမှ ရှန့်ထိုများ တစ်စု တစ်စည်းတည်း ရှိနေသည်မှာ ရှားပါးပေရာ သူတို့အကြား ပြောစရာများ အများအပြား ရှိကြပေသည်။ ထို့အပြင် လူငယ်မျိုးဆက်များ အကြားလည်း လက်ရည်စမ်းခြင်းများက အခမ်းအနားကို ပိုမို၍ သက်ဝင် လှုပ်ရှားစေပေသည်။
ထွက်သွားသူများလည်း ရှိပေသည်။ ဥပမာအားဖြင့် ရှန့်ထိုရှားမှာ တာရှည်မနေခဲ့ဘဲ နွေဦးပြည်နယ်သို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ လစန္ဒာရှန့်ထိုလည်း သူ၏လူများအား ခေါ်ဆောင်ကာ စောစီးစွာ ပြန်သွားခဲ့သည်။
ရှန့်ထိုကျဲကား သေချာပေါက် ကျန်နေခဲ့ပေသည်။ သူကား ရှီဟွတောင်နှင့် ကျောက်ပြည်ထောင် တို့အား မဟာမိတ်ဖွဲ့ခဲ့သည်မှာ မကြာသေးရာ ဤသို့သော အခမ်းအနားအား ကောင်းစွာ အချိန်ပေး တက်ရောက်ပြီး လေးစားမှုကို ပြသရန် လိုပေသည်။ သို့သော် အချိန်က တဖြည်းဖြည်း နောက်ကျ လာခဲ့ပြီဖြစ်ရာ သူက ပြန်ရတော့မည့် အချိန်သို့ ရောက်လာသည်။
သူ ပြန်တော့မည့် အချိန်၌ပင် သူ၏ အမူအရာများ အဆက်မပြတ် ပြောင်းလဲ လာခဲ့သည်။ သူက လက်ဆန့်တန်း လိုက်လျှင် လက်ထဲ၌ ကျောက်စိမ်း ပုရပိုက်တစ်ခု ပေါ်လာပြီး ထိုအထဲတွင် ကီဖုန်း၏ နာမည်အား ရေးထွင်း ထားသည်။
ကီဖုန်းကား သူ၏တပည့်ရင်း ဖြစ်ကာ ကျိရှမ်းကမ်းပါး သူရဲကောင်းကိုးဖော်၏ ခေါင်းဆောင်လည်း ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ် ပုရပိုက်မှာ ပျက်စီးသွားပြီဖြစ်ရာ ကီဖုန်း သေဆုံးသွားပြီ ဖြစ်ကြောင်း သူသိလိုက်သည်။
“ကျိရှမ်းကမ်းပါး တိုက်ခိုက်ခံရပြီ” ရှန့်ထိုကျဲ၏ အမူအရာက ကြီးစွာ ပျက်ယွင်းနေပြီး ပြင်းထန်သော ရှန့်ထိုစွမ်းအားများ သူ့ထံမှ ထွက်ပေါ်လာသည်။
ကီဖုန်းက ကျိရှမ်းကမ်းပါး၌ လေ့ကျင့်ရင်း ဒဏ်ရာရသည်မှာ ဖြစ်နိုင်ဖွယ် မရှိပေ။ ထို့အပြင် သူကား အလွန် အားကောင်းပြီး တော်ဝင်ရတနာအား ပိုင်ဆိုင်ထားသည်။ ယခု သူ သေဆုံးသွားသည် ဆိုပါက ဖြစ်နိုင်ဖွယ်မှာ တစ်ခုတည်းသာ ရှိသည်။ အလွန် အားကောင်းသော တစ်စုံတစ်ယောက်က ကျိရှမ်းကမ်းပါးအား တိုက်ခိုက်ခဲ့သည်။
သူက စောစီးစွာ ထွက်သွားခဲ့ကြသော တော်ဝင်ကျဲနန်းတော်မှ လူများအား ပြန်အမှတ်ရလာ၏။ ချက်ချင်းပင် သူက အေးစက်စွာ ရေရွတ်သည်... “တော်ဝင်ကျဲနန်းတော်...”
