← Chapters

နတ်ဘုရား ရောင်ဝါများ ... ။

Vol. 156 Ch. 2179

နတ်ဘုရား ရောင်ဝါများ ... ။

Vol. 156 Ch. 2179

သုံးရက်ကြာ ပြီးနောက် ခရမ်းငယ်နှင့် နဂါးလေး နိုးလာသည်။ နတ်နဂါး သူတော်စင် သွေးရည်ကြည်သည် သူတို့နှစ်ဦး စလုံးကို အောင်မြင်မှုများ ရရှိစေ ခဲ့၏။

နဂါးလေးမှာ အမည်ခံ သူတော်စင် နယ်ပယ်သို့ ချက်ချင်း ရောက်ရှိလာသည်။ သွေးသား နိုးထမှုသည် ၎င်း၏ ခွန်အားကို များစွာ မြင့်တက် လာစေ၏။

ခရမ်းငယ်မှာမူ ရောင်ဝါများ ပို၍ သိပ်သည်းသွားသည်။ သူမ၏ ရှည်လျားသော ဆံပင်များ အနည်းငယ် ပိုရှည်လာခြင်းမှ တပါး အများကြီး ပြောင်းလဲမှု မရှိချေ။

သူမ၏ ကျင့်ကြံမှုသည် သူနှင့် အတူတူ ဖြစ်သည်။ သို့သော် အိုင်းရစ် နယ်မြေရှိ နတ်ရူရ် နှစ်လုံးကို ထိန်းချုပ်နိုင်သောကြောင့် လင်းယွန် ဆယ်ယောက်ကို အနိုင်ယူ နိုင်၏။

“ ငါတို့ ... စမ်းကြည့်ချင်လား။ ”

လင်းယွန်မှ ပြုံးလိုက်သည်။ သူသည် လေနှင့်လျှပ်စီး တာအိုကို အောင်မြင်မှု ရရှိပြီး ကတည်းက မည်သူနှင့်မျှ တိုက်ပွဲ မဖြစ်ရ သေးချေ။

တော်ဝင် ဓားကျမ်း တွင်လည်း တတိယ အဆင့်သို့ ရောက်ရှိ ထားသည်။ ခွန်အားသည် နဂါးပြာ မှတ်တမ်း ဝင်ပြိုင်စဉ် ကထက် ငါးဆခန့် ပိုသန်မာ နေမည်ဟု ထင်၏။

“ ဟမ့် ... စိတ်မ၀င်စားဘူး ... နင့်ကို မတော်တဆ သတ်မိရင် နင့်ရဲ့ စီနီယာအစ်ကိုက ငါ့နောက် လိုက်လာမှာ ကြောက်တယ်။ ”

ခရမ်းငယ်မှ ငြင်းဆန်သည်။ လင်းယွန်က ဆက်မပြောတော့ဘဲ နဂါးလေးထံ လှည့်ကြည့် လိုက်သည်။

“ အစ်ကိုကြီး မင်းငါ့ကို သိပါတယ်၊ ငါက ကြောင်တစ်ကောင်ပဲ ဆိုတော့ မင်းကို ဘယ်လို တိုက်ဝံ့မှာလဲ။ ”

နဂါးလေးက ပြုံးလျက် နောက်ပြန် ဆုတ်သွားသည်။ ကြောင်သား သဲအိတ်တစ်လုံး ဖြစ်ဖို့ ရည်ရွယ်ချက် မရှိချေ။

ထို့ကြောင့် လင်းယွန် တစ်ယောက် စိတ်လျော့လျက် အိုင်းရစ် နယ်မြေထဲ ဝင်ကာ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနှင့် တော်ဝင် ဓားကျမ်းကို ရင်းနှီးအောင် ကြိုးစားမိသည်။

