← Chapters

ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်

Vol. 86 Ch. 1117

ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်

Vol. 86 Ch. 1117

ချင်မူ ပန်းအိုးထဲ ၀င်ရန် ပြင်နေစဉ် အားကောင်းပြင်းထန်သော ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များ ဖြာထွက်လာသည်။ အင်မတန် စွမ်းအားကြီးသည့် အရှိန်အဝါတစ်ခုက အဆုံးမဲ့တိမ်တိုက်နန်းတော်ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေ၏။

ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားပြီး ပန်းအိုးကို သိမ်းလိုက်သည်။ သူ ခန်းမအပြင်သို့ ထွက်လိုက်သည့်အချိန်မှာပဲ ခန်းမမှာ ပြိုကျသွားလေသည်။

ယန်အာနှင့် နဂါးချီလင်လည်း တစ်စုံတစ်ယောက် အလျင်အမြန် ချဉ်းကပ်လာနေသည်ကို သတိထားမိကြသည်။ ထိုအရပ်မျက်နှာသို့ ကြည့်လိုက်ရာတွင် လူငယ်တစ်ယောက်အား အဆန်းတကြယ်ကောင်းကင်နတ်သိုင်းဖြင့် လိုက်ဖမ်းနေကြသော နတ်ဘုရား၊ မိစ္ဆာခြောက်ပါးကို တွေ့လိုက်ရသည်။

နတ်ဘုရား၊ မိစ္ဆာတို့၏ ကောင်းကင်နတ်သိုင်းများမှာ ကောင်းကင်ထဲ၌ မားမားမတ်မတ် ထူမတ်လျက် လှည့်ပတ်ရင်း လေလှိုင်းများ ဖြန့်ကျက်နေသော ကြက်သွေးရောင်အလံနှင့် တူသည်။ မရေမတွက်နိုင်သော သံချေးတက်နေသည့် သံဓားများက အလံထဲမှ ပျံထွက်လာပြီး လူငယ်အား လှည့်ပတ်ကာ တိုက်ခိုက်နေကြသည်။

“သွေးသံချေးအလံကျမ်းစာ.... အဖြူရောင်နတ်မင်းရဲ့ သိုင်းကွက်ပဲ”

ချင်မူ မော့ကြည့်လိုက်မိသည်။ ‌အနောက်ကောင်းကင်ဘုံ၏ အဖြူရောင်နတ်မင်းအား ရွှေနတ်မင်းဟုလည်းခေါ်ကြသည်။ ရွှေရောင်အရှိန်အဝါတို့၏ ပိုင်ရှင် ဖြစ်သည့်အတွက်ကြောင့်ပင်။ သူ၏ကျမ်းစာက သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာကိုပင် အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်၏။

ထိုကျမ်းစာကျင့် ကျင့်ကြံထားသော မင်းသားချိုးမင်နှင့် တစ်ခါဆုံဖူးသဖြင့် ချင်မူ့အတွက် မစိမ်းပေ။

“ယွီချွီးတု၊ မင်း လွတ်မှာမဟုတ်ဘူး... ထွက်မပြေးဘဲ ငါတို့နဲ့အတူ ကောင်းကင်နတ်ဘုံဆီ ပြန်လိုက်သင့်တယ်”

နတ်ဘုရားငယ်မှာ သူတို့၏တိုက်ကွက်များကို ခုခံ၍ ပြေးလွှားရင်း တိုက်ခိုက်နေသည်။ သူ့ကြည့်ရသည်မှာ စွမ်းအင်အကူးအပြောင်းတံတားဆီ ထွက်ပြေးရန် ကြံစည်ထားပုံပင်။

သူ့ကို တိုက်ခိုက်နေသည့် အဖြူရောင်နတ်မင်း၏ တပည့်များက အစွမ်းထက်ကြသည်။ အကုန်လုံးသည် ကျောက်စိမ်းမြို့တော်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ကာ ခါး၌ ‌သွေးစိမ်းရှင်ရှင် ကျနေသည့် ဦးခေါင်းခွံတို့ကို ချိတ်ဆွဲထားကြ၏။

