← Chapters

သက်တံရောင်ဓားနဲ့ နဂါးချီ

Vol. 86 Ch. 1122

သက်တံရောင်ဓားနဲ့ နဂါးချီ

Vol. 86 Ch. 1122

ပိုင်ထူရှေးဟောင်းနတ်ဘုရားသည် ‌ဖန်သားကောင်းကင်စေတီ ကျဆင်းသွားသည့်အချိန်မှာပဲ သတိထားမိသွား၍ ချက်ချင်း မျက်လုံးဖွင့်လိုက်၏။ လက်လေးဖက် မျောက်ဝံဖြူကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများနှင့်အတူ ကြွက်သားများ ဖောင်းကြွလာသည်။ သူ၏ရုပ်ခန္ဓာကြီးကား စောစောကထက်ပင် ကြီးမားလာပြီး အဆက်မပြတ် ကြီးထွားလာချေပြီ။

သို့သော် ချင်မူ စေတီဆီ ဦးညွှတ်လိုက်သည့်အခါ ဖန်သားကောင်းကင်စေတီသည် ဝုန်းခနဲ ပေါက်ကွဲသွားပြီး ထီးတော် ၂၈ ရွက်ကဲ့သို့ အလွှာအထပ်ထပ် ထပ်လျက် ပြန့်ကားထွက်လာ၏။

ကောင်းကင်ဘုံ ၂၈ ဘုံကြောင့် ပိုင်ထူဘိုးဘေးမြေတစ်ခုလုံးမှာ ရုတ်ခြည်း ကွဲထွက်သွားတော့သည်။ ရှေးဟောင်းနတ်ဘုရားကို ခြံရံလှည့်ပတ်နေသော နတ်ဘုရားမိစ္ဆာများလည်း အလိုလို လေပေါ် မြောက်တက်ကုန်ကြကာ ကောင်းကင်ဘုံအလွှာအထပ်ထပ်သို့ ပြုတ်ကျကုန်သည်။ ရှေးဟောင်းနတ်ဘုရား၏ အောက်ရှိ ယဇ်ပလ္လင်မှာလည်း သူနှင့် ဝေးရာသို့ လွင့်ထွက်သွားသည်။

ချင်မူက ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်သည့်အချိန်မှာပဲ တရှိန်ထိုး ပြေးထွက်လိုက်ပြီး ဖြစ်သည်။ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံ နေရာပြောင်းလဲနေစည် သူက ရှေးဟောင်းနတ်ဘုရား၏ အရှေ့သို့ ဖြတ်ခနဲ ရောက်သွားချေပြီ။

ချင်မူအနေဖြင့် အတွေးများဖြင့် ဖန်သားကောင်းကင်စေတီကို ထိန်းချုပ်နိုင်သည်။ ဤရတနာသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ရတနာ မဟုတ်ပါလော။ ချင်မူ့အမြင်အရ မြောက်နတ်မင်းရွှမ်းဝူ၏ ပန်းပဲသွန်းလုပ်နည်းနှင့် လက်ရာမှာ သိပ်မပြောင်မြောက်ပေ။ ရိုးရှင်းပြီး အကြမ်းစားဆန်သည်ဟုပင် ဆိုရမည်။

သူတို့က ရတနာများကို စုပေါင်း၍သာ အရည်ကျိုပုံသွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းက အတိုင်းထက်အလွန် အကြမ်းစားဆန်လွန်းသဖြင့် မျက်စိစပါးမွှေးပင် စူးစရာကောင်းလှသည်။

သို့‌သော် မြောက်နတ်မင်းရွှမ်းဝူ ထည့်သွင်းအရည်ကျိုထားသော ရတနာတစ်ပုံတစ်ခေါင်းကြောင့် ရတနာသည် ကမ္ဘာ့ထိပ်တန်း ရတနာတစ်ပါး ဖြစ်ထိုက်လာခဲ့၏။ ရှေးဟောင်းနတ်ဘုရားဥနှင့်ပါ တွဲပေးလိုက်သည့်အခါ ဤရတနာကို ယှဉ်နိုင်သော နတ်လက်နက်ဟူ၍ မရှိနိုင်တော့ပေ။

ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ ရုပ်ခန္ဓာက ပြန့်ကားကြီးထွားနေဆဲ ဖြစ်သည်။ သို့သော် သူနှင့် သူ၏ဘိုးဘေးမြေအကြား၌ ကောင်းကင်ဘုံ ၂၈ ဘုံရှိနေပြီး တစ်ဘုံချင်းစီမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကျယ်ဝန်းသယောင် ထင်ရသည်။

