ဓားကျိုး၏ သတ်ပွဲ
Vol. 86 Ch. 1118
နောက်တခဏတွင် ကျင့်ပိုင်ချွမ်းသည် ယွီချွီးတု၏ အရှေ့တွင် ပေါ်လာ၏။
ယွီချွီးတုမှာ အံ့အားသင့်သွားပြီး သူ၏ ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်အား ကျင့်ပိုင်ချွမ်းဆီသို့ အလျင်အမြန် ပို့လွှတ်လိုက်သည်။
ကျင့်ပိုင်ချွမ်းက သူ၏လက်ကို ပင့်မြှောက်လိုက်ရာ မိုးကြိုးနှင့် လျှပ်စီးတန်းများ ပေါ်လာသည်။ ထို့နောက် ချိတ်တံဆိပ်တစ်ခုသည် ခပ်ရေးရေး ပေါ်လွင်လာပြီး သူ၏လက်ဝါးက ကောင်းကင်နှင့်မြေကြီးကို အုပ်မိုးထိန်းချုပ်ထားချေသည်။ ၎င်းအောက်တွင် နဂါးနှင့် ဇာမဏီငှက်သင်္ကေတများအား ထင်ထင်ရှားရှား မြင်ရနိုင်၏။
ကောင်းကင်နယ်စားမင်း၏ ကောင်းကင်တာအို၊ မြေအောက်ဘုံအရှင်သခင်၏ ယိုတုမဟာတာအိုနှင့် အမိကမ္ဘာမြေတို့၏ သံလိုက်ဆွဲအား မဟာတာအိုတို့ပင်လျှင် သူ၏ လက်ဗွေရာများထဲ၌ ခတ်နှိပ်ခံထားရသည်။
ကျင့်ပိုင်ချွမ်းသည် လောကအတွင်းရှိ ကမ္ဘာခေတ်ဦးမဟာတာအိုအားလုံး၏ အုပ်ချုပ်သူအလား ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်၊ ကောင်းကင်နတ်မြစ်နှင့် ခုနစ်စဉ်ကြယ်တို့အား တစ်ချက်တည်းဖြင့် ဖျက်စီးလိုက်၏။ ဧရာမချိပ်တံဆိပ်ကြီးက ဆင်းသက်လာသည့်အတွက် ယွီချွီးတုမှာ အရိုးများ ကျိုးကြေသွားကာ သွေးအန်လိုက်ရသည်။ သူ့မှာ ပြာကျများထဲ လဲကျသွားလေသည်။
ဝုန်း…
အဆုံးမဲ့တိမ်တိုက်နန်းတော်တစ်ခုလုံး တုန်ခါသွားသည်။ နန်းတော်သည် ထောက်တိုင်သုံးတိုင်နှင့် စီရင်စုကိုးစုအပေါ်တွင် ခမ်းနားထည်ဝါစွာ ပျံဝဲတည်ရှိနေခဲ့သော်လည်း ကျင့်ပိုင်ချွမ်း၏ ချိပ်တံဆိပ်မှ ရိုက်ချက်တစ်ချက်ကြောင့် မိုင်ရာပေါင်းများစွာ နိမ့်ကျသွားခဲ့၏။
ကျင့်ပိုင်ချွမ်းသည် ကောင်းကင်နတ်အရှင်ဟောင်၏ တပည့်ဖြစ်သည့်အလျောက် ကောင်းကင်နတ်သိုင်းကလည်း အစွမ်းထက်လွန်းပေရာ ချင်မူပင် မချီးကျူးဘဲ မနေနိုင်ချေ။
ယွီချွီးတုမှာ ကတုန်ကယင် ပျံတက်လာပြီး သူလက်နှစ်ဖက်အား သူ့ရင်ဘတ်အရှေ့တွင် ယှက်ကာ ကာကွယ်သည့်အနေအထား ပြင်လိုက်သည်။ သို့သော် သူ့မှာ ရုတ်တရက် သွေးအန်လျက် ပြုတ်ကျသွား၏။ သူ၏ ကျိုးနေသော အရိုးတစ်ချောင်းက ညာဘက်ခြေထောက်ရှိ အရေပြားကို ဖောက်လျက် အပြင်သို့ ငေါထွက်နေသည်။
