နှစ်ယောက်မရှိ အတုမဲ့သော ငါ
Vol. 86 Ch. 1119
ဝုန်း
ကောင်းကင်နန်းဆောင်မှာ လဲပြိုသွားပြီး ကျင့်ပိုင်ချွမ်းနောက်ရှိ နတ်ကောင်းကင်ခန်းမမှာလည်း ပြိုကျလာ၏။ သူက လက်ဝါးကို ဖြန့်လိုက်ရင်း သူ ဖွဲ့တည်ထားသော ကောင်းကင်နန်းဆောင်အား မပြိုကျအောင် တားဆီးချင်နေပုံပေါ်သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ ပျက်စီးသွားသော ကောင်းကင်နန်းဆောင်နှင့်အတူ လဲကျသွားသည်။
နောက်ဆုံးတွင် ကောင်းကင်နန်းဆောင်အားလုံး ပျောက်ကွယ်၍ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်နှင့် အားလှိုင်းတို့အဖြစ် ပြောင်းလဲသွားကြပြီး အဆုံးမဲ့တိမ်တိုက်အပျက်အစီးများအပေါ် ပြုတ်ကျသွားသည့် ကျင့်ပိုင်ချွမ်း၏အလောင်းသာ ကျန်ရစ်ခဲ့သည်။
ချင်မူက ရှေ့တက်၍ အပျက်အစီးများကြားရှိ ယွီချွီးတုအား ဆွဲထူလိုက်သည်။ သူက တည်ကြည်လေးနက်စွာ ပြောသည်။ “မမကြီးယန်အာ၊ တစ်ယောက်မှ အရှင်မထားနဲ့… ဝိညာဉ်တွေကိုရောပဲ…. ကောင်းကင်နတ်အရှင်ဟောင် ကျွန်တော့်ဆီ ခြေရာခံမိလာမှာ မလိုချင်ဘူး”
သူ့အမိန့်ကို ကြားသည်နှင့် ယန်အာမှာ စိတ်လှုပ်ရှားသွားသည်။ သူမသည် အစိမ်းရောင် နဂါးစာကလေးအသွင် ပြောင်း၍ ကျောက်စိမ်းမြို့တော်အဆင့် အဆင့်မြင့်သိုင်းပညာရှင်လေးဦးအား ခုန်အုပ်လိုက်၏။ တစ်ချိန်တည်းမှာပင် နဂါးချီလင်က သင်္ဘောပေါ်သို့ ခုန်တက်ကာ ၎င်းအပေါ်ရှိ နတ်ဘုရားနှင့် မိစ္ဆာများထံ ပြေး၀င်သွားသည်။
ယွီချွီးတုမှာ အသက်လုရှူနေရပြီး မတ်မတ်မရပ်နိုင်ချေ။ သူက မြေပေါ်တွင် ထိုင်လိုက်ကာ ချင်မူ့အား ဦးညွှတ်အရိုအသေပေး၏။ “ကောင်းကင်နတ်အရှင်မူကို တကယ် ကျေးဇူးတင်ပါတယ်…”
ချင်မူက ရယ်၏။ “ငါ့ကို ဦးရီးတော်လို့ပဲ ခေါ်စမ်းပါ”
“ဦးရီတော် ….” ယွီချွီးတုမှာ ကြောင်သွားသည်။
ချင်မူက ငြင်သာစွာ ပြုံးလိုက်ရင်း စကားပြောတော့မည့်အချိန် အမျိုးသမီးတစ်ဦး၏ အသံက သူ့အနောက်မှ ထွက်လာသည်။ သူမ၏အသံသည် ကြည်လင်သာယာနေပြီး နူးညံ့စွာ ပြောနေ၏။ “ကောင်းကင်နတ်အရှင်မူ၊ နင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်ကို သတ်ခဲ့တာနော်… သေရမှာ မကြောက်ဘူးလား”
“ဒါဆို ဘာလို့ ကောင်းကင်အရှင်သခင်က ကျွန်တော့်ကို မတားခဲ့တာလဲ”
