← Chapters

အသေးစားကောင်းကင်နတ်ဘုံကျင့်စဉ်၊ မဟာကောင်းကင်နတ်ဘုံကျင့်စဉ်

Vol. 86 Ch. 1123

အသေးစားကောင်းကင်နတ်ဘုံကျင့်စဉ်၊ မဟာကောင်းကင်နတ်ဘုံကျင့်စဉ်

Vol. 86 Ch. 1123

ယွီချွီးတုမှာ ချင်မူတို့နောက်သို့ ကရောသောပါး လိုက်သွားသည်။ ချင်မူ ပိုင်ထူရှေးဟောင်းနတ်ဘုရားကို သတ်ဖြတ်သည့် မြင်ကွင်းက သူ့ခေါင်းထဲမှ မထွက်သေးချေ။

စောစောက ဓားမရောင်နှင့် ဓားရိပ်ကြောင့်လည်း တုန်လှုပ်နေမိဆဲ ဖြစ်သည်။

အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ရှေးဟောင်းနတ်ဘုရားများကို အနိုင်ယူခဲ့သည့် အချိန်တုန်းက သူ တုန်လှုပ်ခဲ့ဖူးသော်လည်း ယနေ့လောက် မဆိုးရွားချေ။

ချင်မူ ကျင့်ပိုင်ချွမ်းကို သတ်ဖြတ်ခဲ့ခြင်းကလည်း သူ့ကို အတော်လေး ကြောက်လန့်သွားစေသည်။ သို့သော် ပိုင်ထူရှေးဟောင်းနတ်ဘုရားနှင့် ယှဉ်လျှင် ပိုင်ထူရှေးဟောင်းနတ်ဘုရား၏ သေဆုံးခြင်းက ပို၍ ဆိုးရွားချေသည်။

ယွီချွီးတုမှာ သူ့ခန္ဓာကိုယ်အတွင်းတွင် ဂနာမငြိမ်သော စွမ်းအင်များ လျှောက်ပြေးနေသလို ခံစားလိုက်ရသည်။ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ အကြမ်းပတမ်း လွှဲရမ်းရင်း တစ်လောကလုံးရှိ မတရားမှုများကို ခုတ်ဖြတ်ရှင်းလင်းပစ်လိုစိတ်က တဖွားဖွား ထကြွလာသည်။

သူ့ဦးရီးတော်၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းပြီး ခမ်းနားသော စွမ်းအင်တစ်ရပ် ကိန်းဝပ်နေဟန်တူသည်။ ၎င်းသည် သူ့ဆီသို့ ကူးစက်လာကာ သူ့သွေးတို့အား ပွက်ပွက်ဆူလာစေသည်။

“ဦးရီးတော်က တကယ်ပဲ ဘယ်သူများလဲ” သူက ခပ်ဖွဖွ ရေရွတ်လိုက်မိသည်။

နဂါးချီလင်သည် ပြုံးလိုက်၏။ “သူက ကောင်းကင်နတ်အရှင်မူ…. ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ပါဆို…. မင်း ဒီမေးခွန်းကို စောစောကလည်း မေးပြီးသွားပြီလေ…”

ယွီချွီးတုမှာ ထိုအဖြေကို ကျေနပ်သေးပုံမပေါ်ချေ။ သူက တတွတ်တွတ် ရွတ်နေသည်။ “ကောင်းကင်နတ်အရှင်မူ… ကောင်းကင်နတ်အရှင်မူ…”

သူသည် အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း၏ အားအကိုးရဆုံး တပည့်ဖြစ်သည် မဟုတ်လော။ သူ၏အတွေ့အကြုံများနှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ရမှုများက သူ့ကို သတိရှိ၍ တည်ငြိမ်စေသည်။ သူက ပြောလိုက်သည်။ “ဦးရီးတော်၊ ဦးရီးတော်က ပိုင်ထူရှေးဟောင်းနတ်ဘုရားကို သတ်ခဲ့တာနော်… ကျွန်တော်တို့ သရုပ်မှန် ပေါ်သွားမှာ စိုးရိမ်မိတယ်ဗျ…. ကောင်းကင်နတ်ဘုံနဲ့ အဖြူရောင်နတ်မင်းက ပိုင်ထူရှေးဟောင်းနတ်ဘုရားရဲ့ ဝိညာဉ်ကို စစ်မေးလိုက်တာနဲ့ သူ့ကို ဘယ်သူသတ်တာလဲ သိသွားကြလိမ့်မယ်”