သူကား အကွက်ချ ကြံစည်ခံရလေပြီ။
ရီဖူရှင်းကား သူစော်ကား ခံရမှုကြောင့်ပင် ဒေါသတကြီး ထွက်သွားခဲ့သည်။ သို့သော်လည်း ကြည့်ရသည်မှာ သူကား တမင် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တော်ဝင်ကျဲ နန်းတော်မှ လူများ ကျိရှမ်းကမ်းပါးသို့ အဘယ်ကြောင့် ကျူးကျော် တိုက်ခိုက်ရဲရသနည်း။ ရီဖူရှင်းကား ထိုမျှသော စွမ်းရည် မရှိသေးပေ။ ကျေးရွာ ခေါင်းဆောင်က ဝင်ရောက် သတ်ဖြတ်မှသာ ဖြစ်နိုင်ပေမည်။ သို့သော် ဤနည်းဖြင့် သူကလည်း တော်ဝင်ကျဲနန်းတော်သို့ သွားရောက် သတ်ဖြတ်မည်ကို ရီဖူရှင်း မကြောက်ပေဘူးလား။
“ရှန့်ထိုကျဲ...” ရှီဟွာတောင်ရှန့်ထိုက ရှန့်ထိုကျဲ၏ အမူအရာ မူမမှန်သည်ကို မြင်ကာ ခေါ်သည်။
မှန်နန်းတော် သခင်မလည်း မပြန်ရသေးပေ။ သူမက တိတ်ဆိတ်စွာ ထိုင်လျက် ရှန့်ထိုကျဲအား ကြည့်သည်။ ရီဖူရှင်း မထွက်သွားမီ စိတ်ဖြင့် မေးမြန်းသွားသည့် တစ်စုံတစ်ခုက သူမအား အံ့အားသင့်စေခဲ့၏။ ယခု သူမက တစ်စုံတစ်ခုကို ခန့်မှန်းမိပြီ ဖြစ်သည်။
“ကျိရှမ်းကမ်းပါး တိုက်ခိုက်ခံရတယ်” ရှန့်ထိုကျဲထံမှ အေးစက်သော အငွေ့အသက်များ ဖြာထွက် လာခဲ့သည်။ နောက်ထပ် ပုရပိုက်တစ်ခု သူ၏လက်ထဲတွင် ပေါ်လာ၏။ ထိုပုရပိုက်က ကျိရှမ်းကမ်းပါး သူရဲကောင်း ကိုးဖော်ထဲမှ တတိယတပည့်ကို ကိုယ်စားပြုသည်။ သူသည်လည်း ရှန့်ထိုကျဲ၏ လက်ရင်းတပည့် ဖြစ်ကာ အလွန် ကောင်းမွန်သော ပါရမီအား ပိုင်ဆိုင်၏။
ခွန်ယိုနှင့် တခြား လူများအားလုံး ထရပ်ကြသည်။ သူတို့၏ စိတ်နှလုံးများ ပြင်းထန်စွာ လှုပ်ရှားလာခဲ့ကြ၏။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...” ရှန့်ထိုကျဲ၏စကားကိုကြားလျှင် ချင်ကျောင်း၏ စိတ်နှလုံးများက ကိုက်ခဲနာကျင် လာခဲ့သည်။ သူက အမှန်တကယ် ကျိရှမ်းကမ်းပါးသို့ သွားရောက် သတ်ဖြတ်ခဲ့သည်လား။
“ခွင့်ပြုပါဦး ... ကျုပ်သွားမှ ရမယ်” ရှန့်ထိုကျဲက လေထဲကို ချက်ချင်း ပျံတက်ပြီး အရာမျက်နှာ တစ်ခုသို့ လေ၏အလျင်ဖြင့် သွားသည်။ သူကား ခွန်ယိုနှင့် တခြားလူများကိုပင် မစောင့်ဆိုင်းတော့ဘဲ ထွက်သွားခြင်း ဖြစ်သည်။