သူ့မှာ စွမ်းအင်ကုန်ခမ်းသွားမှုကို တမုဟုတ်ချင်း ခံစားလိုက်ရ၍ တစ်ခါမှ မခံစားခဲ့ဖူးသော အကြောက်တရားက သူ့ရင်ထဲတွင် ပေါက်ဖွားလာသည်။ ‘ဒါက‌ မြောက်နတ်မင်းရွှမ်းဝူရဲ့ ရတနာ... ဖန်သားကောင်းကင်စေတီပဲ’

သူ ပျာယာခတ်သွားသည်။ ဖန်သားကောင်းကင်စေတီသည် ကမ္ဘာ့ထိပ်တန်းရတနာအဖြစ် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ချီးကျူးအမွှမ်းတင်မှုကိုပင် ခံစားရပြီး မှန်းဆမရသော စွမ်းအားတို့ ကိန်းဝပ်နေ၏။ သူ့အနေဖြင့် ဤရတနာကို မသိဘဲ နေပါမည်လော။

‘ဒီရတနာ ပျောက်နေတာ နှစ်ခြောက်သိန်းကြာပြီမဟုတ်လား... ဘာလို့ အခုမှ ပြန်ပေါ်လာတာလဲ’

သူ့မှာ တွေဝေနေသော်လည်း ရုပ်ခန္ဓာကြီးထွားနေမှုကို ချက်ချင်း ရပ်တန့်ကာ ကျုံ့သွားစေလိုက်သည်။

ဘိုးဘေးမြေ၏ အထောက်အပံ့မပါဘဲ ခန္ဓာကိုယ်ကို ဆက်လက်ကြီးထွားနေစေလျှင် သူ့ရုပ်ခန္ဓာသည် အပြင်ပိုင်းတွင်သာ ကြံ့ခိုင်တောင့်တင်းနေပြီး အတွင်းထဲ၌ အားနည်းနေလိမ့်မည်။

သူ့ရုပ်ခန္ဓာ ကျုံ့လာသည့်အခါ ခွန်အားလည်း ကျစ်လစ်လာသည်။ ကိုယ်ပိုင်မဟာာတာအိုအတွက် နှစ်သိန်းသောင်းချီ အားထုတ်ကြိုးစားပြီးနောက် မည်သူ့ကိုမှ ကြောက်စရာမလိုတော့ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။

သို့သော် နောက်တခဏတွင် ချင်မူသည် သူ့အရှေ့တွင် ပေါ်လာပြီး သူ့ဆီ ပြေးဝင်လာချေပြီ။

ချင်မူက ဓားကို ဆွဲထုတ်လိုက်ရာ ဓားသည် ကောင်းကင်တစ်ပြင်လုံးအား အုပ်မိုးသွား၏။

ထိုအခိုက်အတန့်က ပိုင်ထူရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ကြီးထွားနေမှုကို ရပ်တန့်၍ ပြန်ချုံ့နေသည့် အခိုက်အတန့်ဖြစ်၍ အားအနည်းဆုံးအချိန်ပင်။

သို့တိုင်အောင် သူသည် အန္တရာယ်များသော အခြေအနေတွင် စိတ်တည်ငြိမ်နေ၏။ ရှေးဟောင်းနတ်ဘုရားတို့သည် တာအိုမှ မွေးဖွားလာသည့်အလျောက် မဟာတာအိုကို မွေးကတည်းက ထိန်းချုပ်နိုင်ကြရာ ကမ္ဘာခေတ်နှောင်းသတ္တဝါများ မယှဉ်နိုင်‌သော အခွင့်အရေးတစ်ခုအား ရရှိထားကြပေသည်။

ရှေးဟောင်းနတ်ဘုရားများအနေဖြင့် အခြားနယ်ပယ်များကို မလေ့လာနိုင်သော်လည်း မိမိ၏ ကိုယ်ပိုင်မဟာတာအိုကိုသာ သုတေသန လုပ်ခြင်းဖြင့် မွေးရာပါအခွင့်အရေးများအပေါ် အားပြုကာ ကမ္ဘာခေတ်နှောင်းသတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းတို့အပေါ် လွှမ်းမိုးနိုင်မည်ဟု သူ ယုံကြည်သည်။