ယွီချွီးတုက ညည်းတွားလိုက်သော်လည်း မည်သည်ကိုမှ မပြောချေ။
ကျင့်ပိုင်ချွမ်းက ခပ်ပြတ်ပြတ် ပြောသည်။ “ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ဆို နဂါးဟန်ခေတ်မှာ အပျော်တမ်း ဆော့ကစားဖို့ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာနိုင်သလား ကောင်းကင်နတ်အရှင်မူ”
ချင်မူ့အသံသည် သူ့အနောက်မှ ထွက်ပေါ်လာ၏။ “စောစောက ငါ မသေချာခဲ့ဘူး….. ဒါပေမဲ့ မင်းတိုက်ခိုက်လိုက်တော့မှ မဖြစ်နိုင်ဘူးဆိုတာ သိခဲ့ရတယ်…. အဲ့ဒီကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်အရှင်ဟောင် မင်းကို သင်ပေးခဲ့တဲ့ဟာပဲ…. မင်းမှာ ကိုယ်ပိုင်သိုင်းကွက် ဘာတစ်ခုမှ မရှိဘူး…. မင်းက အစွမ်းထက်ကောင်း ထက်လိမ့်မယ်.. ဒါပေမဲ့ နဂါးဟန်ခေတ်မှာ ရွှေအဆင့်တပ်မှူး ဖြစ်လာဖို့တော့ ခက်ခဲလိမ့်မယ်…. ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာဖို့ကတော့ ပိုလို့တောင် ခက်ဦးမယ်”
ကျင့်ပိုင်ချွမ်းက ခေါင်းညိတ်၍ သူ၏လက်ဖဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ “ဒါဆို ခင်ဗျားကရော နဂါးဟန်ခေတ်ရဲ့ ပထမနှစ်မှာ ဘယ်လိုလုပ် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာခဲ့တာလဲ… ကောင်းကင်နတ်အရှင်မူ”
သူ၏ ကောင်းကင်နတ်သိုင်း တစ်၀က်တစ်ပျက်တွင် သူ့အနောက်မှ အသတ်အဖြတ်စိတ်ဆန္ဒအား ခံစားလိုက်ရသဖြင့် ရပ်လိုက်ရသည်။
ချင်မူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် သူ့အား ထိုနေရာ၌ ရပ်တန့်သွားစေပြီး သူ့ကြွက်သားများအား တောင့်တင်းလာစေသည်။ သူ လှုပ်ရှားလိုက်ပါက ချင်မူ၏ သတ်ဖြတ်ခြင်း ခံရမည့်အလားပင်။
“ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာဖို့ အဆင့်တွေရဲ့ ကန့်သတ်ချက်ကို ဖယ်ရှားပစ်ရမယ်”
ချင်မူ၏ အေးဆေးတည်ငြိမ်သော အသံက ပြောနေသည်။ “ကောင်းကင်နတ်အရှင်လင်က မပြောင်းလဲတဲ့ ဒြပ်ထုဖြစ်လာပြီး ကောင်းကင်နတ်မြစ်ရဲ့ မြူခိုး ဖြစ်လာခဲ့တယ်… သူက ငါ့ကို နဂါးဟန်ခေတ်ရဲ့ ပထမနှစ်ဆီ ခေါ်သွားပေးခဲ့တယ်…. ငါ့ရဲ့သိုင်းကွက်တွေက အဲ့ဒီတုန်းက မပြည့်စုံသေးဘူး…. ကောင်းကင်နတ်အသွင်အဆင့်မှာပဲ ရှိခဲ့တာ.. ကောင်းကင်တံတားအဆင့်ရောက်ဖို့ နှစ်ဆင့် လိုခဲ့တယ်…. ဒါတောင် အဲ့ဒီအချိန်က သိုင်းပညာရှင်တွေကြားမှာ ငါ့ပြိုင်ဘက် မရှိခဲ့ဘူး…. သခင်မယွမ်မုရဲ့ ပုံရိပ်ယောင်တွေတောင် ငါ့ကောင်းကင်နတ်သိုင်းတွေကို တောင့်မခံနိုင်ခဲ့ဘူး”