ချင်မူသည် ချာခနဲ လှည့်လိုက်ကာ အနီး၌ ရပ်နေသော ပိုင်ယွီကျင့်ဆီ ကြည့်လိုက်သည်။ “မမကြီးချွဲဖေးယင်၊ မတွေ့တာကြာပြီနော်…. ကျွန်တော် ပေးခဲ့တဲ့ ကျောက်စိမ်းလည်ဆွဲရော မမကြီးရဲ့ မူလဝိညာဉ်မှာ ရှိသေးလား”
ပိုင်ယွီကျင့်မှာ ခေါင်းအစ ခြေအဆုံး အဖြူရောင်များကိုသာ ၀တ်ဆင်ထားလေရာ အရင်ဘဝတုန်းက အနီရောင်အ၀တ်များသာ ဝတ်တတ်သည့်အသွင်အပြင်နှင့် ကွဲပြားလှသည်။ သူမ၏ ရုပ်သွင်သည် ကျောက်စိမ်းဖြူအလား တင့်တယ်သိမ်မွေ့နေပြီး သူမအရေပြားမှာ နှင်းတမျှ ဖြူဥနူးညံ့နေသည်။
သူမက စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ချင်မူ့အား ကြည့်၏။ ထို့နောက် လက်ကို မြှောက်လိုက်၊ ချလိုက်ဖြင့် အကျပ်ရိုက်နေပုံပင်။
“ကောင်းကင်နတ်အရှင်မူ၊ ငါက ကောင်းကင်နတ်ဘုံရဲ့ တတိယမြောက် ကောင်းကင်အရှင်သခင်ပဲ… အကျိုးသင့်အကြောင်းသင့် လုပ်ရရင် ငါ နင့်ကို ဖမ်းဆီးပြီး တရားစီရင်သင့်တယ်…. ဒါပေမဲ့ နင်က ငါ့အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်လည်း ဟုတ်တယ်…. နင့်ရဲ့ ကျောက်စိမ်းလည်ဆွဲကြောင့်သာ မဟုတ်ရင် ငါက ကောင်းကင်ယင်သားတော် ထပ်ခါထပ်ခါ သတ်တာကို ခံနေရတဲ့ ငတုံးမလေးပဲ ဖြစ်နေဦးမှာ”
ပိုင်ယွီကျင့်က သက်ပြင်းချလိုက်ရာ သူမ၏ သစ်ခွပန်းနှင့် အိုင်းရစ်ပန်းရနံ့ ရှိသည့် ခံတွင်းနံ့က ပျံ့လွင့်လာသည်။ “ငါ အငြိုးအာဃာတနဲ့ ကျေးဇူးတရားကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်တယ်…. ဒီကိစ္စကို ဘာမှ မဖြစ်ခဲ့သလို သတ်မှတ်ပေးပြီး ဒီတစ်ကြိမ်တော့ အရေးမယူတော့ဘူး….. ကောင်းနတ်အရှင်ဟောင်ဆီကနေတောင် ဖုံးကွယ်ထားပေးလိုက်မယ်… ကောင်းကင်နတ်အရှင်မူ၊ ငါတို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့”
သူမ ထွက်ခွာရန် လှည့်လိုက်စဉ် ချင်မူက ပြုံးလိုက်သည်။ “မမကြီး ချွဲဖေးယင်…. မမကြီးရဲ့ ဆရာမကို မှတ်မိလား”
ပိုင်ယွီကျင့်မှာ အနည်းငယ် တုန်ရီသွားပြီး တုံ့ခနဲ ရပ်လိုက်သည်။
ချင်မူက ဆက်ပြောသည်။ “မမကြီးရဲ့ လူ၀င်စား တုံးအရတဲ့ အကြောင်းအရင်းကို မသိချင်ဘူးလား…. ကောင်းကင်ယင်သားတော်က ဘာလို့ အကြိမ်ကြိမ် သတ်ဖြတ်ပြီး လူပြန်၀င်စားခိုင်းတာလဲ ဆိုတာရောပေါ့…. မီးငှက်ငှက်မွှေးတောင်က မမကြီးကို ဘာမှ မမှတ်မိစေဘူးလား”