သူ၏ကိုယ်ပိုင်တာအိုတွင် သူသည် အနှိုင်းမဲ့စွာ ပြိုင်ဘက်ကင်း၏။

သို့သော် ချင်မူ့ဓားရောင်ကို မြင်လိုက်သည့်တခဏ၌ ချင်မူ့ဓားကား သူ၏အားနည်းချက်ဆီ ဝင်လာပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။

မည်သည့်မဟာတာအိုမှ မပြီးပြည့်စုံပေ။ အထူးသဖြင့် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုများ ဖြစ်သည်။ အဘယ်ကြောင့်ဆို‌သော် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရားအားလုံး ဆင့်ခေါ်ခဲ့ပြီး တာအိုဂိုဏ်း၏ တာအိုဘိုးဘေးကြီးအား သူတို့၏မဟာတာအိုသင်္ကေတအမှတ်အသားများကို လေ့လာခိုင်းခဲ့၍ပင်။

ကောင်းကင်နယ်စားမင်းနှင့် အမိကမ္ဘာမြေ၏ မဟာတာအိုသင်္ကေတအမှတ်အသားများပင် တာအိုဘိုးဘေးကြီး၏ ရေးဆွဲကူးယူခြင်းခံခဲ့ရရာ သူလို ပိုင်ထူနတ်ဘုရားက ခြွင်းချက်ဖြစ်ပါမည်လော။ ချင်မူ့ဓားရောင်ကို မြင်သည်နှင့် ချင်မူ့ဓားချက်က သူ၏အားနည်းချက်ဆီ ဦးတည်ကြောင်း သူ သိလိုက်သည်။

သူ့မှာ ထွေထွေထူးထူး တွေးမနေနိုင်တော့ဘဲ လက်ကို မြှောက်ကာ လှုပ်ခါလိုက်သည်။ သူ့လက်ဝါး၏ အလယ်မှ အလင်းတန်းများ ဖြာထွက်လာကာ မဟာတာအို ဖွဲ့တည်လာသည်။ သူက သူ၏မှော်စွမ်းအင်ဖြင့် ချင်မူနှင့် သူ၏ဓားချက်ကို ဖျက်စီးနိုင်မည်ဟု အပိုင်တွက်ထား၏။

ပိုင်ထူရှေးဟောင်းနတ်ဘုရားသည် ကျန်လက်သုံးဖက်ကို ‌မြှောက်လိုက်ပြီး လက်တစ်ဖက်စီတိုင်းက မတူညီသော မုဒြာတစ်ခုစီကို ဖော်ဆောင်ထားကြသည်။ မုဒြာတစ်ခုက ရုပ်ခန္ဓာကို သတ်ရန်၊ တစ်ခုက မူလဝိညာဉ်ကို ဆွဲယူရန်၊ နောက်တစ်ခုက ချင်မူ့တွင် ရှိသမျှ အရာမှန်သမျှအား ဖျက်စီးရန် ဖြစ်သည်။

ထိုသိုင်းကွက်သုံးကွက်က သူ၏ အဆင့်အမြင့်ဆုံး သိုင်းကွက်များ ဖြစ်ကာ နှစ်ပေါင်းများစွာ သူ၏မဟာတာအိုအပေါ် လေ့လာသုံးသပ်ခဲ့ရသော ရလဒ်များကိုလည်း ကိုယ်စားပြုသည်။

သူ၏ပထမလက်ဝါးက ချင်မူ့ဓားရောင်နှင့် ထိပ်တိုက်တွေ့သွားချေပြီ။ သူ့အနေဖြင့် ချင်မူ့ဓားချက်ကို ပိတ်ဆို့၍ အစိတ်စိတ်အမြွှာမြွှာ ဖျက်စီးနိုင်သရွေ့ ဒုတိယ၊ တတိယနှင့် စတုတ္ထသိုင်းကွက်များသည် ချင်မူ့အပေါ် အဆက်မပြတ် ကျရောက်ကာ စိစိညက်ညက် ချေမှုန်းပစ်လိမ့်မည်။

ထိုအခိုက်အတန့်၌ ချင်မူ့ဓားက သူ့လက်ဝါး၏ လက်ချောင်းငါးချောင်းကြားမှ ဖြတ်လာသည်ကို မြင်လိုက်ရသည်။ ချင်မူကား မည်သည့်အဟန့်အတားကိုမှ မရင်ဆိုင်လိုက်ရသကဲ့သို့ပင်။ ထို့နောက် သူ့လက်မမှာ မြောက်တက်သွားပြီး ကျန်လက်ချောင်းလေးချောင်းနှင့် လက်ဝါးတစ်ဝက်ကား ပြတ်ထွက်သွားပြီး ပြုတ်ကျသွား၏။

