ပိုင်ထူစီရင်စု၏ ရှေးဟောင်းနတ်ဘုရား
Vol. 86 Ch. 1121
“ရှေးဟောင်းနတ်ဘုရားတချို့တလေ သတ်မယ်တဲ့လား”
ယွီချွီးတုမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သူ စိတ်ထိန်းနိုင်သည့်အချိန်တွင် ချင်မူမှာ ခပ်လှမ်းလှမ်းသို့ လျှောက်သွားပြီး ဖြစ်လေသည်။ သူက အလောတကြီး အမှီလိုက်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “ဦးရီးတော်က တကယ်ပဲ ဘယ်သူများလဲ”
နဂါးချီလင်က ရယ်လေသည်။ “သူက ကောင်းကင်နတ်အရှင်မူဆိုတာ သိသာနေတာပဲလေ…. အခုလေးတင် ကျင့်ပိုင်ချွမ်းပြောခဲ့တာ မင်း မကြားဘူးလား…. ဂိုဏ်းသခင်က ကောင်းကင်နတ်အရှင်မူ၊ ထာ၀ရငြိမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ပဲကွ… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာရော ကြားဖူးလား”
ယွီချွီးတုက ကြောင်အစွာ ခေါင်းရမ်းလျက် ဖြေလိုက်သည်။ “ကျွန်တော်က စီရင်စုကိုးစုမှာပဲ မွေးလာတာမလို့ ဒီနေရာကနေ ဘယ်မှ မသွားဖူးဘူး”
နဂါးချီလင်သည် သူ့ကို အားပေးလိုက်ရင်း ဖြည်းဖြည်းချင်း ရှင်းပြသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို မင်းရဲ့ဆရာ အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်းက တည်ထောင်ခဲ့တာ…. အရင်တုန်းက ဂိုဏ်းသခင်ကြီးပေါ့…ဂိုဏ်းမှာ ခန်းမပေါင်း ၃၆၁ ခန်း ရှိပြီးတော့ သာမန်လူသားတွေ နိစ္စဒူဝ အသုံးချနိုင်မယ့် သူတော်စင်တန်ခိုးရှင်လမ်းစဉ်ကို ဖောက်လုပ်ကြတယ်… သူတော်စင်တန်ခိုးရှင်တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ…..သူတော်စင်တန်ခိုးရှင် ဖြစ်လာဖို့အတွက် လိုအပ်ချက်တွေ ရှိတယ်… ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရမယ်.. အတွေးအခေါ်အသိအမြင်တွေ ရေးသားဖြန့်ဝေရမယ်... ကောင်းမှုဆောက်တည်ရမယ်... … နောင်တော်ယွီ၊ မင်းက အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ရဲ့ တပည့်ပဲ .... ဒါ့အပြင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို အဆုံးမဲ့တိမ်တိုက်ဧကရာဇ်က တည်ထောင်ခဲ့တာ….ဆိုတော့ မင်းက…. “
ကျောက်စိမ်းမြို့တော်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ယွီချွီးတုသည် နဂါးချီလင်၏ စည်းရုံးမှုကြောင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသို့ ယောင်ဝါးဝါးဖြင့် ၀င်ရောက်ခဲ့ပြီး ဂိုဏ်းအကြီးအကဲ လုပ်ရန် သဘောတူလိုက်၏။
