နတ်မင်းလေးပါး ကောင်းကင်လက်နက်
Vol. 86 Ch. 1111
နတ်ကောင်းကင်ခန်းမ ရှိနေရမည့်နေရာတွင် ဧရာမလက်နက်ကြီးတစ်လက်သည် ထောင်မတ်လျက် ရပ်တည်နေ၏။ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေသော ဧရာမဘီးကြီးရှစ်ဘီးက ၎င်းကို ဖွဲ့တည်ထားသည်။ ထိုဘီးကြီးများက အထူးအဆန်းမထင်ရသော်လည်း လျှို့ဝှက်ဆန်းကြယ်သော စက်ယန္တရားတစ်မျိုးသည် ဘီးများကို လည်ပတ်စေခြင်းဖြင့် သွန်းလုပ်နေသော လက်နက်များအပေါ်သို့ ဖန်ဆင်းခြင်းသင်္ကေတများအား အဆက်မပြတ် ခတ်နှိပ်နိုင်စေသည်။
ဘီးကြီးရှစ်ဘီးအပေါ်တွင် အင်မတန် ရှုပ်ထွေးသော ဖန်ဆင်းခြင်းသင်္ကေများ နစ်မြုပ်နေသည်။ ဘီးများ လည်ပတ်သည့်အခါ သင်္ကေတများသည် တောက်ပလာပြီး ဖန်ဆင်းခြင်းစွမ်းအားက ဘီးရှစ်ဘီးထံမှ ထွက်ပေါ်လာ၏။
ကျောက်စိမ်းမြို့တော်၏ တည်ဆောက်ပုံမှာမူ မြို့ထဲတွင် နတ်မီးဖိုထောင်ပေါင်းများစွာ ရှိနေသည့်အလား ထင်ရသည်။ ထိုမီးဖိုများတွင် နတ်သတ္တုဖြင့် သွန်းလုပ်ထားသော သတ္ထုပိုက်များ ရှိကြပြီး နေရာရွှေ့ပြောင်းသင်္ကေတများဖြင့်လည်း ခတ်နှိပ်ထား၏။ ထို့ကြောင့် ပိုက်များမှတစ်ဆင့် မီးဖိုတို့အတွင်းရှိ စွမ်းအင်ကို ဘီးရှစ်ဘီးဆီ ပို့ဆောင်ပေးနိုင်သည်။
ထိုဧရာမဘီးကြီးများ လှည့်ပတ်ရန် ကျောက်စိမ်းမြို့တော်၏ မီးဖိုအားလုံး မီးတောက်လောင်နေရမည် ဖြစ်ရာ အတော်လေး ခက်ခဲပင်ပန်းလှသည်။
‘ဒါက ကောင်းကင်နတ်အရှင်လင် ဖန်တီးထားတဲ့ နတ်လက်နက်ပဲ.... ကျွယ်ဝူချိန်နဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးပေးခဲ့တဲ့ ရတနာလည်း ဟုတ်တယ်”
ချင်မူက ဖန်ဆင်းကောင်းကင်လက်နက်ကို ကြည့်ကာ တွေးနေ၏။ ‘ကောင်းကင်နတ်အရှင်ယွင် သေသွားတဲ့နောက်မှာ ဒီရတနာက ကောင်းကင်နတ်ဘုံဆီ ပို့ဆောင်ခံခဲ့ရတာပဲ’
ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏ အခမ်းနားဆုံးအမွေအနှစ်ကား ထိုဖန်ဆင်းကောင်းကင်လက်နက်ပင်။
ထိုအခိုက်အတန့်တွင် ကျောက်စိမ်းမြို့တော်၏ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်အထဲရှိ ဧရာမနတ်မီးဖိုများ ရုတ်တရက် တဟုန်းဟုန်း ထတောက်လာကြသည်။ ဖန်ဆင်းကောင်းကင်လက်နက်ကား အသံသွင်းခံနေရလေပြီ။
ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်လာမိသည်။ သူက လှမ်းကြည့်နေရင်း အံ့အားသင့်နေသည်။ ‘ကောင်းကင်နတ်ဘုံက ဖန်ဆင်းကောင်းကင်လက်နက်ကို အသက်သွင်းလိုက်ပြီ... ဘာလုပ်ဖို့ ကြံစည်နေတာ ဖြစ်မလဲ'
