← Chapters

ငါ တကယ် တုံးအတယ်

Vol. 86 Ch. 1113

ငါ တကယ် တုံးအတယ်

Vol. 86 Ch. 1113

ကောင်းကင်နတ်အရှင်‌ဟောင်က အရှေ့သို့ လျှောက်လာကာ ခပ်ပြတ်ပြတ်အသံဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူက အခုရက်ပိုင်း သိပ်အလုပ်များနေပုံပဲ..... ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကောင်းကင်နတ်ဘုံဆီ ပြန်မလာခဲ့ဘူးနော်.... လတ်တလောက ကောင်းကင်မဟာမိတ်တွေ့ဆုံပွဲမှာ မင်းက လွဲပြီး မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်တွေရော၊ တပည့်တွေရော အားလုံးတက်ရောက်ခဲ့ကြတယ်”

“ကောင်းကင်မဟာမိတ်တွေ့ဆုံပွဲတဲ့လား...”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ သူသည် ကောင်းကင်မဟာမိတ်အဖွဲ့၏ အကြီးအကဲများဖြစ်သည့် ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် တာအိုဘိုးဘေးကြီးအပြင် ဗြဟ္မဗုဒ္ဓတို့ကိုသာ သိ၏။ ကျန်သူများကို မတွေ့ဆုံဖူးသေးချေ။ သူက ပြုံး၍ ပြောလိုက်သည်။ “ကျွန်တော့်အမှားပါ... အသေးအဖွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့မိတယ်.... နောက်တစ်ခါ ကောင်းကင်မဟာမိတ်တွေ့ဆုံပွဲ ကျရင် သေချာပေါက် လာပါ့မယ်”

နတ်ဧကရာဇ်လန်ရွှမ်က ရှေ့သို့လျှောက်လာ၍ ချင်မူ၏ ကောင်းကင်နဂါး ရတနာရထားလှည်းအား ဟိုဟိုသည်သည် ကြည့်နေသည်။ သူက မဆိုစလောက် ပြုံးလျက် ပြောသည်။ “အရှင်မင်း‌ကြီး အပ်နှင်းခဲ့တဲ့ ရတနာရထားလှည်းရဲ့ တိရစ္ဆာန်တွေကို ဘယ်လိုတောင် ပြောင်းလဲပစ်နိုင်ရတာလဲ.... ‌ကောင်းကင်နဂါးကိုးကောင်က ဘာဖြစ်သွားလို့လဲ”

ချင်မူ သက်ပြင်းချလိုက်သည်။ “ဒီတစ်ခါခရီးက အင်မတန် အန္တရာယ်များခဲ့တာနဲ့ ကောင်းကင်နဂါးကိုးကောင်က သူရဲကောင်းပီပီ အသက်ပေးခဲ့ကြပါတယ်”

နတ်ဧကရာဇ်လန်ရွှမ်မှာ ရထားလှည်းကို စစ်ဆေးကြည့်နေရင်း ပြင်ဆင်ထားသည့် ခြေရာလက်ရာများကို တွေ့လိုက်ရသဖြင့် အေးစက်စက် ရယ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူက တခြားသူတွေရဲ့ အိမ်တွေကို သွားဖျက်ဆီးခဲ့ပြန်ပြီလား....ရတနာရထားလှည်း ဒီအ‌ခြေအနေအထိ ဖျက်ဆီးခံခဲ့ရတာ အံ့ဩစရာတော့ မရှိပါဘူး....”

ချင်မူက ပြီတီတီ ပြုံးသည်။ “အမှန်ပဲဗျာ.... ကျွန်တော် ပိုသိခဲ့သင့်တာ.... တာအိုမိတ်ဆွေလန်ရွှမ်ရဲ့ နတ်နန်းတော်ကို ဖျက်ဆီးခဲ့ရမှာလေ... အနည်းဆုံးတော့ အသေရရ အရှင်ရရ လိုက်အဖမ်းခံရပြီး မတိုက်ခိုက်ခံရတော့ဘူးပေါ့”

နတ်ဧကရာဇ်လန်ရွှမ်းက တဟားဟး ရယ်၏။ “ငါ့ရဲ့ လန်ရွှမ်နတ်နန်းတော်ကို ဘယ်သူက ဖျက်ဆီးရဲမှာလဲ... ဟာသပဲ...”

