← Chapters

မဟာကမ္ဘာမြေသခင်မ

Vol. 86 Ch. 1112

မဟာကမ္ဘာမြေသခင်မ

Vol. 86 Ch. 1112

နတ်ကောင်းကင်ခန်းမထဲတွင် ကောင်းကင်နတ်ဧကရာဇ်သည် သူ၏ရတနာပလ္လင်တော်ထက်တွင် ထိုင်နေတော်မူ၏။ ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း ရှိပြီး တစ်ယောက်ချင်းစီက တည်ကြည်လေးနက်သော ဟန်ပန်အမူအရာများဖြင့် ခပ်မတ်မတ် ‌ထိုင်နေကြသည်။ ပလ္လင်အောက်တွင် အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိများလည်း အတူတကွ စုဝေးနေကြပြီး အမျိုးမျိုးသော နတ်ဘုရားအလင်းရောင်တို့က လေထုထဲတွင် ကွန့်မြူးနေကြလေသည်။

အောက်တွင် ကုန်းစွန်းယန်က ဒူး‌ထောက်အရိုအသေပြုလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်က သူမကို အနည်းငယ် ချီးကျူးအားပေးစကား မိန့်တော်မူပြီးနောက် ထရပ်စေသည်။

နန်းတွင်းအရာရှိတစ်ဦးသည် အစီရင်ခံစာတစ်ခု တင်သွင်း၍ ကုန်းစွန်းယန်ကို သူမ၏ ကြင်နာသနားတတ်သောစိတ်၊ ကောင်းကျိုးပြုမှုများနှင့် စွမ်းဆောင်ရည်အပြင် ဖြောင့်မတ်တည်ကြည်စွာ အုပ်ချုပ်နိုင်မှုကြောင့် ကောင်းကင်ဘုံတို့မှ ထောက်ခံမှုများ ရရှိခဲ့သည့်အပေါ် ချီးကျူးစကားဆို၏။ ကောင်းကင်နတ်ဧကရာဇ်ကလည်း ထပ်မံချီးကျူးတော်မူကာ သူတို့အား ထိုင်စေသည်။

ကုန်းစွန်းယန် ထိုင်ပြီးနောက် နန်းတွင်းအရာရှိနောက်တစ်ဦးက အစီရင်ခံစာနောက်တစ်ခုကို တင်သွင်းကာ ကုန်းစွန်းယန်၏ မြင့်မားသော အကျင့်သိက္ခာ၊ သီလသမာဓိတို့ကို ချီးကျူးပြီးနောက် သူမသည် တစ်လောကလုံးကို အုပ်ချုပ်နိုင်သည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပြောသည်။ “အမိကမ္ဘာမြေဟာ အကျင့်ပျက်ခြစားပြီး ကြွေလွင့်ခဲ့ပါပြီ.. အဲဒါကြောာင့် ကမ္ဘာဦးဘုံမှာ အုပ်ချုပ်သူမရှိဘဲ ဖရိုဖရဲတွေ ဖြစ်နေပါတယ်.... ကောင်းကင်နတ်အရှင်ရှောင်တစ်ယောက်တည်း ကမ္ဘာဦးဘုံကို စောင့်ရှောက်ဖို့ မဖြစ်နိုင်ပါဘူး... ဒါကြောင့် ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ၀န်ထုပ်၀န်ပိုးကို ဝေမျှဖို့အတွက် ကုန်းစွန်းယန်ကို မဟာကမ္ဘာမြေသခင်မ အဖြစ် ခန့်အပ်ပြီး ကမ္ဘာဦးဘုံမှာ‌ နေရာချထားပေးဖို့ ကျွန်တော်မျိုး ထောက်ခံချင်ပါတယ်”

ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ဆယ်ပါးကို ကြည့်၍ ရယ်တော်မူသည်။ “ကိုယ်တော့်ရဲ့ ချစ်လှစွာသော ဝန်ကြီးတွေကရော ဘယ်လိုထင်သလဲ”