သင်္ချိုင်းကုန်းကျေးရွာ ခေါင်းဆောင်က အမှန်တကယ် ထိုနေရာ၌ သတ်ဖြတ်ခဲ့လျှင် ရှန့်ထိုကျဲက ခွန်ယိုတို့အား ခေါ်ဆောင် သွားခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုးများပင် ဖြစ်သွားနိုင်ပေသည်။ သူ၏စိတ်ကား အေးစက်နေ၏။ သူက တော်ဝင်ကျဲ နန်းတော်အား ပြာပုံဘဝသို့ ပြောင်းလဲပစ်ရန် စိတ်ပိုင်းဖြတ် ထားသည်။
အားကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များ အပြင် ရှန့်ထိုကျဲက အကြောက်တရား တစ်ခုကိုလည်း ခံစားမိသည်။ ယွီပြည်နယ်၏ နံပါတ်တစ် တော်ဝင်မြေက မျက်လုံး တစ်မှိတ် အတွင်း၌ ပျောက်ကွယ် သွားတော့မည်ကို သူကြီးစွာ စိုးရိမ်နေပြီ ဖြစ်သည်။
ဤသို့သော အရာကို ရီဖူရှင်းက မည်သို့ လုပ်ရဲရသနည်း။ သူက တော်ဝင်ကျဲ နန်းတော်မှ လူများ၏အသက်ကို မစိုးရိမ်တော့ဘူးလား။ ကျေးရွာ ခေါင်းဆောင်အား အသိမပေး၊ မပြောမဆို သတ်ဖြတ်စေခြင်းအား သူ မည်သို့ လုပ်ရဲရသနည်း။ အင်ပါယာရှားပင် သူ့အား ခွင့်လွှတ်မည် မဟုတ်ပေ။
ရှီဟွာတောင် ရှန့်ထိုက မိုးစက်ရှန့်ထိုအား ကြည့်ကာ ပြောသည်... “ရှီဟွာတောင်ကို ဂရုစိုက်။ ငါ ခဏကြာမယ်”
“ကျုပ်လည်း လိုက်မယ်” ကျောက်ပြည်ထောင် ဘုရင်လည်း ထရပ်သည်။
“အားလုံး... ။ ကျုပ်က ဒီအခမ်းအနားကို ဆက်လက် ကျင်းပနိုင်တော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ဆက်နေရင် လျူကျောင်းက ခင်ဗျားတို့ကို ဧည့်ခံပါ့မယ်။ ကျုပ်ကို ခွင့်ပြုပါဦး” ရှီဟွာတောင်ရှန့်ထိုက လူအုပ်အား ပြောကာ ကျောက်ပြည်ထောင် ဘုရင်နှင့်အတူ ထွက်သွားသည်။
“ကျုပ်တို့ ခင်ဗျားနဲ့အတူ လိုက်မယ်” တစ်ယောက်ပြီး တစ်ယောက်က လေထဲသို့ ခုန်တက်ကြသည်။ ရှန့်ထိုများ အားလုံး ကျိရှမ်း ကမ်းပါးသို့ ဦးတည် လိုက်ကြသည်။
သူတို့အားလုံး ဘာဖြစ်နေသည်ကို စိတ်ဝင်စား ကြပေသည်။ ရီဖူရှင်းက အမှန်ပင် ထိုသို့ လုပ်ရဲပါမည်လား။
အကယ်၍ ကျေးရွာ ခေါင်းဆောင်သာ အမှန်တကယ် သတ်ဖြတ်နေသည် ဆိုပါက တော်ဝင်မြေသုံးခုမှ ရှန့်ထိုများလည်း တော်ဝင်ကျဲ နန်းတော်သို့ သွားရောက် သတ်ဖြတ်ကြမည်မှာ သေချာသည်။ ထိုသို့ လုပ်ခြင်းက မိမိသေတွင်းကို မိမိတူးခြင်းသာ ဖြစ်ပေမည်။