သူ့ခါးရှိ ဓားအိမ်မှ တုန်ခါသံများ ထွက်ပေါ်လာပြီး သူက အေးအေးလူလူ ပြောသည်။ “မင်းအနေနဲ့ အတိတ်ကို ပြန်သွားပြီး ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာလို့ရတယ်….. ဒါပေမဲ့ အဆင့်တွေကို လျစ်လျူရှုထားနိုင်တဲ့ စွမ်းအားမျိုး လိုအပ်တယ်... ငါက အခု အစစ်အမှန်နတ်ဘုရားအဆင့် ရောက်နေပြီ…. မင်းက ဘယ်အဆင့်မှာလဲ တူလေး”
ကျင့်ပိုင်ချွမ်းမှာ ချင်မူ၏အသတ်အဖြတ်စိတ်ဆန္ဒကို လမ်းကြောင်းလွှဲရန် အပြင်းအထန် ကြိုးစားနေချေသည်။ သူက လက်ဖဝါးကို ဖြည်းဖြည်းချင်း မြှောက်ရင်း ကြက်သေသေနေသော ယွီချွီးတုကို ကောက်ကျစ်စဉ်းလဲစွာ စိုက်ကြည့်ကာ အေးစက်စွာ ပြောသည်။ “အဆင့်အတိုင်း သတ်မှတ်ရမယ်ဆိုရင် ငါက ဟိုးအရင်တည်းက ကျောက်စိမ်းမြို့တော် အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့ပြီးပြီ…. နောက်တစ်လှမ်းဆို နတ်ကောင်းကင်ခန်းမအဆင့် ရောက်ပြီ”
“ဒါဆို ကောင်းကင်နတ်အရှင်အစစ်တွေရဲ့ အစစ်အမှန်စွမ်းအားကို ကြိုးစားခံယူကြည့်ပေါ့”
ချင်မူက သူ့နောက်ကျောကို ကြည့်ရင်း ပြောလိုက်၏။ “ဒါပေမဲ့ ဒါက မင်းရဲ့နောက်ဆုံးတိုက်ကွက်လည်း ဖြစ်သွားနိုင်တယ်”
ကျင့်ပိုင်ချွမ်း၏ လက်ဖဝါး မြောက်တက်သွားသည့် တစ်ချိန်တည်းမှာပင် ချင်မူကလည်း အရှေ့သို့ ပြေး၀င်လာသည်။ သူ့ခါးရှိ ဓားကျိုးက ဓားအိမ်ထဲမှ အလိုအလျောက် ခုန်ထွက်လာပြီးနောက် ရှေ့သို့ ပျံထွက်လာပြီး ချင်မူက ဖမ်းယူလိုက်သည်။
ကျင့်ပိုင်ချွမ်းက လက်ဝါးကို မြှောက်လျက် ချာခနဲ လှည့်လိုက်သည်။ မိုးကြိုးနှင့်လျှပ်စီးတန်းများ ထပ်မံ ပေါ်ထွက်လာပြီး ချိပ်တံဆိပ်သည် ချင်မူ့ထံ ပြေး၀င်သွား၏။
သူ၏သွေးများမှာ ပွက်ပွက်ဆူလာကာ လေထုထဲ၌ သွေးပင်လယ်တစ်စင်းပင် ဖွဲ့တည်လိုက်သည်။ ချိပ်တံဆိပ်သည် သွေးပင်လယ်ကို ဖြတ်သန်းလိုက်ရာ အမှတ်အသားများမှာ သွေးချင်းနီသွားလေသည်။
