မထင်မှတ်သည့် လှိုင်းလေများ
Vol. 010 Ch. 948
ရီဖူရှင်းက ယွီလင်းရှောင်အား အံ့အားသင့်စွာ ကြည့်သည်။ လှပသော မျက်လုံးများထဲမှ ခံစားချက် အချို့ကို သူမည်သို့ မမြင်ဘဲ နေမည်နည်း။ သူမက သူ၏အတိတ်ကို နားလည်သည်။ သူမကား အမှန်ပင် ဆွဲဆောင်မှု ရှိသော မိန်းမ တစ်ယောက်လည်း ဖြစ်၏။
သို့သော် သူတို့နှစ်ယောက်မှာ အကြိမ် အနည်းငယ်မျှသာ တွေ့ဖူးကြပေသည်။ ပထမဆုံး အကြိမ်ကား ယွီကျင့်လျူ၏ အကြံပေးခြင်းကြောင့် ဖြစ်၏။ ယွီကလန်၏ အင်အားကို သူ သည်နည်းဖြင့် မယူလိုပေ။ တစ်စုံတစ်ခုအား ရယူရန် သူက ဟန်ဆောင် ... အခွင့်အရေးများ ယူပြီးမှ သူမအား မေ့ပျောက်... ထိုသို့သော အရာအား သူ မည်သို့ လုပ်ရမည်နည်း။ သူမက ဂရုမစိုက် ဆိုသည့်တိုင် အမှန်တကယ်အားဖြင့် သူမအတွက် မမျှတပေ။ သူကား လက်ထပ်ပြီး ဖြစ်သည်။ သည်အရာက ကစားပွဲတစ်ခု ဆိုသည့်တိုင် သူ မလုပ်နိုင်ပေ။
သူ စိတ်မဝင်စားဟု ပြောလျှင် လိမ်ညာရာ ကျပေမည်။ ယခု နန်းတော် ရင်ဆိုင်နေရသည့် အန္တရာယ်မှာ သူ တစ်ယောက်တည်းနှင့် သက်ဆိုင်ခြင်း မဟုတ်ပေ။ အနည်းငယ်မျှသော ဂရုမစိုက်မိခြင်းက နန်းတော်မှ မရေမတွက်နိုင်သော တန်ခိုးရှင်များအား ပျက်စီး စေပေမည်။
ရီဖူရှင်း၏ အမူအရာများကို မြင်လျှင် သူ၏စိတ်ထဲ ဘာဖြစ်နေသည်ကို ယွီလင်းရှောင် နားလည်ပေသည်။ ရီဖူရှင်းက သူမအား မည်သည့် ခံစားချက်မှ မရှိသည်ကို သူမသိသည်။ ထို့ကြောင့် သူမ၏ ခံစားချက်များ ကိုလည်း သူမက ထိန်းချုပ် ရပေသည်။ သူမက လှပချောမော သော်လည်း ဟွာဂျီယူ၏ အလှတရားကို မည်သို့ ယှဉ်နိုင်မည်နည်း။ ရီဖူရှင်း ကဲ့သို့သောလူက သူမအား မည်သို့ စိတ်ဝင်စား မည်နည်း။ သူမကား ယွီကလန်တွင်ပင် အထူးချွန်ဆုံး မျိုးဆက် တစ်ယောက် မဟုတ်ပေ။
ရီဖူရှင်း၏ နာမည်ကျော် ပုံပြင်များအား သူမ သိပေသည်။ သူကား အမှန်ပင် နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူကား မွေးကတည်းက ကြီးကျယ်ခြင်းများကို လုပ်ဆောင်ရန် ကံပါလာသူ ဖြစ်သည်။ မရေမတွက်နိုင်သော သူရဲကောင်းများ ထဲတွင်ပင် သူကား ထိပ်ဆုံး၌ ရပ်နိုင်သူဖြစ်သည်။
သူမက ခေါင်းမော့လျက် ရီဖူရှင်းအား ကြည့်သည်။ သူမက ပြုံးလျက် ပြောသည်... “သခင်ရီစိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မက ခရီးသွားဟန်လွဲ ဝင်လာသူ တစ်ယောက်ပါပဲ။ ကျွန်မက ဒီမှာ ခဏတည်းလို့ ရမလား”
