မေ့လိုက်ပါ ... ဒီလမ်းကို မင်းပဲ ဦးဆောင်တော့ ... ။
Vol. 156 Ch. 2172
ကောင်းကင် ရနံ့ သင်းသင်း၏ နှင်းတောင်ပေါ်တွင် မြင့်မြတ်သော သူတော်စင် အသီးအနှံ အများအပြား ပေါက်ရောက်နေပြီး ကောင်းကင်ဘုံ ကဲ့သို့ ထင်မှားစေ၏။
နဂါးပြာ မှတ်တမ်း ပြီးဆုံးပြီးနောက် မုရွယ်လင်က ကောင်းကင်နဂါး သွေးကို တံဆိပ် ခတ်ကာ တရားခဏထိုင် နေခဲ့သည်။
၎င်းသည် ကောင်းကင် နဂါး၏ သွေး တစ်စက်သာ ဖြစ်နိုင် သော်လည်း တန်ဖိုးမှာ နတ်သွေး တစ်ရာထက် ပိုသာ၏။
နတ်သွေးများသည် အဖိုးတန်လှ သော်ငြားလည်း မြင့်မြတ်မြေ တိုင်း၌ လက်ဝယ် ပိုင်ဆိုင် ထားသည်။ ကောင်းကင် နဂါးသွေး မှာမူ ရှားပါးချေပြီ။
ကောင်းကင် နဂါးသွေး၏ အရောင်မှာ ရွှေရောင် ဖြစ်ပြီး၊ သလင်းကျောက် ပုလင်းထဲ၌ ငြိမ်သက်နေ၏။
မုရွယ်လင်မှ သက်ပြင်းချ လိုက်သည်။ ကောင်းကင် နဂါးသွေးကို အာရုံစိုက် နေသူများ ရှိသောကြောင့် လင်းယွန်ကို ပေးရန် အခွင့်အရေး ရှာရပေမည်။
သွေးလ ဂိုဏ်းသည် ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်ကို စော်ကား ဝံ့ဦးမည် မဟုတ်ချေ။ ထို့ကြောင့် လင်းယွန်ထက် သူမ လက်တွင် ရှိနေခြင်းသည် အကောင်းဆုံး ဖြစ်၏။
ထိုအချိန်တွင် တူရိယာ အသံသည် တောင်ကြား ချိုင့်ဝှမ်း တစ်လျှောက် ပဲ့တင်ထပ် လာသည်။
“ ဟမ့် ...
မုရွယ်လင် လှည့်ကြည့်လိုက်သော အခါ အဖြူဝတ် လူငယ် တစ်ယောက် လျှောက်လှမ်း လာသည်ကို မြင်လိုက်ရ၏။
ဤလူသည် မယုံနိုင် လောက်အောင် လှပသော အသွင် အပြင်ဖြင့် ရွှေရောင်ဆံပင် ကောက်ကောက်များ ရှိနေသည်။
“ ကမ္ဘာကြီးဟာ ဒုက္ခတွေနဲ့ ... ပြည့်နှက် နေပြီး ဘယ်သူမှ ငါတို့နဲ့အတူ မလျှောက်လှမ်း နိုင်တာ စိတ်မကောင်းစရာ ပါပဲ။ ”
တျန်ရွှမ်ဇီသည် ပြုံးလျက် လု-တူရိယာကို တီးခတ်သီဆို နေခဲ့သည်။ နဖူးတွင် သွေးရောင် အမှတ်အသား တစ်ခု ပါရှိသော ကြောင်ဖြူ တစ်ကောင်က ပခုံးပေါ် တက်ထိုင်နေ၏။
၎င်းသည် မြင့်မြတ်ပြီး စွဲမက်ဖွယ် ကောင်းသည်။ ရှေးခေတ် အမြီး ကိုးချောင်း မြေခွေး၏ မျိုးဆက်သွေး ပါရှိ၏။