နတ်ဘုရားငယ်မှာ ဒဏ်ရာရထားသော်လည်း ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေချေသည်။ သူ၏ ကောင်းကင်နတ်သိုင်းတို့က ပြည့်စုံ၏။ တခဏအတွင်း သူကား ကောင်းကင်နတ်မြစ်ကို ပြောင်းပြန်လှန်လိုက်ချေပြီ။ ယင်းက ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်မှ သိုင်းကွက်တစ်ကွက် ဖြစ်သည်။

“ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်... အစ်ကိုကြီးဝေစွေ့ဖုန်းရဲ့ တပည့်ပဲ”

ချင်မူ့မျက်လုံးများ လင်းခနဲ လက်သွားသည်။ ထိုသိုင်းကွက်သည် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို အခြားကျင့်စဉ်များ၊ ရွှမ်တု၏မဟာတာအိုနှင့် ကောင်းကင်နတ်မြစ်တို့ဖြင့် ပေါင်းစည်းခြင်းမှ တီထွင်ဖန်တီးထားသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းကွက်ပင်။

ထိုနတ်ဘုရားငယ်ကား ဝေစွေ့ဖုန်း၏ အစစ်အမှန် သင်ကြားပို့ချမှုကို ရရှိခဲ့သဖြင့် သူ သဘောအကျဆုံးတပည့် ဖြစ်ပေလိမ့်မည်။

ကောင်းကင်နတ်ဘုံ၏ သိုင်းပညာရှင်များက ကစဉ့်လျားဟင်းလင်းပြင်အပေါ် ဖိနှိပ်နိုင်မည့် နည်းလမ်းအား အရယူဖို့ သူ့အား လိုက်လံဖမ်းဆီးနေကြခြင်းဖြစ်သည်။

သို့သော် ဝေစွေ့ဖုန်း၏ တပည့်က မခေပေ။ ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်အား ကျောက်စိမ်းမြို့တော်အဆင့်အထိ ကျင့်ကြံခဲ့ပြီးလေပြီ။ ကောင်းကင်နတ်ဘုံ၏ ကျောက်စိမ်းမြို့တော်အဆင့် အဆင့်မြင့်သိုင်းပညာရှင်ခြောက်ဦးပင် ပူးပေါင်းပါက သူ့ကို အနိုင်မယူနိုင်ချေ။

သို့သော် သူ့အနေဖြင့် လွတ်အောင် ပြေးရန် ဒဏ်ရာပြင်းလွန်းနေသည်။

သွေးသံချေးအလံခြောက်တိုင်က သူ့ကို ဝိုင်းထားပြီး အလံတစ်ခုစီက ပေတစ်ရာစီ ကွာသည်။ အဖြူရောင်နတ်မင်း၏ တပည့်ခြောက်ဦးကမူ အနားသို့ ကပ်မလာဘဲ လေထဲ၌ ပျံဝဲနေကြသည်။

သံချေးဓားများ လှည့်ပတ်သွားတိုင်း ရွှေရောင်သမ်းသော သံချေးရောင်လေတို့က လှုပ်ခတ်လာပြီး ထိတွေ့သွားသော ဧရိယာမှန်သမျှအား အမှုန့်ဖြစ်သွားစေသည်။

ယွီချွီးတု၏ ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်မှာ အလွန်မြင့်မားသော အဆင့်တစ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း မည်မျှပင် ကြိုးစားစေကာမူ အလံ၀င်္ကပါထဲမှ ထွက်မသွားနိုင်ဘဲ အလံခြောက်တိုင်အတွင်း၌ ပိတ်မိနေတော့သည်။

အဖြူရောင်နတ်မင်း၏ ကျင့်စဉ်သည် သူမတူ ထူးခြား၏။ လူတစ်ယောက်တည်း ၎င်းကို အသက်သွင်းပါက သာမန်ဧကရာဇ်ပလ္လင်အဆင့် သိုင်းကွက်တစ်ကွက်သာ ဖြစ်၏။ သို့သော် လူများများ အသုံးပြုလေလေ သိုင်းကွက်၏စွမ်းအားမှာ ကြီးထွားလေလေ ဖြစ်သည်။ ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားခြောက်ပါး အတူတကွ ပူးပေါင်းလိုက်သည့်အခါ သူတို့သည် နတ်ကောင်းကင်ခန်းမအဆင့် နတ်ဘုရားတစ်ပါး သို့မဟုတ် မိစ္ဆာတစ်ဦးထက်ပင် ပို၍ အစွမ်းထက်သွားတော့၏။