ဖန်ဆင်းကောင်းကင်လက်နက်၏ ဘီးရှစ်ဘီးအပေါ်က သင်္ကေတများ ထွန်းလင်းလာကြသည်။ ၎င်းတို့ ထုတ်လွှတ်နေသည့် အလင်းရောင်မှာလည်း ပိုပို၍ တောက်ပလာ၏။
ချင်မူက ယန်အာနှင့် နဂါးချီလင်ကို အနားကပ်သွားရန် အမိန့်ပေးလိုက်သည်။ သူ အဝေးတစ်နေရာမှ ကြည့်လိုက်ရာ တောင်တစ်လုံးတမျှ ကြီးမားသော အသားအတစ်ပုံကြီးတစ်ပုံ တင်ထားသော ဧရာမလှည်းကြီးတစ်လှည်းကို ဆွဲယူလာသည့် ကောင်းကင်နတ်ဘုံမှ ဘီလူးကြီးများအား တွေ့လိုက်ရသည်။
“ဂိုဏ်းသခင်၊ အဲ့ဒါ ကြာသပတေးဂြိုဟ်က မဟာမြို့စားမင်းပဲ” နဂါးချီလင်က အလန့်တကြား လှမ်းပြောသည်။
ချင်မူ ခေါင်းညိတ်လိုက်၏။ ကြာသပတေးဂြိုဟ်၏ မဟာမြို့စားမင်းသည် ဖန်ဆင်းကောင်းကင်လက်နက်၏ အနီးတစ်ဝိုက်သို့ ပို့ဆောင်ခံလိုက်ရ၏။ တာအိုရသေ့များစွာသည် လှည်းပေါ်မှ ဆင်းလာပြီး သူ့ကို သယ်ဆောင်ကာ ဖန်ဆင်းကောင်းကင်လက်နက်၏ အလယ်ဗဟိုတွင် နေရာချလိုက်သည်။
မဟာမြို့စားမင်းမှာ စိတ်ထွေပြားနေပုံရပြီး မည်သည်ကိုမှ သတိထားမိပုံမပေါ်ချေ။
ထိုအခိုက်အတန့်တွင် ဘီးရှစ်ဘီးသည် ဖြည်းဖြည်းချင်း လှည့်ပတ်လာ၏။ ထိုဘီးတို့အပေါ်ရှိ အလင်းရောင်တို့မှာ ပိုပို၍ အားကောင်းတောက်ပလာရာ သင်္ကေတတစ်ခုစီတိုင်း၏ နှိုင်းယှဉ်မရလောက်အောင် တောက်ပနေသော အလင်းရောင်များက သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျသွားတော့သည်။
.....
ဝှီး... ဝှီး... ဝှီး
ဖန်ဆင်းကောင်းကင်လက်နက်သည် ပိုမိုလျင်မြန်စွာ လည်ပတ်လာသည်နှင့်အမျှ သင်္ကေတများ၏ အလင်းတန်းများမှာလည်း အလားတူပင်။ ဖန်ဆင်းခြင်းသင်္ကေတများက ကြာသပတေးဂြိုဟ်၏ မဟာမြို့စားမင်းခန္ဓာကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ခတ်နှိပ်ခံနေရသည်။ သူကား တဖြည်းဖြည်း အသွင်ပြောင်းလာပြီး သူ၏ဦးခေါင်း၊ ခြေလက်များနှင့် ရင်ဘတ်တို့ ပြန်ထွက်လာသည်။
တောက်ပနေသော သင်္ကေတမများအနက် သင်္ကေတအချို့မှာ ဖန်ဆင်းခြင်းသင်္ကေတများ မဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတများ ဖြစ်နေသည်ကို ချင်မူ တွေ့လိုက်ရ၏။ ၎င်းတို့က နီရဲတောက်နေချေသည်။
နတ်အရာရှိက ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ အရှင်မင်းကြီးက ကျွန်တော်တို့ကို စောင့်နေပါတယ်”
ချင်မူမှာ ဖန်ဆင်းနေသော မြင်ကွင်းကို အသေအချာကြည့်ရင်း ပြန်ဖြေလိုက်သည်။ “ခဏလောက် စောင့်ပါဦး.... အဲ့ဒါက.... တောင်နတ်မင်းကျုချွဲရဲ့ မဟာတာအိုသင်္ကေတတွေပဲ...”