ထိုသို့ ဖြစ်လာရန်လည်း ကျောက်ပြည်ထောင် ဘုရင်က လွန်စွာ လိုလားပေသည်။
မှန်နန်းတော် သခင်မလည်း တွေးနေပေသည်။ ရီဖူရှင်းက အဘယ်ကြောင့် ထိုမျှ အတင့်ရဲသည်ကို သူမနားမလည်ပေ။
***
ယွီပြည်နယ် ကောင်းကင် တစ်နေရာကား အလွန်အမင်း နီရဲနေပေသည်။
မရေမတွက်နိုင်သော လူများက ထိုနေရာသို့ လှမ်းကြည့်ကြလျှင် မီးတောက်များ နေရာအနှံ့၌ လောင်ကျွမ်း နေသည်ကို မြင်ကြရပေသည်။
ကောင်းကင်ထက်၌ ရှန့်ထိုများ၏ တိုက်ပွဲတစ်ခု ဖြစ်ပွားနေပေသည်။ တိုက်ပွဲကား ကြောက်မက်ဖွယ် ကောင်းပြီး မြေပြင်မှ လူများ အားလုံးမှာ ရှန့်ထိုများတိုက်ပွဲကို အမှန် မြင်တွေ့ခွင့် ရကြပေသည်။
မီးတောက်ကို ထိန်းချုပ် တိုက်ခိုက်နေသူကား ကျိရှမ်းကမ်းပါးမှ မီးတောက်ရှန့်ထို ဖြစ်ပေသည်။
မီးတောက်ရှန့်ထို၏ ရှေ့တွင် ရပ်နေသူကား ကြီးမား တုတ်ခိုင်ပြီး နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရ၏။ ပြောကြသည်မှာ တော်ဝင်ကျဲနန်းတော်မှ ထောင်ကျန်းကား ခန္ဓာကိုယ် ထုဆစ်ခြင်း နည်းလမ်းဖြင့် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့၏။ ထိုနည်းလမ်းဖြင့် ရှန့်ထိုဖြစ်လာသူများမှာ အလွန်တရာ မာကြောကာ ပျက်စီးခြင်း ကင်းသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ကြပေသည်။
ယခုကား ထိုနတ်ဘုရားအလား အသွင်သဏ္ဌာန်မှာ မီးတောက်များဖြင့် လောင်ကျွမ်း နေသည်။ သို့တိုင်အောင် ထောင်ကျန်းကား မည်သို့မှ ခံစားရဟန် မတူပေ။ သူက မဟာလမ်းစဉ် စွမ်းအားများ စီးဆင်းစေလျက် မားမားမတ်မတ် ရပ်နေသည်။ သူက ခန္ဓာကိုယ် ထုဆစ်ခြင်းဖြင့် ရှန့်ထိုဖြစ်ခဲ့ရာ သူ့ခန္ဓာကိုယ် ကိုယ်တိုင်က မဟာလမ်း စဉ်စွမ်းအား ဖြစ်ပေသည်။
သူတို့ နှစ်ယောက်အပြင် မနီးမဝေး၌ နောက်ထက် အဘိုးအို တစ်ယောက် ရပ်နေသည်။ သူကား ကျေးရွာ ခေါင်းဆောင် ဖြစ်၏။