“သူတို့ အဲ့ဒီလို လုပ်လို့ရမှာမဟုတ်ဘူး”

ချင်မူက ခပ်ပြတ်ပြတ် ဖြေသည်။ “သူ့ဝိညာဉ်က ပြန့်ကျဲနေပြီ…. သူ့ဝိညာဉ်ကို ပြန်တည်ဆောက်နိုင်တဲ့သူ… ဒီလောကမှာ ‌သူ သေဆုံးရတဲ့ အကြောင်းအရင်းကို စစ်မေးနိုင်တဲ့သူ တစ်ယောက်ပဲ ရှိတယ်….. အဲ့ဒါ ငါပဲ”

ယွီချွီးတုမှာ မျက်လုံးများ ဝိုင်းစက်သွားပြီး သူကိုယ်တိုင်ပင် မသိလိုက်ဘဲ တုံ့ခနဲ ရပ်နေမိသည်။

နဂါးချီလင်က လှည့်ကြည့်ကာ ပြုံးလိုက်၏။ “နောင်တော်… မြန်မြန်လာလေ…”

ယွီချွီးတုလည်း ရှေ့သို့ အပြေးတစ်ပိုင်းသွား၍ စိတ်အားထက်သန်စွာ မေးလိုက်သည်။ “ဦးရီးတော်၊ ကျွန်တော့်ကို သင်ပေးလို့ရမလား..”

ချင်မူက သူ့ကို ဇ၀ဇဝါ ပြန်လှည့်ကြည့်သည်။ ယွီချွီးတုသည် အလောတကြီး ရှင်းပြ၏။ “ဆရာ့အစွမ်းအစတွေက မကောင်းဘူးထင်တာ မဟုတ်ပါဘူး…. ဦးရီးတော်ရဲ့ အစွမ်းအစတွေက အရမ်းမိုက်လွန်းလို့ပါ…. ကျွန်တော်က လောဘကြီးတော့ နည်းနည်း ထပ်သင်ချင်သေးတယ်”

ချင်မူက အားရပါးရ ရယ်လိုက်လေသည်။ “ငါက အခု အစစ်အမှန်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်…. မင်းရဲ့ဆရာက ငါ့ကိုယ်ပွားတစ်ရာကို လက်တစ်ဖက်တည်းနဲ့ ရှင်းပစ်နိုင်တဲ့လူကွ…. သူ့သိုင်းကွက်တွေက အလိုလိုကို အစွမ်းထက်နေပြီးသား…. သူက ‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို မတွေ့ကြုံခဲ့ရလို့ ခေတ်နောက်ကျနေတာပဲ ရှိတာ…. ဒါပေမဲ့ သူ့ကို ငါ ကယ်ပြီးတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို သူ သင်ယူပြီးတဲ့အချိန်ကျရင် သူ့အောင်မြင်မှုတွေက ပိုပြီးကြီးကျယ်ခမ်းနားလိမ့်မယ်…. ငါ့ဆီကနေ သင်စရာမလိုပါဘူး… ငါ သိတာမှန်သမျှ သင်ယူဖို့ မင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ သွားဖို့ပဲ လိုတာ…”

ယွီချွီးတုသည် လိုချင်တောင့်တနေသော မျက်နှာအမူအရာဖြင့် မျှော်လင့်ချက်ကြီးစွာ မေး၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက သိုင်းကွက်တွေကို သင်ယူပြီးတာနဲ့ ဦးရီးတော်လို သန်မာလာမှာလား”

