အလင်းနှင့် အမှောင်။
Vol. 156 Ch. 2178
မရဏ မိုးကြိုး တောင်ထိပ် သခင်ကို နှုတ်ဆက်ကာ သူ့ခြံဝင်းသို့ ပြန်လာခဲ့သည်။ နောက်လ ကိုးရက်နေ့တွင် တစ်စုံတစ်ရာ ဖြစ်ပျက် မည်ကို သိသော်လည်း မည်သည့် အရာများ ဖြစ်ပျက်မည်ကို မပြောနိုင်ချေ။
“ ကြည့်ရတာ ဝမ်မူယန် လိမ်တာ မဟုတ်လောက်ဘူး၊ သွေးလဂိုဏ်းက အဲဒီနေ့မှာ တစ်ခုခု လုပ်နိုင်တယ်။ ”
ခရမ်းငယ်က ဓားသေတ္တာထဲမှ လှမ်းထွက်ကာ ပြောကြားလာသည်။
“ သွေးလဂိုဏ်းက သူတို့ရဲ့ အသည်းကို ဘယ်က ရလာတာလဲ။ ”
လင်းယွန်မှ မယုံနိုင်သေးချေ။ အဆုံးတွင် ကောင်းကင် တာအို ဂိုဏ်းသည် ခိုင်မာသော အခြေခံ အုတ်မြစ် ရှိသည်။
“ ကောင်းကင် တာအို ဂိုဏ်းက အပေါက်တွေနဲ့ ပြည့်နှက်တယ်၊ ယဲ့ကူဟန်က နင့်ကိုတောင် ဂိုဏ်းထဲ ဝင်နိုင်အောင် လုပ်လို့ ရသေးတာပဲ၊ ...
... တခြား မျိုးနွယ်စုတွေ ကလည်း သွေးလဂိုဏ်းရဲ့ လူတွေကို ဝင်ခွင့်ရအောင် လုပ်နိုင်ပါလိမ့်မယ်။ ”
ခရမ်းငယ်က လက်ပိုက်လျက် ထောက်ပြလာသည်။
“ ကောင်းကင် တာအိုဂိုဏ်းမှာ ရန်သူနဲ့ မိတ်ဆွေ မဆုံးဖြတ်နိုင်တဲ့ အတွက် နေသင့်တဲ့ နေရာ မဟုတ်ဘူး၊ ဂိုဏ်းက ကြီးပေမယ့် စည်းလုံးမှု မှာတော့ ဓားဂိုဏ်းထက် အများကြီး နိမ့်ကျတယ်။ ”
ဓားဂိုဏ်းသည် ကောင်းကင် တာအို ဂိုဏ်းကဲ့သို့ မဟုတ်ဘဲ စည်းလုံး ညီညွှတ်ချေ၏။ မျိုးနွယ်စုကြီး လေးခု မှာမူ ကောင်းကင် တာအို ဂိုဏ်းကို စိတ်မပူကြချေ။
လက်သီး တစ်ထောင် မဟာ သူတော်စင်သည် ဂိုဏ်းကို ဦးဆောင်သူ တစ်ဦး ဖြစ်သော်လည်း အလုံးစုံ အာဏာ မရချေ။
“ အဲဒါကို မစဉ်းစားဘဲ ... ဆုလာဘ်တွေကို အရင် ကြည့်ရအောင်။ ”
လင်းယွန်က ယဲ့ကူဟန် ပေးသော သိုလှောင်အိတ် အတွင်းမှ ရှိသမျှ အားလုံးကို ထုတ်ယူ လိုက်သည်။
ရှေးဟောင်း ရာဝင်အိုးကြီး တစ်လုံးက ကြမ်းပြင်၌ ဦးစွာပေါ်လာ၏။ ၎င်းပေါ်လာသည် နှင့် ခရမ်းငယ်မှ အံသြသွားသည်။
“ အဠမတန်း စစ်မှန်သော နဂါး သွေးရည်ကြည်ပဲ ... အိုးတစ်ဝက်စာတောင် ထည့်ထားပါလား။ ”
ခရမ်းငယ်က ရာဝင်အိုးပေါ် ပျံတက်ကာ ရေရွတ်လိုက်သည်။ မွှေးရနံ့အရ ရေနဂါးသွေးမှ သန့်စင်ထားမှန်း မြင်သာ၏။ လင်းယွန်က ခရမ်းငယ်ဘေးသို့ ခုန်တက် လိုက်သည်။