သူက ရှန့်ထိုများ တိုက်ပွဲ၌ ပါဝင်ခြင်း မရှိသေးပေ။ ထောင်ကျန်းကား ရှန့်ထိုအဆင့်သို့ တက်သည်နှင့် ကျောက်ပြည်ထောင် ဘုရင်အား ယှဉ်တိုက်ခဲ့သည်။ သူ၏တိုက်ခိုက်ရေး စွမ်းရည်မှာ အထူး ကောင်းမွန်ကြောင်း ပြောနေစရာ မလိုပေ။ သည်တိုက်ပွဲက သူ့အတွက် ကောင်းမွန်သော အတွေ့အကြုံများ ရစေပေသည်။ အခြေအနေ မကောင်း ဖြစ်လာမှ ကျေးရွာ ခေါင်းဆောင်က ပါဝင် တိုက်ခိုက်ပေမည်။ ကျေးရွာ ခေါင်းဆောင်၏ အမြန်နှုန်းဖြင့် မီးတောက်ရှန့်ထိုကား လွတ်မြောက်စရာ အကြောင်းမရှိပေ။
“တော်ဝင် ကျဲနန်းတော်က တကယ်ပဲ အားလုံးကို သတ်တော့မလား” မီးတောက်ရှန့်ထိုက အေးစက်စွာ ပြောသည်... “မင်းတို့လူတွေက ရှန့်ထိုကျဲမရှိတာကို အခွင့်ကောင်းယူပြီး အလစ်တိုက်တယ်။ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့က မင်းတို့ကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး”
“ကျုပ်တို့က ခင်ဗျားနဲ့ ကျိရှမ်းကမ်းပါးကို ချမ်းသာပေးရင် ကျောက်ပြည်ထောင် ဘုရင်နဲ့ ရှီဟွာတောင်ရှန့်ထိုတို့က ကျုပ်တို့ကို ဘာမှ မလုပ်ဘူးလို့ ပြောနေတာလား” ကျေးရွာ ခေါင်းဆောင်က အေးစက်စွာ ပြောသည်။
“ထောင်ကျန်း ... ငါတို့ ပူးပေါင်းပြီး သူ့ကို ရှင်းလိုက် ကြရအောင်” ကျေးရွာ ခေါင်းဆောင်က ပြောသည်။ ရှန့်ထိုကျဲ ပြန်ရောက်လာလျှင် သူတို့ မီးတောက်ရှန့်ထိုအား သတ်ဖြတ်ရန် မလွယ်တော့ပေ။ ရှန့်ထိုကျဲ၏ စွမ်းရည်က သူတို့ထက် မြင့်မား နိုင်ပေသည်။
“ကောင်းပြီ...” ထောင်ကျန်းက ခေါင်းညိတ်သည်။ ထို့နောက် သူက မဟာလမ်းစဉ်၏ စွမ်းအားများကို သယ်ဆောင်လျက် မီးတောက် ရှန့်ထိုထံသို့ လှမ်းသွားလိုက်ကာ လက်သီးဖြင့် ထိုးနှက် တိုက်ခိုက်၏။
မီးတောက်ရှန့်ထိုကလည်း လက်ဝှေ့ယမ်းသည်တွင် ဧရာမမီးအမတေ သတ္တဝါဆန်း တစ်ကောင် ပေါ်လာပြီး ထောင်ကျန်း ရိုက်ထုတ်လိုက်သော လက်သီးထံသို့ တိုးဝင်သွားသည်။
ထိုအခိုက်တွင် မီးတောက်ရှန့်ထိုမှာ အန္တရာယ်၏ အငွေ့အသက်များအား ခံစားမိသည်။ မဟာလမ်းစဉ်၏ ဓားစွမ်းအားများက အပေါ်မှ ဆင်းသက် လာသည်တွင် ပတ်ဝန်းကျင်သို့ အထိပင် ထက်ရှသော အငွေ့အသက်များ ရိုက်ခတ် လာခဲ့သည်။
ကျေးရွာ ခေါင်းဆောင်ကလည်း လှုပ်ရှားသည်။
