ယွီလင်းရှောင် အလည်အပတ် လာခြင်း
Vol. 010 Ch. 947
ကျိရှမ်းကမ်းပါးကား အမှောင်ထုအောက်တွင် အေးစက်စက် လေပြင်းများ တစ်ချက်တစ်ချက် ဝှေ့ယမ်း ရိုက်ခတ်သွားလျှင် ပိုမို၍ ပျက်စီး ခြောက်သွေ့သော အငွေ့အသက်များအား ပေးသည်။ ယခု ကျိရှမ်းကမ်းပါး၏ အခြေခံ အုတ်မြစ်များ အားလုံးမှာ ပြိုလဲခဲ့ပြီး ဖြစ်သည်။ သူတို့၏ တော်ဝင်ရတနာများ အားလုံးမှာလည်း တော်ဝင်ကျဲ နန်းတော်၏ ယူဆောင်သွားခြင်းကို ခံရ၏။ သူကား တော်ဝင်ကျဲနန်းတော်မှ ရှန့်ထို အမွေအနှစ်များအား မျက်စိကျကာ လောဘတက်ခဲ့ သော်လည်း သူဘာမှ မလုပ်ရသေးမီတွင်ပင် ရီဖူရှင်းက ကျိရှမ်းကမ်းပါးအား သိမ်းယူ သွားခဲ့သည်။ သူတို့ ပြန်လည် ထူထောင်နိုင်ရန် နှစ်ပေါင်း မည်မျှ ကြာမြင့် ဦးမည်နည်း။
နှစ်ငါးဆယ်…
နှစ်တစ်ရာ…
သည့်ထက်ပင် ကြာမြင့် နိုင်ပေသည်။
သည်တိုက်ပွဲ ပြီးနောက်တွင် မည်သူက ကျိရှမ်းကမ်းပါး၌ လေ့ကျင့် ရဲတော့မည်နည်း။ သူ… ရှန့်ထိုကျဲက ပျက်စီးခြင်းအား ယူဆောင် လာခဲ့သည်။ မည်သူက သူ့အား ယုံကြည် ရဲတော့မည်နည်း။
မှန်သည်… ယခု ကျန်ရစ်သော နိုဘယ် တန်ခိုးရှင်များမှာ မိမိအား စိတ်ပျက် ဒေါသထွက် နေသည်ကို ခံစားမိသော်လည်း သူတို့အား အပြစ်မတင်နိုင်ပေ။ မိမိကား ကျိရှမ်းကမ်းပါး၏ ခေါင်းဆောင် ရှန့်ထိုဖြစ်၏။ သည်ဖြစ်ရပ်တွင် သူ တာဝန်အရှိဆုံး ဖြစ်သည်။ သူကိုယ်တိုင် ကျိရှမ်းကမ်းပါးအား ချောက်နက်ထဲသို့ ကျဆင်းစေခဲ့၏။
“ရှီဟွာတောင်ရှန့်ထို… ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်… ခင်ဗျားတို့ စစ်တပ်တွေကို မြေရိုင်းပြည်နယ်သို့ ချီတက်စေလို့ မရဘူးလား” ရှန့်ထိုကျဲက လေထဲမှ လူနှစ်ယောက်အား ကြည့်ကာ ပြောသည်… “အင်ပါယာရှားက တော်ဝင်စစ်ပွဲရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပြင်ဆင်ခဲ့မှတော့ အခု စစ်ခင်းချင်တဲ့ အဖွဲ့အစည်းတွေက စစ်ကြေညာစရာ မလိုတော့သလို အင်ပါယာရှား ကိုလည်း အသိပေးစရာ မလိုတော့ဘူး”