ရာဝင်အိုးကြီး ကိုယ်တိုင်ကပင် အာကာသ ရတနာ တစ်ခု ဖြစ်၏။
“ ကီလိုဂရမ် ဘယ်လောက်ရှိလဲ။ ”
လင်းယွန်မှ အိုးအတွင်း ငုံ့ကြည့်ကာ မေးလိုက်မိသည်။ ယခင် ရခဲ့သော အရင်းအမြစ် များသည် သူ့ဘဝကို ရင်းထားရ၏။
ဤတစ်ကြိမ် တွင်မူ ကောင်းကင် နဂါး သခင်ဘွဲ့ကြောင့် လာခြင်း ဖြစ်သည်။
“ အနည်းဆုံး ကီလိုဂရမ် (၂၅၀,၀၀၀)လောက် ရှိတယ်။ ”
ခရမ်းငယ်က လောဘမီးများ တောက်လောင်နေသော အကြည့်ဖြင့် ပြန်ဖြေ လာသည်။ ပါးစပ်မှလည်း တံတွေးကို မြိုချ လိုက်၏။
“ ငါ့အပင်က အခုမှ အရွယ်ရောက်ခွင့် ရလာတော့မယ်၊ လက်သီး တစ်ထောင် မဟာ သူတော်စင်က တကယ့် လူကောင်း တစ်ယောက်ပါပဲ။ ”
ထို့အပြင် ပုလင်း တစ်လုံးထဲ၌ နဝမတန်း နဂါးသွေးရည်ကြည် ကီလိုဂရမ် (၅၀,၀၀၀)ကို ထပ်မံ တွေ့ရှိလိုက်သည်။
“ ဒါ ငါ့ဥစ္စာ ... ဘယ်သူမှ ငါ့ဆီကနေ လုယူခွင့် မရှိဘူး။ ”
ခရမ်းငယ်က ပုလင်းကို ပွေ့ဖက်လျက် စိတ်လှုပ်ရှားကာ မျက်ရည်များ ဝိုင်းလာခဲ့သည်။ အဋ္ဌမတန်း နဂါး သွေးရည်ကြည်ကို ရေနဂါး သွေးဖြင့် သန့်စင်ထား၏။
နဝမတန်း နဂါး သွေးရည်ကြည် ကိုမူ အဖိုးတန် သူတော်စင် စွမ်းအင် မြောက်များစွာ ထပ်မံ ပေါင်းစပ်ထားသည်။
ထို့ကြောင့် ကီလိုဂရမ် (၅၀၀၀၀)သာ ရှိသော်လည်း များစွာ အဖိုးတန်၏။
“ တစ်ခုပဲ ရွေး ... ။ ”
လင်းယွန်က ပြုံးပြီး ပြောသည်။ ခရမ်းငယ်က သူမ ရင်ခွင်ထဲရှိ ပုလင်းနှင့် ကြမ်းပြင်ပေါ်ရှိ ရာဝင်အိုးကို ကြည့်ကာ အကျပ်ရိုက် သွား၏။
“ ရွေးရ ခက်လွန်းတယ် ... နှစ်ခုလုံး ရနိုင်မလား။ ”
“ ဟား ဟား ဟား ... မင်းကိုယ်မင်း ပြန်ကြည့်စမ်း ... ဒီမှာ နတ်နဂါး သူတော်စင် သွေးရည်ကြည် (၅၀၀) ကီလိုဂရမ် ကိုရော မယူတော့ဘူးလား။ ”
“ အိုး ဟုတ်လား၊ ဖယ်စမ်း ... ငါ့ကို ကြည့်ခွင့်ပေးပါ။ ”
ခရမ်းငယ်က လင်းယွန်ကို တွန်းဖယ်ကာ ဘူးသီးခြောက် တစ်လုံးအား ကောက်ကိုင်ကြည့် တော့၏။ ဤသည်မှာ နတ်နဂါး သူတော်စင် သွေးရည်ကြည် ဖြစ်သည်။ နတ်နဂါး သွေးနှင့် သန့်စင်ထား၏။
၎င်းကို ဘူးသီးခြောက် ထဲတွင် ထည့်ထားခြင်း ဖြစ်သည်။ သတိ မထားပါက ဝိုင်အိုးဟုပင် ထင်မိနိုင်၏။