သူ့ခန္ဓာကိုယ်က တာအိုထောင်ပေါင်းများစွာဖြင့် ခြံရံလျက် ဝင်းလက်တောက်ပလာသည်။ သူ့အနောက်တွင်လည်း ကောင်းကင်နန်းဆောင် ဖွဲ့တည်လာသည်။ တောင်ကောင်းကင်မုခ်၀၊ ကောင်းကင်နတ်လမ်းကြားနှင့် ကောင်းကင်ဈေးတို့လည်း တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ခန်းမများသည် လျင်မြန်စွာ ပေါ်လွင်လာပြီး ကျောက်စိမ်းမြို့တော်သည် မားမားမတ်မတ် ထူမတ်လာသည်။ နတ်ကောင်းကင်ခန်းမအောက်၌ ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာက နေရာယူထားသည်။ သူ့အနောက်တွင်မူ ပိုမိုခမ်းနားသော နတ်ကောင်းကင်ခန်းမ တည်ရှိနေသည်။
“ဒီကောင်းကင်နန်းဆောင်က ငါ့အဆင့်ပဲ”
သူ၏လက်ဖဝါးသည် ကျဆင်းလာပြီး သူက မိုးခြိမ်းသံတမျှ အသံကြီးဖြင့် ပြောသည်။ “ငါက ဘယ်သူမှ ငါ့ကို အနိုင်ယူလို့မရတဲ့ နေရာဆီ ရောက်နေပြီ”
သို့ထိတိုင် သူ့မှာ ချင်မူ၏ ဓားကျိုးအား ရင်ဆိုင်လိုက်ရသည်။ ဓားကျိုးသည် ခုတ်လွှဲချက်နှင့်အတူ ပေတစ်ထောင် အရှည် ဓားရောင်ရှိသော ဓားရှည်တစ်လက်အသွင် ပြောင်းလဲသွား၏။ ၎င်းက သွေးချင်းနီနေသည့် ချိပ်တံဆိပ်အား ချက်ချင်း ပိုင်းဖြတ်ပစ်လိုက်သည်။
ဓားရောင်က ကျဆင်းလာပြီး တောင်ကောင်းကင်မုခ်၀မှာ နှစ်ပိုင်းတိတိ ခုတ်ချခံလိုက်ရသည်။
မုခ်ဝမှာ ပျောက်ကွယ်သွားပြီး ချင်မူက ဓားအား ရှေ့သို့ စိုက်သွင်းလိုက်ရာ ကောင်းကင်နန်းဆောင်အတွင်းရှိ ခန်းမများ ပြိုကျပျက်စီးကုန်ကြသည်။
ကပ်ဘေးဓား၏ တတိယဓားကွက် ကပ်ဘေးရင်ဆိုင်ဓား။
ကပ်ဘေးရင်ဆိုင်ဓားသည် ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်ရတနာများကို ခုတ်ပိုင်းပစ်ရင်း သိုင်းသမားအား ကပ်ဘေးများကို ရင်ဆိုင်ရစေသည့် တာအိုဓားတစ်လက် ဖြစ်၏။
ကျင်ပိုင်ချွမ်းမှာ တဖျတ်ဖျတ် လက်နေသော ဓားရောင်များက ကောင်းကင်နန်းဆောင်များနှင့် ခန်းမများကို ပင့်မ နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ကောင်းကင်နန်းဆောင်မှာ ပြိုကျကုန်ချေပြီ။ ချင်မူ့ဓားရောင်အောက်တွင် သူ၏နဂါးသွဲ့ရေကန်ရှိ ရေများပင် ပွက်ပွက်ဆူနေတော့သည်။
ကျင့်ပိုင်ချွမ်းက မာန်သွင်းဟိန်းဟောက်လိုက်ရာ သူ၏ကောင်းကင်နန်းဆောင်များသည် ဖွဲ့တည်လာပြီး သူ၏ပင်မနန်းဆောင်နှင့် ချိတ်ဆက်သွားသည်။ ကျန်ကောင်းကင်နန်းဆောင်လေးဆောင်တွင် ကြောက်မက်ဖွယ် ကမ္ဘာဦးဝိညာဉ်အသွင်သဏ္ဍာန်များ ရှိနေချေသည်။
ကမ္ဘာဦးဝိညာဉ်လေးခုက ကောင်းကင်နန်းဆောင်အမျိုးမျိုး၏ မဟာတာအိုများကို သုံးကာ ချင်မူ့အား တိုက်ခိုက်ကြသည်။