မီးတောက် ရှန့်ထိုကလည်း မျက်နှာများ ပျက်ယွင်းစွာဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်သည်။ ကျေးရွာ ခေါင်းဆောင်ကား သူ့ထက် များစွာ အားကောင်း ပေသည်။ သူက ကျေးရွာ ခေါင်းဆောင်အား မည်သို့မှ မယှဉ်နိုင်ပေ။
မီးတောက်ရှန့်ထို ကိုယ်တိုင်၌ တော်ဝင် ရတနာအား ပိုင်ဆိုင်သော်လည်း သူ၏ရတနာမှာ ထိုမျှ အဆင့်မြင့်မားခြင်း မရှိရာ သူထုတ်လွှတ်နိုင်သော စွမ်းအင်မှာလည်း အကန့်အသတ် ရှိပေသည်။
ထောင်ကျန်းမူကား သူ၏ခန္ဓာကိုယ် ကိုယ်တိုင်က တော်ဝင်ရတနာ တစ်ခု၏ မာကျောမှုမျိုး ရှိပေသည်။
အပေါ်မှ အဆုံးအစမဲ့သော ဓားစွမ်းအင်များ ဆင်းသက် လာသည်ကိုမြင်လျှင် မီးတောက်ရှန့်ထို ကလည်း သူ၏ လောကဓာတ်များအား ဧရာမကြီးမားသော မီးတောက် ပုံရိပ်အသွင် ဖြစ်စေသည်။ ကောင်းကင် တစ်ခွင်ကိုပင် လောင်ကျွမ်း စေနိုင်စွမ်းသော မီးတောက်များက ကျေးရွာ ခေါင်းဆောင်ထံသို့ တိုးဝင် သွားကြသည်။
ဓားက ကျဆင်းလာသောအခါ ပုံရိပ်ထဲ၌ လုံးဝ ပျောက်ကွယ် သွားတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ထောင်ကျန်းက ရှေ့သို့ ခြေလှမ်းကျဲများဖြင့် လှမ်းလာလျှင် လေထုက တုန်ခါသည်။ သူ၏ သွေးကြောမခုနစ်ခုမှာ လုံးဝပွင့်သွားပြီဖြစ်ကာ မီးတောက်ရှန့်ထိုထံသို့ လက်သီးများဖြင့် ထိုးနှက် တိုက်ခိုက်သည်။ ကျေးရွာ ခေါင်းဆောင်၏ တိုက်ခိုက်မှုများအား အပြင်းအထန် ခုခံနေရသော မီးတောက်ရှန့်ထိုမှာ ထောင်ကျန်း၏ တိုက်ခိုက်မှုကို ခံစားမိသည်တွင် မျက်နှာ အကြီးအကျယ် ပျက်သွားသည်။
သူက နောက်ဆုတ်ရန် ရည်ရွယ်သော်လည်း အလင်းတန်းတစ်ခု သူ့ထံသို့ ပျံသန်းလာသည်ကို မြင်၏။ ဓားပန်းချီတစ်ခု သူ့ထံသို့ ဆင်းသက် လာခဲ့သည်။
မီးတောက်ရှန့်ထို၏ ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေဟန် ရသည်။ သူ့အား ဗဟိုထား၍ ကြောက်မက်ဖွယ် မီးတောက်များ အဆက်မပြတ် ဖြစ်ပေါ်လာနေ၏။ ဓားစွမ်းအင်က သူ့ထံသို့ ရောက်လာသည့် အခိုက်တွင် တဖြည်းဖြည်း လောင်ကျွမ်း ယိုယွင်းရသည်။
သို့သော်လည်း ထောင်ကျန်းကား ထိုမီးတောက်များအား ခံစားမိဟန်ပင် မတူပေ။ သူက မီးတောက် အရံအတားကို ကျော်ဖြတ်ကာ မီးတောက်ရှန့်ထိုထံသို့ တိုက်ရိုက် တိုးဝင် လာခဲ့သည်။