“ ဒါ ... ဒါက တကယ့် ရတနာပဲ ... ရှေးဦးခေတ် မှာတောင် တကယ် ရှားတယ်၊ ဟမ့် ... ဒီပုလင်းက ဘာလို့ အက်ကွဲ လာရတာလဲ။ ”
နဝမတန်း နဂါး သူတော်စင် သွေးရည်ကြည် ထည့်ထားသော ပုလင်းကို ကြည့်ကာ ခရမ်းငယ် မျက်နှာ ရုတ်တရက် ပြောင်းသွားသည်။
“ ငါ့ကို ပြစမ်း ... ။ ”
လင်းယွန်က ပုလင်းကို အလျင်အမြန် လွဲယူကာ စစ်ဆေးကြည့် တော့၏။ အဆုံးတွင် ဤပုလင်းထဲရှိ အရာများမှာ ရတနာများ ဖြစ်ပြီး ဆုံးရှုံးသွားသော နာကျင်မိပေမည်။
“ ဟမ့် ... ဘယ်မှာလဲ အက်ကြောင်းတွေ ... ဘာမှ မရှိပါဘူး။ ”
“ ဂလု ... ဂလု ... ။ ”
ထိုအချိန်တွင် ခရမ်းငယ်က ဘူးသီးခြောက်ကို မော့သောက်လျက် မျက်နှာ နီရဲလာ တော့သည်။
ပြန်မော့ကြည့် လိုက်သော လင်းယွန်က ထိုမြင်ကွင်းကြောင့် မျက်လုံးပြူး သွားမိ၏။ သူ သတိ လက်လွတ် ဖြစ်သွားခဲ့သည်။
“ ဟဲဟဲ ... ဒီထဲမှာ အဆိပ် ရှိ-မရှိ ... နင့်အစား ငါစမ်းသောက်ကြည့် တာပါ။ ”
ခရမ်းငယ်က အပြစ်ရှိသော အပြုံးမျိုးဖြင့် သူမ နှုတ်ခမ်းကို သုတ်ကာ ပြောကြားလာ၏။ လင်းယွန်မှ ဘူးသီးခြောက်ကို ချက်ချင်း လုယူလိုက်သည်။
ဘူးသီးခြောက်ကို ယမ်းခါလျက် မည်မျှ သောက်သွားကြောင်း မှန်းဆမိ၏။ တကျိုက် တည်းဖြင့် အများကြီး သောက်ခဲ့ပုံရသည်။
“ အဆိပ်ရှိလား ။ ”
ဒေါသတကြီး မေးလိုက်မိ၏။
“ အဲဒီ အတွက် စိတ်ပူစရာ မလိုပါဘူး၊ အဆိပ်ကင်းပါတယ်။ ”
ခရမ်းငယ်မှ ရှက်ရွံ့စွာ ပြန်ဖြေသည်။
“ မင်း ဘယ်လောက် သောက်လိုက်လဲ။ ”
“ တစ်ရာ ကီလိုဂရမ် မရှိတရှိ... ။ ”
ဤအရာက လင်းယွန်ကို အသက်မဲ့ သွားစေသည်။ မိန်းကလေး တစ်ယောက်သည် တစ်ရာ ကီလိုဂရမ်ကို တကျိုက်တည်းဖြင့် မည်သို့ သောက်နိုင် သနည်း။
“ မင်း ... တကယ် သောက်နိုင်တာပဲ။ ”
ကူကယ်ရာမဲ့သော အသွင်ဖြင့် ခရမ်းငယ်ခေါင်းကို ခေါက်လိုက်သည်။ သို့သော် သူတော်စင် ရောင်ဝါများ သူမ နဖူးမှ တောက်ပပြီး သူ့ကို တွန်းထုတ်၏။
“ ဝှစ် ... ။ ”
ယင်းကြောင့် လင်းယွန် တစ်ယောက် ခေါင်းကိုမထိခင် အဝေးသို့ ပျံသန်း လွင့်စဉ်သွား တော့သည်။
ကံကောင်း ထောက်မစွာဖြင့် ဒဏ်ရာ မရခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လက်ထဲမှ ဘူးသီးခြောက်ကို ပြန်ကြည့်ကာ၊