သူသည် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ငါးခုအား ကျောက်စိမ်းမြို့တော်အဆင့်အထိ ကျင့်ကြံခဲ့၏။ ၎င်းတို့ကို ပေါင်းစည်းနိုင်ခဲ့သောကြောင့် သူ၏နားလည်သဘောပေါက်နိုင်စွမ်းနှင့် ပါရမီမှာ အံ့မခန်းလိလိ ပြောင်မြောက်ချေသည်။
ကောင်းကင်နန်းဆောင်ငါးဆောင်မှ ကောင်းကင်နတ်သိုင်းများမှာ ထူးခြားသည်။ အဖြူရောင်နတ်မင်း၏ ယုံကြည်အားကိုးရသော ညာလက်ရုံးအနေဖြင့် သူသည် အဖြူရောင်နတ်မင်း၏ သွေးသံချေးအလံကို ကျင့်ကြံခဲ့သည်။ ထို့အပြင် သူ၏ အခြားဧကရာဇ်ပလ္လင်သိုင်းကွက်များမှာလည်း အစွမ်းထက်ပေသည်။
သို့သော် ကျန်ကောင်းကင်နန်းဆောင်လေးဆောင်ရှိ မူလဝိညာဉ်များမှာ အစစ်အမှန် မဟုတ်ချေ။ အဓိက မူလဝိညာဉ်၏ ပုံရိပ်ယောင်များသာ ဖြစ်သည်။
ကောင်းကင်နတ်ဘုံသည် ချိဧကရာဇ်၏ မူလဝိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်ကို မရယူနိုင်ခဲ့သောကြောင့် အခြားကောင်းကင်နန်းဆောင်များတွင် အစစ်အမှန်မူလဝိညာဉ် ဖွဲ့တည်နိုင်စွမ်း မရှိတော့ပေ။ ထို့အလျောက် အခြားဧကရာဇ်ပလ္လင်ကျင့်စဉ်တို့၏ အောင်မြင်မှုမှာ အတိုင်းအတာတစ်ခုသို့သာ ရောက်နိုင်ခဲ့သည်။
ချင်မူ့ကပ်ဘေးရင်ဆိုင်ဓား၏ ဓားရောင်က မဟာကောင်းကင်နန်းဆောင်လေးဆောင်အတွင်းရှိ မူလဝိညာဉ်များ၏ ပိတ်ဆို့မှုအား ရေလှိုင်းကဲ့သို့ ဝှစ်ခနဲ ဖြတ်ကျော်သွားသည်။ နောက်တခဏတွင် ကျင့်ပိုင်ချွမ်း၏ နတ်ဘုရားစီရင်ရာစင်မြင့်မှာ ပြိုလဲသွား၏။ အန္တရာယ်လေနှစ်ဝေ့မှာ နီရဲတောက်နေသည်။ သူ့လက်ထဲတွင် နတ်ဘုရားနှင့်မိစ္ဆာများစွာ ကျဆုံးခဲ့ရသောကြောင့် သူ၏ နတ်ဘုရားစီရင်ရာစင်မြင့်သည် အင်အားကြီးမားနေခြင်း ဖြစ်၏။
သို့ထိတိုင် ထိုလေနှစ်ဝေ့မှာလည်း ဓားရောင်၏ ဖယ်ရှားခြင်း ခံလိုက်ရသည်။
သူ၏ မကောင်းကင်နန်းဆောင်လေးဆောင်တွင် မူလဝိညာဉ်ပုံရိပ်ယောင်များက ချင်မူ့ကို တိုက်ခိုက်၍ တားဆီးရန် ကြိုးစားနေကြသည်။ သို့သော် ချင်မူ့အရိပ်က လေးတစ်လက်မှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းအလားပင်။ ဝုန်းခနဲ အသံနှင့်အတူ ကျောက်စိမ်းမြို့တော်၏ လှပတင့်တယ်သော သီလမုခ်ဝတော်မှာ ပြိုကျသွားချေပြီ။