သူမသည် ငှက်တောင်ကို ထုတ်ကာ ငေးကြည့်နေ၏။
ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားမှာ ပွင့်ဟလာပြီး တတိယမျက်လုံးအတွင်းထဲတွင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ဥပေါ်ရှိ ကမ္ဘာဦးမဟာတာအိုသင်္ကေတများ အတန်းလိုက် တောက်ပလာသည်။ ချင်စာလုံးမြေပြင်က တုန်ခါလာပြီး ယိုတုမဟာတာအိုသည် လှိုင်းဂယက်များအသွင်ဖြင့် လှိုင်းထကာ ချင်စာလုံးမြေပြင်အလယ်ရှိ မဟာကမ္ဘာဦးအစမူလကျောက်တုံးထံ ပြေး၀င်သွား၏။
မူလကျောက်တုံးက ထိုက်ချူ၏ တာအိုနှင့် ယိုတုမဟာတာအိုအား ပေါင်းစည်းကာ သူ့တတိယမျက်လုံး၏ စွမ်းအားကို တဖြည်းဖြည်း မြှင့်တင်ပေးနေသည်။
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးဖြင့် ပိုင်ယွီကျင့်ဆီသို့ ကြည့်လိုက်သည်။ ချက်ချင်းပင် ဤအမျိုးသမီး၏ တစ်ဘဝလုံးတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည်များအား တွေ့မြင်လိုက်ရသည်။
မွေးဖွားသည့်အချိန်မှစ၍ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦး ဖြစ်လာပြီးနောက် နတ်ဘုရားတစ်ပါးအဖြစ် တက်လှမ်းရောက်ရှိသွားသည့် အချိန်အထိ သူ မြင်ရသည်။ ကောင်းကင်ယင်သားတော်၏ လုပ်ကြံမှုများအား ရှောင်ရှား၍ သေမင်းအား အကြိမ်ကြိမ် လှည့်စားခဲ့သည်ကို မြင်နေရ၏။ ခိုင်ဧကရာဇ်ခေတ်တွင် ကောင်းကင်ယင်သားတော်ကို အလစ်တိုက်ခိုက်နိုင်ခဲ့သည့် သူမ၏ ဂုဏ်သတင်းက တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်ကိုပါ တွေ့မြင်လိုက်ရသည်။
ချင်မူ့အကြည့်သည် ပို၍စူးရှလာပြီး သူမ၏အတိတ်ဘဝမှန်သမျှအား ရှာဖွေရင်း အကြိမ်တိုင်း မည်သို့သေဆုံးခဲ့သည်ကို ပြန်လည်ကြည့်ရှုနေသည်။
ပိုင်ယွီကျင့်မှာထိုနေရာ၌ ရပ်နေဆဲ ဖြစ်သည်။ ရုတ်တရက် သူမက မီးငှက်၏ ငှက်တောင်ကို လွှင့်ပစ်ကာ ပြုံးလျက် လှည့်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မသိချင်ဘူး…. ငါက ငါပဲလေ…. ငါဆိုတာ တစ်ယောက်ပဲရှိတယ်… ဒီလောကမှာ ပိုင်ယွီကျင့်က တစ်ယောက်ပဲ ရှိတယ်”
သူမ၏ ပျော့ပြောင်းလှသော ဆံနွယ်များက လေထဲတွင် မျောလွင့်လာကာ ချင်မူ့အကြည့်ကို ပြတ်တောက်သွားစေသည်။ သူမသည် ချာခနဲလှည့်၍ အေးအေးလူလူ လျှောက်လှမ်းရင်း ထွက်ခွာသွား၏။