“ ဒီနေရာက တကယ် လှပေမယ့် အထီးကျန်လွန်းတယ် သာမန်လူတွေက ဒီမှာ ကြာကြာ မနေနိုင်ဘူး။ ”
တျန်ရွှမ်ဇီက ပြုံးပြီး မုရွယ်လင်ရှေ့ ဝင်ထိုင်သည်။ ရင်ခွင် ပိုက်ထားသော ‘လု’ကို စားပွဲပေါ် တင်ကာ၊ လက်ဖက်ရည် တစ်ခွက် ငှဲ့သောက်လိုက်၏။
“ လု-တီးတာ မဆိုးပါဘူး။ ”
မုရွယ်လင်က လု-ကို ကြည့်ပြီး ပြောလိုက်သည်။ တျန်ရွှမ်ဇီက လက်ဖက်ရည် ခွက်ကို မြှောက်ကာ ပြုံးလျက်၊
“ တစ်ချိန်တုန်းက ... ဂီတကို နည်းနည်း လေ့ကျင့်ခဲ့ ဖူးတယ်၊ သူတော်စင် အကြီးအကဲနဲ့ ဆုံပြီးတဲ့ နောက်မှာ ... ဒါကို ပြန်ကစားကြည့်ဖို့ သတိရ သွားတယ်၊ ငါတို့ ဘာလို့ ပျော်စရာ မရှိရတာလဲ။ ”
ညာပခုံးတွင် တွဲလျောင်းကျ နေသော နွယ်ပင်က ခရမ်းရောင် မီးလျှံများ တောက်ကာ မျက်နှာ အသွင်အပြင် ပြောင်းသွား၏။
ဤလူသည် လူကောင်း ဖြစ်စေ၊ လူဆိုး ဖြစ်စေ မယုံနိုင် လောက်အောင် ကြည့်ကောင်း သည်ကို ဝန်ခံရပေမည်။
“ ဆက်လုပ်ပါ။ ”
မုရွယ်လင်မှ ငြင်းဆန်ခြင်း မရှိဘဲ လက်ဝှေ့ယမ်းကာ ရှေးကျသော ဗျပ်စောင်း တစ်လက်ကို ဆင့်ခေါ်လိုက်၏။
တျန်ရွှမ်ဇီက လု-ကို ကောက်ကိုင်ကာ ပြုံးတော့၏။ များမကြာခင် လု-တေးသံနှင့် ဗျပ်ဆောင်းသံများ ပဲ့တင်ထပ် ကုန်သည်။
“ ဒင် ... ။ ”
၎င်းတို့ နှစ်ဦးစလုံးသည် သူတော်စင် ဘုရင်အသံကို စတင် အသက်သွင်း ခဲ့ကြ၏။ အသံလှိုင်း နှစ်ခု ထိပ်တိုက် တွေ့သောအခါ၊ ပတ်ဝန်းကျင်ရှိ အရာ အားလုံး ဆီးနှင်းများ ကဲ့သို့ လွင့်စဉ် ပျက်စီးသွားသည်။
“ ဝုန်း ... ။ ”
စက္ကန့်ပိုင်း အတွင်းမှာပင် မြေပြင်သည် ဖုန်မှုန့်များ ကင်းစင်သွားကာ အမျိုးမျိုးသော ဖြစ်စဉ်များ ထွက်ပေါ်လာ၏။
ဗျပ်ဆောင်း တေးသံသည် အဖြူဝတ် ဓားသမား ဖြစ်ပြီး လု-တေးသံမှာ မြင်းတပ်ကြီး ဖြစ်၏။
အဖြူဝတ် ဓားသမားသည် သူ၏ ဓားရောင်ဝါကို မည်မျှပင် ထုတ်လွှတ်စေ ကာမူ မြင်းတပ်အပေါ် နှိမ်နှင်းနိုင်ခြင်း မရှိချေ။
ပတ်ဝန်းကျင် ဖြစ်စဉ်များ ပိုမို ပြင်းထန်လာပြီး၊ တောင်ကြား၌ အမျိုးမျိုးသော ဖြစ်စဉ်များဖြင့် ဖုံးလွှမ်းကုန်သည်။