“သေချာတာပေါ့...” ယွီလင်းရှောင်က စကားလမ်းကြောင်း ပြောင်းသည်။ ရီဖူရှင်းကလည်း ပြုံးလျက် ခေါင်းညိတ်၏။
“ဒါဆိုလည်း ကျွန်မက မိသားစုက လူတွေကို ကျွန်မ မပါဘဲ ပြန်ခိုင်း လိုက်တော့မယ်” သူတို့နှစ်ယောက်က ခန်းမဆောင်ထဲသို့ သွားခဲ့ကြကာ ယွီလင်းရှောင်က သူမ၏ လူများအား အိမ်ပြန်ရန် ပြောဆိုသည်။ သူတို့၏ မျက်လုံးများထဲ၌ ထူးဆန်းသော အမူအရာများ ဖြစ်လာခဲ့ကြသည်။ သခင်မလေးယွီက နန်းတော်တွင် ကျန်ရစ်မည်လား။ ဘာကို ဆိုလိုသနည်း။
သူတို့ ပြန်သွားပြီးမှ မိသားစုကို တင်ပြ ပြောဆို ရပေမည်။
တော်ဝင်ရှီနန်းဆောင် အတွင်း၌ လှပသော မိန်းမ တစ်ယောက်သည် အဝေးမှ ရှုမျှော်ခင်းများအား ငေးကြည့်နေသည်။ ခြေသံအချို့ကို ကြားရာ ဟွာဂျီယူက နောက်လှည့်ကာ ပြုံးလျက် ပြောသည်... “နင်က နောက်ထပ် မိန်းမလှ တစ်ယောက်ကို စိတ်ပျက် စေပြန်ပြီလား”
ရီဖူရှင်းက ပခုံးတွန့်လိုက်ပြီးမှ ဟွာဂျီယူဘေးသို့ ရောက်လာသည်။ ရီဖူရှင်းက သူမအား နောက်မှ အသာ ပွေ့ဖက်လိုက်ပြီး ပြောသည် ... “ငါက တစ်လျှောက်လုံး စိတ်ပျက် စေခဲ့တာပဲ” မိုးမြေကောင်းကင် မြို့၌လည်း ကု့ယွန်ချီက သူ့အား စိတ်ဝင်စားခဲ့သလို လို့လန်ရွှီလည်း ထိုနည်းတူ ဖြစ်သည်။ ထိုသို့သော အလေးပေးမှုများကို လျစ်လျူရှု ရသည်မှာ မည်မျှ ခက်ခဲသည်ကို သူအသိဆုံး ဖြစ်၏။
ဟွာဂျီယူက နောက်လှည့် လိုက်လျှင် သူမ၏ အသက်ရှူမှုကိုပင် ရီဖူရှင်း ခံစားရသည်။ သူမ၏ မျက်နှာလေးမှာ တစ်မြို့လုံးအား အဆိပ်သင့် စေလောက်အောင် လှပလွန်း ပေသည်။
“ချင်းကျူမြို့မှာတုန်းက နင် ဒီလို မဟုတ်ပါလား” ဟွာဂျီယူက တီးတိုး ပြောသည်... “နင် မိန်းကလေးချင်နဲ့ ကလူကျီစယ်ချင်စိတ် မရှိခဲ့ဘူးလား”
“မင်း ဒါကို အခုထိ မှတ်ထား သေးတယ်ပေါ့” ရီဖူရှင်း၏ မျက်နှာက ညိုမည်း သွားသည်။ ချင်းကျူမြို့တွင်တုန်းက သူကား အသက်၁၅နှစ်မျှသာ ရှိသေးသည်။ ထိုစဉ် အချိန်အခါက သူကား ခံစားချက်များကို သိပ်သိသည် မဟုတ်ပေ။ ကျောင်းတော်မှ လူများ အားလုံးက ချင်ယီအား အလှနတ်သမီး အဖြစ် အိပ်မက် မက်နေကြရာ သူကိုယ်တိုင်လည်း တစ်နည်းအားဖြင့် ထိုလူများနှင့် ရောယောင်ကာ စိတ်ဝင်စား ခဲ့ခြင်းသာ။
“ဟွန့်… ငါအားလုံး မှတ်မိတယ်” ဟွာဂျီယူက ပြုံးသည်။
