ရှေးဟောင်းနတ်ဘုရားတချို့တလေ သတ်မယ်
Vol. 86 Ch. 1120
“အဲ့ဒါဆို အဖြူရောင်နတ်မင်းရဲ့ ကောင်းကင်နန်းဆောင်ကနေ သွားကြမယ်” ချင်မူက ပြတ်သားစွာ ပြောလိုက်သည်။
ယွီချွီးတုက တွန့်ဆုတ်သွားပြီး ချင်မူ့မျက်နှာအမူအရာကို အကဲခတ်နေသည်။ သူက စပ်စုကြည့်လေသည်။ “ဦးရီးတော်က ဖန်ဆင်းကျင့်စဉ်ကို ကျင့်ထားတာလား….ကျွန်တော်က ဆရာ့ခြေရာအတိုင်း ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်ကို ကျင့်ကြံခဲ့တာ… အဲ့ဒီထဲမှာ ဖန်ဆင်းခြင်းအခန်းခုနစ်ခန်း ပါတယ်….. လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တဲ့အပြင် နတ်ဘုရားတစ်ပိုင်းကိုပါ ပြောင်းလဲနိုင်တယ်….. အဲ့ဒါနဲ့ ကောင်းကင်နတ်ဘုံ မမြင်အောင် ရှောင်ကွင်းပြီး ခြေရာလက်ရာ ဖျောက်ခဲ့လို့ရမယ်ထင်တယ်…”
သူ့ဘေးတွင် ရပ်နေသော နဂါးချီလင်သည် ခန္ဓာကိုယ်ကို လှုပ်ခါ၍ နဂါးစာကလေးအသွင် အသွင်ပြောင်းလိုက်ကာ ရယ်လိုက်၏။ “ဖန်ဆင်းကျင့်စဉ်ဆိုတာ ဒီလိုမျိုးလား”
ယွီချွီးတုမှာ ထိတ်လန့်သွားပြီး ခေါင်းတဆတ်ဆတ် ညိတ်သည်။ “ဒီနောင်တော်က အရင်က ကောင်းကင်ခုနစ်စင်ကြယ်ကျင့်စဉ်ကို ကျင့်ဖူးတာလား…. ဆရာပြောတော့ ကောင်းကင်ခုနစ်စင်ကြယ်ကျင့်စဉ်က သူ တီထွင်ခဲ့တာတဲ့… နောင်တော် ဒီကျင့်စဉ်ကို ဘယ်လိုလုပ် သိတာလဲ”
နဂါးချီလင်က တဟားဟား အော်ရယ်လေသည်။ “ဒါက ကောင်းကင်ခုနစ်စင်ကြယ်ကျင့်စဉ် မဟုတ်ဘူး…. မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက ကျင့်စဉ်တစ်ခုပဲ…. ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာီက ကောက်နှုတ်ထားတဲ့ ကျင့်စဉ်တစ်ခု”
ယွီချွီးတုမှာ ကြောင်အသွားပြီး သူ့ရင်ထဲရှိ လေးစားကြည်ဖွယ်ရာ ဝေစွေ့ဖုန်း၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ သူက ရေရွတ်လိုက်နေ၏။ “ဆရာက ဒီကျင့်စဉ်ကို သူ တီထွင်ခဲ့တာလို့ ပြောခဲ့တာ… အဲ့ဒါဆို ဒီ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာဆိုတာကလည်း ဆရာ တီထွင်ခဲ့တာပဲလား”
နဂါးချီလင်က ရယ်သည်။ “မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ခိုင်ဧကရာဇ်ရဲ့ ပထမဆုံး ကောင်းကင်ဆရာသခင် တန်ခိုးရှင်သစ်ခုတ်သမားက တီထွင်ခဲ့တာ”