ချင်မူ တွေးကြည့်လိုက်ရင်း ခေါင်းရမ်းပြမိသည်။ “မဖြစ်နိုင်ဘူး…. မင်းက မင်းဆရာရဲ့ သိုင်းကွက်တွေကို ကျွမ်းကျင်ပေမယ့် တီထွင်ဖန်တီးနိုင်စွမ်း လုံလုံလောက်လောက် မရှိသေးဘူး… မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေကို ကြည့်လိုက်ရင် မင်းဆရာရဲ့ သိုင်းကွက်တွေကို မပြုပြင်ဘဲ၊ အဆင့်မမြှင့်ဘဲ ဒီတိုင်း သုံးနေတာ အတိုင်းသားမြင်နေရတယ်…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်လို့ ပြုပြင်ပြောင်းလဲမှုတွေကို သင်ယူပြီးရင်တောင်မှ ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်ပဲ ရောက်နိုင်တယ်”

ယွီချွီးတု မျက်နှာကြီး မည်းမှောင်သွားသည်။

ချင်မူက သူ့ကို အားပေးလိုက်သည်။ “ဒါပေမဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေနဲ့ဆို မင်းကို ကောင်းကင်နတ်ဘုံမှာ သိုင်းသမားတစ်ယောက်ထက် ပိုစေလိမ့်မယ်…. ကျောက်စိမ်းမြို့တော်အဆင့်တွေ မင်းကို ယှဉ်နိုင်မှာမဟုတ်ဘူး... ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် အမျိုးမျိုးကို ပေါင်းစည်းနိုင်ရင် အသေးစားကောင်းကင်နတ်ဘုံကျင့်စဉ်ကို မင်း ကျင့်နိုင်လိမ့်မယ်… အဆင့်တူမှာ မင်းကို ယှဉ်နိုင်တဲ့ ကောင်းကင်နတ်အရှင်တွေရဲ့ တပည့်တွေလည်း နည်းသွားလိမ့်မယ်”

“အသေးစားကောင်းကင်နတ်ဘုံကျင့်စဉ်တဲ့လား”

ယွီချွီးတု၏ အတွေးများမှာ ပျံ့လွင့်သွားပြီး သူက စိတ်လှုပ်တရှား ပြောလိုက်သည်။ “အသေးစားကောင်းကင်နတ်ဘုံကျင့်စဉ်က ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်အများကြီးကို ပေါင်းစည်းထားတာလို့ ဆရာ ပြောပြဖူးတယ်…. ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ၁၈ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရင် မဟာကောင်းကင်နတ်ဘုံကျင့်စဉ် ဖြစ်လာလိမ့်မယ်… ကျွန်တော် မဟာကောင်းကင်နတ်ဘုံကျင့်စဉ်ကို ကျင့်နိုင်ရင်ရော…”

“ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာမှာပေါ့…”

ချင်မူက ပြတ်သားစွာ ပြောသည်။ “မဟာကောင်းကင်နတ်ဘုံကျင့်စဉ်ကို နားလည်နိုင်တဲ့ ဘယ်သူမဆို ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာဖို့ အရည်အချင်းပြည့်မှီတယ်…. ကျောက်စိမ်းမြို့တော်အဆင့်မှာ မင်းက တုနှိုင်းမဲ့ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်…..အဆင့်တူက ကောင်းကင်နတ်အရှင်တွေ မင်းကို အနိုင်ယူဖို့ လွယ်ကူမှာမဟုတ်ဘူး…”

ယွီချွီးတုမှာ ပြောပြမတတ်နိုင်အောင် စိတ်လှုပ်ရှားလာပြီး လက်သီးကို ကျစ်ကျစ်ပါ‌အောင် ဆုပ်ထား၏။