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အချင်းချင်း နားလည်ပြီးဖြစ်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်သဘောတူလိုက်ကြသည်။ ကောင်းကင်နတ်အရှင်ရှောင်က ရယ်၏။ “အရှင်မင်းကြီးပဲ ဆုံးဖြတ်ပေးတော်မူပါ”

ဤသို့ဖြင့် ကောင်းကင်ဧကရာဇ်က အမိန့်တော်ထုတ်၍ ကုန်းစွန်းယန်အား မဟာကမ္ဘာမြေသခင်မအဖြစ် ခန့်အပ်ကာ ‌ကောင်းကင်နန်းဆောင် တည်ဆောက်ခွင့်၊ စစ်အင်အားတစ်သန်းအထိ အုပ်ချုပ်ခွင့်ကို ချီးမြှောက်တော်မူလိုက်သည်။

ကုန်းစွန်းယန်က ဦးညွှတ်အရိုအသေပေးကာ ကျေးဇူးတင်ကြောင်း ပြလိုက်၏။

နတ်ဘုရားများက ပြိုင်တူဟစ်ကြွေးလိုက်သောကြောင့် ခန်းမတစ်ခုလုံးတွင် နတ်ဘုရားအလင်းရောင်တို့ လွှမ်းခြုံတောက်ပသွားလေသည်။ လှုပ်ခတ်လာသော သာယာနာပျော်ဖွယ် တာအိုလှိုင်းများက ကြားရသူတိုင်း၏ နားကို အေးချမ်းစေ၏။

ကောင်းကင်နတ်အရှင်ဆယ်ပါးကလည်း ကုန်းစွန်းယန်၏ ခေါင်းနောက်တွင် ရောင်ခြည်တော်စက်ဝန်းဆယ်ဝန်း ရှိစေခြင်းဖြင့် ကောင်းချီးပေးသည်။ ဤသည်ကို မြင်သောအခါ ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားတွင် ပုန်းနေသည့် ကောင်းကင်နတ်အရှင်မူ၏ အသိစိတ်အလျဉ်မှာ အခက်ကြုံလာရတော့သည်။ ‘အခု ကုန်စွန်းယန်ကို မျက်လုံးဆယ်စုံက စိုက်ကြည့်နေကြပြီ... သူ သူတို့ဆီကနေ ဘာကိုမှ ဖုန်းကွယ်ထားနိုင်မှာ မဟုတ်ဘူး”

ထိုအခိုက်အတန့်တွင် ကုန်းစွန်းယန်‌ခေါင်းနောက်ရှိ ‌ရောင်ခြည်တော်တစ်ခုက စိတ်ဝိညာဉ်အမျှင်တစ်မျှင် တိတ်တဆိတ် ထုတ်လွှတ်လိုက်ပြီး သူမ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ၀င်ရောက်လာသည်။ ချင်မူက အေးစက်စက် ရယ်လိုက်ရင်း ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားတွင် ပုန်းခိုနေသော သူ၏ အသိစိတ်အလျဥ်အား ထုတ်ဖော်ပြလိုက်သည်။

ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားထဲ ၀င်‌ရောက်လာသည့် ထိုအသိစိတ်အလျဉ်မှာ အထဲ၌ တစ်စုံတစ်ယောက် ပုန်းခိုနေလိမ့်မည်ဟု ထင်မှတ်ထားပုံမပေါ်ချေ။ အသိစိတ်အလျဉ်က ချက်ချင်း မဟာခြုံလွှမ်း အသိစိတ်အလျဉ်‌ကောင်းကင်ဘုံ ဖြစ်လာသည်။ ချင်မူ့အသိစိတ်အလျဉ်သည်လည်း မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံဖြစ်လာသဖြင့် ထိုသူမှာ အံ့အားသင့်သွား၏။ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံနှစ်ခုက အချင်းချင်း ၀င်တိုက်သွားပြီး အသိစိတ်အလျဉ်နှစ်ခုမှာ အချင်းချင်း သရုပ်မှန်ကို သိရှိသွားကြသည်။

“မဟာဧကရာဇ်”

“ကောင်းကင်နတ်အရှင်မူ”