ယွီချွီးတု အခုအချိန်အထိ တောင့်ခံနိုင်နေခြင်းကပင် အံ့ဩချီးကျူးဖွယ် ကောင်းနေချေပြီ။ သို့သော် လွတ်အောင် ပြေးနိုင်မည်တော့မဟုတ်။

ချင်မူမှာ ရင်ထဲ ထိသွားမိသည်။ သူ‌ မော့ကြည့်လိုက်သည့်အခါ အဆုံးမဲ့တိမ်တိုက်နန်းတော်အပေါ်တွင် သင်္ဘောတစ်စီး တွေ့လိုက်ရသည်။ သင်္ဘောပေါ်တွင် လှံရှည်များ စိုက်ဝင်နေပြီး လှံတို့အပေါ်၌ ဦးခေါင်းခွံများ ချိတ်နေသည်။

ထိုဦးခေါင်းခွံတို့ ပါးစပ်များ ဟလိုက်ကြရာတွင် ထိုလှံတံရှည်တို့၏ ထိပ်ဖျားများက ဦးခေါင်းခွံတို့၏ ပါးစပ်ထဲမှ ထွက်လာကြသည်။ ယင်းက ဦးခေါင်းခွံတို့၏ အသွင်အပြင်အား ပိုမိုထိတ်လန့်ချောက်ချားဖွယ် ကောင်းစေသည်။

နတ်ဘုရားများနှင့် မိစ္ဆာများ ပြဿနာကို ကိုင်တွယ်ပုံမှာ ဖော်ပြမတတ်အောင် အရိုင်းဆန်လှချေသည်။ ကမ္ဘာခေတ်ဦးခေတ်သို့ ပြန်ရောက်သွားသယောင်ပင် ခံစားလိုက်ရသည်။

ခရမ်းရောင်အ၀တ်ဖြင့် ယောက်ျားတစ်ဦးက လက်နောက်ပစ်လျက် သင်္ဘောထိပ်တွင် ရပ်နေသည်။ သူ၏အကြည့်သည် နတ်ဘုရားငယ်အပေါ်သို့ ကျရောက်သွား၏။

ချင်မူက မော့ကြည့်လိုက်သည်။ ထိုလူမှာ တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် သူ၏အကြည့်က ဝေ့ဝဲလာသည်။ သူ၏မျက်ခုံးများ ပင့်တက်သွားပြီး သူက တအံ့တဩ အော်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ”

သင်္ဘောသည် ရပ်တန့်သွားပြီး ထိုလူက သင်္ဘောပေါ်မှ ဆင်းလာ၏။ သူက ဦးညွှတ်အရိုအသေပေးကာ ပြောလေသည်။ “‌ကောင်းကင်နတ်အရှင်‌ဟောင်ရဲ့ တပည့်၊ အဖြူရောင်နတ်မင်းရဲ့ ထူစစ်ခုန်းကြယ်တာရာအရှင်သခင်၊ ကျင့်ပိုင်ချွမ်း ကောင်းကင်နတ်အရှင်မူကို ဂါ၀ရပြုပါတယ်”

ချင်မူမှာ သူ့ကို အကဲခတ်ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။ “မင်းက အနောက်ကောင်းကင်နန်းတော်ရဲ့ ကြယ်တာရာအရှင်သခင်၊ ထူစစ်ခုန်းကြယ်တာရာအရှင်သခင်လား.... ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ ဘာလို့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့တပည့် ဖြစ်လာရတာလဲ”