စီရင်စုကိုးစု၏ ရှေးဟောင်းနတ်ဘုရားများကား ကြယ်တာရာအရှင်သခင်များ မဟုတ်ကြချေ။ သူတို့တွင် ဘိုးဘေးကြယ်များ မရှိဘဲ ဘိုးဘေးမြေများသာ ရှိကြသည်။
ထိုရှေးဟောင်းနတ်ဘုရားကိုးပါးမှာ ထိုနေရာ၌ ရှေးကမ္ဘာဦးခေတ်တုန်းက နေထိုင်ခဲ့သော ဖန်ဆင်းရှင်တို့၏ ယဇ်ပူဇော်မှုများမှတစ်ဆင့် မွေးဖွားလာကြခြင်းဖြစ်သည်။ သူတို့၏ ဘိုးဘေးမြေတို့သည် စီရင်စုကိုးစု၏ အလယ်ဗဟိုတွင် တည်ရှိကြ၏။ ရှေးဟောင်နတ်ဘုရားတိုင်းတွင် ကိုယ်ပိုင်မွေးဌာနေ ပိုင်ဆိုင်ထားကြလေသည်။
ပိုင်ထူစီရင်စုမှ ရှေးဟောင်းနတ်ဘုရား၏ ဘိုးဘေးမြေသည် မိုးခြိမ်းသံများ လျှပ်စီးများဖြင့် ပြိုးပြိုးပြက်ပြ် ဝင်းလက်ညံလျက် လွှမ်းမိုးထား၏။ မိုးကြိုးတိမ်တိုက်များက တောင်တန်းများကို နေရာလပ်မကျန်အောင် ဖုံးအုပ်ထားပြီး တစ်ခုနှင့်တစ်ခု ထပ်နေသဖြင့် မှန်းဆမရနိုင်အောင် သိပ်သည်းနက်ရှိုင်းကြသည်။ ချဉ်းကပ်သွားသူတိုင်း မိုးခြိမ်းသံကြောင့် နားပင်းသွားပေလိမ့်မည်။ သို့ဖြစ်၍ ထိုနေရာတွင် နေထိုင်နေသည့် သက်ရှိတစ်ကောင်မှ မရှိချေ။
ဘိုးဘေးမြေသို့ ချဉ်းကပ်လာသည့် သတ္တဝါတိုင်းသည် လျှပ်စီးတန်းတို့၏ သတ်ဖြတ်ခြင်း ခံရ၏။
ချင်မူက အဝေးသို့ ကြည့်နေသည်။ မိုးကြိုးတိမ်တိုက်များအကြား၌ တောင်တန်းများ ကိန်းဝပ်ပြီး ၎င်းတို့မှာ ဖွေးဖွေးဖြူလာသည့်အထိ မိုးကြိုးပစ်ခံရနေသည်။ တောင်ထိပ်များတွင် ရွှေချပ်၀တ်နတ်ဘုရားတို့က မားမားမတ်မတ် ရပ်နေကြသည်။
ထိုနတ်ဘုရားများသည် ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ နောက်လိုက်နတ်ဘုရားများ ဖြစ်ကြလိမ့်မည်။ သူတို့က လင်းကွင်းများကို အဆက်မပြတ် ရိုက်ခတ်လျက် မိုးခြိမ်းသံများ ဖန်တီးရင်း ကျူးကျော်လာရဲသူတိုင်း၏ မူလဝိညာဉ်တို့ကို တရစပ် တိုက်ခိုက်တတ်ကြသည်။
သူတို့၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် မွန်မြတ်မှုများအား ထိန်းသိမ်းရန် စီရင်စုကိုးစု၏ ရှေးဟောင်းနတ်ဘုရားတို့သည် ဘိုးဘေးမြေများအား မိုးကြိုးတိမ်တိုက်တို့ဖြင့် လွှမ်းခြုံထားတတ်ကြ၏။ လောလောလတ်လတ် နတ်ဘုရားဖြစ်လာသူများပင်လျှင် မိုးကြိမ်တိမ်တိုက်များကို အလွယ်တကူ မထိုးဖောက်နိုင်ကြချေ။