ချင်မူ ကြောင်အနေသည်။ ကြာသပတေးဂြိုဟ်၏ မဟာမြို့စားမင်းကား ဖန်ဆင်းခြင်းသင်္ကေတများဖြင့် အသွင်ပြောင်းခံနေရလေသည်။ သူ၏ပုံစံမှာ တောင်နတ်မင်းကျုချွဲနှင့် ဆင်တူသော အသွင်သဏ္ဍာန်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲခံနေရ၏။
အချိန်ကြာလေ ပိုပို၍ တူလာသည်။ ထိုမျှသာမက တောင်နတ်မင်းကျုချွဲ၏ ရှေးဟောင်းနတ်ဘုရား မဟာတာအိုသည် ဤဖန်ဆင်းထားသော ခန္ဓာကိုယ်ထက်တွင် ဖိနှိပ်ခံနေရသဖြင့် မကြာမီ ဖြစ်တည်လာတော့မည့် တောင်နတ်မင်းကျုချွဲအား ပို၍သန်မာအားကောင်းစေလိမ့်မည်။
မီးငှက်အထွတ်အမြတ်မီးလျှံသည် ထိုခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးနောက် အသစ်စက်စက် ဖန်ဆင်းထားသည့် တောင်နတ်မင်းကျုချွဲအား အလျှံတညီးညီး လှည့်ပတ်ရင်း ဖန်ဆင်းကောင်းကင်လက်နက်ကို နီရဲတောက်သွားစေသည်။
ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးကား တောင်နတ်မင်းကျုချွဲကို ပြန်လည်ဖန်ဆင်းရန် ကြံစည်နေချေပြီ။
သို့သော် သူတို့သည် တောင်နတ်မင်းအစစ်အား ဖန်ဆင်းနေခြင်းမဟုတ်ဘဲ တောင်နတ်မင်းကောင်းကင်လက်နက်ကို ဖန်ဆင်းနေခြင်းဖြစ်ကြ၏။
ကောင်းကင်နတ်ဘုံကား တောင်နတ်မင်းကို အဘယ်ကြောင့် ပြန်လည်ဖန်ဆင်းနေရသနည်း။
“အမေ...” ယန်အာက တိုးညှင်းစွာ ရေရွတ်လိုက်၏။
နဂါးချီလင်က သူမဘေးမှ ငြင်သာစွာ နှစ်သိမ့်ပေးနေသည်။
ချင်မူလည်း စိတ်ကို ထိန်းလိုက်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။ “မမကြီးယန်အာ၊ လုံပိ... ကျောက်စိမ်းမြို့တော်ကို သွားကြစို့”
ရတနာရထားလှည်းသည် ရှေ့ဆက်သွားနေသော်လည်း အင်မတန် နှေးကွေးလေးလံစွာ သွားနေ၏။ ယန်အာမှာ ဖန်ဆင်းခံနေရသည့် တောင်နတ်မင်းအား မကြာမကြာ လှည့်ကြည့်နေသည်။ ၎င်းက အစစ်မဟုတ်မှန်း သူမ သိသော်လည်း အကြည့်မလွှဲနိုင်ချေ။
“နတ်အရာရှိ၊ ဘာလို့ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က တောင်နတ်မင်းကို ပြန်လည်ဖန်ဆင်းနေတာလဲ” ချင်မူက မေးလိုက်၏။