“အာ ... ကံမကောင်းတာက နောက်ပိုင်း စုန်းမတစ်ယောက် ငါ့ကို ပြုစားသွားတာပဲ။ ခြေတစ်လှမ်း မှားတာက သေရာပါ ကံဆိုးတာပါပဲ” ရီဖူရှင်း သက်ပြင်းချသည်။
ဟွာဂျီယူက သူ၏ ခြေထောက်အား တက်နင်း လိုက်သည်။ သူမက နောက်လှည့်ကာ အဆိပ်သင့် နိုင်စွမ်းသော အပြုံးဖြင့် ကြည့်ကာ တီးတိုး ပြောသည်... “အဲဒီစုန်းမ တကယ်ပဲ ဆွဲဆောင်မှု ရှိလား”
“သူမက ဆွဲဆောင်မှု ရှိလွန်းတော့…” ရီဖူရှင်းက ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်း ဖူးဖူးလေးအား အသာနမ်းသည်။ စုန်းမကား ညို့ငင်နိုင်စွမ်း၏။ သို့သော်လည်း သူမကား သူ၏လက်ထဲမှ စုန်းမ ဖြစ်နေသည်။ စုန်းမအား ပွေ့ဖက်ကာ သူက အိပ်ခန်းထဲသို့ ခေါ်ဆောင် လာခဲ့၏။ နွေဦးရာသီ၏ညမှာ အလွန်လှပနေပါသည်။
***
ယွီလင်းရှောင်က တော်ဝင်ရှီ နန်းဆောင်မှာ တည်းခိုလျှင် နန်းတော် သခင်မမှာ စိတ်ဆိုးမည်ဟု အားလုံးက တွေးထင်ခဲ့ကြ၏။ သို့သော်လည်း ဟွာဂျီယူနှင့် ယွီလင်းရှောင်တို့ အတူတူ ပျော်ရွှင်ရယ်မော နေကြပုံများအား မြင်တွေ့ကြကာ အားလုံးမှာ အံ့အားသင့် ကြရသည်။ သူမတို့ နှစ်ယောက်မှာ ညီအစ်မများအလား ထင်မှတ်ရ၏။
ထိုအဖြစ်က နန်းတော် တပည့်များမှာ ရီဖူရှင်းအား ပိုမို၍ အထင်ကြီး လေးစား လာခဲ့ကြရသည်။ သူကား အမှန်ပင် ယောက်ျားများ အားလုံး၏ဂုဏ်ဆောင် ဖြစ်သည်။ သူ့တွင် နတ်သမီးကဲ့သို့ ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ကာ သူက နောက်ထပ် မိန်းကလေးများဖြင့် ပတ်သက်သည် ကိုလည်း သူ့ဇနီးက စိတ်မဆိုးပေ။ သူမက ထိုမိန်းကလေးများနှင့်ပင် ပနံသင့်စွာ နေထိုင်သည်။
သို့သော်လည်း ယနေ့တွင် တန်ခိုးရှင်တစ်စု တော်ဝင်ကျဲ နန်းတော်သို့ ရောက်လာကြသည်။ သူတို့ကား နွေဦးပြည်နယ် ယွီကလန်မှ ဖြစ်ကြသည်။ ရီဖူရှင်းက သူတို့အား ယွီလင်းရှောင်နှင့်အတူ သွားရောက် ကြိုဆိုခဲ့ပြီး ထိုအထဲတွင် ယွီကျင့်လျူလည်း ပါဝင်သည်။
“သခင်ရီ ... လင်းရှောင်...” ယွီကျင့်လျူက သူတို့ နှစ်ယောက်အား ခေါ်သည်။
“စီနီယာက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ” ရီဖူရှင်း မေးသည်။ တစ်စုံတစ်ခု ထူးဆန်းသည်ကို သူခံစားမိသည်။
“လင်းရှောင်... မင်းဦးလေးနဲ့ အစောင့်တွေ ဘယ်ကို သွားကြသလဲ” ယွီကျင့်လျူက မေးသည်။