“ရှန့်ထိုကျဲ … ရီဖူရှင်းက ရှီဟွာတောင်က ထွက်သွားပြီးတာနဲ့ သူ့စစ်တပ်ကို ခေါ်ပြီး ကျိရှမ်းကမ်းပါးကို သတ်ဖြတ်ခဲ့တယ်။ ဒါက ကြိုတင် စီစဉ်ထားတာပဲ။ ဒီလိုဆိုရင် သူက အရမ်းကို ဉာဏ်များ ကောက်ကျစ်တဲ့သူ ဖြစ်ရမယ်။ သူ့ရှန့်ထိုနှစ်ပါးကို တော်ဝင်ကျဲ နန်းတော်မှာ အသတ်ခံဖို့ ဒီအတိုင်းတော့ စောင့်ခိုင်းထားမှာ မဟုတ်ဘူး။ သူတို့ ရှန့်ထိုတွေ ရှောင်တိမ်းသွားပြီ ဆိုတာ သေချာတယ်။ ရှန့်ထို အဆင့်အောက်က လူတွေကတော့ … သူတို့တွေက ကျိရှမ်းကမ်းပါးကို သတ်ဖြတ်နိုင်မှတော့ အားမနည်းဘူး ဆိုတာ သေချာတယ်။ ကျုပ်တို့ သေသေချာချာ စီစဉ်ဖို့လိုတယ်” ရှီဟွာတောင် ရှန့်ထိုက ပြောသည်။
ရီဖူရှင်းကား သေချာပေါက် မမိုက်မဲပေ။ သူက စည်းမျဉ်းများအား သူ၏ အားသာချက် အဖြစ် အသုံးချရန် မသိဘဲ နေမည် မဟုတ်ပေ။ တော်ဝင်ကျဲနန်းတော်မှ ရှန့်ထိုများ မည်သို့ အသတ်ခံရန် စောင့်ဆိုင်း နေမည်နည်း။
ရှီအဆင့်များမူကား ကျိရှမ်းကမ်းပါး တိုက်ပွဲရလဒ်အရ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင် တို့က အားကုန်သုံး မတိုက်ခိုက်သရွေ့ အသာစီးရရန် မျှော်လင့်ချက် မရှိပေ။
ရန်ရှောင်က တော်ဝင်ကျဲ နန်းတော်၌ များစွာသော ဝင်္ကပါအစီအရင်များ တည်ဆောက် ထားခဲ့သည်ဟု သူတို့ ကြားထားသည်။ သူတို့ကား ရေမြေအနေအထား အသာစီး၌ ရှိကာ သူတို့က တော်ဝင်ကျဲ နန်းတော်အား အမြစ်ဖြုတ် သုတ်သင်နိုင်လျှင်ပင် သေချာပေါက် ကြီးမားသော ပေးဆပ်မှုများ ရှိပေလိမ့်မည်။ အမှန်တကယ်ကား လက်ရှိ ကျိရှမ်းကမ်းပါးမှာ သူတို့အတွက် သိပ်အသုံးမဝင်တော့ပေ။ သူတို့၏ လက်ကျန် အင်အားမှာ ရှန့်ထိုကျဲ ကိုယ်တိုင်နှင့် ခွန်ယိုတို့သာ ရှိပေမည်။
ရှီဟွာတောင် ရှန့်ထို၏စကားကို ကြားလျှင် ရှန့်ထိုကျဲမှာ အလွန်တရာ အေးစက်မှုကို ခံစားရ၏။ သူက ဘာမှ မပြောပေ။ ပတ်ဝန်းကျင်က ပိုမိုလေးလံ လာသယောင် ထင်ရပြီး ရှန့်ထိုများအားလုံး တိတ်ဆိတ်စွာ ကြည့်နေကြသည်။
မည်သူက တွေးထင်မိ မည်နည်း။ ရီဖူရှင်းက မီးတောက်ရှန့်ထိုအား အသုံးချ၍ အင်ပါယာရှား ရောက်လာအောင် ပြုလုပ်ခဲ့သည်များအားဟု သူတို့ သံသယ ဝင်မိကြသည်။ အင်ပါယာရှား၏ စည်းမျဉ်းကိုမူ သူတို့ မအံ့သြပေ။ အင်ပါယာရှားသာ ထိုသို့သော စည်းမျဉ်းကို မချထားလျှင် ပြည်နယ်ကိုးခုမှာ သွေးချောင်း စီးနေပေလိမ့်မည်။
“နားလည်ပြီ...” ရှန့်ထိုကျဲက အေးစက်စွာ ပြောသည်။