ကျင့်ပိုင်ချွမ်းက ပြုံးလျက် ဖြေသည်။ “ကောင်းကင်နတ်အရှင်မူက ဒီအကြောင်းကို သိမှာမဟုတ်ပေမယ့် ထူစစ်ခုန်းကြယ်တာရာအရှင်သခင်က သေသွားပါပြီ..... ကျွန်တော် သူ့ကို သတ်ခဲ့တာဆိုတော့ ထူစစ်ခုန်းကြယ်တာရာအရှင်သခင်နေရာကို ရလိုက်တာပါ... သူ့ဦးခေါင်းကို နတ်လက်နက်အဖြစ် သန့်စင်ပြီးတော့ သူ့ရုပ်ခန္ဓာကို စားခဲ့တယ်... ရှေးဟောင်းနတ်ဘုရားတွေရဲ့ အသားက သိပ်အရသာရှိတာပဲဗျ....ကောင်းကင်နတ်အရှင်မူ မြည်းကြည့်ဖူးလား”

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ “ရှေးဟောင်းနတ်ဘုရားတွေ အများကြီး သတ်ခဲ့ပေမယ့် သူတို့ရဲ့ အသွေးအသားကိုတော့ မမြည်းကြည့်ခဲ့ဘူး”

ကျင့်ပိုင်ချွမ်းသည် ရယ်၏။ “ကောင်းကင်နတ်အရှင်မူ အရင်က ရှေးဟောင်းနတ်ဘုရားတွေကို သတ်ခဲ့တယ်ဆိုတာလည်း ကျွန်တော် ကြားဖူးပါတယ်.... ဒါပေမဲ့ နဂါးဟန်ခေတ်တုန်းက အဲ့ဒါက ဖြစ်နေကျပဲ... မထူးဆန်းတော့ဘူး... ‌အဲ့ဒီအချိန်တုန်းက ရှေးဟောင်းနတ်ဘုရားတွေက ရက်စက်ပြီး အရိုင်းဆန်တယ်.... ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကနေ မွေးဖွားလာတာဆိုပေမယ့် သူတို့ကိုယ်ပိုင် မဟာတာအိုအကြောင်းတောင် ကောင်းကောင်းမသိကြဘူး.... ဒါပေမဲ့ ဒီနေ့ခေတ် ရှေးဟောင်းနတ်ဘုရားတွေက ကြိုးစားအားထုတ်ပြီး ကိုယ်ပိုင်မဟာတာအိုတွေကို လေ့လာကြတဲ့အတွက် နဂါးဟန်ခေတ်က ရှေးဟောင်းနတ်ဘုရားတွေထက် ပိုပြီး စွမ်းအားကြီးကြတယ်”

ချင်မူက အသိအမှတ်ပြုလိုက်သည်။ “မင်းက ထူစစ်ခုန်းကို သတ်ပြီး အစားထိုး နေရာယူနိုင်ခဲ့တာဆိုတော့ တကယ်ပဲ ပိုပြီး အစွမ်းထက်ပါတယ်”

ကျင့်ပိုင်ချွမ်း ပြုံးလိုက်ပြီး အဆင့်မြင့်သိုင်းပညာရှင်ခြောက်ဦး ယွီချွီးတုအား တိုက်ခိုက်နေသည်ကို ကြည့်၍ အေးအေးလူလူ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဆိုပါစို့..... ကျွန်တော် နဂါးဟန်ခေတ်ရဲ့ ပထမနှစ်ကို ပြန်သွားခဲ့မယ်ဆိုရင် ကောင်းကင်နတ်အရှင်ကျင့် ဖြစ်လာနိုင်လောက်မလား”

ချင်မူက ပြုံးလိုက်သည်။ “ဖြစ်ရင်လည်း ဖြစ်လာနိုင်သလို သေလည်း သေသွားနိုင်တယ်.... တူလေး၊ မင်းရဲ့ သင်္ဘောပေါ်က ဦးခေါင်းခွံတွေက...”

“သူတို့က အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ရဲ့ တပည့်တွေလေ..”