သူတော်စင် ဘုရင် အသံကို တီးခတ် နိုင်သူများသည် ကောင်းကင် မူလ အဆင့်နှင့် ရင်ဆိုင်နိုင်၏။
ဧကရာဇ် အသံ မှာမူ သူတော်စင်များ အတွက် ဖြစ်သည်။ သီချင်း ပြီးဆုံးတော့မည် ဖြစ်သဖြင့် မုရွယ်လင်မှ အံကြိတ်လိုက်၏။
တစ်ဖက် လူ၏ လု-တေးသံသည် ကျောက်စိမ်းပုဂံပေါ်သို့ ပုတီးစေ့များ ကျဲချ နေသည့်အလား တသွင်သွင် စီဆင်းနေ၏။
“ ..... ။ ”
ထို့ကြောင့် စစ်မြေပြင်တွင် ပြေးလွှား နေသော မြင်းများ၌ အနက်ရောင်အလံ တစ်ခုစီ တလူလူ လွင့်လာသည်။
“ ထောင်း ... ။ ”
သို့သော် ရွှေရောင် လှိုင်းတစ်ခုက မြင်းတပ်ပေါ် ဖြတ်ကျော်ကာ လု-ကြိုးကို ဖြတ်တောက် လိုက်၏။
အေးစက်သော လေပြင်းများ တိုက်ခတ် လာမှုကြောင့် နှစ်ယောက်သား တူရိယာများကို တစ်ပြိုင်နက်တည်း ရပ်လိုက်မိသည်။
“ ဧကရာဇ် အသံ ... ကောင်းလိုက်တာ၊ ဒါပေမယ့် ... ငါ့လု ပျက်စီးသွားပြီ၊ သူတော်စင် အကြီးအကဲ ဒီအတွက် မင်းငါ့ကို လျော်ကြေး ပေးသင့်တယ် မထင်ဘူးလား။ ”
တျန်ရွှမ်ဇီက ခေါင်းမော့ကာ အပြုံးဖြင့် ပြောကြား လိုက်သည်။ သို့သော် မုရွယ်လင်မှာ မျက်နှာ အေးစက်လာပြီး၊
“ ငါ မင်းကို လုံလောက်တဲ့ မျက်နှာသာ ပေးထားပြီးပြီ၊ လွန်မလာနဲ့။ ”
-ဟု သတိပေး၏။
“ ဒါပေမယ့် ... အခု ငါ့ရဲ့ လုကြိုး ပြတ်သွားပြီလေ ... မင်းငါ့ကို ရှင်းပြ ပေးသင့် ပါတယ်။ ”
“ ဝေ့ဝိုက် မနေနဲ့ ... မင်း ဘာလိုချင်လဲ။ ”
“ ကောင်းကင် နဂါး သွေးစက် ...။ ”
“ ဝှစ် ... ။ ”
တျန်ရွှမ်ဇီ ပြောလိုက်သည်နှင့် အမြီး ကိုးချောင်း မြေခွေးက နီးစပ်ရာ ကျောက်တုံး တစ်တုံးပေါ် ခုန်တက်ကာ မုရွယ်လင်ထံ အေးစက်စွာ ကြည့်နေ၏။
“ ကောင်းကင် ရနံ့ သင်းသင်းကို စော်ကားတဲ့ လူတိုင်း ... တန်ဖိုးတစ်ခု ပေးဆပ် ရတယ်၊ ဧကရီတောင် ချွင်းချက် မရှိဘဲ။ ”
“ မင်း ငါ့ကို ... ခြိမ်းခြောက် နေတာလား သူတော်စင် အကြီးအကဲ။ ”
တျန်ရွှမ်ဇီမှ သက်ပြင်းချကာ ပြန်မေး လိုက်သည်။
“ ထပ်မပြောဘူး ... ။ ”
မုရွယ်လင်က ပြတ်၏။
“ ပန်းတိုင်ရောက်ဖို့ ဆိုရင် ... ဘာမဆို ငါလုပ်တတ်တယ်လို့ ရှေးဟောင်း ပျက်စီးမြေက လူတိုင်း သိကြတယ်၊ ...