ချင်မူလည်း တုံ့ပြန်သည့်အနေဖြင့် ရယ်လိုက်ပြီးနောက် စိတ်ထဲမှ တွေးနေမိသည်။ ‘ခင်ဗျားရဲ့ လန်ရွှမ်နတ်နန်းတော်ကို ကျုပ် နှစ်ခါတောင် ဖျက်ဆီးခဲ့တာလေ’

နတ်အရှင်မယန်က ကြောင်ဖြူတစ်ကောင်ကို ပွေ့ထားရင်း လျှောက်လာသည်။ သူမသည် တခစ်ခစ် ရယ်လျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူတော့ ခရီးရှည်ကြီးကြောင့် ပင်ပန်း‌နေမှာပဲ... ကြိုးစားမှုတွေကို ကျွန်မ မြင်နေရတယ်”

ချင်မူမှာ သူမရင်ခွင်ထဲရှိ ကြောင်ဖြူကို ကြည့်ရင်း ‌ဇဝေဇဝါ တွေးလိုက်မိသည်။ ‘ဒီကြောင်ဖြူက အသက်ရှိနေသေးတာလား’

ကြောင်ဖြူသည် သူ့ကို မြင်သည်နှင့် ကြောက်လန့်တုန်လှုပ်သွားပြီး နတ်အရှင်မယန်၏ ရင်ခွင်ထဲသို့ ပို၍တိုး၀င်သွား၏။

ချင်မူ ရယ်လိုက်သည်။ “နတ်အရှင်မယန်၊ ခင်ဗျားရဲ့ကြောင်နဲ့ ကျွန်တော် နှစ်ရက်လောက် ဆော့ချင်လို့ ငှားလိုက်လို့ရမလား”

နတ်အရှင်မယန်က ခပ်ဟဟ ရယ်၍ ဖြေသည်။ “အဲ့ဒါ အလုပ်မဖြစ်တော့ဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ‌အရှင်မင်းကြီးရဲ့ ဘိုးဘေးနယ်မြေက ရတနာကို ခိုးသွားတဲ့သူခိုးကို လိုက်ရှာရင်း ရှောင်ချီလေးခမျာ ထိတ်လန့်စရာ‌တွေ တွေ့ကြုံခဲ့ရတယ်.... အဲ့ဒီအချိန်တည်းက သူ့စိတ်ဒဏ်ရာက မသက်သာတော့ဘဲ အခုထိ ရန်သူတွေ့ရင် ကြောက်နေသေးတယ်... အဲ့သူခိုးက သိပ်ကောက်ကျစ်ရက်စက်တာ သိလား”

ချင်မူ သက်ပြင်းချလိုက်သည်။ “နှမြောစရာပဲဗျာ”

ကောင်းကင်နတ်အရှင်ချန်းက ရှေ့သို့လျှောက်လာ၍ ဦးညွှတ်အရိုအသေပေးကာ စပ်စပ်စုစု မေး၏။ “ကောင်းကင်နတ်အရှင်မူ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘယ်ကိုများ ရောက်နေခဲ့တာလဲ”

“‌နေရာတွေက ‌စုံနေတာပါပဲ”

ချင်မူက ပြန်လည်ဧည့်၀တ်ပြု၏။ “ကမ္ဘာဦးဘုံ၊ ဝင်ရိုးစွန်းကောင်းကင်ဘုံလေးဘုံ.... ဟိုဟိုသည်သည် လျှောက်သွားရင်း လူတွေအများကြီးနဲ့ တွေ့ခဲ့ရတယ်... သိပ်ကို ပင်ပန်းခဲ့တာပေါ့”

ကောင်းကင်နတ်အရှင်ချန်းသည် ကိုယ်ချင်းစာနေ၏။ “ကောင်းကင်နတ်အရှင်မူ ကောင်းကောင်းမွန်မွန် အနားယူဖို့ လိုအပ်တယ်... သွေးနဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တဲ့ ကျွန်တော် ဖော်စပ်ထားတဲ့ ဆေးရှိတယ်.... ကောင်းကင်နတ်အရှင်ကို နည်းနည်း ပို့ပေးရမလား”

ချင်မူက အားရပါးရ ရယ်လိုက်သည်။ “ကျုပ်က ဒူပေနာပေခံတယ်... ကျုပ်ခန္ဓာကိုယ်က ဂရုစိုက်နေဖို့ မတန်ပါဘူး”