နတ်အရာရှိက ပြန်ဖြေသည်။ “ကျွန်တော့်လို နိမ့်ကျတဲ့ အရာရှိတစ်ယောက်က ဘယ်လိုလုပ် သိပါ့မလဲဗျာ.... ဒါပေမဲ့ ကောင်းကင်နတ်အရှင်တွေက လက်နက်တွေ ဖန်ဆင်းနေပြီး တောင်နတ်မင်းတင် မဟုတ်ဘူးဆိုတဲ့ ကောလဟာလတော့ ရှိတယ်.... အရှေ့နတ်မင်း၊ အနောက်နတ်မင်းနဲ့ မြောက်နတ်မင်းတို့ကိုပါ ပုံတူကူးပြီး မဟာလေဟာနယ်ကို တိုက်ခိုက်ဖို့ သုံးမယ်လို့ ကြားမိပါတယ်”
ချင်မူက သူ့ကို တစ်ချက်ကြည့်ကာ ရယ်လိုက်သည်။ “ခင်ဗျားက အတော်သိသားပဲ”
နတ်ဘုရားအရာရှိမှာ တောင်းပန်တိုလျှိုးစွာ ရယ်လေသည်။ ”အရင်တုန်းက ကောင်းကင်နတ်အရှင်တွေ မဟာလေဟာနယ်ကို တိုက်ခိုက်ခဲ့တုန်းက စစ်သားတွေ၊ တပ်မှူးတွေ အများကြီးဆုံးရှုံးခဲ့ရတာတောင် မဟာလေဟာနယ်ဆီ သွားတဲ့လမ်းကို ရှာမတွေ့ခဲ့ကြဘူး.... အဲဒါနဲ့ အရှင်မင်းကြီးက အမျက်တော် ထွက်ပြီး အဲဒီနေရာကို မရရအောင် သိမ်းပိုက်ရမယ်လို့ ကောင်းကင်နတ်အရှင်ဆယ်ပါးဆိ အမိန့်ပေးခဲ့ပါတယ်.... အဲဒါကြောင့် ကောင်းကင်နတ်အရှင်ဆယ်ပါးက မဟာလေဟာနယ်ရဲ့ အန္တရာယ်တွေကို ဖိနှိပ်နိုင်အောင် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကို နတ်မင်းလေးပါးကောင်းကင်လက်နက်တွေ ဖန်ဆင်းခိုင်းခဲ့တာပါ... ဒီကိစ္စက ကောင်းကင်နတ်ဘုံမှာ လျှို့ဝှက်ချက် မဟုတ်ပါဘူး”
ချင်မူမှာ အားရပါးရ ရယ်လိုက်ရင်း ကောင်းကင်ငွေကြေးအိတ်တစ်အိတ် ပစ်ပေးလိုက်သည်။
နတ်အရာရှိသည် ငွေအိတ်ကို အင်္ကျီလက်အိုးထဲ ထည့်ပြီးနောက် ပို၍ အနေအေးဆေးသွား၏။ “တလောတုန်းက သူတို့တွေ မဟာလေဟာနယ်ဆီ သွားတဲ့ လမ်းကို ရှာတွေ့ခဲ့ကြတယ်.... ဒါပေမဲ့ မဟာလေဟာနယ်ထဲ ဝင်ရောက်ဖို့ ဘေးကင်းတဲ့ နည်းလမ်းကိုတော့ ကောင်းကင်နတ်အရှင်ဆယ်ပါးလုံး ရှာမတွေ့သေးဘူး... ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ထဲက စစ်သည်တော်တိုင်းကို နေဝသည နာသညာယတနစျာန် တတ်မြောက်အောင် ကျင့်ခိုင်းဖို့က ခက်တယ်မဟုတ်လား... ပြီးတော့ လူတိုင်းလည်း မတတ်နိုင်ဘူး... တပ်ကူတွေ လွှတ်လိုက်တိုင်း တစ်၀က်ကျော်က မဟာလေဟာနယ်ဆီ မရောက်ခင်မှာတင် သေရင်သေ၊ မသေရင် ဒဏ်ရာရကုန်ကြတာပဲ.... ရောက်သွားတဲ့သူတွေက ပြိုကွဲသွားတဲ့ စစ်တပ်ရဲ့ အကြွင်းအကျန်တွေ.... ဒါကြောင့် လူတစ်ယောက်က အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ကို တွေးမိသွားတယ်”