“ရှန့်ထိုကျဲ...” ရှီဟွာတောင်ရှန့်ထိုက ဆက်ပြောသည်... “ခင်ဗျား ဘယ်လောက် ဒေါသထွက်နေမလဲ ဆိုတာ ကျုပ် နားလည်တယ်။ တော်ဝင်ကျဲ နန်းတော်ရဲ့ ရက်စက်မှုကို ပြည်နယ်ကိုးခုက လူတွေ အကုန်လုံးက ဝိုင်းဝန်း အပြစ်ပေးဖို့လိုတယ်။ ဒါပေမဲ့ အင်ပါယာရှားရဲ့ အုပ်ချုပ်မှုအောက်မှာ ကျုပ်တို့က စည်းမျဉ်းအတိုင်း လိုက်နာဖို့လိုတယ်။ ပြည်နယ်ကိုးခုက ကြီးမားလွန်းပြီးတော့ နယ်မြေတွေက အကန့်အသတ် မဲ့တယ်။ ရှန့်ထိုတစ်ပါးသာ တမင် ပုန်းရှောင်နေမယ် ဆိုရင် သူ့ကို ဘယ်သူက ရှာတွေ့မလဲ။ ကျုပ်တို့လည်း မတွေ့နိုင်သလို ရန်ဟောင် အဆင့်တွေတောင် ရှာဖို့ ခက်လိမ့်မယ်”
မှန်နန်းတော် သခင်မ၏ မျက်လုံးများက အရောင် တစ်ချက် လက်သွားကာ ရှီဟွာတောင်သို့ ကြည့်သည်။ ထိုစကားလုံး၏ ဖုံးကွယ်နေသော အဓိပ္ပာယ်အား သူမ ကောင်းကောင်း နားလည်သည်။
ရှန့်ထိုအဆင့် တစ်ယောက်က တမင် ပုန်းကွယ်နေလျှင် ရန်ဟောင်အဆင့်ပင် ရှာဖွေရခက်မည်။
ဘာကို ဆိုလိုသနည်း။ ရှန့်ထိုကျဲ ရှောင်တိမ်းနေလျှင် အင်ပါယာရှားပင် ရှာဖွေရ ခက်ခဲပေမည်။
တခြား ရှန့်ထိုများလည်း သူတို့၏ မျက်ခုံးများအား ပင့်လိုက်ကြသည်။ သူတို့ကား နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြသော လိပ်အိုကြီးများ ဖြစ်ကြသည်။ ထိုစကား တစ်ခွန်းက မည်မျှ အတိုင်းအတာအထိ အဓိပ္ပာယ် သက်ရောက်သည်ကို သူတို့အားလုံး သိကြ၏။
ယခု ကျိရှမ်းကမ်းပါးကား သွေးချောင်း စီးခဲ့လေပြီ။ ရှန့်ထိုကျဲသာ လုပ်မည်ဆိုလျှင်...
သို့သော်လည်း အင်ပါယာရှား၏ လက်တံ မည်မျှ ရှည်လျားသည်ကို သူတို့ ကောင်းကောင်း မသိပေ။ ရှန့်ထိုကျဲက ထိုသို့လုပ်ပြီး ပြည်နယ်ကိုးခုမှ ထွက်ပြေး လွတ်မြောက်နိုင်ခြင်း မရှိသည်လည်း ဖြစ်နိုင်ပေ၏။
“အားလုံးပဲ… ပြန်ကြပါ” ရှန့်ထိုကျဲက ရှီဟွာတောင် ရှန့်ထိုအား ပြန်မပြောဘဲ အားလုံးကို ထွက်သွားရန် တိုက်တွန်းသည်။ အနီးမှ လူများက ဘာမှ မပြောဘဲ စတင်၍ အဝေးသို့ ထွက်ခွာကြသည်။ မည်သို့ဆိုစေ ကျိရှမ်းကမ်းပါးကား ယွီပြည်နယ်၏ တော်ဝင်မြေတစ်ခု ဖြစ်ပေသည်။
လက်ထပ်ပွဲ၌ ချောမောကာ အနည်းငယ်မျှပင် နာကျင်စေနိုင်ဟန် မရှိသည့် လူငယ်လေးကား အမှန်တကယ်အားဖြင့် အလွန်ရက်စက် ကြမ်းကြုတ် နေပေသည်။
ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့လည်း ထွက်သွားကြသည်။ ယနေ့ အဖြစ်အပျက်က ရီဖူရှင်း မည်မျှ ခက်ခဲသည်၊ ရက်စက် ကြမ်းကြုတ်သည်ကို ကောင်းကောင်း သဘောပေါက် လိုက်ကြသည်။ သူတို့သာ ရီဖူရှင်းအား လျှော့တွက်မိခဲ့ပါက ထိုလူငယ်လေး၏ ဝါးမျိုခြင်းကို ခံရမည်ကိုလည်း ကောင်းကောင်း သင်ခန်းစာ ရလိုက်ကြသည်။
***
ကျိရှမ်းကမ်းပါး တိုက်ပွဲသတင်းက ပြည်နယ်ကိုးခုသို့ မြန်ဆန်စွာပင် ပျံ့နှံ့သွားခဲ့ကာ မရေမတွက်နိုင်သော လူများမှာ ကြီးစွာ ထိတ်လန့် ခဲ့ကြရသည်။ အားလုံးက ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ လက်ထပ်ပွဲ မဟာမိတ်အား တွေးတော နေကြစဉ်မှာပင် နောက်ထပ် ကြီးမားသော အဖြစ်အပျက်တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။ ကျိရှမ်းကမ်းပါးကား သွေးချောင်း စီးခဲ့၏။
မည်သို့ဆိုစေ… ပြည်နယ်ကိုးခု၌ ရီဖူရှင်းကား ရီဖူရှင်းသာ ဖြစ်သည်။ သူ၏ အလင်းကို မည်သူမှ ခိုးယူနိုင်စွမ်း ရှိဟန်မရပေ။ ကောလာဟလများအရ လက်ထပ်ပွဲ၌ လျူကျောင်းက ရီဖူရှင်းအား နောက်ဆုတ်စေခဲ့သည်။ ရီဖူရှင်းက နောက်ဆုတ်သွားခဲ့ပြီး ကျိရှမ်းကမ်းပါး သွေးချောင်း စီးခဲ့သည်။
လျူကျောင်းက လက်ရှိမျိုးဆက်တွင် ရီဖူရှင်းထက် အားကောင်း နေသည်များလား။ သို့သော်လည်း ရီဖူရှင်းက တမင် သူ၏ စွမ်းရည်အစစ်အား ထိမ်ချန်ထားသည် ဟုလည်း လူအများအပြားက တွေးထင်ကြသည်။
ကျိရှမ်းကမ်းပါး တိုက်ပွဲ၌ ရီဖူရှင်းက တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိဟု ပြောကြသည်။ တော်ဝင်ကျဲ နန်းတော်မှ တခြားလူများသာ တိုက်ခိုက်ကြသည်။ ရီဖူရှင်းက ထိုအဆင့်တိုက်ပွဲ၌ အမှန်တကယ် ပါဝင်နိုင်စွမ်း မရှိသည်လား။ ထို့အပြင် ကျိရှမ်းကမ်းပါး တိုက်ပွဲ၌ တော်ဝင်ကျဲ နန်းတော်နှင့်အတူ သားရဲများလည်း ပါဝင် တိုက်ခိုက်ကြသည်။ တော်ဝင်ကျဲ နန်းတော်၌ အလွန် အားကောင်းသော သားရဲထိန်းချုပ်သူ တစ်ဦးလည်း ရှိသည်။
ယခု ပြည်နယ်ကိုးခုသို့ များစွာသော ကောလာဟလများ ပျံ့နှံ့နေသည်။ သတင်းများမှာ မြေရိုင်း ပြည်နယ်သို့လည်း ရောက်ရှိလာခဲ့ကာ လူအများအပြားမှာ ကြီးစွာ စိတ်လှုပ်ရှား ကြရသည်။ ကျိရှမ်းကမ်းပါးမှာ ယခင်နှစ် အနည်းငယ်က မြေရိုင်းပြည်နယ်၌ လာပြီး မည်သို့ ဗိုလ်ကျ မင်းမူခဲ့သည်ကို အားလုံး သိကြသည်။ နှစ်အနည်းငယ် အတွင်း၌ပင် နိုဘယ်အဆင့် နန်းတော် ခေါင်းဆောင်က တော်ဝင်ကျဲနန်းတော်မှ လူများအား ဦးဆောင်ကာ ကျိရှမ်းကမ်းပါးအား မြေလှန်ခဲ့၏။ လူအများအပြားမှာ သွေးများ ဆူပွက်လာပြီး တော်ဝင်ကျဲ နန်းတော်သို့ ဝင်လိုခဲ့ကြသည်။ နန်းတော်မှာ တော်ဝင်စစ်ပွဲကြား ကာလ၌ ရှိနေသည့်တိုင် သူတို့ သိပ်ဂရုမစိုက် ကြတော့ပေ။ သူတို့က တော်ဝင်စစ်ပွဲ၌ ဆက်လက် ရပ်တည်နိုင်ခဲ့လျှင် တော်ဝင်ကျဲ နန်းတော်၏ အင်အားက အဆုံးအစမရှိ မြင့်တက် လာပေလိမ့်မည်။
ထိုအချိန်တွင် မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်၌ ရီဖူရှင်းလည်း နန်းတော်မှ လူများအားလုံးကို စစ်ပွဲအတွက် ပြင်ဆင်ထားရန် သတိပေးထားခဲ့သည်။ သူက သားရဲများကိုလည်း ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင် တို့အား စောင့်ကြည့်ရန် လွှတ်ထားပေသည်။ လက်ရှိ အခြေအနေတွင် ရန်သူများက စစ်တပ် အချိန်မရွေး စေလွှတ် နိုင်ပေသည်။
ရီဖူရှင်းက ရသမျှ အချိန်ဆွဲလိုသည်။ သူနှင့် ယူချင်းတို့ နှစ်ယောက်လုံး ကွန်းရှီအဆင့်သို့ တက်ရောက် သွားခဲ့လျှင် တော်ဝင်စစ်ပွဲမှာ ပိုမို၍ လွယ်ကူ သွားပေလိမ့်မည်။ ထို့အပြင် အစ်ကို၃၊ ဂျီယူ၊ ဝူချင်းနှင့် ကျူဂီတို့လည်း သည့်ထက် အားကောင်းရန် အချိန်လိုပေသည်။
ကျိရှမ်းကမ်းပါးအား သူတို့က ဖျက်ဆီး နိုင်ခဲ့သော်လည်း ရီဖူရှင်းကား စိတ်ကျေနပ် နှစ်သိမ့်နိုင်ခြင်း မရှိပေ။ အင်ပါယာရှားက စည်းမျဉ်း ထုတ်ပြန် ထားသော်လည်း တစ်ဖက်လူက စည်းမျဉ်းအား ချိုးဖောက်ခဲ့လျှင် မည်သို့ လုပ်မည်နည်း။ တော်ဝင်ကျဲ နန်းတော်ကား ကြီးမားသော အန္တရာယ်များ အချိန်မရွေး ကျရောက် နိုင်ပေသည်။
ထိုအချိန်တွင် တော်ဝင်ကျဲ နန်းတော်၌ ရီဖူရှင်း လေ့ကျင့်နေစဉ် လူတစ်ယောက် သတင်း လာပို့သည်။
“ဘာများလဲ...” ရီဖူရှင်းက မေးလိုက်သည်။
“နန်းတော်သခင် ... နွေဦးပြည်နယ် ယွီကလန်က လာရောက် လည်ပတ်ပါတယ်” ထိုလူက ပြန်ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများထဲ၌ ထူးဆန်းသော အမူအရာများ ဖြစ်လာကာ မေးလိုက်သည်... “ဘယ်သူ လာလည်တာလဲ...”
“ယွီကလန်ရဲ့ သမီးတစ်ယောက်ပဲ။ သူ့နာမည် ယွီလင်းရှောင်လို့ ပြောတယ်”
ရီဖူရှင်းက အံ့အားသင့် သွားပြီးမှ ပြောသည်… “သွားမယ်...”