ပိုင်ယွီကျင့်သည် စွမ်းအင်အကူးအပြောင်းတံတားဆီ ရောက်ရှိသွားပြီးနောက် ပြန်လှည့်ကာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါက တောင်နတ်မင်း မဟုတ်ဘူး….. နင် ငါ့ကို တောင်နတ်မင်း ဖြစ်လာစေချင်ရင် ငါ့ကို ရန်သူတစ်ယောက်အဖြစ် ဖန်တီးနေတာပဲ”
သူမက စွမ်းအင်အကူးအပြောင်းတံတား၏ ယဇ်ပလ္လင်ပေါ်သို့ လက်ဖဝါးတင်လိုက်ပြီး အလင်းရောင်ထဲ လျှောက်သွားသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ဟောင်က သူ့တပည့်ကို ဆုံးရှုံးလိုက်ရပြီ…. အဖြူရောင်နတ်မင်းကလည်း သူ့ရဲ့ တန်ဖိုးထားရတဲ့ တပ်မှူးကို ဆုံးရှုံးလိုက်ရပြီ… သူတို့ ဒီကို စုံစမ်းဖို့ ရောက်လာကြမှာပဲ…. နင့်ကို ငါ အချိန်နည်းနည်း ဆွဲပေးနိုင်တယ်… ဒါပေမဲ့ အခုထွက်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်”
စွမ်းအင်အကူးအပြောင်းတံတား ပြိုလဲသွားပြီး သူမပုံရိပ်လည်း ပျောက်ကွယ်သွားသည်။
“သူမက တကယ်ကို ထက်မြတ်တာပဲ…”
ချင်မူမှာ ပြိုလဲသွားသော ယဇ်ပလ္လင်ကို ကြည့်၍ ရေရွတ်လိုက်မိသည်။ “ငါ သူ့ကို နှိုးပြီး တောင်နတ်မင်း ဖြစ်လာစေရမလား… ဒါမှမဟုတ် မနှိုးဘဲနဲ့ ပိုင်ယွီကျင့်အနေနဲ့ပဲ ဆက်နေခွင့်ပေးရမလား”
သူက ငှက်တောက်ကို ကောက်ယူ၍ အချိန်အတော်ကြာ လေ့လာကြည့်ရှုလိုက်သည်။
သူ့အနောက်တွင် ယန်အာသည် ကျောက်စိမ်းမြို့တော်အဆင့် အဆင့်မြင့်သိုင်းပညာရှင်လေးဦးအား သတ်ဖြတ်ပြီးနောက် နဂါးချီလင် အဖြူရောင်နတ်မင်းလက်အောက်ရှိ နတ်ဘုရားနှင့်မိစ္ဆာများအား သတ်ဖြတ်နေသည်ကို ချက်ချင်း သွားရောက်ကူညီ၏။
ချင်မူက ငှက်တောင်ကို ကြည့်ရင်း တွေးနေသည်။ ‘တောင်နတ်မင်းရဲ့ နတ်ဘုရားဝိညာဉ်ကို သတ်လိုက်တာက ပိုင်ယွီကျင့်ကို သတ်လိုက်တာနဲ့ အတူတူပဲ… ဒါပေမဲ့ ပိုင်ယွီကျင့်က တောင်နတ်မင်းပဲ မဟုတ်ဘူးလား…. တောင်နတ်မင်းကျုချွဲ နိုးထလာရင်တောင် ပိုင်ယွီကျင့်ရဲ့ မှတ်ဉာဏ်က မပျောက်ကွယ်သွားဘဲနဲ့ တောင်နတ်မင်းရဲ့ ရှည်လျားလှတဲ့ မှတ်ဉာဏ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ”
ယန်အာသည် ပျံသန်းလာပြီး တကြည်ကြည် မြည်တွန်လိုက်၏။ “သခင်လေး၊ အားလုံး ရှင်းပြီးပြီ… ငါ့အမေရော …”