ကျင့်ပိုင်ချွမ်းက အေးဆေးစွာ ပြောသည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်က ပုန်ကန်ခဲ့လို အဖမ်းခံခဲ့ရတယ်.... သူ့တပည့်တွေကလည်း အသက်ချမ်းသာပေးဖို့ ‌တောင်းဆိုပြီး ကျေးဇူးတင်ရမယ့်အစား စီရင်စုကိုးစုကမ္ဘာဆီ ထွက်ပြေးပြီး ဓားပြတွေ ဖြစ်လာကြတယ်.... ကျွန်တော် အပျင်းတက်နေတာနဲ့ သူတို့ကို လွှတ်ထားခဲ့ပေမယ့် ကောင်းကင်နတ်ဘုံက ရှင်းပစ်ဖို့ ကျွန်တော့်ကို အမိန့်ပေးခဲ့တယ်လေ.... ဒီဦးခေါင်းခွံက ကျွန်တော့်ကောင်းမှုအနေနဲ့ လဲလှယ်ဖို့ပါ... ခင်ဗျားရဲ့ ဦးခေါင်းကိုလည်း လဲလှယ်လို့ရမယ်ဆိုရင် ပျော်ပျော်ကြီး ယူရလိမ့်မယ်... ကံမကောင်းစွာနဲ့...”

ချင်မူက ပြုံးလျက် ‌ပြောလိုက်လေသည်။ “ငါ့ခေါင်းက တန်ပါတယ်ကွ..... ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ အနည်းဆုံး ခုနစ်ယောက်လောက်က ငါ့ခေါင်းကို လိုချင်နေကြတာလေ... လောင်းကြေးထပ်ရဲရင် ဆုချီးမြှင့်ခံရလိမ့်မယ်... တူလေး၊ မင်း သေတွင်းတူးမိတာလည်း ဖြစ်သွားနိုင်လို ချမ်းလည်း ချမ်းသာသွားနိုင်တယ်.... မကြိုးစားကြည့်ချင်ဘူးလား”

ကျင့်ပိုင်ချွမ်းက မျက်ခုံးပင့်လျက် ရယ်၏။ “စိတ်လာမဆွပါနဲ့ ကောင်းကင်နတ်အရှင်... ကျွန်တော်က အားနည်းပါတယ်”

ချင်မူသည် ပြုံးလိုက်ပြီးနောက် ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်၏။ “ခုနစ်ကြယ်ရဲ့ လက်ကိုင်ရိုးဆီ ခရမ်းရောင်အမှုန့်တွေ ပြန်ရောက်လာလို့... သိပ်သည်းလှတဲ့ အငွေ့တွေက မြင်းတစ်ကောင်ကို ချောင်ပိတ်လိုက်တယ်”

အလံ၀င်္ကပါထဲတွင် ပိတ်မိနေသော ယွီချွီးတုမှာ ရုတ်တရက် အကြံရသွားသည်။ သူသည် သူ၏ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်ရာ ၎င်းမှာ အလျင်အမြန် ပြောင်းလဲသွားလေသည်။ ခရမ်းရောင်အမှုန့်အငွေ့များက လေထုထဲတွင် ပျံ့နှံ့သွားပြီး ကောင်းကင်နတ်မြစ်သည် ဟန်ချက်ညီသွား၏။ ကောင်းကင်နတ်သိုင်း၏စွမ်းအားက ကောင်းကင်ခုနစ်စဉ်ကြယ်ကို လက်ကိုင်ရိုးအနေဖြင့် သုံးလိုက်ကာ တဟုန်ထိုး မြင့်တက်လာတော့သည်။

အစက အဖြူရောင်နတ်မင်း၏ တပည့်ခြောက်ဦးသည် သူ့အား ချောင်ပိတ်ထားနိုင်ခဲ့သည်။ သို့သော် သွေးသံချေးအလံများမှာ ရုတ်တရက် ဖရိုဖရဲ လည်ထွက်ကုန်သည်။ ကောင်းကင်နတ်မြစ်တစ်စင်းက ခုနစ်စဉ်ကြယ်အသွင် ဖော်ဆောင်လျက် အလံခြောက်တိုင်ကို ဝန်းရံသွားချေပြီ။

သူတို့၏ ကောင်းကင်နတ်သိုင်းများ ရုတ်တရက် ကစဉ့်ကလျား ဖြစ်သွားကြသည့်အချိန် ယွီချွီးတုသည် ခရမ်းရောင်အမှုန့်များကို သုံးကာ လွတ်မြောက်သွားလေ၏။

ကျင့်ပိုင်ချွမ်း၏ မျက်ခုံးများ ပင့်တက်သွားပြီး သူ့အကြည့်က ချင်မူ့ပေါ် ရောက်လာသည်။