ထို့ကြောင့် စီရင်စုကိုးစုမှ သိုင်းပညာရှင်များသည် နတ်ဘုရားများ ဖြစ်လာပြီးသည့်တိုင် ကြီးမြတ်သော ဘိုးဘေးမြေကိုးမြေသို့ ဝင်ရောက်၍ ရှေးဟောင်းနတ်ဘုရားများဆီ အခစားဝင်ကာ သူတို့လက်အောက်၌ နတ်စစ်သူကြီးများ ဖြစ်လာရန် မိုးကြိုးတိမ်တိုက်များ၏ စမ်းသပ်ချက်ကို ဖြတ်ကျော်ရန် လိုအပ်သေးလေသည်။
စီရင်စုကိုးစုအတွင်းရှိ သက်ရှိအားလုံးအတွက် ရှေးဟောင်းနတ်ဘုရားကိုးပါးကား ဆန်းကြယ်ပြီး လျှို့ဝှက်စွာ လှုပ်ရှားတတ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို ကိုးကွယ်သူ အမြောက်အများရ ရှိကြသည်။
ချင်မူက ယွီချွီးတု၊ ယန်အာနှင့် နဂါးချီလင်ကို ခေါ်၍ မိုးကြိုးတိမ်တိုက်များအကြား ဖြတ်သွားသည်။ မိုးကြိုးတိမ်တိုက်များကို စောင့်ကြပ်နေသည့် ရွှေချပ်၀တ် နတ်ဘုရားများမှာ သူတို့ကို မြင်ပုံမပေါ်သဖြင့် ယွီချွီးတုမှာ အံ့အားသင့်နေမိသည်။ သူတို့၏မျက်ခွံအောက်၌ လမ်းလျှောက်နေလျှင်တောင်မှ သူတို့ကို မမြင်မည့်ပုံပင်။
‘ဦးရီးတော်က တကယ်ကို တော်ပါပေတယ်….ဒီလို အသိစိတ်အလျဉ်အဆင့်မျိုးက ကြားတောင်မကြားဖူးဘူး’ သူ့မှာ ချင်မူ့ကို စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
သူတို့အားလုံး မိုးကြိုးတိမ်တိုက်တို့၏ အတွင်းပိုင်းထဲအထိ ရောက်လာကြသည်။ ပထမဆုံးအနေဖြင့် ယွီချွီးရှုမှာ ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ ဘိုးဘေးမြေအား အပြည့်အဝ မြင်ဖူးလေပြီ။ တောင်တန်းများ ၀န်းရံလျက် မိုးကြိုးလျှပ်စီးများ လွှမ်းခြုံထားသော မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမယဇ်ပလ္လင်ကြီးတစ်ခုသည် သူတို့အရှေ့၌ ဘွားဘွားထင်ထင် ပေါ်လာ၏။
ယဇ်ပလ္လင်မှာ အင်မတန်မှ ကြီးမားလှသည်။ စွမ်းအင်အကူးအပြောင်းတံတား၏ ယဇ်ပလ္လင်ထက်ပင် အဆပေါင်းများစွာ ကြီးမားလေသည်။ မည်သူတည်ဆောက်ခဲ့မှန်း ဘယ်သူမှ မသိချေ။
ယဇ်ပလ္လင်ကို ၀န်းရံထားသည့် မိုးကြိုးမြူခိုးများကြားတွင် ယဇ်ပလ္လင်ဘက်သို့ မျက်နှာမူ၍ ပူဇော်ရှိခိုးနေကြဟန်ရှိသော ဧရာမအရိုးစုကြီးများစွာ ရှိကြသည်။
အရိုးစုသန်းပေါင်းများစွာက ဤဧရာမယဇ်ပလ္လင်ကြီးကို ခြံရံလျက် ရှိနေ၏။ အရိုးစုများမှာ အသေးစားတောင်တစ်လုံးအရွယ် ရှိကြပြီး ဧရာမနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်လေသည်။