ကောင်းကင်နတ်အရှင်ဟွေ့ကလည်း သူ့အနား လျှောက်လာသည်။ ချင်မူက နှာခေါင်တစ်ချက်ရှုံ့ကာ အေးစက်စွာ ပြောလိုက်သည်။ “ကျုပ်တို့ သံယောဇဉ်မှန်သမျှ ဖြတ်တောက်ပြီးသား... အချင်းချင်း ပြောစရာစကား မရှိဘူး”

ကောင်းကင်နတ်အရှင်ဟွေ့သည် ခံစားချက်အမူအရာ ကင်းမဲ့နေ၏။ မီးကွင်းများက သူ၏ခေါင်းနောက်တွင် ဆက်လက်လည်ပတ်နေပြီး သူ၏အံမခန်းလိလိ အရှိန်အဝါက ကောင်းကင်ထက်သို့ တဟုန်ထိုး ပြေးတက်သွားသည်။ သူက ပြတ်သားစွာ ပြော၏။ “ငါလည်း မင်းကို ပြောစရာစကား မရှိဘူး.... မင်း ငါ့လမ်းကို ပိတ်မရပ်‌သရွေ့ မင်းကို အသက်ချမ်းသာပေးလို့ရတယ်.... ငါ့လမ်းကို လာပိတ်ရင်တော့...”

“တာအိုမိတ်ဆွေရှောင်”

ချင်မူက သူ့စကားကို အာရုံပင် မစိုက်ဘဲ ကောင်းကင်နတ်အရှင်ရှောင်ကို နှုတ်ဆက်လိုက်သည်။ “မဟာကမ္ဘာမြေသခင်မကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော် နောင်တရမိတယ်”

ကောင်းကင်နတ်အရှင်ရှောင်သည် သူ့ကို အလျင်အမြန် ပြန်နှုတ်ဆက်ကာ ပြုံးပြ၏။ “အမိကမ္ဘာမြေက ပုန်ကန်ချင်နေတဲ့အပြင် ‌ကောင်းကင်နတ်ဘုံအတွက် ပြဿနာတစ်ခုပဲ.... အခု အဲ့ဒီပြဿနာကို ဖယ်ရှားပြီးသွားသလို၊ အရည်အချင်းရှိပြီး ဖြောင့်မတ်တဲ့ မဟာကမ္ဘာမြေသခင်မတစ်ပါးကို ရရှိခဲ့‌တယ်လေ....ဒါက ကမ္ဘာဦးဘုံအတွက် ကောင်းချီးတစ်ပါးပါပဲ”

ချင်မူ အနည်းငယ် တုန်လှုပ်သွားသည်။ အခြားကောင်းကင်နတ်အရှင်များသည် အမိကမ္ဘာမြေအကြောင်း မပြောခဲ့ကြပေ။ ကောင်းကင်နတ်အရှင်တစ်ယောက်တည်းသာ ပြောခဲ့ခြင်း ဖြစ်ရာ ချင်မူ အမိကမ္ဘာမြေကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမြို့တော်မှ ဖယ်ရှားရန် မည်သို့အကွက်ရွှေ့ခဲ့သည်ကို သူ သိထားကြောင်း ပြသနေသည်။

သူ့စကားများတွင် လျှို့ဝှက်အဓိပ္ပာယ်များ ပါရှိ၏။ ချင်မူ့အတွက် သတိပေးချက်လည်း ပါရှိချေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ချင်မူ့ဘေးမှ ဖြတ်ကျော်သွားသည်။ သူ့ခေါင်းကိုလည်း မောက်မာစွာ မော့ထား၏။

ချင်မူက ရယ်လိုက်ပြီး သူ့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချေ။ ကောင်းကင်နတ်အရှင်ရှုက လျှောက်လာကာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ငါ့အဖေ မြေအောက်ဘုံအရှင်သခင်နဲ့ အတော်လေး ရင်းနှီးတယ် ကြားတယ်.... သူ နေ‌ရောကောင်းရဲ့လား”

ချင်မူက ပြုံးလျက် ဖြေလိုက်သည်။ “တာအိုနောင်တော် မြေအောက်ဘုံအရှင်သခင်က အသက်ရလာတာကလွဲရင် နေကောင်းပါတယ်... သူက အမြဲ သူ့ကလေးတွေအကြောင်း တွေးနေတာလေ.... ကလေးတွေက အနီးမှာ မရှိတော့ အထီးကျန်သလို ခံစားနေရရှာတာ”

‌ကောင်းကင်နတ်အရှင်ရှုသည် တုံ့ပြန်၏။ “အသက်လည်း ရနေမှတော့ အာဏာကို ဆုပ်ကိုင်မထားသင့်တော့ဘူး.... အုပ်ချုပ်နေရင်း သေမသွားအောင် အနားယူလိုက်တာ ပိုကောင်းတယ်”