နှင်းကဲ့သို့ ဖြူဆွတ်နေသော ဓားရောင်နှင့်အတူ ချင်မူ့အရိပ်ကလည်း ရောက်လာသည်။ ချင်မူ့မျက်နှာကို မြင်လိုက်ရသည်နှင့် ပိုင်ထူရှေးဟောင်းနတ်ဘုရား ကြောက်လန့်သွားတော့သည်။

“ကောင်းကင်နတ်အရှင်မူ”

ရှေးဟောင်းနတ်ဘုရား၏ မျက်နှာကြွက်သားများ တဆတ်ဆတ် တုန်လာသည်။ အတိတ်ခေတ်တုန်းက ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော ကြောက်မက်ဖွယ်ရာ လူသတ်သမားကား ပြန်ရောက်လာခဲ့ချေပြီ။

သူ့အတွက် ကောင်းကင်နတ်အရှင်မူမှာ သူစိမ်းနှင့် မခြားပေ။ သို့သော် ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားငါးပါးကို သတ်ဖြတ်ပစ်ခဲ့သည့် သတင်းက ချင်မူ့ခေါင်းထဲတွင် စွဲကျန်ခဲ့ပြီး သူ့အား အမြဲခြောက်လှန့်နေသော အိပ်မက်ဆိုး ဖြစ်လာခဲ့၏။

ကောင်းကင်နတ်အရှင်မူအကြောင်း သူ ကြားခဲ့ဖူးသည်မှာ ကြာပြီဖြစ်သည်။ ထိုလူသည် နှစ်ပေါင်းခြောက်သိန်းတိုင် ပျောက်နေခဲ့ပြီး လွန်ခဲ့သော ဆယ်နှစ်ကမှ ပြန်ပေါ်လာခဲ့၏။

ထိုအချိန်မှသာ ကောင်းကင်နတ်အရှင်မူက ကြက်ကန်းဆန်အိုးတိုးပြီး နဂါးဟန်ခေတ်သို့ ကူးပြောင်းရောက်ရှိလာခဲ့သော ကောင်လေးတစ်ယောက်သာ ဖြစ်မှန်း သူ သဘောပေါက်ခဲ့သည်။ ကောင်းကင်နတ်အရှင်မူသည် မူချင်းအသွင် ရုပ်ဖျက်ခဲ့ပြီး သိပ်အစွမ်းမထက်ခဲ့ပေ။

ပို၍အရေးကြီးသည်က ကောင်းကင်နတ်အရှင်မူမှာ ယခင်တုန်းကလို ဂုဏ်သတင်းမကျော်စောတော့သော်လည်း ရှေးဟောင်းနတ်ဘုရားများအကြား၌ ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်ဘွဲ့ကို ရရှိခဲ့သည့် အချက် ဖြစ်သည်။

သတင်းများအရ ကောင်းကင်နတ်အရှင်မူ ဘေးကင်းသရွေ့ ‌ရှေးဟောင်းနတ်ဘုရားများလည်း ပြိုင်ဘက်ကင်းကာ မသေမျိုးများ ဖြစ်နိုင်ကြသည်။

ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်ဟု ခေါ်ရခြင်းမှာ သူသည် ရှေးဟောင်းနတ်ဘုရားများအား ပြိုင်ဘက်ကင်းအောင် လုပ်ပေးနိုင်သည့် စွမ်းအားကြီးသော မှော်ပညာရှင်တစ်ဦးဖြစ်သည့် အဓိပ္ပာယ်ပင်။ ချင်မူကိုယ်တိုင်က ပြိုင်ဘက်ကင်းနေခြင်းမဟုတ်ပေ။

ရှေးဟောင်းနတ်ဘုရားများမှာ ထိုဖြစ်ရပ်ကြောင့် အလွန် ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြပြီး နဂါးဟန်ခေတ်နေ့ရက်များသို့ ပြန်သွားရောက်နိုင်တော့မည်, ရှေးဟောင်းနတ်ဘုရားများ ‌တစ်လောကလုံးကို အုပ်စိုးခဲ့သည့် ရှေးဟောင်းကမ္ဘာဦးခေတ်ကိုပင် သွားကောင်းသွားနိုင်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။