‌ကောင်းကင်နတ်ဧကရာဇ်သည် ငွေကြေးများအပြင် နန်းတွင်းသူများနှင့် ရတနာမျိုးစုံကိုလည်း ကုန်းစွန်းယန်ဆီ ပေးသနားတော်မူသည်။ “မဟာကမ္ဘာမြေသခင်မ၊ ဒီနေရာနဲ့ယှဉ်ရင် အောက်ဘုံလူ့ပြည်ဟာ အုံကြွဆူပူတဲ့အခြေအနေကို ဖြတ်သန်းနေရတယ်.... အဲ့ဒါတွေကို နှိမ်နင်းပြီး လူသားတွေ ဘေးကင်းစေဖို့ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ကုန်းစွန်းယန်က ခေါင်းညိတ်လိုက်၏။ သူမမျက်ခုံးနှစ်ဖက်ကြားတွင် တိုက်ပွဲ ပြင်းထန်နေသည်ကို သူမ မသိပါချေ။

ကောင်းကင်နတ်ဧကရာဇ်က ညီလာခံရပ်တန့်လိုက်သဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ကုန်းစွန်းယန်အား ဂုဏ်ပြု၍ အားပေးစကားအချို့ ပြောရန် လျှောက်လာကြ၏။ ကျန်၀န်ကြီးများလည်း တစ်ယောက်ပြီးတစ်ယောက် လျှောက်လာကာ သူမအား အားပေးချီးကျူးကြသည်။ ကုန်းစွန်းယန်က လင်ယွိရှို့ သင်‌ပေးထားသည့်အတိုင်း နတ်ဘုံ၏ ဓလေ့ထုံးတမ်းများအတိုင်း ပြုမူဆက်ဆံသည်။ သူမအသွင်မှာ ဂုဏ်သိက္ခာအပြင် ကျက်သရေနှင့် ဣန္ဒြေပြည့်စုံနေရာ ၀န်ကြီးများ၏ ချီးကျူးစကားတို့က အအအတောမသတ်နိုင်တော့ချေ။

ချင်မူမှာ ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားသို့ အသိစိတ်အလျဉ်များ ပိုမိုပို့လွှတ်၍ ရန်သူ၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံအား ဖျက်စီးနိုင်လုဆဲဆဲ ဖြစ်နေသော်လည်း မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က ပိုမိုကျွမ်းကျင်သောကြောင့် အဆုံးမရှိသည့် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများဖြင့် တန်ပြန်တိုက်ခိုက်၏။ ချင်မူ သူ့ကို နှာတစ်ဖျားစာ ကျော်လွန်နိုင်လျှင်တောင်မှ သူ လုပ်နိုင်သည့်အရာ မရှိချေ

သူတို့နှစ်ဦး၏ အသိစိတ်အလျဉ်က ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားတွင် ဆက်လက်တိုက်ခိုက်နေကြသည်။ ကုန်းစွန်းယန် စကားပြောဆိုပြီးသဖြင့် ‌နတ်ကောင်းကင်ခန်းမထဲမှ ထွက်လာသည့်အချိန်တွင် ချင်မူက သူမထံ ချက်ချင်း လျှောက်လာ၍ သူမမျက်ခုံးနှစ်ဖက်ကြား နေရာအား အသာအယာ တို့လိုက်သည်။

ချက်ချင်းဆိုသလို မဟာဧကရာဇ်၏ ကျူးကျော်လာခဲ့သော အသိစိတ်အလျဉ်မှာ ဖျက်ဆီးခံလိုက်ရသည်။

‘မဟာဧကရာဇ်က တကယ့်ကို အံ့မခန်းပါပဲ... သူက ‌အသိစိတ်အလျဉ်လမ်းစဉ်မှာ အောင်မြင်မှုတွေ အများကြီးရထားတယ်.... ငါ မယှဉ်နိုင်သေးဘူး”

ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားတွင် မဟာဧကရာဇ်နှင့် ထိပ်တိုက်တွေ့လိုက်ရမှုက သူ့အား မဟာဧကရာဇ်၏ စွမ်းဆောင်နိုင်ရည်များကို ပိုမိုနားလည်စေနိုင်ခဲ့သည်။