ချင်မူ စိတ်ဝင်စားသွားကာ မေးလိုက်သည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်တဲ့လား”
“အဆုံးမဲ့တိမ်တိုက်ဧကရာဇ်က သူပုန်တစ်ယောက်ပါ”
နတ်အရာရှိက ပြော၏။ “ဒါပေမဲ့ သူက မဟာလေဟာနယ်ဆီ သွားခဲ့ဖူးတာမလို့ အဲ့ဒီနေရာထဲက ဆန်းကြယ်အရာတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို သိထားတယ်... ကံမကောင်းစွာနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးက သူ့အကြောင်း မေးဖို့ အစိမ်းနတ်မင်းကို ဆင့်ခေါ်ခဲ့တဲ့အချိန်မှာ အစိမ်းနတ်မင်း ကောင်းကင်နတ်ဧကရာဇ်အမိန့်နဲ့ အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ကို ကောင်းကင်နတ်မြစ်မှာ ရေနှစ်သတ်ခဲ့ပြီတဲ့လေ.... အဲဒီတော့ ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း လူလွှတ်ပြီး အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ရဲ့ တပည့်တွေကို ရှာဖွေခဲ့တယ်.... နောက်ပိုင်း ဘာဆက်ဖြစ်လဲ ကျွန်တော် မသိတော့ဘူး”
ချင်မူသည် မဟာလေဟာနယ်တွင် သူ့အစ်ကိုကြီး၏ ကောင်းကင်နတ်သိုင်းအား တွေ့ကြုံခဲ့ရသည်ကို အမှတ်ရသွား၏။ သူတို့အား မဟာလေဟာနယ်၏ နယ်မြေသို့ လမ်းပြပေးခဲ့သည်မှာလည်း ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်းပင်။
သိသိသာသာပင် ဝေစွေ့ဖုန်းတွင် မဟာလေဟာနယ်၏ ထူးဆန်းမှုများကို ဖိနှိပ်နိုင်သည့် သူမတူသော ကိုယ်ပိုင်နည်းလမ်း ရှိနေသည်။
“အဲ့ဒီတော့ သူ့မှာ တပည့်တွေ ရှိခဲ့လား” ချင်မူက စပ်စုလိုက်၏။
“သိသာနေတာပဲလေ”
နတ်အရာရှိက ပြုံးသည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်က အဆုံးမဲ့နန်းတော်ကို အုပ်ချုပ်ရတဲ့ မဟာဧကရာဇ်ပဲဟာ...သူက ပထမထောက်တိုင်၊ ဒုတိယထောက်တိုင်၊ တတိယထောက်တိုင်နဲ့ စတုတ္ထထောက်တိုင်လို စကြဝဠာတွေကို စောင့်ရှောက်ခဲ့ရတာ... အဲဒီက ရှေးဟောင်းနတ်ဘုရားအားလုံးက ရက်စက်ကြမ်းကြုတ်တဲ့သူတွေချည်းပဲ... မျိုးနွယ်စုအသီးသီး တည်ထောင်ထားသလို၊ အဆင့်မြင့်သိုင်းပညာရှင်တွေလည်း ပူးပေါင်းနေကြတာ... သူက ကောင်းကင်နတ်ဘုံအတွက် အဲဒီနေရာတွေကို ထိန်းသိမ်းစောင့်ကြပ်ပေးခဲ့တယ်.. သူ့မှာ တပည့်တွေ မရှိရင် အဲဒီရှေးဟောင်းနတ်ဘုရားတွေကို ပြန်တိုက်ခိုက်ဖို့ မခက်လေဘူးလား”