ပွဲတော် ကျင်းပမည့် ကိုးရက်နေ့ ရောက်လာချိန်၌ လင်းယွန် မျက်လုံးများ ပြန်ပွင့် လာ၏။

ခရမ်းငယ်မှ ဖီးနစ်သစ်ပင် ပေါ်ထိုင်ကာ၊ သစ်ရွက် တစ်ရွက်ကို မှုတ်နေသည်။ ၎င်းသည် ကြည်လင် ပြတ်သားသော ဂီတသံများ ပေးသဖြင့် သူ နှိုးလာခြင်း ဖြစ်၏။

သူမ ဝန်းကျင်၌ သူတော်စင် ရောင်ဝါများ ရစ်သိုင်းလျက် ရင့်ကျက်သော အသွင် ပေးစွမ်း လေသည်။

ခရမ်းသည် စကား မပြောဘဲ နေချိန်၌ မြင်ရသူတိုင်းအပေါ် ထူးခြားသော ခံစားချက်မျိုး ပေးချေ၏။

“ ခစ် ခစ် ခစ် ... ။ ”

ဖီးနစ် သစ်ပင်က သူမ သစ်ရွက် မှုတ်သံ နှင့်အတူ လိုက်ပါ ယိမ်းနွဲ့ နေခဲ့သည်။ ပြီးနောက် သစ်ကိုင်းများက သူမကို ပွတ်သပ်ကျီစယ် သဖြင့် ကေျနပ်စွာ ရယ်မောတော့၏။

လင်းယွန် တစ်ယောက် အနား ရောက်နေသည်ကို သတိထားမိကာ ဖီးနစ် သစ်ပင်နှင့် ကစား နေရာမှ ရပ်လိုက်သည်။

“ ဝှစ် ... ။ ”

ရှက်ကိုး ရှက်ကန်းဖြင့် ဒေါသတကြီး ခုန်ချလာလိုက်ပြီး၊

“ နင် ... ငါ့ကို ဘာလို့ စိုက်ကြည့် နေရတာလဲ၊ နင့် မျက်လုံးတွေကို ဖောက်ထုတ် လိုက်ရမလား။ ”

-ဟု ကြိမ်းဝါးလိုက်သည်။

“ မင်းက အရင်ထက် ပိုလှလာတယ်။ ”

“ ဟမ့် ... ငါဘယ်တုန်းက မလှတာ ရှိလဲ၊ အမြဲလှနေတာ ဟိုတုန်းတည်းက ... ။ ”

လင်းယွန်မှ ဆက် မပြောတော့ဘဲ ဖီးနစ် သစ်ပင်ထံ လှမ်းကြည့်၏။ ၎င်းသည် ဆယ်မီတာ အထိ ကြီးထွားလာ ချေပြီ။

“ ထန်းပင် အရွယ်လောက် ရှိလာပြီ။ ”

“ အဲဒါက ငါ ကောင်းကောင်း ပြုစုပေးနေလို့ပဲ။ ”

လင်းယွန်က ပြုံးလျက် သူမခေါင်းကို ပွတ်သပ်ကာ၊

“ မင်း ... အရွယ်ရောက် လာပြီ၊ မျက်စိ တစ်မှိတ်အတွင်း နှစ်တွေ ကုန်လွန်သွား ခဲ့တယ်၊ နောင်မှာ ငိုခွင့် မရှိတော့ဘူး။ ”

“ ငါ မငိုပါဘူး ... စကားမစပ်၊ ဒီနတ်သစ်ရွက်ကို ယူပါ။ ”

ခရမ်းငယ်က ဖီးနစ်အရွက် တစ်ရွက်ကို ပေးကမ်းလိုက်သည်။ သူမက၊

“ ဒါ ... ငါ့သစ်ပင်က နင့်ကိုပေးတာ၊ ဒီအရွက်က သူ့ဘဝရဲ့ အနှစ်သာရ ပါရှိတယ်၊ အရမ်း တန်ဖိုးရှိတယ်။ ”

“ ဟုတ်လား ... ။ ”

လင်းယွန်က အနည်းငယ် အံ့သြသွားပြီး လက်ခံယူလိုက်၏။ သစ်ရွက်သည် တကယ်ပင် ထူးထူးခြားခြား ဖြစ်နေသည်။ ထို့နောက် ဖီးနစ် သစ်ပင်ကို ကြည့်ပြီး ပြုံးလျက်၊

“ ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြား လိုက်သည်။

ဖီးနစ် သစ်ပင်က ဝမ်းသာပြီး ကျေးဇူး တင်စရာ နေမလိုကြောင်း ပြောသကဲ့သို့ ၎င်း၏ အကိုင်းအခက်များကို လှုပ်ခါပြ၏။

“ အပြင်ထွက်ဖို့ အချိန်တန်ပြီ ... ။ ”

ဤကာလ အတွင်း အိုင်းရစ် လျှို့ဝှက် နယ်မြေ အတွင်း၌ ရှိနေခဲ့ပြီး ပွဲတော်နေ့ သို့ပင် ရောက်ရှိလာသည်။

ခြံဝင်းမှ ထွက်ခွာလာပြီးနောက် မရဏ မိုးကြိုး တောင်ထိပ် သခင်နှင့်အတူ သူတော်စင် တပည့်များ လက်ခံရာ ရင်ပြင်သို့ လျှောက်လှမ်းသွား မိ၏။

သူတို့ ရောက်ရှိ သွားချိန်၌ သံကြိုးနှင့် ချည်နှောင်ထားသော သားရဲ အမျိုးမျိုးကို မြင်လိုက် ရသည်။

အခမ်းအနား စသည်နှင့် ကောင်းကင် တာအိုးဂိုဏ်း၏ ဘိုးဘေးများကို ဆက်သွယ်ရန် ၎င်းတို့ကို ယဇ်ပူဇော်မည့်ပုံ ရသည်။

ကောင်းကင် တာအိုဂိုဏ်းသည် နတ်ဘုရား များစွာကို မွေးထုတ် ပေးခဲ့၏။ လက်ရှိ အချိန်၌ ၎င်းတို့ သေဆုံးသွား သော်လည်း အသိစိတ် အကြွင်းအကျန်များ ကျန်ရှိနေသေးသည်။

ဆိုလိုသည်မှာ ထိုနတ်ဘုရားများသည် ခွန်လွန်ရှိ သူတို့ဘဝကို စွန့်ကာ အခြားအရပ်၌ ရှင်သန် နေသေးသည်ဟု ယူဆခြင်း ဖြစ်၏။

ထို့ကြောင့် အခမ်းအနား ကျင်းပခြင်းဖြင့် ၎င်းတို့၏ သနားကြင်နာမှုကို ရယူကာ ပြန်လည် နိုးထစေ နိုင်သော ကောင်းချီးများကို တောင်းတနေခြင်း ဖြစ်သည်။

ရင်ပြင် တစ်နေရာ၌ သူတော်စင် ပုံဆောင်ခဲများစွာ စုပုံထားသည့် ကြီးမားသော အစီရင် တစ်ခုလည်း ရှိနေသေးသည်။

ဤအစီရင် ဗဟိုမှ ကြောက်မက်ဖွယ် ကောင်းသော သူတော်စင် ဓားရောင်ဝါများ ထွက်ပေါ်နေ၏။

အကြည့်တစ်ချက်ဖြင့် ဧကရာဇ်ဓားကို ဆင့်ခေါ်ရန် အသုံးပြုသည့် အစီရင် ဖြစ်ကြောင်း ပြောနိုင်သည်။

သို့သော် ထိုဧကရာဇ်ဓားကို မခေါ်နိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။ ယင်းကြောင့် အခမ်းအနားသည် ထုံစံအရ ကျင်းပသော ပွဲတစ်ပွဲ မျှသာ ဖြစ်လာတော့၏။

များမကြာခင် ယင်နန်းတော်နှင့် ယန်နန်းတော်၏ သခင်များလည်း ရောက်ရှိ လာသည်။ ခြံဝင်း သုံးခုနှင့် တောင်ထိပ် ခုနစ်ဆယ်နှစ်ခု၏ သခင်များမှာ ရှေးမစွ တည်းကပင် ရောက်ရှိနေ၏။