“ နတ်နဂါး သူတော်စင် သွေးရည်ကြည်က တကယ်ပဲ အစွမ်းထက် လွန်းတယ်။ ”
-ဟု ညည်းတွား လိုက်တော့သည်။
နတ်နဂါး သွေးရည်ကြည်သည် ဝိုင်ကဲ့သို့ ယစ်မူးနိုင်ကြောင်း သူ တစ်ခါမျှ မကြားဖူးချေ။ ခရမ်းငယ်မှ ထွက်လာသော ရောင်ဝါများသည် ပို၍ ပြင်းထန်လာပြီး ဆံပင်များ ပျံဝဲလျက် မျက်လုံးမှိတ် သွားခဲ့၏။
ဆံပင်များ အဝါရောင် ပြောင်းသွားကာ ခါးအထိ ရှည်လာ၏။ သူမ ခွန်အားကို အပြည့် သုံးသော် ထိုဆံပင်သည် ငွေရောင် ဖြစ်သွား ပေလိမ့်မည်။
လက်ရှိအချိန်၌ အောင်မြင်မှု တစ်ခု ရသွားချေပြီ။ ထိုအချိန်တွင် အနက်ရောင် အရိပ် တစ်ရိပ် ပြေးထွက် လာပြန်၏။
၎င်းက လင်းယွန် လက်ထဲရှိ ဘူးသီးခြောက်ကို လောဘဖြင့် ကြည့်လာ တော့သည်။
“ ရော့ ... ။ ”
“ ဂလု ... ဂလု ... ။ ”
လင်းယွန်မှ ပြုံးပြီး ကမ်းပေးလိုက်၏။ နဂါးလေးက လုံးဝ ဟန်မဆောင် တော့ဘဲ မော့သောက် ချလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ... ။ ”
“ ..... ။ ”
ပြီးနောက် ပြုံးလျက် ဘူးသီးခြောက်ကို ပြန်ပေးလာသည်။ ဘူးသီးခြောက်ကို လှုပ်ခါ လိုက်သော အခါတွင် အလွန် ပေါ့ပါးလာ သည်ကို ခံစားလိုက်ရ၏။
“ သူတို့က တကယ် အားမနာကြဘူး။ ”
နဂါးလေး သည်လည်း ချက်ချင်း တရား ထိုင်တော့သည်။ ဤသည်မှာ လင်းယွန်အတွက် သတင်းကောင်း ဖြစ်သည်။ ၎င်းတို့သည် များစွာ အထောက်အပံ့ရ၏။
“ ကီလိုဂရမ် (၄၀၀) နီးနီးလောက် ကျန်သေးတယ်၊ ငါ့အတွက် လုံလောက်သင့် ပါတယ်။ ”
၎င်းတို့ နှစ်ဦးကဲ့သို့ တကျိုက်တည်း သောက်ရန် စိတ်ကူး မရှိချေ။ နတ်နဂါး သွေး ရည်ကြည်သည် အညစ်အကြေး များစွာ ပါရှိသည်။
အဋ္ဌမတန်း နဂါး သွေးရည်ကြည် ကိုမူ ဖီးနစ်သစ်ပင် အတွက် သွန်းလောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
ထိုသစ်ပင် ကြီးထွားခြင်းသည် အိုင်းရစ် နယ်မြေကို ကောင်းကင် စက်ဝန်း ဘုံကျောင်း နှင့် ယှဉ်နိုင်မလား သိချင်မိ၏။
ထိုအချိန်တွင် မြင့်မြတ်မြေ တစ်ဝက်ကို သူ့ကျော၌ ပိုးထားခြင်းဖြင့် ညီမျှ ပေလိမ့်မည်။ နဝမတန်း နဂါး သူတော်စင် သွေးရည်ကြည် အတွက်မူ၊ မိုးပြာနဂါး နတ်ခန္ဓာ အတွက် အသုံးပြုနိုင်၏။