မဟာဧကရာဇ်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးအနက် တစ်ပါး ဖြစ်လာနိုင်ခဲ့သည်သာမက ဖန်ဆင်းခြင်းလမ်းစဉ်တွင် သူ၏အောင်မြင်မှုများမှာ ပြိုင်ဘက်ကင်း၏။ အထူးသဖြင့် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်များ လက်ခံခဲ့ပြီးနောက်တွင် ဖြစ်သည်။

သူ၏ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများက ယခင်ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေချေပြီ။

“သခင်လေး၊ ကျွန်မ ဘာလုပ်ရမလဲ”

ကုန်းစွန်းယန်သည် နတ်ကောင်းကင်ခန်းမထဲမှ ထွက်လာသည်နှင့် ဘာမှမတွေးတတ်၊ မကြံတတ်တော့သည့် ရိုးသားဖြူစင်သော မိန်းကလေးတစ်ဦးအဖြစ် ‌ပြန်လည်ပြောင်းလဲသွား၏။

သူမက ခပ်တိုးတိုး ပြောလေသည်။ “မဟာကမ္ဘာမြေသခင်မ ဘယ်လိုလုပ်ရမလဲ မသိဘူး... ကျွန်မ”

ချင်မူ ရယ်လိုက်မိသည်။ “မမကြီး ဘာမှလုပ်စရာ မလိုပါဘူး”

ကုန်းစွန်းယန်မှာ ‌ဇဝေဇဝါ ဖြစ်နေသောကြောင့် ချင်မူက ဆက်ပြော၏။ “မမကြီးပုံစံအတိုင်းသာ နေပြီး လုပ်လက်စကို ဆက်လုပ်ရုံပဲ...‌ နေ့တိုင်းရေလောင်းတာ၊ သစ်ပင်စိုက်တာ၊ မြေဩဇာထည့်တာ၊ ပိုးကောင်ဖမ်းတာ၊ ဇာမဏီငှက်အသိုက်တွေ လုပ်ပေးတာတွေရယ် အဘွားစစ်နောက် လျှောက်လိုက်ပြီးနောက် သူ့ရဲ့လမ်းစဉ်တွေ၊ သိုင်းကွက်တွေ၊ ကောင်းကင်နတ်သိုင်းတွေကို သင်ယူတာတွေပေါ့”

ကုန်းစွန်းယန်က တလက်လက်တောက်ပနေသည့် သူမ၏ မျက်ဝန်းလေးများကို တဖြတ်ဖြတ် မျက်တောင်ခတ်လိုက်သည်။ “ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်မက ကျွန်မကို မဟာကမ္ဘာမြေကောင်းကင်နန်းဆောင် ဆောက်ခိုင်းလိုက်တယ်လေ... ကျွန်မ အဲ့ဒီနေရာမှာ မကျွမ်းကျင်ဘူး...”

“အဲ့ဒါက ပိုတောင် ရိုးရှင်းသေးတယ်”

ချင်မူက ပြောလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဆီက ငွေတောင်းပြီးတော့ ‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို မမကြီးအတွက် ကောင်းကင်နန်းဆောင် ဆောက်ခိုင်းလိုက်ပေါ့... .စစ်သားစုဆောင်းတာ၊ မြင်း၀ယ်တာကတော့ ဧကရာဇ်ယန်ရှို့ကို တာ၀န်ပေးလိုက်ပါ... လင်ယွိရှို့က ပျော်ပျော်ကြီး ကူညီပေးပါလိမ့်မယ်..... မမကြီးက သိုင်းကျင့်တာမှာ အာရုံစိုက်ထားရုံပဲ... မမကြီးရဲ့ စွမ်းဆောင်ရည်တွေ သန်မာလာရင် တိုက်ပွဲမှာ ရန်သူတစ်သောင်းကို တစ်ယောက်တည်း တိုက်ခိုက်နိုင်လိမ့်မယ်.... အဓိက လိုအပ်တာ အဲ့ဒါပဲ”