ချင်မူက အေးအေးလူလူ ရေရွတ်လိုက်၏။ “မြစ်ပြင်ထက်မှာ သာသော ကြယ်.... ကောင်းကင်ထက်က လရောင် သစ်ပင်ပေါ်သို့ ဖြာကျအလာ”

ယွီချွီးတုမှာ ချက်ချင်းဆိုသလို ဉာဏ်ကွန့်မြူးလာပြီး ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်ကို သုံးလိုက်သည်။ သူ၏ လက်များ ကားသွားသည့်အခါ ကောင်းကင်ထက်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ အက်ကွဲကြောင်းထဲမှ တဖျတ်ဖျတ် လက်နေသော ကြယ်တာရာများ ထွက်ကျလာပြီး ‌ကျောက်စိမ်းမြို့တော်အဆင့်ရှိ အဖြူရောင်နတ်မင်း၏ တပည့်တစ်ဦးအား ပိုင်းဖြတ်လိုက်သည်။

သူ၏မူလဝိညာဉ်မှာ လွတ်မြောက်သွားသော်လည်း လရောင်က တောက်ပလာသည်။ သူ မော့ကြည့်လိုက်ရာ တောက်ပလင်းလက်နေသည့် လတစ်စင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး သူ၏မူလဝိညာဉ်ကို စိစိညက်ညက် ကြေသွားစေတော့သည်။

ယွီချွီးတုက ချင်မူ့အကြံပေးမှုကိုပင် မစောင့်ဘဲ ၀င်္ကပါအတွင်းမှ ဖောက်ထွက်လိုက်သည်။ သူ၏သိုင်းကွက်များကား ပြောင်းလဲသွားပြီး ကောင်းကင်နတ်မြစ်သည် သူ့ကို ၀န်းရံနေ၏။ ကြယ်တာရာများက တောက်ပလင်းလက်လျက် သွေးသံချေးအလံကို ဖိနှိပ်ထားသည်။

သူသည် ရဲစွမ်းသတ္တိ ရှိပြီး ထက်မြက်သူတစ်ဦး ဖြစ်သည်မှာ သိသာ၏။ ကောင်းကင်နတ်မြစ်က သွေးသံချေးအလံကို ဖိနှိပ်ပြီးနောက် လည်ပတ်ရင်း ကျောက်စိမ်းမြို့တော်အဆင့်ရှိ နတ်ဘုရားနောက်တစ်ပါးကို တိုက်ခိုက်တော့၏။ ယွီချွီးတု လက်သီးဆုပ်လိုက်သည်နှင့် ‌မရေမတွက်နိုင်သော ကြယ်တာရာများက နတ်ဘုရား၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီး သူ့ကျောမှ ဖောက်ထွက်သွားကြသည်။

ထိုကြယ်တာရာများကြောင့် သွေးနှင့် အဆီအနှစ်အားလုံး ခမ်းခြောက်သွားသဖြင့် ထိုနတ်ဘုရား၏ခန္ဓာမှာ တဆတ်ဆတ် တုန်ရီလာသည်။ သူ၏မူလဝိညာဉ်မှာလည်း အသေမချင်း ထိုးနှက်ခံခဲ့ရသည်။

သိုင်းကွက်တစ်ကွက်တည်းဖြင့် ယွီချွီးတုသည် ကျန်လေးဦးထံမှ တိုက်ကွက်များအား ရှောင်လိုက်၏။ သူ၏ခန္ဓာကိုယ်မှာ ရှေးဟောင်းကြယ်တာရာအရှင်သခင်တစ်ပါးကဲ့သို့ ဖြစ်လာပြီး မူလဝိညာဉ်နောက်တစ်ခုကို တိုက်ခိုက်တော့သည်။

ထိုနတ်ဘုရားမှာ မူလဝိညာဉ် ဆွဲထုတ်ခံလိုက်ရသဖြင့် မူးဝေသွား၏။ ကျန်သုံးဦး ကယ်တင်မှုကြောင့် ကံကောင်းထောက်မစွာ လွတ်မြောက်သွားသည်။

ကျင့်ပိုင်ချွမ်းသည် ရပ်ကြည့်မနေနိုင်တော့ချေ။ သူက ပျံတက်လိုက်ကာ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။

All Chapters