ပိုင်ထူရှေးဟောင်းနတ်ဘုရားသည် ယင်းကောလဟာလကို ကြားသိခဲ့စဉ်က အင်မတန် ပျော်ရွှင်ခဲ့၏။ သူ့မှာ ကောင်းကင်နတ်ဘုံနှင့် အနောက်ကောင်းကင်၏ အဖြူရောင်နတ်မင်းအနား၌ မှီခိုနေပြီး သွေးသောက်သုံးမှုနှင့် သွေးယဇ်ပူဇော်သည့် ဓလေ့ကို ထိန်းသိမ်းထားသည့်တိုင် ယခင်ကဲ့သို့ အပူအပင်မကင်းနိုင်ခဲ့ပေ။

ယခင်က ရှေးဟောင်းနတ်ဘုရားများကို သတ်ဖြတ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ကောင်းကင်နတ်အရှင်မူသာ ရှေးဟောင်းနတ်ဘုရားများကို ပြိုင်ဘက်ကင်းအောင် အကျိုးဆောင်ပေးသူ ဖြစ်လာပါက ကောင်းမွန်ပေသည်။

ထို့အပြင် ကောင်းကင်နတ်အရှင်မူမှာ အားနည်းပြီး သေးငယ်သည့်အလျောက် ထိန်းချုပ်ရန် လွယ်ကူလိမ့်မည်။

သို့သော် ယခုတွင်‌ကား ကောင်းကင်နတ်အရှင်မူသည် သူ့ကို သတ်ရန် ရောက်လာခဲ့ချေပြီ။

ဒုတိယမုဒြာသိုင်းကွက်က ချင်မူ့ကို လွဲချော်သွားပြီး တတိယမုဒြာသိုင်းကွက်လည်း အလားတူပင်။ စတုတ္ထမုဒြာသည် ချင်မူ့နောက်သို့ ရောက်သွားပြီး ခမ်းနားတင့်တယ်သည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ့ခေါင်းပေါ်ရှိ ချိုမှ အလင်းတန်းများသည် ချင်မူ့ထံ ဖြာကျသွားလေသည်။

ဒင်..

အလင်းတန်းတို့က ဓားရောင်ပေါ်သို့ ကျရောက်သွားသည့်အခါ မှိန်ကျသွားပြီး ဓားကျိုး၏ အနှစ်သာရကို ပေါ်လွင်လာစေသည်။

သူ့စတုတ္ထသိုင်းကွက်က ချင်မူ့နောက်သို့ ဦးတည်နေသည်။ ချင်မူ ‌မရှောင်တိမ်းပါက သေပေလိမ့်မည်။

သူ၏ တုန်ရီနေသော မျက်နှာထက်တွက် အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူက မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ရပ်လိုက်ပါ… ကျုပ်တို့က မဟာမိတ်တွေမလား”

သူ စကားမဆုံးခင် ချင်မူ့လက်ထဲရှိ ဓားကျိုးမှာ ပြန့်ကားလာကာ သူ၏နတ်ချိုကို ခုတ်ဖြတ်လိုက်သော နတ်ဓားတစ်လက်အသွင် ပြောင်းသွားတော့သည်။

ခုတ်ပိုင်းချက်က သူ့နတ်ချိုကို ဝါးခွဲသည့်အလား နှစ်ခြမ်းကွဲသွားစေ၏။ ချိုမှာ နှစ်ပိုင်းပြတ်၍ သူ့ဦးခေါင်းထက်မှ လွင့်ထွက်သွားသည်။

ပိုင်ထူရှေးဟောင်းနတ်ဘုရားက သူ့စတုတ္ထသိုင်းကွက်ကို တွန်းအားပေးလိုက်သဖြင့် ချင်မူ့နှလုံသားနောက်သို့ ရောက်ရှိသွားသည်။ ထိုအခိုက်အတန့်တွင် ချင်မူ့လက်ထဲရှိ နတ်ဓားမှာ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူ့နဖူးကို ဖြတ်လိုက်ချေပြီ။

ဝုန်း…

စတုတ္ထသိုင်းကွက် ချင်မူ့နှလုံးသားအနောက်ဆီသို့ အားကုန်ပြေး၀င်လိုက်သည့်အချိန် အသွေးအသားစများ အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည်။ ‌သွေး၊ အသားစတို့နှင့်အတူ ပျံထွက်လာသည်ကား ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ ဦးခေါင်းခွံပင်။