“တိုက်ပွဲတွေ တိုက်ရဦးမှာပေါ့” ကုန်းစွန်းယန်မှာ စိတ်မသက်မသာ ဖြစ်လာသည်။

ချင်မူ တဟားဟား ရယ်လိုက်မိသည်။ “‌မဟာကမ္ဘာမြေသခင်မက ကမ္ဘာဦးဘုံတစ်၀က်ကို အုပ်ချုပ်တာလေ ..... ပုန်ကန်လာတဲ့ အင်အားစုတွေရှိရင် နှိမ်နင်းရမယ်မလား”

သူ စကားပြောနေစဉ် နတ်အရာရှိသည် ပြန်ရောက်လာပြီး ကောင်းကင်နတ်ဧကရာဇ် ပေးအပ်ခဲ့သော လက်ဆောင်ပဏ္ဏာများအပြင် နန်းတွင်းသူ အယောက် ၁၀၀ နှင့် ဇာမဏီငှက်ရှစ်‌ကောင် ရထားလှည်းလည်း သူနှင့်အတူ ပါလာသည်။ ဇာမဏီငှက်တို့မှာ လှပတင့်တယ်နေပြီး သာမန်နှင့်မတူဘဲ သန်မာကြီးထွားကြရာ ချင်မူ့ကောင်းကင်နဂါး ရတနာရထားလှည်း၏ နဂါးကိုးကောင်အောက် မလျော့ကျပေ။

ဇာမဏီငှက်ရှစ်ကောင် ရထားလှည်းသည် အာဏာရှိသော အရာရှိများအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်၏။ ကောင်းကင်နဂါး ရတနာရထားလှည်းထက် တစ်ဆင့်နိမ့်သော်လည်း သိပ်မကွာပေ။

ကုန်းစွန်ယန်က ရတနာရထားလှည်းပေါ် တက်၍ ချင်မူ့အား မနှုတ်ဆက်ချင်ဘဲ နှုတ်ဆက်လိုက်သည်။ ရထားလှည်းမှာ စတင်ရွေ့လျားသွားပြီး ရတနာများစွာနှင့် နန်းတွင်းသူများကို သယ်ဆောင်ကာ စွမ်းအင်အကူးအပြောင်းတံတားသို့ ဦးတည်သွားတော့သည်။

သူမ ထွက်သွားသည်ကို ကြည့်နေသည့် ချင်မူ့အကြည့်တို့က လင်းခနဲ ဖြတ်ပြေးသွားသည်။ “‌ကောင်းကင်နတ်အရှင်ဆယ်ပါး ပေးခဲ့တဲ့ မမကြီးယန်အာရဲ့ ခေါင်းနောက်က ကောင်းချီးတွေက ဒုက္ခပေးမယ့်ဟာတွေပဲ... ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းချီးထက်တောင် ရှုပ်ထွေးနက်နဲနေတော့ ဖယ်ရှားပစ်ဖို့ ခက်တယ်”

သို့သော် ကုန်းစွန်းယန် မဟာကမ္ဘာမြေသခင်မ ဖြစ်လာ၍ မဟာကမ္ဘာမြေသခင်မ ကောင်းကင်နန်းဆောင်ကို တည်ဆောက်ပြီးလျှင် ထာ၀ရငြိမ်းချမ်းရေအင်ပါယာသည် ပြင်ပစစ်တပ်များအကြား၌ နာမည်ကြီးလာပေလိမ့်မည်။

၎င်းက ကောင်းမွန်သော အရာတစ်ခု ဖြစ်ပေသည်။

ထာ၀ရငြိမ်းချမ်းရေး ကပ်ဘေးပြီးနောက် စစ်သည်အင်အား ပိုမိုလေ့ကျင့်ပေးရမည့်အစား စစ်အင်အားသည် လျော့ကျနေခဲ့၏။ မြောက်နတ်မင်းနှင့် အနောက်နတ်မင်းတို့၏ အကူအညီဖြင့် အင်ပါယာသည် မိုးကြိုးငါးသွယ်ဒယ်အိုးကဲ့သို့ အင်အားကြီးမားလှသော နတ်လက်နက်များ ရရှိခဲ့သည့်တိုင် မိုးကြိုးငါးသွယ်စစ်တပ်ကို မတည်ထောင်ခဲ့ချေ။ ထိုအစား အင်ပါယာတိုးတက်ရေးကိုသာ ရှေ့ရှုခဲ့သည်။