ချင်မူလည်း ကောင်းကင်ငွေကြေးနောက်တစ်အိတ် ထုတ်ကာ ပစ်ပေးလိုက်သည်။ “အဆုံးမဲ့တိမ်တိုက်နန်းတော်ရဲ့ မြေပုံကို ခင်ဗျား ရနိုင်လား”
နတ်အရာရှိက ငွေအိတ်ကို တိတ်ဆိတ်စွာ လက်ခံလိုက်သည်။ သူ့လှုပ်ရှားမှုက ထော့ကျိုးထက် မနှေးပေ။ “ကျွန်တော်တို့ နတ်ကောင်းကင်ခန်းမဆီ ရောက်ရင် ကောင်းကင်နတ်အရှင်အတွက် အဆုံးမဲ့တိမ်တိုက်နန်းတော်ရဲ့ မြေပုံတစ်ခု တောင်းပေးပါ့မယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “အဆုံးမဲ့တိမ်တိုက်နန်းတော်ဆီ ဘယ်လိုသွားရလဲ... ဒီတိုင်း သိချင်လို့ပါ”
နတ်အရာရှိသည် ကပျာကယာ ပြောလေ၏။ “ကောင်းကင်နတ်အရှင် တောင်းဆိုမှတော့ ကျွန်တော်က ပြောပြရမှာပေ့ါ”
ရတနာရထားလှည်းသည် ကျောက်စိမ်းမြို့တော်အတွင်း မောင်းဝင်၍ နတ်ကောင်းကင်ခန်းမဆီ ရောက်လာ၏။ ချင်မူနှင့် ကုန်းစွန်းယန် ရထားလှည်းအပေါ်မှ ဆင်းနေကြစဉ် နတ်အရာရှိက ခန်းမထဲ အလျင်အမြန် ဝင်ကာ ရောက်ရှိကြောင်း သတင်းပို့သည်။ ကုန်းစွန်းယန်မှာ စိုးရိမ်နေသေးလေသည်။ ချင်မူက ပြုံးလျက် နှစ်သိမ့်ပေးနေသည်။ “ကျွန်တော် ရှိပါတယ်... ဘာမှမပူနဲ့”
သူ၏အသိစိတ်အလျဉ်က ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားထဲသို့ ၀င်ရောက်ကာ သူမ၏ ကောင်းကင်ရတနာထဲတွင် ပုန်းခိုလိုက်သည်။ ထိုအခါမှသာ သူမ မည်မျှစွမ်းအားကြီးမှန်း သူ သဘောပေါက်သွား၏။ သူမ၏ချီစွမ်းအင်င်သည် ကမ္ဘာဦးဘုံ၏ မဟာပင်လယ်အလား ကျယ်ပြန့်ပြီး အဆုံးမရှိပေ။
သို့သော် ကုန်းစွန်းယန်၏ ခွန်အားသည် ကောင်းကင်ရတနာသော်လည်းကောင်း ကောင်းကင်နန်းဆောင်များမှသော်လည်းကောင်း ဆင်းသက်လာခြင်းမဟုတ်ပေ။ သူမ၏သွေးဆက်မှ အခြေခံခြင်းဖြစ်၏။
“လျှောက်တင်ပါတယ်... ကုန်းစွန်းယန်က အရှင်မင်းကြီးဆီ ခစားဖို့ နန်းတော်အတွင်း ရောက်ရှိလာပါပြီ”
ကုန်းစွန်းယန်က စိတ်ကို တည်ငြိမ်စေလိုက်ရင်း ခန်းမအတွင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလေသည်။