ချင်မူ့မျက်နှာမှာ အပြုံးပန်းတို့ဖြင့် ဝေ‌ဆာနေသည်။ “ကျွန်တော် အသိပေးလိုက်ပါ့မယ်”

သူ့အကြည့်က ကောင်းကင်နတ်အရှင်ကုန်းအပေါ် ကျရောက်သွားပြီး သူက ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ “တာအိုမိတ်ဆွေကုန်း”

“ကောင်းကင်နတ်အရှင်မူ” ကောင်းကင်နတ်အရှင်ကုန်းက ပြန်လည်ဦးညွှတ်သည်။

ချင်မူသည် ကောင်းကင်နတ်အရှင်ကုန်းကို အကဲခတ်နေ၏။ သူမသည် တည်ကြည်လေးနက်ပြီး မည်သူ့ကိုမှ မျက်နှာမလိုက်သည့်အပြင် လူတိုင်းကို အေးစက်စွာ ဆက်ဆံတတ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူက လေးနက်စွာ ပြောလိုက်သည်။ “ကျွန်တော် ကျန်တဲ့ ကောင်းကင်နတ်အရှင်ကိုးပါးနဲ့ တွေ့ဆုံပြီး အတော်လေး ရင်းနှီးခဲ့တယ်.... ဒီက တာအိုမိတ်ဆွေတွေအကုန်လုံး ကျွန်တော့်ကို ချစ်ခင်ပြီး မိသားစုလို ဆက်ဆံပေးတယ်.... တာအိုမိတ်ဆွေကုန်းနဲ့ပဲ စကားပြောဖို့ အခွင့်မသာခဲ့တာ... စကားစမြည် ပြောဖို့ အချိန်များရမလား”

“ဟင့်အင်း.... ကျွန်မမှာ အချိန်မရှိဘူး” ကောင်းကင်နတ်အရှင်ကုန်းသည် အေးတိအေးစက် ဖြေ၍ ချာခနဲ လှည့်ထွက်သွား၏။

ကျန်ကောင်းကင်နတ်အရှင်များက ရယ်နေကြသည်။ “ကောင်းကင်နတ်အရှင်မူ၊ သိပ်ပြီးလည်း စိတ်ထဲမထားပါနဲ့..... ကောင်းကင်နတ်အရှင်ကုန်းက အဲ့ဒီလိုပဲ.... လူတိုင်းကို အေးစက်စက်နဲ့”

ချင်မူမှာ အရှက်ပြေ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ ထို့နောက် အားလုံး နှုတ်ဆက်စကားဆို၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေသည်။ “အရမ်းတွေ အလုပ်မကြိုးစားနဲ့... အချိန်ရှိရင် ကျုပ်တို့ဆီလည်း လာလည်ပါဦး.... မကြာခင် ‌ကောင်းကင်နတ်ဘုံစစ်တပ်ကြီးက နတ်မင်းလေးပါးနတ်လက်နက်တွေနဲ့အတူ မဟာလေဟာနယ်ကို ချေမှုန်းဖို့ ချီတက်တော့မှာ.... ကောင်းကင်နတ်အရှင်မူ လုံး၀ လွတ်သွားလို့ မဖြစ်ဘူး”

ချင်မူလည်း ခေါင်းညိတ်လိုက်ရင်း တဝင်းဝင်း လက်နေသော မျက်လုံးများဖြင့် သူတို့ထွက်ခွာသွားသည်ကို ကြည့်နေသည်။ ‘သူတို့က ဘေးကင်းမယ့် လမ်းတစ်လမ်း ဖောက်နိုင်အောင် နတ်မင်းလေးပါးနတ်လက်နက်တွေကို ဖန်ဆင်းခဲ့တာပဲ... အဲ့ဒီနတ်လက်နက်တွေက အသိစိတ်အလျဉ် မရှိတဲ့အတွက် လမ်းပေါ်က စိတ်နှလုံးမိစ္ဆာတွေကို ဖိနှိပ်နိုင်တယ်.... ဒါပေမဲ့ မဟာ‌လေဟာနယ်ဆီ သွားတဲ့ လမ်းတလျှောက်မှာ စိတ်နှလုံးမိစ္ဆာတွေက ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အဖြစ်တောင် အသွင်ယူနိုင်တယ်... ဒါကြောင့် နတ်မင်းလေးပါး နတ်လက်နက်တွေက သူတို့ဘာသာသူတို့ ကျော်လွှားနိုင်မှာမဟုတ်ဘူး.... အစ်ကိုကြီးရဲ့ တပည့်တွေကို သေချာပေါက်ရှာဖွေရလိမ့်မယ်...”