ယွီချွီးတု၏ နှလုံးသားထဲရှိ ဝေစွေ့ဖုန်း၏ပုံရိပ်မှာ ထပ်မံပြိုလဲသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။ သူသည် ဝေစွေ့ဖုန်းအား အလွန်အမင်း လေးစားကိုးကွယ်ခဲ့ပြီး နှလုံးသား၏ အမြင့်တစ်နေရာတွင် ထားခဲ့၏။ ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်မှာ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲမှ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
“တူတပည့်လေး၊ သူ့ရဲ့ ပေါက်ကရစကားတွေကို နားထောင်မနေနဲ့”
ချင်မူက ရယ်လျက် ငေါက်လိုက်သည်။ “ကောင်းကင်နခုနစ်စဉ်ကြယ်ကျင့်စဉ်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကနေ ဆင်းသက်လာတာဆိုပေမယ့် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက ရှုပ်ထွေးလွန်းတယ်…. အဲ့ဒီထဲမှာ ကျင့်စဉ်တွေအများကြီးပဲ…. အများစုက အပေါ်ယံလောက်ပဲရှိပြီးတော့ သေချာအတွင်းကျကျ ရေးမထားဘူး….. ဒါကြောင့် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက လူတွေ နတ်ဘုရားဖြစ်လာဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ခဲ့တယ်…. ဒါပေမဲ့ အစ်ကိုကြီး ဝေစွေ့ဖုန်းက သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ နားလည်မှုတွေနဲ့ တခြားဧကရာဇ်ပလ္လင်သိုင်းကွက်တွေကို ပေါင်းစည်းပြီး ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်ကို ဖန်တီးခဲ့တာ…”
သူက တခဏနား၍ ပြော၏။ “အခု ခေတ်နောက်ကျနေတာက လွဲလို့ပေါ့”
ယွီချွီးတုမှာ ၎င်းကို ကြားသည့်အခါ ဝေစွေ့ဖုန်းဘက်မှ ပြန်ခုခံပြောချင်သည်။ သို့သော် ချင်မူသည် အစစ်အမှတ်နတ်ဘုရားအဆင့်ဖြင့်သာ ကောင်းကင်နတ်အရှင်ဟောင်၏တပည့် ကျင့်ပိုင်ချွမ်းအား သတ်ဖြတ်ခဲ့သည်ကို သတိရသွား၏။ ကျင့်ပိုင်ချွမ်းက သူ့နည်းတူ ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်သည့်တိုင် ချင်မူက တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။
ယင်းအဖြစ်ကို ကြည့်ခြင်းအားဖြင့် သူ ကြိုးကြိုးစားစား ကျင့်ကြံခဲ့သော ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်မှာ အမှန်တကယ် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
ပြိုင်ဘက်ကင်းသည့် ဝေစွေ့ဖုန်းပုံရိပ်မှာ တဖန် ပြိုလဲသွားပြန်သည်။
ချင်မူက သူ့ကို တစ်ချက်ကြည့်ကာ ချီးကျူးသည်။ “တူတပည့်ယွီ၊ မင်းရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက တကယ်ကို ထက်မြက်တယ်… အချိန်တိုအတွင်း နှလုံးသားထဲက နတ်ဘုရားကို ချိုးဖျက်နိုင်ခဲ့ပြီး မင်းတာအိုနှလုံသားရဲ့ သိုင်းအဆင့်ကို တိုးတက်စေခဲ့တယ်”
ယွီချွီးတုသည် နှာခေါင်းရှုံ့လိုက်၏။