“ကျွန်မ နန်းတော်ကို ရောက်တော့ သူတို့ကို အိမ်ပြန်ခိုင်း လိုက်တယ်” လင်းရှောင်က မေးသည်။ တစ်စုံတစ်ခု မှားနေလေပြီ။
“မင်း ဦးလေးတို့တစ်တွေ အသတ်ခံရတယ်။ အားလုံး အသတ်ခံရတာ” ယွီလင်းရှောင်နှင့် ရီဖူရှင်းတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲ သွားကြသည်။
ယွီကလန်မှလူများ နန်းတော်မှ ထွက်ခွာသွားပြီး အသတ်ခံ ရသည်လား။
ဘယ်သူလဲ... ဘယ်သူတို့က ထိုသို့ လုပ်ခဲ့သနည်း။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ယွီလင်းရှောင်၏ မျက်နှာက ပြာနှမ်း သွားသည်။ သူမက အပြစ်ရှိသလို ခံစားရ၏။ သည်နေရာသို့ လာခဲ့သောကြောင့် သူတို့ အသတ်ခံရသည် များလား။ သူမက သူတို့နှင့်အတူ လိုက်ပါသွားပါက သူမလည်း အသံရနိုင်မည်လား။
“သဲလွန်စ တစ်ခုခု ရထားလား” ရီဖူရှင်းက မေးသည်။
ယွီကျင့်လျူက ခေါင်းယမ်းကာ ယွီလင်းရှောင်အား မေးခွန်းအချို့ မေးသည်။ သူတို့က နန်းတော်မှ ထွက်သွားသည့်နေ့၌ပင် အသတ်ခံရသည်ဟု သူတို့ ကောက်ချက် ချသည်။ အမှန်တကယ် အားဖြင့် သူတို့မှာ မြေရိုင်းပြည်နယ်၊ ကျုံးကျိုးနယ်ထဲ၌ပင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
တော်ဝင်ကျဲနန်းတော်ကား မြေရိုင်းပြည်နယ်၌ ရှိပေသည်။ သို့သော်လည်း ယွီကလန်မှ လူများအား သတ်ဖြတ်ခြင်းမှာ သူတို့ မဟုတ်သည်မှာ သေချာ၏။ လက်ရှိ အနေအထားတွင် တော်ဝင်ကျဲနန်းတော်နှင့် ယွီကလန်တို့ ကောင်းမွန်သော ဆက်ဆံရေးများရှိရာ ထိုသို့လုပ်စရာ အကြောင်း မရှိပေ။ မဟုတ်လျှင် ယွီကျင့်လျူက နန်းတော်သို့ တိုက်ရိုက် လာရောက်မည် မဟုတ်ပေ။ ရီဖူရှင်းတို့က သည်ကိစ္စကို လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သူသိသည်။
“သခင်ရီ.... မြေရိုင်းပြည်နယ်မှာ နန်းတော်ကို ရန်ငြိုးရန်စ ရှိတဲ့သူတွေ ရှိသေးလား” ယွီကျင့်လျူက မေးသည်။
“ဒါ မဖြစ်နိုင်ဘူး။ ရှိခဲ့ရင်တောင် သူတို့ မလုပ်ရဲဘူး” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်... “အခု ကျုပ်တို့ကို အားလုံးက စောင့်ကြည့်နေတဲ့ အချိန်အခါပဲ။ ကျုံးကျိုးမြို့မှာလည်း ကျောက်ပြည်ထောင်နဲ့ ရှီဟွာတောင်က သတင်းပေးတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ သူတို့လည်း ဒီလိုလုပ်စရာ အကြောင်း မရှိဘူး”