ရီဖူရှင်းက ယွီလင်းရှောင်နှင့်အတူ ယွီကလန်မှ တန်ခိုးရှင်များအား ကြိုဆိုသည်။
“နန်းတော်သခင်ရီ...” အားလုံးက သူ့အား ဦးညွှတ် နှုတ်ဆက်ကြသည်။
“ရတယ် ... ရတယ်...” ရီဖူရှင်းက လက်ကာပြပြီး ယွီလင်းရှောင်အား ပြုံးလျက် ပြောသည်... “မိန်းကလေးယွီက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”
“သခင်ရီက ကျွန်မကို နန်းတော်သို့ မဖိတ်ခဲ့ဘူးလား” ယွီလင်းရှောင်က ချစ်စဖွယ်ပြုံးကာ ပြောသည်။
“သေချာတာပေါ့။ ကျုပ်တို့က အခြေအနေ နည်းနည်း ရှုပ်ထွေးနေတော့ ဧည့်သည်တွေ လာမယ်လို့တော့ မမျှော်လင့် ထားခဲ့မိဘူး” ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်... “ခင်ဗျားတို့ အတွက် စားပွဲတစ်ခု တည်ခင်း ရတာပေါ့”
“မလိုပါဘူး။ နန်းတော် သခင်က ကျွန်မကို တော်ဝင်ကျဲ နန်းတော်အနှံ့ လိုက်ပြပေးလို့ ရတာပဲ” ယွီလင်းရှောင်က ပြုံးလျက် ပြောသည်။
ရီဖူရှင်းက သူမ၏လှပသော မျက်လုံးများအား ကြည့်ကာ ခေါင်းညိတ်သည်... “ကောင်းပြီ။ ကျုပ် လိုက်ပြပေး ရတာပေါ့” ပြောရင်းနှင့်ပင် သူက ရှေ့သို့ ဆက်လျှောက် သွားလျှင် ယွီလင်းရှောင်က သူနှင့်အတူ လိုက်ပါလာသည်။ သို့သော် တခြား လူများမူကား လိုက်ပါလာခြင်း မရှိပေ။
သူတို့နှစ်ယောက် လျှောက်လာရင်းဖြင့် တော်ဝင်ကျဲ နန်းတော်၏ နန်းဆောင် တစ်ခုသို့ ရောက်လာခဲ့သည်။ ရီဖူရှင်းက ယွီလင်းရှောင်အား ပြောသည်... “ဒါက နန်းတော် သခင်နေတဲ့ တော်ဝင် ရှီနန်းဆောင်ပဲ။ တော်ဝင်ကျဲ နန်းတော်က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေပဲ။ အရင်က နန်းဆောင် ခြောက်ခုပဲ ရှိတယ်။ ဒါပေမဲ့ ကျုပ်က နည်းနည်း ထပ်ပေါင်း ထည့်ခဲ့တယ်”
“ကျွန်မ သိတယ်။ နန်းတော်သခင်ရီ တော်ဝင်ကျဲ နန်းတော်သို့ ဝင်တုန်းက သိပ်အရေးပေး မခံခဲ့ရဘူးလို့ ကြားတယ်။ တော်ဝင် ရှီနန်းဆောင်က ပိုင်စီကို ရွေးခဲ့တယ်။ တိုက်ခိုက်ရေး ရှီနန်းဆောင် သခင်ထောင်ကျန်းက ရှင့်ကို ရွေးခဲ့တယ်။ အခု သခင်ထောင်ကျန်းက ရှန့်ထိုတောင် ဖြစ်နေပြီ” ယွီလင်းရှောင်က ပြုံးလျက် ပြောသည်။
“ဒီလိုပါပဲ...” ရီဖူရှင်းက ရယ်မော လိုက်သည်။ သိသာစွာပင် ယွီလင်းရှောင်က သူ၏အတိတ်ကို လေ့လာထားခဲ့ကာ ယခင်က ဖြစ်ပျက်ခဲ့သည် များအား သိနေသည်။