ချင်မူက အားလုံးကို ဦးဆောင်၍ အောက်ရှိ စီရင်စုကိုးစုထဲက ပိုင်ထူစီရင်စုဆီ ပျံသန်းသွားသည်။ သူက သက်ပြင်းချလိုက်ရင်း ပြောသည်။ “မင်းဆရာရဲ့ ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက ဆင်းသက်လာတဲ့အတွက်ကြောင့်ပဲ ငါ သူ့ကျင့်စဉ်ကို မကျင့်ခဲ့တာ…. ငါ့ကျင့်စဉ်နဲ့ သူ့ကျင့်စဉ်က အရင်းအမြစ်တူတူပဲလို့ ပြောလို့ရတယ်… ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်ကို ကျင့်ကြံလိုက်တာက ငါ့အတွက် ကောင်းကင်နန်းဆောင်တစ်ဆောင် နောက်တစ်ဆောင် ရှိလာစေမှာမဟုတ်ဘူး”
ယွီချွီးတုသည် ရုပ်မပြောင်းရသေးသည်ကို မြင်လိုက်သဖြင့် သတိပေးလိုက်၏။ “ဦးရီးတော်၊ ကျွန်တော်တို့ ရုပ်မပြောင်းရသေးဘူး…”
“မလိုပါဘူးကွာ”
ချင်မူက ရယ်သည်။ “ငါ့မှာ ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ် ရှိပြီးသား… ငါတို့ကို ဘယ်သူပဲမြင်မြင် သူတို့မျက်လုံးထဲမှာ ငါတို့လို့ မြင်မှာမဟုတ်ဘူး… ဧကရာဇ်ပလ္လင်အဆင့်သိုင်းပညာရှင်တစ်ယောက်တောင် သေချာ ဂရုမစိုက်ရင် သတိမထားမိဘူး”
ယွီချွီးတုမှာ မူးဝေသွားတော့သည်။
ပိုင်ထူစီရင်စုမှာ စီရင်စုကိုးခုကမ္ဘာထဲတွင် အလယ်ဗဟိုစီရင်စုဖြစ်၏။ ကောင်းကင်မှ အောက်သို့ ငုံ့ကြည့်ပါက ဤပိုင်ထူစီရင်စု၏ တောင်တန်းများသည် အဖြူရောင်ဖြစ်ပြီး မြေပြင်မှာလည်း အလားတူဖြစ်သည်ကို တွေ့မြင်ရလိမ့်မည်။ ပိုင်ထူ = အဖြူရောင်မြေကမ္ဘာနတ်ဘုရား ဆိုသော နာမည်အတိုင်း တမူ ထူးခြားလှပေသည်။
ပိုင်ထူစီရင်စုအတွင်း၌ အဖြူရောင်သားရဲများစွာ ကျင်စားနေကြသည်။ ၎င်းတို့သည် အဖြူရောင်သားမွှေးများကို ပိုင်ဆိုင်ထားပြီး အမွှေးအမျှင်တစ်ခုမှ ရှုပ်ပွမနေချေ။ ထူးဆန်းသော အဆိုပါသားရဲများသည် တောအုပ်ထဲတွင် နေထိုင်ကြပြီး တွေ့မြင်ရန် အလွန်ခက်ခဲကြ၏။
သို့သော် စစ်မီးတောက်မီးလျှံတို့ကအဖြူရောင်ကမ္ဘာတခွင် တောက်လောင်လျက် ရှိနေသည်။ နတ်ဘုရားများနှင့် မိစ္ဆာတို့လက်အောက်ရှိ ထောင်သောင်းချီသော ကောင်းကင်နတ်သိုင်းပညာရှင်များသည် မြို့များကို တိုက်ခိုက်သိမ်းပိုက်၍ သေမျိုးများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များကို ကျွန်အဖြစ် ဖမ်းဆီးကြသည်။ နိုင်ငံများအကြား စစ်ပွဲများလည်း ဖြစ်လေ့ဖြစ်ထ ရှိ၏။
သူတို့အားလုံးသည် မြွေပါသားမွှေးများကို ခြုံ၍ အဖြူရောင်တို့သာ ၀တ်ဆင်ကြသည်။ စစ်မြေပြင်ရှိ သွေးတို့က အ၀တ်များကို အနီရောင်ပေကျံနေစေပြီး အဖြူရောင်သဲများကို သွေးချင်းနီနေစေတော့သည်။