ချင်မူက ငှက်တောက်ကို သူမထံ ပေးကာ ပြောလိုက်သည်။ “မမကြီးယန်အာ၊ မမကြီးအမေက တောင်နတ်မင်း မဖြစ်ချင်ဘူး… သူက ထက်မြတ်လွန်းတော့ ကျွန်တော့်စကားတွေနေတဆင့် သူက တောင်နတ်မင်းရဲ့ လူ၀င်စားဆိုတာ ခန့်မှန်းနိုင်ခဲ့တယ်… ဒါပေမဲ့ ပိုင်ယွီကျင့် ဒါမှမဟုတ် ချွဲဖေးယင် ဖြစ်ရတာက ပိုကောင်းတယ်လို့ သူက တွေးတယ်… တောင်နတ်မင်းရဲ့ မှတ်ဉာဏ်ကို နှိုးလိုက်ရင် ပိုင်ယွီကျင့် ဒါမှမဟုတ် ချွဲဖေးယင် အဆုံးသတ်သွားလိမ့်မယ်လို့ ထင်တယ်တဲ့”
ယန်အာမှာ အနည်းငယ် ကြောင်အသွား၏။ “ဒါပေမဲ့ ပိုင်ယွီကျင့်၊ ချွဲဖေးယင်နဲ့ တောင်နတ်မင်းကျုချွဲ… သူတို့က သူပဲ မဟုတ်ဘူးလား”’
ချင်မူက ကောင်းကင်နဂါး ရတနာရထားလှည်းကို တွန်း၍ ယွီချွီးတု၏ ကျိုးနေသော အရိုးများကို ကုသပေးနေသည်။ “ပိုင်ယွီကျင့်က စွမ်းအင်အကူးအပြောင်းတံတားကို ဖျက်ဆီးလိုက်ပြီ…. သူက ကောင်းကင်နတ်အရှင်ဟောင်နဲ့ အဖြူရောင်နတ်မင်းက ဒီကိုလာတာကို အချိန်ဆွဲပေးနိုင်ပေမယ့် ကျွန်တော်တို့ကိုလည်း ကောင်းကင်နတ်ဘုံဆီ ပြန်မလာစေချင်ဘူး…. ကျွန်တော်က သူ့ကို နောက်တခါ သေခိုင်းပြီး တောင်နတ်မင်းဝိညာဉ်ကို ပြန်အသက်သွင်းမှာကို ပိုပြီးတော့ စိုးရိမ်နေတာ…”
ယန်အာမှာ ယခုထိ နားမလည်သေးဘဲ ပွစိပွစိ ပြောနေတော့သည်။ “ဒါပေမဲ့ သူတို့အကုန်လုံးက သူပဲဟာကို…”
ချင်မူ ချင်ဖုန်းကျင့်အား ပြန်လည်တွေးမိသွားသည်။ သူ့အတွေ့အကြုံက ပိုင်ယွီကျင့်နှင့် ဆင်တူလေသည်။
ထိုစဉ်က ချင်မူသည် သူဆိုသည်က တစ်ယောက်တည်းသာ ရှိသည် ထင်ခဲ့၏။ သို့သော် နောက်ပိုင်းတွင် သူဆိုသည်မှာ ချင်ဖုန်းကျင့်၏ရုပ်ခန္ဓာမှ မွေးဖွားလာသော ဒုတိယအသိစိတ်အလျဉ်သာ ဖြစ်နေသည်ကို သိခဲ့ရလေသည်။
သူက မတော်တဆ မွေးဖွားလာခဲ့သော အသိစိတ်အလျဉ်တစ်ခုသာ ဖြစ်သည်။ သူ၏ရုပ်ခန္ဓာသာ သူ့အပိုင်မဟုတ်သည့်အပြင် ဝိညာဉ်ပါ သူ့အပိုင်မဟုတ်ချေ။
သူ့တွင် အပိုင်ဆို၍ အသိစိတ်ဝိညာဉ်အလျဉ်တစ်ခုတည်းသာ ရှိသည်။
နောက်ပိုင်းတွင် ချင်မူမှာ မျက်လုံးကို ကလောထုတ်ကာ ပြန်လည်မွေးဖွားခဲ့သည်။ ထို့နောက်မှသာ ကိုယ်ပိုင်ဝိညာဉ်အား ပိုင်ဆိုင်ခဲ့၏။
ပိုင်ယွီကျင့်၏အတွေ့အကြုံသည် သူနှင့် မည်မျှ ဆင်တူလိုက်သနည်း။ ပိုင်ယွီကျင့် တွေ့ကြုံခဲ့ရသည်မှာ ပို၍ပင် ဆိုးရွားသေးသည်။ သူမမှာ ဘဝပေါင်း ၂၀၀ နီးပါး ပြန်လည်၀င်စားခဲ့ရပြီး အကြိမ်တိုင်း ရှင်သန်နိုင်ရန် ကြိုးစားရင်း ပိုမိုထက်မြတ်လာအောင် ကိုယ့်ကိုကိုယ် ဖိအားပေးခဲ့ရသည်။