ရင်ပြင်၏ ပလ္လင်ပေါ်သို့ သူတော်စင် နယ်ပယ်နှင့် သန့်ရှင်းသော သားတော် သမီးတော် များသာ တက်ရောက် နိုင်သည်။

ထို့ကြောင့် ကောင်းကင် တာအိုဂိုဏ်း၌ လီတာ့ယန်၊ ပိုင်ရှုရင်၊ ဝမ်မူယန်၊ ရှင်းယန်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော် သည်သာ ပလ္လင်ပေါ်၌ ထိုင်နေ၏။

ထင်ရှား ကျော်ကြားလှသည့် ဧည့်သည်များ ထပ်မံ ရောက်ရှိလာသဖြင့် လင်းယွန် အပါအဝင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

နတ်တာအို ခန်းမ၊ အနန္တ လျှပ်စီးဂိုဏ်း၊ မင်ဂိုဏ်း၊ ကောင်းကင်မီးလျှံဂိုဏ်းနှင့် နတ်ဖီးနစ် တောင်တန်းတို့ ဖြစ်၏။

၎င်းတို့ကို သူတော်စင် အကြီအကဲများ ဦးဆောင်လျက် ပါရမီရှင် မျိုးဆက်သစ်များ လိုက်ပါလာသည်။

ထိုထဲတွင် နတ်ဖီးနစ်တောင်၏ မင်းသမီးလေး ကျိကျစ်ရှီ ကဲ့သို့ အဆင့်အတန်း မြင့်မားသော လူငယ်များလည်း ပါ၀င်၏။

အဝတ် ပါးပြင်းဖြင့် မျက်နှာပြင်ကို ဝှက်ထားသော လူတစ်ယောက်လည်း ထူးထူး ခြားခြား ပါရှိနေသည်။

“ အဲဒီလူက ဘယ်သူလဲ။ ”

လင်းယွန်က တောင်ထိပ် သခင်ဘက် လှည့်ကာ မေးမိသည်။ ထိုလူသည် သူ့ သခင်မ နှစ်ယောက်၏ ရောင်ဝါမျိုး ရှိနေသည်။ အဆင့်အတန်း နိမ့်ပုံမရချေ။

“ မသိဘူး၊ ဒါပေမယ့် ... အရေးကြီး ဧည့်သည် ဖြစ်မှာတော့ သေချာတယ်။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ပြန်ဖြေ၏။ နေမွန်းတည့်ချိန် ရောက်သော အခါ အခမ်းအနား စတင်တော့သည်။

“ ဒင် ... ။ ”

ထို့ကြောင့် အခမ်းအနား အဖွင့်အနေဖြင့် ဂီတပညာရှင်များ အားလုံးက တူရိယာများကို တီးမှုတ် လိုက်ကြ၏။

ထိုနောက်ခံ တေးဂီတဖြင့်၊ လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ထရပ်ကာ မိန့်ခွန်း ပြောကြားလေသည်။

အခမ်းအနား၏ အဖွင့် အမှာစကား ပြောကြား ပြီးနောက်၊ နတ်ဆိုးသားရဲများ ခေါင်းကို ဖြတ်လိုက် လေရာ၊ သွေးများက ယဇ်ပလ္လင်ထံ စီးဝင်ကုန်၏။

ယဇ်ပလ္လင်ထံမှာ ရောင်ဝါများ ပေါက်ကွဲ လျက်၊ အလင်းတိုင် တစ်ခု ကောင်းကင်ပေါ် ပျံတက် သွားတော့သည်။

ယင်းသည် ကောင်းကင် တာအိုဂိုဏ်းနှင့် ကောင်းကင်ကို ဆက်သွယ်သော ဓားအလား ထင်ရှားလာ၏။

“ ..... ။ ”

အလင်းတန်းက ကောင်းကင်နှင့် ထိသောအခါ ရှေးဦးခေတ် ဖြစ်စဉ်မျိုး အသံများ စတင် ကြားလာရသည်။

“ ချွင် ချွင် ချွင် ... ။ ”