“ကျိရှမ်းကမ်းပါး ကိစ္စကြောင့် ရှင်က နန်းတော်ကနေတောင် ထွက်သွား ခဲ့ရဖူးတယ်။ အရင် နန်းတော်သခင်က ရှင့်ပါရမီကို မြင်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် စတေးပြီး နန်းတော် သခင်နေရာမှာ ရှင့်ကို အစားထိုးခဲ့တယ်။ အဲဒီအချိန်တုန်းက ရှင်က နိုဘယ်အဆင့်ပဲ ရှိသေးတယ်” ယီလင်းရှောင်က ဆက်ပြောသည် ... “အခု ရှင်က ကျိရှမ်းကမ်းပါးကို ဖျက်ဆီးခဲ့တယ်။ ဒါက အရင် နန်းတော်သခင် နှစ်ပါးအတွက် လက်စားချေရာလည်း ကျတယ်။ သူတို့တွေသာ ရှင်လုပ်ခဲ့တာ သိရင် အရမ်း ကျေနပ်ကြမှာပဲ”
“ဒါပေမဲ့လည်း တော်ဝင်ကျဲနန်းတော်က အန္တရာယ်ကို ရင်ဆိုင် နေရတုန်းပါပဲ” ရီဖူရှင်းက ပြန်ပြောသည်။
“ရှင် ဖြေရှင်း နိုင်မှာပါ” ယွီလင်းရှောင်က ပြောသည်... “ရှင့်ဆရာလိုပဲ ကျွန်မတို့ ကလန်ကလည်း ရှင့်ပါရမီကို တန်ဖိုးထားတယ်။ ကျွန်မတို့ ယုံကြည်မှုက မမှားဘူး လို့လည်း ယူဆကြတယ်။ နောက်ဆုံး တစ်ခေါက် အကြံပေးတာကို နန်းတော် သခင်ရီက ဘာလို့ ထပ်မစဉ်းစား တာလဲ”
ရီဖူရှင်းက ယွီလင်းရှောင်အား ကြည့်သည်။ သူမ၏လှပသော မျက်လုံးများက သူ့အကြည့်ကြောင့် အနည်းငယ်မျှပင် သွေဖည်သွားခြင်း မရှိခဲ့ပေ။ သူမ၏ မျက်လုံးများထဲမှ တချို့သော အကြောင်းအရာ များအား ရီဖူရှင်း နားလည်ခဲ့သည်။
“ကျုပ်က လူတွေရဲ့ စိတ်ခံစားချက်တွေကို အကျိုးစီးပွားတွေထဲ မရောထွေး စေချင်ဘူး။ ဒါက မင်းအတွက် မတရားဘူး” ရီဖူရှင်းက သက်ပြင်း ချသည်။
“ဒါပေမဲ့ ကျွန်မ ဂရုမစိုက်ဘူး” ယွီလင်းရှောင်က ရီဖူရှင်းအား ကြည့်ကာ ပြောသည်။ သူမက လှပစွာ ပြုံးသည်... “ကျွန်မက နန်းတော်သခင်ရီကို ပထမဆုံး တွေ့ဖူးကတည်းက ရှင်နဲ့ ပတ်သက်တာတွေ အများကြီး မေးမြန်းခဲ့တယ်။ လက်ရှိ နန်းတော် သခင်ရီ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ရှင်အသုံးဆုံး ဖြစ်မှာပဲ။ နန်းတော် သခင်ရီက ကျွန်မကို လက်မခံချင်ရင်လည်း ကျွန်မက ဟန်ဆောင်ပေးဖို့ ဝန်မလေးဘူး။ ကျွန်မတို့မိသားစုက နန်းတော်သခင်ရီရဲ့ ပါရမီကိုပဲ တန်ဖိုးထားတာ။ အနည်းဆုံး ကျွန်မတို့က ဝင်ပါဖို့ အကြောင်းပြချက် တစ်ခုလိုတယ်။ တော်ဝင်ကျဲ နန်းတော်က ဒီအကျပ်အတည်းက လွတ်မြောက်ဖို့ဆိုရင် သခင်ရီက ဘာလို့ လက်မခံနိုင် ရမှာလဲ။ နောက်ပိုင်း အားလုံး ငြိမ်းချမ်း သွားတဲ့အခါ ဒါတွေက တကယ် မဟုတ်တဲ့အကြောင်း ကြေညာ လိုက်လို့ရတာပဲ။ အဲဒီအချိန်ကျရင် ဘယ်သူမှလည်း ဂရုစိုက်တော့မှာ မဟုတ်ဘူး”
***