ဘုန်း ... ကျယ်လောင်သော အသံတစ်သံအား ကြားရသည်။ ထောင်ကျန်းက သူ၏လက်မှာ မီးအမတေများဖြင့် လောင်ကျွမ်း ခံရသည့်အလား ပူပြင်းသော ဒဏ်အား ခံစားရည်။ သို့သော်လည်း သူ၏ပြင်းထန်သော တိုက်ခိုက်မှုများကလည်း မီးတောက်ရှန့်ထိုအား အဝေးသို့ လွင့်စဉ်စေသည်။
မီးတောက်ရှန့်ထိုက ထိုတွန်းကန်အားကိုပင် ထပ်အားပြုကာ နောက်လှည့်လျက် ထွက်ပြေးရန် ကြံသည်။ သူကား ဆက်လက် တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။
သို့သော်လည်း ဓားပန်းချီက ဆက်လက် ဖိအားပေးလာသည်။ အန္တရာယ်၏ အငွေ့အသက်မှာ ပိုမို ပြင်းထန်လာခဲ့ပြီး ထိုအခိုက်တွင် အလင်းတန်းတစ်ခုက လျှပ်စီးတန်းအလား ဖြတ်သန်း သွားသည်။ လေဟာနယ်က ထက်ခြမ်းကွဲသွားကာ မီးတောက် ရှန့်ထိုမှာလည်း ထိုနေရာ၌ပင် ရပ်တန့်သွားသည်။ သူ၏မျက်လုံး၌ အဆုံးမဲ့သော အကြောက်တရားများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်တွင် ကျေးရွာ ခေါင်းဆောင်နှင့် မီးတောက်ရှန့်ထိုတို့ နှစ်ဦးသား အချင်းချင်း ကျောချင်းဆိုင် အနေအထားသို့ ရောက်လာခဲ့ပြီး ဘေးမှ ဖြတ်ကျော် သွားသည့်ပုံဟန် ဖြစ်နေသည်။
ထိုအခိုက်တွင် မီးတောက်ရှန့်ထို၏ မျက်နှာ၌ အကြောက်တရားများ၊ နောင်တ တရားများသာ ရှိနေတော့၏ သူ့ခန္ဓာကိုယ်မှာလည်း ချက်ချင်း နှစ်ခြမ်း ကွဲသွားတော့သည်။
ကျေးရွာ ခေါင်းဆောင်လည်း သူ၏နေရာမှ ထပ်မံ၍ ပျောက်ကွယ် သွားပြန်သည်။ အလင်းတန်းများ လေထဲ၌ ကွဲထွက်လာခဲ့ကာ သူရှိနေရာ လေဟာနယ်၌ မီးတောက်ရှန့်ထို၏ ခန္ဓာကိုယ်မှာ လုံးဝ ကွယ်ပျောက် သွားရတော့သည်။ ရှန့်ထိုတစ်ပါးကား သေဆုံးရန် ခက်ခဲလွန်းပေသည်။ ထို့ကြောင့် သူက မီးတောက်ရှန့်ထိုအား သေသေချာချာ အဆုံးသတ်ပေးရန် လိုပေသည်။
ကျိရှမ်းကမ်းပါး၏ ရှန့်ထိုတစ်ပါးကား သေဆုံးခဲ့ပြီ ဖြစ်သည်။
“ကျုပ် ရှန့်ထိုကျဲ... တော်ဝင်ကျဲ နန်းတော်က တစ်ယောက်ချင်းစီတိုင်းကို သတ်မယ်...” ရှီဟွာတောင်နှင့် ကျိရှမ်းကမ်းပါးသို့ သွားရာလမ်း တစ်နေရာမှ ထွက်ပေါ်လာသော ကြုံးဝါးသံမှာ တော်ဝင်မြေများ အားလုံးကို တုန်လှုပ် စေတော့သည်။
***