“ကောင်းကင်နတ်အရှင်မူ၊ ဒါက ခင်ဗျား လိုချင်ခဲ့တဲ့ အဆုံးမဲ့တိမ်တိုက်နန်းတော်ရဲ့ မြေပုံပါ”

နတ်ဘုရားအရာရှိက လှမ်းပြောသဖြင့် ချင်မူ အသိစိတ်ပြန်ကပ်သွားသည်။ အရာရှိသည် မြေပုံအား လှမ်းပေး၍ ရယ်၏။ “‌မြေပုံထဲမှာ အဆုံးမဲ့တိမ်တိုက်နန်းတော်ဆီသွားတဲ့ လမ်းကိုလည်း ကျွန်တော် ‌ဆွဲထားပါတယ်” ထို့သို့ပြောပြီးနောက် သူက မထွက်သွားဘဲ ချင်မူ့ကို ဆက်ကြည့်နေလေသည်။

သူ ဘာအလိုရှိမှန်း ချင်မူ သဘောပေါက်သည်။ သူက ကောင်းကင်ငွေကြေး နောက်အိတ်တစ်အိတ် ထုတ်ပေးလိုက်သည်။ နတ်ဘုရားအရာရှိသည် ငွေအိတ်ကို အင်္ကျီလက်အိုးထဲတွင် ဝှက်၍ ဦးညွှတ်အရိုအသေပေးပြီးနောက် ထွက်ခွာ၏။

ချင်မူက ရထားလှည်းဆီသို့ ပြန်လာကာ အဆုံးမဲ့တိမ်တိုက်နန်းတော်၏ မြေပုံကို ဖွင့်ကြည့်၏။ မြေပုံလေ့လာပြီးနောက် သူ့မှာ ပြုံးလိုက်ရင်း မြေပုံနောက်တစ်ခု ထုတ်၍ ယှဉ်ကြည့်လိုက်သည်။ နှစ်ခုလုံးမှာ တစ်ထေရာတည်းပင်။

အခြားမြေပုံသည် သူ့ကို ဝေစွေ့ဖုန်းပေးခဲ့သည့် မြေပုံဖြစ်၏။ အဆုံးမဲ့တိမ်တိုက်နန်းတော်မှာ ဝေစွေဖုန်း ရတနာများ ဝှက်ထားသည့် နေရာတစ်နေရာပင် ဖြစ်ချေသည်။ သို့သော် မည်သည်တို့ကို ဝှက်ထားမှန်း သူ မသိချေ။

နတ်အရာရှိ ချင်မူ့ကို ပေးခဲ့သော မြေပုံတွင် အဆုံးမဲ့တိမ်တိုက်နန်းတော်ဆီ ဦးတည်နေသည့် စွမ်းအင်အကူးအပြောင်းတံတားအား အသေးစိတ် ရေးဆွဲထားသည်။ ချင်မူက မြေပုံကို လိပ်၍ မီးရှို့ပြာချကာ ဝေစွေ့ဖုန်း၏ မြေပုံကိုသာ သိမ်းထားလိုက်သည်။

“အစ်ကိုကြီးက မြေပုံအတိုင်း သူ့ကို ကယ်ဖို့ ပြောခဲ့တယ်...ကောင်းပြီလေ မြေပုံအတိုင်း လိုက်ရတာပေါ့... ဒါပေမဲ့ တခဏ‌တော့ ဒါကို ဘေးဖယ်ထားမှရမယ်... မမကြီးယန်အာ ‌အနောက်ကောင်းကင်မုခ်၀ဆီ သွားကြစို့”

ယန်အာနှင့် နဂါးချီလင်သည် ရထားလှည်းအား ‌အနောက်ကောင်းကင်မုခ်၀ဆီ ဆွဲယူမောင်းနှင်သွားကြ၏။ ချင်မူ့မျက်လုံးများက တဖျတ်ဖျတ် ဝင်းလက်နေပြီး သူက တွေးနေသည်။ ‘အနောက်ကောင်းကင်မုခ်၀ရဲ့ ချုံးဟွာနန်းတော်က ပိုင်ယွီကျင့်က တတိယမြောက် ကောင်းကင်အရှင်သခင်၊ တောင်နတ်မင်းရဲ့ လူဝင်စားပဲ.... ငါ သူနဲ့အရင် တွေ့ကြည့်ပြီး ဘယ်နှခါသေခဲ့ပြီးပြီလဲဆိုတာ ဆုံးဖြတ်ရမယ်... ပြီးရင် ကောင်းကင်ယင်သားတော်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖျက်စီးဖို့ ကြိုးစားကြည့်မယ်'