သူမသည် သူမ,မဟုတ်ဘဲ တောင်နတ်မင်း၏ လူ၀င်စားတစ်ဦး ဖြစ်သည်ကို လက်ခံရန် ခက်ခဲလိမ့်မည်မှာ သဘာ၀ပင်။
“တူတပည့်လေး၊ မင်း လမ်းလျှောက်နိုင်လား” ချင်မူက ဒဏ်ရာများအား ကုသပေးပြီးနောက် မေးလိုက်၏။
ယွီချွီးတုက ထရပ်၍ နှစ်ကြိမ်တိတိ ဟိုဟိုသည်သည် လျှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှာ သက်သာသွားကြောင်း တွေ့လိုက်ရလေသည်။ မူလဝိညာဉ်ခံစားခဲ့ရသည့် ဒဏ်ရာများမှာတော့ ထိုသို့မဟုတ်ချေ။ ချင်မူ၏ ဖန်ဆင်းခြင်းသိုင်းကွက်က ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများအား ကုသပေးနိုင်သော်လည်း မူလဝိညာဉ်၏ဒဏ်ရာများကို ကုသရာတွင်တော့ မကောင်းမွန်ချေ။
“လျှောက်နိုင်ပါတယ်… ဦးရီးတော်”
ယွီချွီးတုက တုံ့ဆိုင်းနေပြီးနောက် ချင်မူ့ကို အကဲခတ်နေစ။ “ကျွန်တော့်မှာ ဆရာတူဦးလေးတစ်ယောက် ရှိတယ်လို့ ဆရာက တစ်ခါမှ မပြောပြခဲ့ဘူး…”
“မင်းမှာ ဆရာတူဦးလေးနှစ်ယောက် ရှိတယ်… အချိန်ရတဲ့အခါ ငါ ထပ်ပြောပြမယ်”
ချင်မူက လက်တစ်ချက် ခါလိုက်ရာ အဆုံးမဲ့တိမ်တိုက်နန်းတော်အား စောင့်ကြပ်နေသည့် နတ်ဘုရားနှင့်မိစ္ဆာတို့ အိပ်ပျော်ကုန်ကြသည်။ သူတို့မှတ်ဉာဏ်များမှာ ချင်မူ၏ လှည့်စားခြင်းခံလိုက်ရပြီး သူနှင့် အခြားသူများကို တွေ့ဆုံခဲ့သော မှတ်ဉာဏ်တို့ ပျောက်ကွယ်သွားကြသည်။ ထို့နောက် ချင်မူက ပြုံးလိုက်လေသည်။ “သွားကြစို့… ငါတို့ ကောင်းကင်နဂါး ရတနာရထားလှည်းကို သုံးလို့မရတော့ဘူး…. အဲ့ဒါကို အခြားသူတွေ သတိထားမိပြီး ခြေရာခံနိုင်ကြလိမ့်မယ်….. သူ့တပည့်ကို သတ်ခဲ့တာ ငါမှန်း ကောင်းကင်နတ်အရှင်ဟောင်က သိမှာပဲ…တူတပည့်ယွီ ဒီကနေ ထွက်ပြီး ကောင်းကင်နတ်ဘုံကို မြန်မြန်ပြန််နိုင်တဲ့ ဖြတ်လမ်းများ သိလား..”
“အနီးဆုံးလမ်းက စီရင်စုကိုးစုထဲက အလယ်စီရင်စုဖြစ်တဲ့ ပိုင်ထူစီရင်စုကနေ ဖြတ်သွားတာပါ... ဦးလေး…. အဲ့ဒီမှာ အဖြူရောင်နတ်မင်းနန်းတော်ဆီ ဦးတည်တဲ့ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း ရှိတယ်…. ကျွန်တော်တို့ ကြယ်တာရာကောင်းကင်ကနေ လမ်းလျှောက်သွားရင် ကောင်းကင်နတ်ဘုံကို ရောက်ဖို့ နှစ်ငါးဆယ် ဒါမှမဟုတ် နှစ်ခြောက်ဆယ်လောက် ကြာလိမ့်မယ်ဗျ”