... ငါက လူဆိုး တစ်ယောက်ပါ၊ ဒီလို လူဆိုးတစ်ယောက်က တစ်ခုခုကို မင်းဆီက တောင်းနေရင် ... လိုက်လျောသင့်တယ်။ ”
တျန်ရွှမ်ဇီက ဖြည်းညှင်းစွာ မတ်တပ် ထရပ်ပြီး တောင်ပေါ်ရှိ နန်းတော်ထံ ကြည့်ကာ၊
“ ဒီနေရာက ရှုခင်းတွေက လှတယ်၊ နန်းတော်သာ ပျက်စီးသွားရင် လူတော်တော် များများအတွက် စိတ်မချမ်းသာစရာ ဖြစ်မယ် ထင်မိတယ်။ ”
-ဟု ညည်းတွား လိုက်သည်။
“ ညောင် ... ။ ”
ကြောင်ဖြူက ရုတ်တရက် ခုန်ချကာ၊ မုရွယ်လင် ခြေဖဝါးကို လျှာဖြင့် လျက်တော့၏။ မုရွယ်လင် ခမျာ ဒေါသကို ဖြေဖျောက်ရန် အသက် ပြင်းပြင်း ရှူလိုက်သည်။
သူမသည် တျန်ရွှမ်ဇီ၏ ပြိုင်ဘက် မဟုတ်ချေ။ လက်ရှိ တျန်ရွှမ်ဇီသည် လွန်ခဲ့သော တစ်နှစ်ကထက် ပိုမို အားကောင်းနေ၏။
ကောင်းကင် ရနံ့ သင်းသင်းမှ လူတိုင်းကို သတ်ကာ ထွက်သွားချင်လျှင် သူမ တားနိုင်မည် မဟုတ်ချေ။
အချိန်အတော်ကြာ ပြီးနောက် ရွှေရောင် သလင်းကျောက် ပုလင်းကို ထုတ်ယူ လိုက်၏။
“ ကျေးဇူး တင်ပါတယ် သူတော်စင် အကြီးအကဲ။ ”
တျန်ရွှမ်ဇီက မြင်ပြီး ပြုံးကာ လက်လှမ်း လိုက်သည်။ မုရွယ်လင်မှ မပေးသေးဘဲ လက်ကို လျစ်လျူရှု ထား၏။
“ မင်းက လူဆိုးမဟုတ်ဘူး ... လူမိုက်၊ သွေးလဂိုဏ်းတောင် နတ်တောင်ကို မစော်ကား ဝံ့တာ၊ မင်းလုပ်မှာ သေချာလား။ ”
“ ဧကရာဇ် ကိုးပါး ပေါင်းပြီးတောင်မှ နတ်တောင်ကို မစော်ကားဝံ့တာ ... ငါလိုလူက ဘယ်လိုလုပ် သတ္တိ ရှိမှာလဲ၊ ဒါပေမယ့် ...