ချင်မူက သူ့ကို တစ်ချက်ကြည့်၍ ဆက်ပြောလိုက်သည်။ “ကျင့်စဉ်အသစ်တစ်မျိုး ထည့်ပေါင်းလိုက်တိုင်း ခက်ခဲမှုအတိုင်းအတာက နှစ်ဆတိုးသွားတယ်…. နှစ်မျိုး၊ သုံးမျိုးလောက် ပေါင်းရတာတောင် ခက်ခဲလွန်းနေပြီ…. ဆယ်မျိုးကျော် ပေါင်းတာက ကောင်းကင်ကြီး ဘယ်လောက်ကျယ်လဲ တိုင်းတာနေသလိုပဲ….. ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ တပည့်တွေဆိုတာ ရှားပါးတဲ့ သိုင်းပညာရှင်တွေ… သူတို့တောင် ခြောက်မျိုး၊ ခုနစ်မျိုးအထိပဲ ပေါင်းစည်းနိုင်ကြတယ်… ကျင့်စဥ် ၁၈ မျိုးကို ပေါင်းစည်းပြီး မဟာကောင်းကင်နတ်ဘုံကို ပထမဆုံးခြေလှမ်း လှမ်းနိုင်တဲ့ တစ်ယောက်တော့ ကောင်းကင်နတ်ဘုံမှာ ရှိကောင်းရှိနိုင်တယ်…. ဒါပေမဲ့ ငါ အဲ့ဒီလိုလူမျိုးနဲ့ မတွေ့ဖူးသေးဘူး”

ယွီးချွီးတု၏ နှလုံးသားမှာ ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ အေးခဲသွားသည်။ သူက အလျင်အမြန် မေးလေသည်။ “ဦးရီးတော်၊ ဦးရီးတော်ကရော… ဧကရာဇ်ပလ္လင်ကျင့်စဉ် ဘယ်နှမျိုး ပေါင်းစည်းသွားပြီးပြီလဲ..”

“၁၄ မျိုး…. ငါ့ရဲ့ ပေါင်းစည်းကျင့်စဉ်ပါ ထည့်တွက်ရင် ၁၅ မျိုးပေါ့”

ချင်မူသည် ခံစားချက်အပြည့်ဖြင့် ပြောနေ၏။ “ငါက မဟာကောင်းကင်ဘုံကျင့်စဉ်နဲ့ နီးစပ်နေပြီလို့ ထင်ကောင်းထင်ရနိုင်ပေမယ့် တကယ်တော့ အဝေးကြီးလိုသေးတယ်…. အောင်မြင်ဖို့က ခက်ခဲလွန်းတယ်ကွာ…. ကောင်းကင်နတ်အရှင်ဆယ်ပါးက အံ့မခန်းပုဂ္ဂိုလ်တွေ… ငါတို့ အဆင့်တူမှာ တိုက်ခိုက်ကြရင် ငါက သူတို့ထက် နည်းနည်းပဲ သန်မာတာ”

သူက သက်ပြင်းများ အတောမသတ်နိုင်အောင် ချနေတော့သည်။

ယွီချွီးတုမှာ ကြောင်အသွားသည်။

‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို မခံစားဖူးသရွေ့ ၎င်းမည်မျှ အစွမ်းထက်သလဲ မသိနိုင်ချေ။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ချင်မူ၊ ရှုရှန်းဟွာ၊ ကျန်းပိုင်ကွေ့၊ ဧကရာဇ်ယန်ဖုန်း၊ ဧကရာဇ်ယန်ရှု၊ လင်းရွှမ်၊ ဝမ့်မူရန်နှင့် ကျန်သူတို့ အသက်သွင်းခဲ့ကြသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ ကဏ္ဍက မတူညီသော်လည်း သူတို့သည် အကြံဉာဏ်များ၊ စိတ်ကူးစိတ်သန်းများကို မလျှိုထားဘဲ လွတ်လပ်စွာ ဖလှယ်ခဲ့ကြ၏။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အုတ်မြစ်ကား ကောင်းကင်ရတနာများအား ပြောင်းလဲခြင်းဖြစ်သည်။ ယနေ့ခေတ် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ကျင့်ကြံပုံမှာ ကောင်းကင်နတ်ဘုံနှင့် မတူပေ။ သူတို့သည် သင်္ချာကို နက်နက်နဲနဲ လေ့လာကာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာများထဲတွင် သစ်ပင်သန္ဓေများ စိုက်ပျိုးခဲ့ကြ၏။