ယွီချွီးတုက အရိုးများစုများဆီ လျှောက်သွား၍ ခေါင်းမော့ကြည့်လိုက်သည်။ ထိုအရိုးစုတို့၏ နဖူးများတွင် ဆဋ္ဌဂံသဏ္ဍာန် ကျောက်များ ခတ်နှိပ်ထားပြီး ထိုကျောက်တို့မှ ခပ်မှိန်မှိန် အလင်းရောင်များ ဖြန့်ကျက်နေသေးသည်ကို တွေ့လိုက်ရ၏။
ထိုခပ်မှိန်မှိန် အလင်းတန်းများက အရိုးစုတို့၏ မျက်ခုံးနှစ်ဖက်ကြားမှ ယဇ်ပလ္လင်ဆီသို့ ဖြာကျနေကြသည်။
“သူတို့က ပိုင်ထူရှေးဟောင်းနတ်ဘုရားကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်တွေပဲ” နဂါးချီလင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ယွီချွီးတုမှာ အရိုးစုများအား မှင်သက်အံ့ဩစွာ ငေးမောနေသည်။ ဖန်ဆင်းရှင်တို့သည် သူ့ထက် ပို၍ အစွမ်းမထက်သော်လည်း ရှေးဟောင်းနတ်ဘုရားဟုခေါ်သည့် ထူးခြားသော သက်ရှိတစ်မျိုးကို ဖန်ဆင်းခဲ့သည်မှာ လေးစားဖွယ်ပင်။
သူတို့အားလုံး ယဇ်ပလ္လင်အပေါ် တက်လိုက်ကြသည့်အခါ နတ်ဘုရားမိစ္ဆာ အများအပြား တွေ့လိုက်ရသည်။ ထိုသူတို့သည် ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ မျိုးဆက်လော၊ မိုးကြိုးတိမ်တိုက်တို့ ဖြတ်သန်းရောက်ရှိလာခဲ့သည့် နတ်ဘုရားများလော သူတို့ မသိကြချေ။
ပိုင်ထူရှေးဟောင်းနတ်ဘုရားသည် ယဇ်ပလ္လင်အထက်၌ နတ်ဘုရားမြို့တစ်မြို့ ထူထောင်ထား၏။ မြို့ရှိ နတ်ဘုရားများမှာ စည်းစိမ်းခံစားယစ်မူး၍ ဝိုင်များ သောက်သုံးကာ မိန်းမလိုက်စားနေကြသည်။ ချင်မူက ယွီချွီးတုနှင့် ကျန်သူများကို မြို့ထဲ ခေါ်သွားသည့်အခါ လှောင်အိမ်များထဲ၌ အကျဉ်းချခံထားရသော လက်ကျန် “ယဇ်ကောင်များ”အား တွေ့လိုက်ရသည်။
သူတို့သည် ပိုင်ထူစီရင်စု၏ မျိုးနွယ်စုအသီးသီးမှ နတ်ဘုရားတစ်ပိုင်းများဆီသို့ ဆက်သခဲ့သော ယဇ်ကောင်များ ဖြစ်ကြသည်။ ယဇ်ကောင်များသည် မျိုးနွယ်စုအသီးသီးမှ ကျွန်များ ဖြစ်ကြပြီး လူသားများလည်း ပါ၀င်နေသည်။
သူတို့မှာ လှောင်အိမ်များထဲတွင် ထိတ်လန့်တုန်ရီနေကြသည်။ အများစုကတော့ ထုံအနေကြရှာ၏။ သူတို့က အဝေးသို့ ငေးကြောင် ကြည့်နေကြပြီး အချိန်အတော်ကြာပြီးနောက်မှ မျက်တောင်တစ်ချက် ခတ်လေသည်။
“တူတပည့်ယွီ၊ မင်းက ဒီနေရာမှာ ကြီးပြင်းလာတဲ့ နတ်ဘုရားတစ်ပါးဆိုတော့ စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံရဲ့ သမိုင်းကြောင်းကို ရင်းနှီးမှာပေါ့… ဟုတ်တယ်မလား”
ချင်မူက တုံ့ခနဲ ရပ်ကာ မေးလိုက်ပြောသည်။ “ဒီနေရာက နဂါးဟန်ရဲ့ ချိမင်ရဲ့ တော်လှန်ရေးတွေကို မဖြတ်သန်းခဲ့ရဘူးလား..”