ထို့နောက် ရွှေရောင် ကျောက်စိမ်းတုံး တစ်ခုကို ကောက်ယူ စစ်ဆေးကြည့်ရာ နဂါး နေနှင့် လတံဆိပ် ဖြစ်ကြောင်း သိမြင် လိုက်ရသည်။
“ ဒါဘာလဲ ... ။ ”
အဆုံးတွင် သလင်းကျောက် ပုလင်း တစ်လုံးကို ကိုင်ကြည့်လိုက်သည်။ ပုလင်းသည် ထူးဆန်းပြီး သဘာဝအတိုင်း အလုံပိတ် ထား၏။
အတွင်း၌ ရွှေရောင် အရည်များ ပါရှိ လေသည်။ ၎င်းမှ ကြောက်မက်ဖွယ် ဖိအားများ ပေးစွမ်းလျက် မူးဝေစေ၏။
“ နတ်သွေး ... ။ ”
ဤအရာသည် ရတနာ ဖြစ်သည်ကို ရုတ်တရက် သိလိုက်ရသဖြင့် လင်းယွန် ခမျာ မျက်လုံးပြူး သွားသည်။
လက်သီး တစ်ထောင် မဟာ သူတော်စင် စကားအရ သူတော်စင် နယ်ပယ် ရောက်မှသာ ဤနတ်သွေးကို ပေးမည်ဟု ဆိုထားသည်။
လူသေ တစ်ယောက် အတွက် တန်ဖိုးကြီး ရတနာများသည် အသုံးမဝင် ဟူသည့် စကားကို ပြန်လည် ကြားယောင်ကာ စိတ်မသက်မသာ ဖြစ်လာတော့၏။
ဤဆုလာဘ်သည် သန့်ရှင်းသော သားတော်များ အတွက်ပင် များပြားလွန်းသည့် ပမာဏ ဖြစ်နေသေးသည်။
“ အစ်ကိုကြီး ပြောသလို ဖြစ်နေပြီလား။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်သည် ကောင်းကင် တာအို ဂိုဏ်း အတွင်းမှ ခြိမ်းခြောက်မှုများကို သူ့ထက် ပို၍ သတိပြုမိပုံ ရသည်။
“ နောက်လ ကိုးရက်နေ့ ... ။ ”
ယင်းကြောင့် အသင်းကျောက် နတ်သွေး ပုလင်းကို ကိုင်လျက် ငေးမော သွား၏။ ထိုနေ့ ကို သူလည်း စောင့်မျှော်နေသည်။
***
“ မင်းတို့ နှစ်ယောက် နောက်လ ကိုးရက်နေ့ကို သိပ်ပြီး စဉ်းစားမနေနဲ့ ဧကရာဇ် ဓားဟာ နှစ်အတော် ကြာအောင် ပျောက်ဆုံး သွားခဲ့တာ၊ ဒီတစ်ကြိမ်လည်း ပြန်ယူနိုင်ဖို့ လမ်းမရှိပါဘူး။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်က သူ့ရှေ့တွင် ရပ်နေသော လူငယ် နှစ်ယောက်ကို ကြည့်ကာ ပြောကြား လိုက်သည်။
၎င်းတို့မှာ တာအို သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း၏ သားတော် ဖြစ်သည်။
ဤရက်များ အတွင်း ကောင်းကင်ဘုံ ယင်နန်းတော်သည် လျှို့ဝှက်ကာ မည်သူ့ကိုမျှ ဝင်ခွင့် မပေးတော့ကြောင်း လီတာ့ယန်မှ ကြားသိထားသည်။
အထက်ကိုးပါး တောင်ထိပ် အချို့၏ သူတော်စင် တပည့်များ မှလည်း အနည်းငယ် လှုပ်ခတ် နေသည်ကို ခံစားမိ၏။