ဤတစ်ကြိမ် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်လာတုန်းက ဖုန်းတု၏တည်နေရာကို လျှောက်မေးကြည့်ခဲ့သေးသည်။ သို့သော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိ မည်သူမှ ဖုန်းတု မည်သည့်နေရာတွင် ပုန်းကွယ်နေကြောင်း မသိကြချေ။

ချင်မူသည် ဖုန်းတုသို့ သွား၍ တိရီယွဲ့နှင့် တွေ့ဆုံကာ သူမ၏ မင်တုကောင်းကင်မုခ်၀ဖြင့် ‌ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းကို ဖျက်စီးကာ အသိစိတ်ဝေဝါးနေသော ပိုင်ချွီအာကို ကယ်တင်ရန် ဦးစွာ စီစဉ်ခဲ့၏။ သို့သော် ဖုန်းတုကို ရှာမရသဖြင့် သူ့မှာ ဘာမှလုပ်မရချေ။

ရထားလှည်းသည် အနောက်ကောင်းကင်မုခ်၀သို့ ရောက်ရှိလာ၏။ ချင်မူက နဂါးချီလင်ကို ခေါ်၍ မီးငှက်၏ ငှက်တောင်ကို ထုတ်လိုက်သည်။ “ဖက်တီးနဂါး၊ ချုံးဟွာနန်းတော်ဆီ သွားပြီးတော့ ဂိတ်၀က အစောင့်တွေကို ပိုင်ယွီကျင့်လက်ထဲ ဒီငှက်တောင်မွှေး ပေးခိုင်းလိုက်”

နဂါးချီလင်က ခေါင်းညိတ်လိုက်သည်။ တခဏကြာသော် သူက ပြန်ရောက်လာသည်။ “ပေးခိုင်းခဲ့ပြီ”

ချင်မူလည်း အသာအယာ ခေါင်းညိတ်လိုက်၏။ “အနောက်ပိုင်းဂိုဏ်းစစ်တပ်ရဲ့ စွမ်းအင်အကူးအပြောင်းတံတားဆီ ဦးတည်... အဲ့ဒီကနေ အဆုံးမဲ့တိမ်တိုက်နန်းတော်ကို သွားမယ်..”

ချုံးဟွာနန်းတော်ထဲတွင် ကောင်းကင်နတ်ဘုံ၏ တတိယမြောက် ကောင်းကင်အရှင်သခင် ပိုင်ယွီကျင့်၏ အကြည့်သည် မှေးမှိန်နေပြီး သူမလက်ထဲတွင် မီးငှက်‌တောင် ရှိနေသည်။ ရုတ်တရက် သူမက ထရပ်ကာ နန်းတော်ထဲမှ ထွက်သွား၏။ သို့သော် ထိုနေရာတွင် သူမနှင့် တထေရာတည်း တူသည့် ပိုင်ယွီကျင့်တစ်ဦးက ခန္ဓာကိုယ်အစစ်သဖွယ် ပလ္လင်ပေါ်တွင် ထိုင်လျက် ကျန်ရစ်ခဲ့သည်။

‘နဂါးဟန်ခေတ်တုန်းက ငါ့ကို ရတနာကြည့်ဖို့ လှည့်စားခဲ့တဲ့ လူငယ် ပြန်ပေါ်လာပြီ... ငါ့ငှက်တောင်ကို ညာယူပြီး ကျောက်စိမ်းလည်ဆွဲ ဆွဲပေးခဲ့တဲ့ ၀တုတ်မလေးရောပဲ’

ပိုင်ယွီကျင့်က မျက်တောင်တစ်ချက်ပုတ်ခတ်၍ တိတ်တဆိတ် အံတင်းတင်းကြိတ်ထားသည်။ “ငါက အဲ့ဒီတုန်းက သိပ်တုံးခဲ့တယ်... သူတို့က ဘယ်သူလဲ.. ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ... ငါ့ငှက်တောင်ကို ဘာလို့ ညာယူချင်ခဲ့တာလဲ...”

All Chapters