“ဖြစ်နိုင်တာက ကျုပ်တို့နဲ့ ခင်ဗျားတို့ မဟာမိတ်ဖွဲ့မှာစိုးလို့ သူတို့က ယွီလင်းရှောင်ကို သတ်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တာပဲ။ သူမက အဲဒီမှာ မရှိတော့ ကျန်တဲ့သူတွေ အသတ်ခံရတယ်” ယွီကျင့်လျူက ခန့်မှန်းသည်။
“ဒါကိုလည်း လျစ်လျူရှုထားလို့ မရဘူး” ရီဖူရှင်းက တွေးတောသည်။ သို့သော် ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့က အမှန်တကယ်ပင် ထိုသို့ လုပ်ခဲ့သည် ဆိုပါက ယွီကလန်နှင့် တော်ဝင်ကျဲ နန်းတော်တို့ မဟာမိတ်ဖွဲ့ရန် ပိုမို တွန်းအားပေးစေ နိုင်သည် မဟုတ်ပါလား။ အဘယ်ကြောင့် သူတို့က နောက်ထပ် အားကောင်းသော ကလန်တစ်ခုအား ရန်စလိုရသနည်း။
ယွီကလန်မှလူများ သေဆုံးခြင်းမှာ အတော် ရှုပ်ထွေးပေသည်။
“ရှန့်ထိုကျဲကရော...” ယွီကျင့်လျူက မေးသည်။ ရှန့်ထိုကျဲကား လောလောဆယ် တော်ဝင်ကျဲ နန်းတော်ကို အလွန်တရာ မုန်းတီး နေပေမည်။
“ကျုပ် မသေချာဘူး” ရီဖူရှင်း ခေါင်းယမ်းသည်။
“ကျုပ်တို့က ဒီကိစ္စကို စုံစမ်းဖို့ နန်းတော်မှာ ခဏနေလို့ ရမလား” ယွီကျင့်လျူက မေးသည်။
“ဒါပေါ့ ... ကျုပ်တို့ကလည်း ဒီကိစ္စကို စုံစမ်းရာမှာ အတတ်နိုင်ဆုံး ပူးပေါင်း လုပ်ဆောင်မှာပါ” ရီဖူရှင်းက ပြောသည်။ ယွီကလန်မှ လူများမှာ မြေရိုင်းပြည်နယ်၌ အသတ်ခံရရာ သူ့တွင်လည်း တာဝန်ရှိပေသည်။
“ကျေးဇူးတင်ပါတယ် ... သခင်ရီ” ယွီကျင့်လျူက ဦးညွှတ်သည်။ ထို့နောက် သူက ယွီလင်းရှောင်အား မေးသည်... “မင်းက ဘယ်လိုလုပ် နန်းတော်မှာ ကျန်ခဲ့တာလဲ”
“သခင်ရီနဲ့ သခင်မတို့က အရမ်း ဖော်ရွေပြီးတော့ ဒီမှာ နေဖို့ ဖိတ်ခေါ်ခဲ့တယ်” ယွီလင်းရှောင်က ပြောသည်။
“အရမ်း ကောင်းတယ်” ယွီကျင့်လျူက ပြုံးသည်။ ရီဖူရှင်းက တိတ်တခိုး သက်ပြင်းချသည်။ ယွီလင်းရှောင်က နန်းတော်တွင် နေထိုင်သည့်ကိစ္စမှာ ပြည်နယ်ကိုးခုမှ လူများအား အထင်မှား စေခဲ့လေပြီ။
ယွီကလန်က သူတို့မိသားစု အင်အားများကို ပြောင်းရွှေ့ကာ သူတို့လူများ အသတ်ခံရသည့် ကိစ္စအား စတင်၍ စုံစမ်းသည်။ ထိုအဖြစ်က ပြည်နယ်ကိုးခုမှ လူများအား အလွန် စိတ်ဝင်စား စေခဲ့သည်။ ယွီကလန်မှ လူများ အသတ်ခံရသည့် ကိစ္စမှာ အလွန် ထူးဆန်းပေသည်။
ယခု တော်ဝင်စစ်ပွဲအပြင် ပြည်နယ်ကိုးခု၌လည်း မထင်မှတ်သည့် လှိုင်းလေများ ထန်လာ နေတော့သည်။
***