ထို့ကြောင့် အခမ်းအနား အတွင်း တစ်ခုခုဖြစ်မည်ကို စိုးရွံ့ကာ သူ့ဆရာကို ပြောပြ နေခြင်းဖြစ်သည်။
“ ငါလည်း တွေးမိတာ အချို့ ရှိတယ်၊ ဒါပေမယ့် ဒီကမ္ဘာကြီးမှာ ... မဟာ သူတော်စင် တစ်ပါးတောင်မှ ရင်ဆိုင်ဖို့ ... ခွန်အား မရှိတဲ့ အရာတွေ ရှိတယ်။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်မှ သက်ပြင်းချကာ ပြောကြားလိုက်သည်။
“ အသူရာ မြစ်ဓား သူတော်စင် ပြောတာ မှန်တယ်၊ ငါတို့က စီနီယာတွေ ဖြစ်ပြီး ဂျူနီယာ တွေကို အတင်းအကြပ် မလုပ်သင့်ဘူး၊ လူငယ်တွေက လူငယ်တွေလို ...
... နေသင့်တယ်၊ ဖိအားတွေ အများကြီး ခံယူဖို့ မလိုပါဘူး၊ ကောင်းကင်တာအို ဂိုဏ်းကြီး ပျက်စီးသွားရင် တောင်မှ ... ငါတို့ရဲ့ အမွေတွေ မယုတ်လျော့ သရွေ့ နောက်တစ်ကြိမ် ပြန်လာ နိုင်ပါတယ်။ ”
ဤတစ်ကြိမ်၌ တာအို သားတော်၏ မျက်နှာသည် ပြောင်းလဲသွားသည်။ ဆရာသခင် လေသံ အတွင်းပ သေခြင်းတရားကို မြင်လိုက်ရ သကဲ့သို့ ခံစားလာမိ၏။
“ ဆရာ ... ၊ ဒီလောက် အဆိုးမြင် နေဖို့ မလိုပါဘူး၊ ကောင်းကင်ဓားနဲ့ တာအိုဓား ရှိပါ သေးတယ်။ ”
“ မင်း နားမလည်သေးဘူး လီတာ့ယန်၊ ကောင်းကင်ဓားနဲ့ တာအိုဓားက ... အရှေ့ဘက် ပျက်စီးမြေကြီး အတွက်ပဲ၊ ငါတို့ ကောင်းကင် တာအို ဂိုဏ်းအတွက် မဟုတ်ဘူး ...
... အကယ်၍သာ ငါတို့မှာ ဂိုဏ်းချုပ် ... ၊ ဧကရာဇ် နယ်ပယ် တန်ခိုးရှင်နဲ့ ဧကရာဇ်ဓား ... ဒီသုံးခုထဲက တစ်ခုခုသာ ရှိခဲ့ရင် ... ။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်မှ သူ့တပည့်ကို ကြည့်ကာ ပြုံးသည်။ ကမ္ဘာပေါ်၌ ‘အကယ်၍သာ’ ဟူသည် အလုပ်မဖြစ်ချေ။
သူတို့တွင် အကျိုးအမြတ် အပေါ်သာ အလေးထားသော ပိုးမွှားမျိုးနွယ်စု လေးစုသာ ရှိနေသည်။
“ ထားတော့ ဒီအကြောင်း ပြောစရာ မရှိတော့ဘူး၊ မင်းတို့ ထဲက တစ်ယောက်က အလင်း ဖြစ်ပြီး၊ နောက်တစ်ယောက်က အမှောင်ပဲ ...
... ဒါကို မင်းတို့ နှစ်ယောက်လုံး မမေ့နဲ့ ... အနာဂါတ်မှာ ဒီအတိုင်း ကျင့်သုံးပါ၊ မှတ်ထားပါ တာအို သားတော်က အလင်း ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က အမှောင်ပဲ။ ”
***