နဂါးဟန်ခေတ်မှ ဓလေ့ထုံးတမ်းများအား ဆက်လက်ကျင့်သုံးနေကြသေးသည်ကို ချင်မူ သတိထားမိလိုက်ရသည်။
အင်အားစုကြီးနှစ်စု တိုက်ခိုက်တိုင်း ကျွန်တို့ကို ရှေ့ဆုံးတွင် ထား၏။ သူတို့က ရိုးရိုးရှင်းရှင်း ယဇ်ပလ္လင်များ ပြင်ဆင်၍ ထိုကျွန်တို့အား ယဇ်ပူဇော်ကာ ရှေးဟောင်းနတ်ဘုရား သို့မဟုတ် နတ်ဘုရားတစ်ပိုင်း၏ အကူအညီအား ဆင့်ခေါ်ကြသည်။
ပိုင်ထူစီရင်စုထဲတွင် ရှေးဟောင်းနတ်ဘုရားများ ဆင်းသက်လာသည်ကို ချင်မူ မတွေ့ရသော်လည်း တောင်ပံပါလျှင်ပါ၊ မပါလျှင် မျက်လုံးတစ်လုံး လက်လေးဖက်ရှိသော နတ်ဘုရားတစ်ပိုင်းများ ဆင်းသက်လာပြီး သူတို့နတ်စွမ်းအားတို့ကို ထုတ်ဖော်ကာ စစ်မြေပြင်၌ သတ်ဖြတ်နေကြသည်ကိုတော့ တွေ့မြင်ရလေသည်။
“ဒီနေရာက ဘယ်လိုလုပ် ဒီလို ဖြစ်လာရတာလဲ” ချင်မူ မျက်မှောင်ကြုတ်လျက် ယွီချွီးတုအား မေးလိုက်မိသည်။
“အရင်ကတည်းက ဒီတိုင်းပါပဲ”
ယွီချွီးတုက ခေါင်းရမ်းလျက် ပြောသည်။ “ပိုင်ထူတင်ဘဲမဟုတ်ဘူး…. ကျန်တဲ့ စီရင်စုရှစ်စုလည်း တူတူပါပဲ…. ဒီနေရာက ဓလေ့ထုံးတမ်းတွေက နဂါးဟန်ခေတ်နဲ့ တူတူပဲလို့ ဆရာပြောတာ ကြားဖူးတယ်… သူတို့က သွေးယဇ်ပူဇော်မှုတွေကို အားကိုးမယ် နတ်ဘုရားတွေကို သေမျိုးလောကဆီ ဆင့်ခေါ်ကြမယ်... ပြီးရင် တိုက်ပွဲကူတိုက်ခိုင်းပြီး နယ်မြေတွေ သိမ်းပိုက်တတ်ကြတယ်… ကောင်းကင်နတ်သိုင်းပညာရှင်တွေက နတ်ဘုရားဖြစ်လာတာနဲ့ စီရင်စုကိုးစုရဲ့ ဘိုးဘေးကြယ်တွေဆီ တက်သွားကြတယ်... တခြားသူတွေ သွေးယဇ်ပူဇော်ပြီး သူတို့ကို အောက်ကမ္ဘာဆီ ဆင့်ခေါ်မှာ စောင့်ကြတယ်… ဆရာက စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံကို ပြောင်းလဲချင်ခဲ့တာ…. နောက်ဆုံးတော့ သူလည်း သိပ်ပြီး မအောင်မြင်ခဲ့ပါဘူး….သူ အသက်ရှင်ခဲ့တုန်းကဆိုရင်…”
ချင်မူသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်က မသေသေးဘူး”
ယွီချွှီးရှို့မှာ အလန့်တကြားဖြင့် ထအော်သည်။ “ဆရာက မသေသေးဘူးလား… သူ့အသုဘမှာတုန်းက ကျွန်တော် ဆယ်ရက်ကျော် အော်ကြီးဟစ်ကျယ် ငိုခဲ့တာဗျ”
သူ့မှာ ခေါင်းရမ်းလိုက်မိပြန်သည်။ “ကျွန်တော့် ဆရာတူအစ်ကိုတွေ၊ ညီတွေဆို ဆရာ့ကို နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ခေါ်သွားတာ တွေ့လိုက်ကတည်းက တစ်သက်လုံး သေတွင်းနက်ပြီ ထင်ခဲ့ကြတယ်လေ…. အဲ့ဒါကြောင့် ကျွန်တော်လည်း အကြာကြီး ၀မ်းနည်းစိတ်ဓာတ်ကျခဲ့ပြီးတော့ အဆုံးမဲ့တိမ်တိုက်နန်းတော်ကနေ ထွက်လာပြီး သူပုန် ဖြစ်လာခဲ့တာပဲ…. အခုတော့ ဆရာတူအစ်ကိုတွေ၊ ညီတွေ သေသွားကြပြီ”