သူ၏ခေါင်းခွံကြီးမှာ နောက်သို့ လွင့်ထွက်သွားပြီး ချင်မူ့ကျောမှာလည်း သူ့သိုင်းကွက်ကြောင့် ကွာကျလုနီးပါးဖြစ်သွားသည်။ သူ့ကျောရှိ ကြွက်သားအားလုံး ပုပ်ပွကုန်ပြီး ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ ဦးခေါင်းခွံကဲ့သို့ လွင့်ထွက်သွားကြသည်။

ချင်မူ ငုံ့ကြည့်လိုက်သည့်အခါ ရှေးဟောင်းနတ်ဘုရား၏ ဦးနှောက်ဖွဲ့စည်းပုံအား ရှင်းရှင်းလင်းလင်း မြင်ရလေသည်။

ရှေးဟောင်းနတ်ဘုရား၌ ဦးနှောက်တစ်၀က်သာ ကျန်တော့သည်။

ချင်မူ ခေါင်းငုံ့လိုက်သည်နှင့် သူ့မျက်ခုံးကြားရှိ မျက်လုံးသည် ပွင့်ဟလာပြီး အလင်းတန်းတစ်ခုက ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ ကျန်ရှိသော ဦးနှောက်တစ်၀က်ထဲသို့ တိုးဝင်သွားသည်။

ရှေးဟောင်းနတ်ဘုရား၏ နတ်ဘုရားဝိညာဉ် ပြိုကွဲသွား၏။ သူ၏မြေဝိညာဉ်က ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်ကျသွားချေပြီ။ ၎င်းမှာ ချက်ချင်းဆိုသလို အမှုန့်ကြိတ်ခံရလိုက်ပြီး အနက်ရောင်ဝိညာဥ်သဲမှုန်အဖြစ် ‌လေနှင့်အတူ လွင့်စင်သွားတော့သည်။

ဖန်သားကောင်းကင်စေတီက ကောင်းကင်ဘုံ ၂၈ ဘုံကို ချက်ချင်း ပြန်ရုတ်လိုက်ရာ ထီးတော် ၂၈ ရွက်အသွင် ပြောင်းလဲ၍‌ ထောက်တိုင်ထဲ ခေါက်၀င်သွားကြသည်။

နတ်ဘုရားမိစ္ဆာများသည် ယဇ်ပလ္လင်အနီးတစ်ဝိုက်သို့ ပြန်ရောက်လာကြ၏။ သူတို့မှာ ယခုထက်ထိ ဣန္ဒြေမဆည်နိုင်သေးဘဲ ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် ကြောင်နေကြသည်။

ပိုင်ထူရှေးဟောင်းနတ်ဘုရားက ဘိုးဘေးမြေ၏ ယဇ်ပလ္လင်တွင် ထိုင်မြဲထိုင်နေ၏။ သူ၏ လက်သုံးဖက်တွင် စွမ်းအားမလွင့်ပျယ်သေးသော မုဒြာလက်ဟန်များ ဖွဲ့တည်လျက် ရှိနေဆဲဖြစ်ပြီး ကျန်လက်ဖဝါးတစ်ဖက်ကတော့ တစ်၀က်သာ ကျန်တော့သည်။

သူ့အပြုံးက သူ့မျက်နှာထက်တွင် တောင်းတင်းစွာ ဖြစ်ထွန်းနေလေသည်။

“ဘိုးဘေးကြီး၊ ဘာဖြစ်သွားတာလဲ” နတ်ဘုရားမိစ္ဆာများက ဟိုဟိုသည်သည် ကြည့်၍ မေးလိုက်ကြသည်။

ထိုအခါမှသာ ပိုင်ထူရှေးဟောင်းနတ်ဘုရား သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြလေသည်။

ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လျက် သူ့ကျောရှိ ဒဏ်ရာများအား လျင်မြန်စွာ ကုသလိုက်သည်။ ထို့နောက် ဖန်သားကောင်းကင်စေတီကို ထုတ်၍ ပြန်ရန် လှည့်လိုက်ရင်း အလေးအနက် ပြောလိုက်၏။ “မြောက်ပိုင်းက ချုန်းထူစီရင်စု သွားပြီး ချုန်းထူရှေးဟောင်းနတ်ဘုရားနဲ့ တွေ့ကြစို့”

သူ့အနောက်မှ အော်ဟစ်ငိုယိုသံများ ပျံ့လွင့်လာသည်။

All Chapters