ယွီချွီးတုသည် တခဏစဉ်းစားပြီးနောက် ဖြေ၏။ “ဆရာ နဂါးဟန်ခေတ်နဲ့ ချိမင်ခေတ်ရဲ့ တော်လှန်ရေးတွေနဲ့ ပြုပြင်ပြောင်းလဲမှုကို ပြောပြတာ ကျွန်တော် ကြားဖူးတယ်…. သူက ချုံဧကရာဇ်ခေတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုလည်း နည်းနည်း ပြောပြခဲ့တယ်…. ဒါပေမဲ့ ဒါက ကမ္ဘာဦးဘုံမဟုတ်ဘူးလေ… ကျွန်တော်တို့က တခြားကောင်းကင်ဘုံတွေလိုပဲ ပြီးခဲ့တဲ့ နှစ်တစ်သန်းအတွင်း ဘာမှ မပြောင်းလဲခဲ့ဘူး…. ကျွန်တော့်ဘိုးဘေးတွေ ဒီလိုနေထိုင်ခဲ့တာ မျိုးဆက်ချီနေပြီ”
ချင်မူမှာ ကြောင်အသွားသည်။
နဂါးဟန်တော်လှန်းရေး၊ ချိမင်တော်လှန်ရေး၊ ချုံဧကရာဇ်ပြုပြင်ပြောင်းလဲမှုနှင့် ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှုတို့သည် မည်မျှခမ်းနားကြီးကျယ်လှပေနည်း။
သို့သော် ကမ္ဘာဦးဘုံအလွန်ရှိ ကောင်းကင်ဘုံများဆီသို့ မပျံ့နှံ့ခဲ့ချေ။ သူတို့မှာ ရှေးဟောင်းနတ်ဘုရားတို့၏ ကျွန်ပြုခံနေရဆဲဖြစ်ပြီး အရာအားလုံးက နဂါးဟန်ခေတ် အစောပိုင်းနှစ်များကဲ့သို့ ရှေးကျနေဆဲ ဖြစ်သည်။
ထိုသူများမှာ အရည်ထူနေကြပြီဖြစ်၍ ဘိုးဘေးများ၏ ကံကြမ္မာကိုသာမက သူတို့၏ကံကြမ္မာအပြင် မျိုးဆက်သစ်များ၏ ကံကြမ္မာကိုပါ လက်ခံထားကြလေသည်။
ကမ္ဘာဦးဘုံတွင်သာ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်တို့ဖြင့် ပုဂ္ဂိုလ်များသည် အတောမသတ်နိုင်အောင် ပေါ်ထွန်းခဲ့ပြီး အဆက်မပြတ် တိုက်ခိုက်ခုခံ၍ ပြုပြင်ပြောင်းလဲခဲ့ကြ၏။
ချင်မူက ခေါင်းမော့၍ ယဇ်ပလ္လင်၏ အလယ်ဗဟိုထံ ကြည့်လိုက်သည်။
ယဇ်ပလ္လင်၏ဗဟိုသည် ထိုယဇ်ကောင်တို့၏ စွမ်းအားစုဆုံနေသော နေရာဖြစ်၏။ ခမ်းနားတင့်တယ်သော ရှေးဟောင်းနတ်ဘုရားတစ်ပါးက သူတို့မြင်ကွင်းထဲသို့ ရောက်လာသည်။
ထိုရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် နှင်းကဲ့သို့ ဖွေးဖြူနေ၏။ လက်လေးဖက်ပါသည့် အဖြူရောင်မျောက်ဝံကြီးနှင့် တူပြီး ကြွက်သားတို့က အမြောင်းမြောင်း ထနေချေသည်။ သူ၏ ခေါင်းပေါ်တွင် မီးငှက်၏ အနီရောင်ဂျိုတစ်ဂျို ပေါက်နေပြီး သူက အသက်ရှူသွင်း၊ ရှူထုတ်ရင်း ယဇ်ကောင်တို့၏ စွမ်းအားကို စုပ်ယူနေသည်။
သူ့ခန္ဓာကိုယ်ကြီးက တောင်တစ်လုံးကဲ့သို့ ကြီးမားလှ၍ သူ အသက်ရှူလိုက်တိုင်း ရုပ်ခန္ဓာက ပြန့်လိုက်၊ ကျုံ့လိုက်ဖြစ်၏။ သူ့ကြွက်သားများ လှုပ်ရှားသွားတိုင်း လျှပ်စီးများလက်၍ မိုးခြိမ်းသံများ မြည်ဟည်းသွားတတ်သည်။