ခမ်နားလှသော ဓားရောင်သည် ကောင်းကင်လမ်းကြားတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီး၍ ကျင့်ပိုင်ချွမ်းအရှေ့သို့ တခဏအတွင်း ရောက်ရှိလာ၏။
ကျင့်ပိုင်ချွမ်းမှာ လက်မြှောက်၍ ၎င်းကို ဖမ်းဆုပ်လိုက်သော်လည်း တောင်တန်းများဖြင့် ထိတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ၏ရုပ်ခန္ဓာမှာ ရှည်လျားပိန်လှီလာသည်။ ထို့နောက် ပြားကပ်၍ ကြီးမားလာကာ လူနှင့်မတူတော့ပေ။ သူ့လက်ဖဝါးကို ဖြတ်သန်းသွားသော်လည်း သူ့ကို ထိခိုက်မိပုံမပေါ်ချေ။
လမ်းစဉ်သို့ ၀င်ရောက်ခဲ့သည့် ချင်မူ၏ပထမဆုံးသိုင်းကွက်၊ မဟာခြုံလွှမ်းကောင်းကင်ဘုံအပြည့်အစုံ။
ကျင့်ပိုင်ချွမ်းက ဟိန်းဟောက်၍ သူ၏ ကျင့်စဉ်စွမ်းအင်အလုံးစုံ သုံးကာ ဤကောင်းကင်နတ်သိုင်းအား ဖျက်ဆီးရန် ကြိုးစားနေသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံ အက်ကွဲသွားသည်နှင့် သူက သူ့ခန္ဓာကိုယ်ကို တဖန် ပြန်ထိန်းချုပ်၍ ဖောင်းလာစေသည်။
ချင်မူ့လက်ထဲရှိ ဓားရောင်က ကပ်ဘေးဓား၏ ပထမဓားကွက်၊ ကပ်ဘေးဖွင့်ဓားအဖြစ် ပြောင်းလဲသွား၏။ ဓားရောင်က ကျင့်ပိုင်ချွမ်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
ကျင့်ပိုင်ချွမ်းက လက်နှစ်ဖက်ကို မြှောက်၍ လက်ချောင်းများဖြင့် ဓားဘေးဖွင့်ဓားကို ညှပ်လိုက်သည်။ သူက အေးစက်စက် ရယ်လိုက်ကာ ပြောလေသည်။ “ဆရာက မင်းရဲ့ ဒီသိုင်းကွက်ကို အခေါက်ခေါက် အခါခါ ပြန်လေ့ကျင့်ပြီး ချိုးဖျက်နိုင်ခဲ့တာ ကြာလှပြီ...”
ချင်မူ ဆတ်ခနဲ ထိုးသွင်းလိုက်သည်။ သူသည် ပုံရိပ်တစ်ထောင်၊ သိုင်းလမ်းစဉ်နှင့် သိုင်းကွက်အသားပေးကျင့်စဉ်တို့ကို စုစည်း၍ ကပ်ဘေးဖွင့်ဓားနှင့်အတူ ထိုးသွင်းလိုက်သော ဓားချက်ထဲသို့ အားထည့်လိုက်၏။
ရွှစ်
ကပ်ဘေးဖွင့်ဓားက ကျင့်ပိုင်ချွမ်း၏ လက်ချောင်းများအကြား ဖြတ်ကာ သူ့နောက်စေ့မှ ဖောက်ထွက်သွားသည်။
ချင်မူ ဓားပြန်ရုတ်လိုက်သည့်အခါ ဓားကျိုးသည် သူ့ခါး၌ ရှိနေဆဲဖြစ်သော ဓားအိမ်အတွင်း ပြန်ဝင်လာ၏။ ချင်မူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “မင်းက အခုထိ ဘောင်မဝင်သေးဘူး... နဂါးဟန်ခေတ်ကို ပြန်ရောက်သွားရင် နျိုစန်းသွောကို မှီဖို့ အသာထား နွားခြေရာခွက်ထဲက ဘီလုံးငှက်အဆင့်ပဲ ရှိတယ်”