သူ့မျက်နှာမှာ ညှိုးကျသွားပြီးနောက် သူက စိတ်အားတင်းလိုက်သည်။ “ဆရာ ဒီမှာ အဆုံးမဲ့တိမ်တိုက်ဧကရာဇ်အဖြစ် ရှိခဲ့တုန်းက စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံရဲ့ ဓလေ့ရိုးရာတွကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်… စီရင်စုကိုးစုရဲ့ ရှေးဟောင်းနတ်ဘုရားကိုးပါးနဲ့ ထောက်တိုင်ကောင်းကင်သုံးဘုံရဲ့ ရှေးဟောင်းနတ်ဘုရားသုံးပါးက ဆရာ့ကို လာရှာပြီး အဲ့ဒီရှေးစည်းမျဥ်းတွေက ပြောင်းလဲလို့ မရဘူးလို့ ပြောခဲ့ကြတယ်… ဆရာက လူသားမျိုးနွယ်မှန်းလည်း သိသွားကြရော ဆရာ့ကို မျက်နှာလုပ်တဲ့အနေနဲ့ လူသားတွေကို ယဇ်ကောင်အဖြစ်က ဖယ်ရှားပေးမယ် ပြောကြတယ်… ဆရာက ငြင်းတော့ တိုက်ခိုက်ကြတော့တာပဲ”
ချင်မူ မေးလိုက်မိသည်။ “အဲ့ဒီနောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ”
“အဲ့ဒီရှေးဟောင်းနတ်ဘုရား ၁၂ ပါး ရှုံးသွားလို့ ယဇ်ပူဇော်တာ မလုပ်ပါတော့ဘူးလို့ ကတိပေးခဲ့ကြတယ်”
ယွီချွီးတုက တခဏနား၍ ဆက်ပြောသည်။ “ဒါပေမဲ့ သူတို့က သစ္စာဖောက်ပြီး အဖြူရောင်နတ်မင်းဆီ သွားတိုင်ကြတယ်လေ…. အဖြူရောင်နတ်မင်းက အဲ့ဒီစည်းမျဉ်းတွေက အနောက်ကောင်းကင်ဘုံတစ်ခုလုံးမှာ ရှိတာဆိုပြီး ဆရာ့ကို ပြန်ချေပခဲ့တယ်… အနောက်ကောင်းကင်ဘုံတစ်ခုလုံးရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ဖို့ ကြိုးစားနေတာလား ဆိုပြီးလည်း မေးခဲ့သေးတယ်…. အဲ့ဒီကျမှ အနောက်ကောင်းကင်ဘုံတစ်ဘုံလုံးက နဂါးဟန်ခေတ်မှာပဲ ကျန်ခဲ့ပြီး မပြောင်းလဲလာမှန်း ဆရာ သိခဲ့ရတာပဲ”
သူက သက်ပြင်းရှည်ကြီးတစ်ချက် ချကာ ပြော၏။ “အဲ့ဒီတုန်းက ဆရာ့ခမျာ စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံက ရှေးဟောင်းနတ်ဘုရား ၁၂ ပါးရှေ့မှာ ခေါင်းငုံ့တောင်းပန်ပြီး လူသားတွေကို ယဇ်ကောင်အဖြစ်ကနေ ဖယ်ရှားခဲ့တယ်… ရှေးဟောင်းနတ်ဘုရား ၁၂ ပါးက သူ့ကို အခက်တွေ့အောင် မလုပ်ပေမယ့် ရွဲ့စောင်းပြောခဲ့ကြတယ်... ဆရာကတော့ ရယ်ရုံရယ်ခဲ့တယ်…. ဒါပေမဲ့ ပြန်ရောက်တော့ အကြာကြီး ငိုနေခဲ့တာ…”
ချင်မူမှာ ဖြည်းညင်းစွာ မေးလိုက်မိသည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်က ငိုတယ်လား”