ရေရှည်တွင် အင်ပါယာအနေဖြင့် ချမ်းသာ ကြွယ်၀လာနိုင်သော်လည်း အင်အားကြီးလာမည်မဟုတ်ချေ။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် မဟာကမ္ဘာမြေကောင်းကင်နန်းဆောင်သို့ စေလွှတ်နိုင်သော နတ်ဘုရားအဆင့် သိုင်းပညာရှင်များစွာ ရှိလေသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များကိုလည်း ရှာဖွေစု‌ဆောင်း၍ စစ်တိုက်စေကာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်ကောင်းကင်နတ်အရှင်တို့က ‌နတ်ကောင်းကင်ခန်းမထဲမှ ထွက်လာကြသည်။

“ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နတ်အရှင်ဟုန်က အလျင်အမြန် ရှေ့သို့လျှောက်လာရင်း ဦးညွှတ်ပြီးနောက် ရယ်လျက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူက တစ်ချိန်လုံး နတ်ကောင်းကင်ခန်းမအပြင်မှာ စောင့်နေခဲ့တာပဲ.... ဘာလို့ ခန်းမထဲ ၀င်ပြီး စကားမပြောရတာတုန်း... အရှင်မင်းကြီးက ကောင်းကင်နတ်အရှင်မူကို အမြဲ သတိရနေတာ...”

ချင်မူက ပြန်အရိုအသေပေးရင်း ရယ်လိုက်သည်။ “နောက်ကျမှ ရောက်လာလို့ပါ... ကျုပ် ရောက်တော့ ညီလာခံက စနေပြီလေ... အရှင်မင်းကြီးနဲ့ ဝန်မင်းတွေကို မနှောင့်ယှက်ချင်တော့လို့ပါ”

သူသည် ကောင်းကင်နတ်အရှင်ဟုန်အား သံသယအပြည့်ဖြင့် အကဲခတ်နေ၏။

ကောင်းကင်နတ်အရှင်ဟုန်သည် သူ နဂါးဟန်ခေတ်က တွေ့ခဲ့ရသည့် တဟုန်နှင့် အနည်းငယ် ဆင်၏။ နှစ်ယောက်စလုံး လက်ဖားဖား ၀တ်ရုံပွများကို ၀တ်ဆင်ကြသည်။ သို့သော် တဟုန်မှာ လူငယ်တစ်ယောက် ဖြစ်ပြီး ကောင်းကင်နတ်အရှင်ဟုန်သည် မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူတို့ဖြင့် ဖြတ်လတ်တက်ကြွနေတဲ အဘိုးကြီးတစ်ဦး ဖြစ်၏။

နှစ်ဦးလုံးက မိစ္ဆာမျိုးနွယ် ဖြစ်သည်။ သို့သော် နတ်ဘုရင်ကုန်းယွန်၏ စကားအရ တဟုန်မှာ‌ သေသွားခဲ့ချေပြီ။ ထိုသို့ဆိုလျှင် ကောင်းကင်နတ်အရှင်ဟုန်က မဟာဧကရာဇ် ဟုတ်သည်လော... မဟုတ်သည်လော။

မဟာဧကရာဇ်သည် မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံထဲရှိ အန္တိမဟင်းလင်းပြင်မှ ဆင်းသက်လာပြီး တဟုန်၏ အလောင်းအတွင်း ၀င်ရောက်ခဲ့ခြင်းလော။

ချင်မူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ကောင်းကင်နတ်အရှင်ဟုန်အား စကားစမြည် ပြော‌နေသည်။

စောစောကလေးတင် သူတို့နှစ်ယောက်သည် ကုန်းစွန်းယန်၏ မျက်ခုံးနှစ်ဖက်ကြားတွင် တိုက်ခိုက်နေခဲ့၏။ ယခုတွင်တော့ မည်သို့မျှ မဖြစ်ပျက်ခဲ့သည့်အလား ပြုံးရယ်လျက် စကားပြောနေကြချေသည်။

All Chapters