... ဒီကောင်းကင် နဂါးသွေးကို ငါယူမယ်၊ ဘယ်လို ကံကြမ္မာမျိုး မဆို ... ငါ့ခေါင်းပေါ် တင်လိုက်ပါ။ ”
တျန်ရွှမ်ဇီက ပြုံးပြီး သလင်းကျောက် ပုလင်းကို ယူသည်။ ထို့နောက် ဗျပ်ဆောင်းထံ ကြည့်ကာ၊
“ မင်းရဲ့ တူရိယာက မဆိုးပါဘူး၊ တကယ်တော့ ... ငါလည်း ဧကရာဇ် အသံကို သိတယ်။ ”
-ဟု ဆိုလျက် ပြုံးပြသည်။
ထို့နောက် လု-တူရိယာကို တီးခတ်လျက် ကောင်းကင်ပေါ် ပျံတက် လိုက်၏။ ဧကရာဇ် အသံ၏ ဖိအားများ ထွက်ပေါ် လာတော့သည်။
“ ဒင် ... ။ ”
တောင်ကြား ချိုင့်ဝှမ်း တစ်ခုလုံး ချက်ချင်း လွှမ်းခြုံသွားပြီး ရွှေရောင် အဆင်း သဏ္ဍာန်များ တောက်ပလာ၏။
“ အနာဂတ်မှာ ပြန်ဆုံ ကြရအောင်။ ”
လက်ပြလျက် ကြောင်ဖြူကို လှမ်းခေါ်ကာ ထွက်ခွာသွား တော့သည်။ လက်သီး ဆုပ်မိပြီး မုရွယ်လင်မှ ငေးကြည့် ကျန်ရစ်ခဲ့၏။
ဤသည်မှာ ဧကရာဇ် အသံ ဖြစ်သည်။ တျန်ရွှမ်ဇီသည် မည်သို့သော ဘီလူးမျိုး ဖြစ်ချေ သနည်း။
***
ကျွားချင်းယန်နှင့် ချင်းကန်က ကောင်းကင်ရနံ့ သင်းသင်း အပြင်ဘက်တွင် ရပ်နေကြသည်။
တျန်ရွှမ်ဇီက ကြောင်ဖြူကို ပိုက်လျက် ပြန်ထွက်လာပြီး၊ ကျွားချင်းယန်ထံ ကမ်းပေး လိုက်ကာ၊
“ ကိုးငယ်ကို ကူညီပေးဦး ... ။ ”
-ဟု ပြောကြား တော့၏။
“ ဟုတ်ကဲ့ ... ။ ”
ကျွားချင်းယန်မှ ပြုံးကာ ကြောင်၏ အမွေးအမှင်များကို ဖြီးသပ်ပေး လိုက်သည်။ ဤကြောင်ကို သန့်ရှင်းရေး လုပ်ပေးရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။
တျန်ရွှမ်ဇီက ကြောင်ဖြူထံ ကြည့်ပြီး ခေါင်းညိမ့်လျက် သလင်းကျောက် ပုလင်းကို ချင်းကန်ထံ ကမ်းပေးလိုက်၏။
“ အင်ပါယာကို သွားပါ ... ဒီပုလင်းကို တစ်စုံတစ်ယောက် လာယူရင် ပေးလိုက်။ ”
ချင်းကန်က သလင်းကျောက် ပုလင်းကို လက်ခံယူကာ၊
“ ဆရာ ... ကျွန်တော် ဘယ်သူ့ကို ပေးရမှာလဲ။ ”
-ဟု ပြန်မေးမိ၏။
“ မင်းဆီ လာတောင်းတဲ့ လူကို ပေးလိုက်။ ”
“ ဟုတ်ကဲ့ ... ။ ”
ချင်းကန်က သူ့အဝတ်အစား အိတ်ထဲ သလင်းကျောက် ပုလင်းကို ပေါ့ပေါ့ တန်တန် ထည့်လိုက်သည်။
“ အဲဒါ ကောင်းကင် နဂါး သွေးပဲ၊ မင်းရဲ့ သိုလှောင် လက်ကောက်ထဲ ပြောင်းထည့် သွား ... ။ ”
တျန်ရွှမ်ဇီမှ သူ့တပည့်ကို ပြုံးကာ ပြောကြားလိုက်သည်။ ချင်းကန် တစ်ယောက် ချင်းချင်း တုန်လှုပ်လာ၏။