ယွီချွီးတုက သူ့ဘက် လှည့်လာကာ မျက်လုံးများကို ပွတ်လိုက်သည်။ “ကျွန်တော့်ညီအစ်ကိုတွေနဲ့ ကျွန်တော်က ဆရာ ခေါ်ထားခဲ့တဲ့ မိဘမဲ့တွေ…. ကျွန်တော်တို့မှာ ပါရမီကောင်းကောင်း ပါမလာခဲ့ဘူး….ကျွန်တော်ပဲ တခြားသူတွေထက် နည်းနည်းသာခဲ့တာ…. ကျွန်တော်တို့ အဆုံးမဲ့တိမ်တိုက်နန်းတော်ကို မိဘမဲ့နန်းတော်ဆိုပြီး လှောင်ပြောင်ခဲ့ကြတယ်…. ဟီးဟီး ဆရာနဲ့နေခဲ့ရတဲ့ ရက်တွေက ကျွန်တော့်အတွက် ပျော်စရာလည်း ကောင်းတယ်... လွတ်လည်း လွတ်လပ်ခဲ့တယ်…. နောက်တော့ ဆရာ ပြဿနာရှာမိလို့ ကောင်းကင်နတ်ဘုံက ခေါ်သွားတော့တာပဲ…ဆရာ သေသွားပြီ ထင်တာကြောင့်သာ ကျွန်တော်တို့လည်း အောက်ကမ္ဘာတွေဆီ ထွက်သွားခဲ့ကြတာ”
ယွီချွီးတုမှာ ခေါင်းရမ်းလိုက်ရင်း နာကျည်းစွာ ပြောသည်။ “ဆရာ ထွက်သွားပြီးတော့ စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံက အရင်နည်းလမ်းတွေအတိုင်း ပြန်လုပ်ကြတော့တာပဲ… အင်အားစုတွေ၊ နိုင်ငံတွေကြားမှာ စစ်ပွဲတွေဖြစ်တိုင်း လူသားတွေကို ယဇ်ကောင်အဖြစ် ရှေးဟောင်းနတ်ဘုရားတွေဆီ ယဇ်ပူဇော်ကြတယ်…. ကျွန်တော်နဲ့ ညီအစ်ကိုတွေက ဒါကို လက်မခံနိုင်လို့ ပုန်ကန်ခဲ့ကြတာ… ဒီလိုတွေ ဖြစ်လာလိမ့်လို့ မမျှော်လင့်ထားခဲ့ဘူး.…”
ချင်မူက သူပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ “၀မ်းမနည်းပါနဲ့… မင်းရဲ့ ဆရာတူညီအစ်ကိုတွေက မင်းကို ကောင်းကင်ဘုံကနေ စောင့်ကြည့်ပြီး ကောင်းချီးပေးနေမှာပါ… သွားစို့…. အဲ့ဒီစီရင်စုကိုးစုက ရှေးဟောင်းနတ်ဘုရားကိုးပါးရဲ့ ဘိုးဘေးကြယ်က ဘယ်မှာလဲ”
ယွီချွီးတုက ကြောင်အသွားပြီး ဇဝေဇဝါ မေးမိသည်။ “ဦးရီးတော်၊ ကျွန်တော်တို့ အဖြူရောင်နတ်မင်းကောင်းကင်နန်းဆောင်က စွမ်းအင်အကူးအပြောင်းတံတားဆီ သွားမှာမဟုတ်ဘူးလား…. ဘာလို့ ရှေးဟောင်းနတ်ဘုရားတွေကို တွေ့မှာလဲ”
ချင်မူက ကောင်းကင်သို့ မော့ကြည့်သည်။ သူ့အကြည့်က ကြည်လင်ဝင်းလက်နေ၏။ “ရှေးဟောင်းနတ်ဘုရားတွေနဲ့ ငါက မဟာမိတ်တွေပဲ… ရှေးဟောင်းနတ်ဘုရားတွေက ငါ့ကို လိုအပ်သလို ငါလည်း ရှေးဟောင်းနတ်ဘုရားတွေကို လိုအပ်တယ်….ဒါပေမဲ့ စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံက ရှေးဟောင်းနတ်ဘုရားတွေက ကောင်းကင်နတ်ဘုံဆီ အညံ့ခံပြီး အဖြူရောင်နတ်မင်းရဲ့ လက်ပါးစေတွေ ဖြစ်နေတာ သိသာလွန်းတယ်…. ဆိုတော့…”
သူက အကြည့်လွှဲလိုက်ပြီး နွေဦး၌ ပွင့်လင်းလာသော နေရောင်ခြည်ကဲ့သို့ တောက်ပနေသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ “မင်းကို ခေါ်ပြီး ရှေးဟောင်းနတ်ဘုရားတချို့တလေ သွားသတ်မယ်”