ထောင်နှင့်ချီသော နတ်ဘုရားတို့က သူ့ကို ဝန်းရံထားပြီး သူ၏ခန္ဓာကိုယ်အား သန့်စင်ပေးရန် တာအိုအသံများ ရွတ်ဆိုနေကြသည်။
အဖြူရောင်အရိုးများဖြင့် ပြုလုပ်ထားသည့် တူများကို လှုပ်ခါနေသော နတ်ဘုရားများလည်း ရှိကြ၏။ ထိုတူများထံမှ ဦးခေါင်းခွံများ ပျံထွက်လာပြီး အကျဉ်းခန်းများဆီသို့ ဝင်ရောက်ကာ ယဇ်ကောင်တို့၏ ဝိညာဉ်များကို စုပ်ယူနေကြသည်။
ဦးခေါင်းခွံတို့က ပြန်လည်ပျံသန်းလာပြီး ရှေးဟောင်းနတ်ဘုရားကို ၀န်းရံကခုန်ကာ ၎င်းတို့ စုပ်ယူလာခဲ့သော ဝိညာဉ်များကို ပြန်ထုတ်လွှတ်နေ၏။ ထို့နောက် ထိုဝိညာဉ်များမှာ ရှေးဟောင်းနတ်ဘုရား အသက်တစ်ရှိုက်ရှူတိုင်း တဖန် ပြန်စုပ်ယူခံရလေသည်။
ပိုင်ထူစီရင်စုကို အုပ်စိုးသည့် ရှေးဟောင်းနတ်ဘုရားသည် နေ့ရောညပါ ကျင့်ကြံနေချေရာ ကမ္ဘာခေတ်နှောင်းသက်ရှိများထက်ပင် ဝီရိယရှိသည် ဆိုရပေမည်။
သူသည် ကမ္ဘာခေတ်နှောင်းသက်ရှိများ၏ ဝိညာဉ်ကိုပင် အသုံးပြုနေသဖြင့် မိစ္ဆာနတ်ဆိုးစရိုက်တို့ ပြည့်နှက်နေ၏။
ရှေးဟောင်းနတ်ဘုရားများအတွက် သူတို့ခန္ဓာကိုယ်၏ မဟာတာအိုအချုပ်အနှောင်များထဲမှ ဖောက်ထွက်ရန် ခက်ခဲသော်လည်း ကိုယ်ပိုင်တာအိုကို လေ့လာစူးစမ်းကာ မဟာတာအိုစွမ်းအားကို အဆုံးအစွန်အထိ တိုးမြှင့်နိုင်ပေသည်။
သိသိသာသာပင် ပိုင်ထူရှေးဟောင်းနတ်ဘုရားသည် ဥပမာပင် ဖြစ်သည်။
ယန်အာမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာ၍ ချင်မူ့ကို သတိပေးသည်။ “သခင်လေး၊ ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ စွမ်းအားက သူတို့ဘိုးဘေးမြေမှာ အားကောင်းတယ်… ဒီရှေးဟောင်းနတ်ဘုရားကို အပြင် မျှားခေါ်ပြီး သတ်တာ မကောင်းဘူးလား”
နဂါးချီလင်မှာလည်း အလားတူ စိတ်ထဲထင့်နေသည်။ “ဒီရှေးဟောင်းနတ်ဘုရားရဲ့ စွမ်းအားက ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်အဟောင်းတွေထက် အများကြီး သန်မာသလိုပဲ…. ဂိုဏ်းသခင်၊ ကျွန်တော်တို့ အရင်ဆုံး ဗျူဟာဆွဲတာ မကောင်းဘူးလား…”
ချင်မူက တုံ့ခ နဲရပ်လိုက်သည်။
ယန်အာနှင့် နဂါးချီလင်မှာ စိတ်သက်သာရာရသွားသောကြောင့် သက်ပြင်းချလိုက်ကြသည်။ ထိုစဉ် ရုတ်တရက် ချင်မူသည် ဖန်သားကောင်းကင်စေတီကို ထုတ်၍ မြေကြီးတွင် ထိုးစိုက်လိုက်၏။
သူတို့နှစ်ယောက်သား ရင်တဒိန်းဒိန်း ခုန်သွားကြသည့်အချိန် ချင်မူ ဖန်သားကောင်းကက်စေတီအား ဦးညွှတ်၍ အလေးအနက် ပြောလိုက်သည်။ “အရှင်ရတနာ၊ ကောင်းကင်ဘုံ ၂၈ ဘုံအဖြစ် ပြောင်းလဲပေးဖို့ တောင်းဆိုပါတယ်”