“ သက်တောင့် သက်သာနေပါ၊ ကောင်းကင် နဂါးသွေး မင်းလက်မှာ ရှိလိမ့်မယ်လို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ဘူး၊ သွားတော့ ... ။ ”
“ ဆရာ ... အရှေ့ဘက် ပျက်စီးမြေကို ယှဉ်ပြိုင်မဲ့ အချိန် ... ကျွန်တော်တို့ လိုက်မယ်လို့ ဆရာ ပြောခဲ့တယ် မဟုတ်လား။ ”
ချင်းကန်မှ လေးကန်စွာ ပြန်မေးမိသည်။
“ ဒီခရီးက အန္တရာယ်များ လွန်းတယ်၊ ငါ့နောက် လိုက်ဖို့ စဉ်းစား မနေနဲ့၊ သက်တံဓား သူတော်စင်ဆီက ... ငါ ပြန်မလာနိုင် သရွေ့ မင်းပြန်မလာနဲ့။ ”
“ ဆရာက ဉာဏ်ရည် ထက်မြက်တဲ့ ... ပါရမီရှင်ပါ ... ဒီခရီးမှာ ရှင်သန် နိုင်မယ်လို့ ယုံကြည် ပါတယ်၊ နှစ်ပေါင်း တစ်ထောင် အတွင်း ဘယ်သူမှ ဆရာနဲ့ ယှဉ်နိုင်တဲ့ အရည်အချင်းတွေ မရှိကြပါဘူး။ ”
ချင်းကန်မှ ပြန်လည် ပြောကြားသည်။
“ ကံကြမ္မာက ပေးတဲ့ ... လက်ဆောင် တိုင်းက စျေးနှုန်းတွေ ကပ်ထားတယ်၊ ငါလည်း ခြွင်းချက် မဟုတ်ဘူး၊ သွားတော့ ... ။ ”
တျန်ရွှမ်ဇီက နူးညံ့သော အပြုံးဖြင့် သက်ပြင်းချ လိုက်သည်။ ချင်းကန်မှ တစ်ခုခု ပြောချင်သော်လည်း သူ့ဆရာ သခင်သည် ဆုံးဖြတ်ချက် ချပြီးနောက် စိတ်မပြောင်း သည်ကို သိထား၏။
“ အစ်ကိုကျွား ...ဆရာ့ကို ဂရုစိုက်ပါ။ ”
ထို့ကြောင့် ချက်ချင်း ထွက်ခွာသွား တော့သည်။ ချင်းကန် ပျောက်ကွယ် သွားချိန်၌ တျန်ရွှမ်ဇီက ကျွားချင်းယန်ထံ ကြည့်ကာ၊
“ ချင်းယန် ... ငါတို့ ဒီခရီးစဉ် ပြီးတာနဲ့ ပြန်လှည့်လို့ မရတော့ဘူး။ ”
-ဟု သတိပေး လိုက်၏။
“ ဒါဆို ဆက်သွားမယ် ... ။ ”
“ ကောင်းပြီ ... ငါတို့ နောက်ပြန် မလှည့်ကြေး။ ”
ထို့နောက် ဆရာတပည့် နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ပြီး ပြုံး၏။ ကျွားချင်းယန်မှ ရုတ်တရက် သတိ ရလာပြီး၊
“ ဆရာ ... ဒီလမ်းက ရှေးဟောင်း ပျက်သုဉ်းမြေကို ပြန်တဲ့လမ်း ဖြစ်နေတယ်။ ”
-ဟု သတိပေး လိုက်သည်။
“ ဟုတ်လား ... ။ ”
တျန်ရွှမ်ဇီက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“ အနန္တ လျှပ်စီး တောင်ထိပ်က ... ဘယ်အရပ်မှာလဲ၊ မေ့လိုက်ပါ ... ဒီလမ်းကို မင်းပဲ ဦးဆောင်လိုက်တော့ ... ။ ”
***