ရာနှင့်ချီသော ခေါင်းလောင်းသံများ ညံလာပြီး တေးဂီတဖြင့် ပေါင်းစပ် သွားခဲ့၏။ ယင်းက တိမ်ပင်လယ်ကို ရွှေရောင်ပြောင်း သွားစေသည်။

နတ်ဘုရားများ ရှင်သန်ရာ ခေတ်ကို ဖြတ်သန်းနေရ သကဲ့သို့ လူတိုင်း ခံစားလာရပြီး ကြီးမားသော ဖိအားများ သက်ဆင်းလာ၏။

ဤဖိအား အောက်တွင် လင်းယွန်၏ နှလုံးသားမှာ ပြင်းစွာခုန်လျက် အသက်ရှူကြပ် သွားတော့သည်။ ကမ္ဘာပေါ်တွင် နတ်ဘုရားများ အမှန်တကယ် ရှိခဲ့ပုံရသည်။

ထိုခံစားချက်က လင်းယွန်ကို ထိတ်လန့် သွားပြီး လေးနက်စေ၏။ အစပိုင်း၌ အထင်ကြီး လေးစားရုံမျှသာ ဖြစ်သော်လည်း ခံစားချက်မှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။

ဖိတ်ကြားထားသော ဧည့်သည်တော်များ သည်လည်း အံ့သြ တုန်လှုပ် နေကြ၏။

“ ဒါက ကောင်းကင် တာအို ဂိုဏ်းရဲ့ အုတ်မြစ်လား၊ သူတို့ရဲ့ နတ်ဘုရား ရောင်ဝါက ငါတို့ထက် ဆယ်ဆ ပိုပြီးအားကောင်းတယ်။ ”

“ နတ်ဖီးနစ်တောင် ကသာ သူတို့နဲ့ ယှဉ်နိုင်မှာကို ငါကြောက်မိတယ်။ ”

“ ဒီလို ကြောက်စရာ ကောင်းလှတဲ့ ... ရွှေရောင် တိမ်ပင်လယ်ကို ဖန်တီးဖို့ နတ်ဘုရား ဘယ်နှစ်ပါးလောက် လိုအပ်နိုင်လဲ။ ”

“ ဒီခရီးစဉ်က ထိုက်တန်ပါတယ်။”

ရွှေရောင် တိမ်တိုက်များကို ကြည့်ရုံဖြင့် သူတော်စင်များ အားလုံးအတွက် အကျိုးရှိ၏။ ယင်းကြောင့် နတ်ဘုရားများ ထံမှ လာသော အလင်းရောင်ကို မျက်လုံးများမှိတ်ပြီး ခံစားလိုက် ကြသည်။

လင်းယွန် ကဲ့သို့သော ဂျူနီယာ များမှာ ကျင့်ကြံမှု အားနည်းလွန်း သောကြောင့် ၎င်းကို နားမလည်ချေ။

“ အထက် ကိုးပါး တောင်ထိပ် အတွင်း ... နေရာ တစ်နေရာရရင် ယဇ်ပလ္လင်ကို နံ့သာတိုင် ကပ်ခွင့် ရလိမ့်မယ်၊ ဒါက နတ်ဘုရားတွေရဲ့ ကောင်းချီး မင်္ဂလာကို၊ ...

... ခံယူခွင့် ရရှိတာနဲ့ အတူတူပဲ၊ ဘိုးဘေးတွေက မင်းအပေါ် သေချာပေါက် ကောင်းချီး ပေးပါလိမ့်မယ်၊ အခုတော့ စိတ်လျော့ထား။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်က လင်းယွန်ကို ကြည့်ကာ ပြောကြား လိုက်တော့ သည်။

သူ သည်လည်း နတ်ဘုရား ရောင်ဝါကို နားမလည်နိုင်ချေ။ မျက်လုံးများ မှိတ်ထားသော သူတော်စင်များ ကိုသာ မနာလို စိတ်ဖြင့် ကြည့်နေ နိုင်တော့၏။

***

All Chapters