ဓာတ်ကြီးငါးပါးကောင်းကင်ရတနာအထိ ကျင့်ကြံကြသည့်အခါ သစ်ပင်သန္ဓေများက ဓာတ်ကြီးငါးပါးကို ဖြတ်ကျော်‌အုပ်မိုးလျက် ဓာတ်ကြီးငါးပါးနှင့် ဝိညာဉ်သ‌န္ဓေသားကို တစ်သားတည်း ချိတ်ဆက်ပေးကြသည်။ ၎င်းကို ကောင်းကင်ရတနာတစ်ခုတည်းအဖြစ် သတ်မှတ်နိုင်သော်လည်း ၎င်း၏စွမ်းအားသည် သမာရိုးကျနည်းလမ်းထက် များစွာ အားကောင်းပြင်းထန်ပေသည်။

အရပ်ခြောက်မျက်နှာကောင်းကင်ရတနာအထိ ကျင့်ကြံသည့်အခါ သူတို့၏ ဝိညာဉ်စင်မြင့်များမှာ အရပ်ခြောက်မျက်နှာအဖြစ် ဖြာထွက်သွားပြီး သစ်ပင်သန္ဓေတို့က အရပ်ခြောက်မျက်နှာကို ဖြတ်သန်းသွားကြသည်။

အစမှ အဆုံးအထိ ‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များသည် အဆင့်တက်လာကြသည့်တိုင် ပေါင်းစည်းထားသော ကောင်းကင်ရတနာတစ်ခုတည်းသာ ရှိတတ်ကြ၏။ ချီစွမ်းအင် ထိန်းချုပ်ရာတွင် ဖြစ်စေ၊ ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားများဖြစ်စေ၊ မူလဝိညာဉ်များ၏ ခွန်အားများဖြစ်စေ သို့မဟုတ် သိုင်းအခြေခံခိုင်မာမှုအရ ဖြစ်စေ၊ သူတို့က ‌ကောင်းကင်နတ်ဘုံမှ အဆင့်တူကောင်းကင်နတ်သိုင်းပညာရှင်တို့ထက် အဆပေါင်းများစွာပင် သာလွန်တတ်ကြသည်။

သူတို့ ကောင်းကင်တံတား ကောင်းကင်ရတနာသို့ ရောက်သည့်အချိန်တွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များကား ‌ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီး၍ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ကျင့်ကြံကြ၏။ ထိုအဆင့်တွင် ကောင်းကင်နတ်ဘုံမှ ‌ကောင်းကင်နတ်သိုင်းပညာရှင်များ မည်မျှပင် ကျင့်ကြံပါစေ ထိုမိုးနှင့်မြေပမာ ကွာဟသွားမှုအား ကျော်လွှားနိုင်တော့မည်မဟုတ်ချေ။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အခမ်းနားဆုံးအခိုက်အတန့်မှာ ကောင်းကင်ရတနာများ ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေသည်။ သို့သော် ကောင်းကင်နတ်ဘုံအဆင့်သို့ ရောက်လာသည့်အခါ သစ်ပင်သန္ဓေများမှာ ဆက်လက်မကျယ်ပြန့်နိုင်တော့သောကြောင့် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားအား သူတို့ကို ကျော်တက်နိုင်မည့်အခွင့်အရေး ရရှိစေခဲ့သည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ရုတ်တရက် ပေါ်‌ပေါက်လာခြင်းမှာ ဤအခြေအနေ၏ အကြောင်းရင်းပင် ဖြစ်သည်။

ထိုအချိန်က ဖြောင့်မတ်တည်ကြည်ပြီး ကရုဏာတရားရှိသည့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသားတို့မှာ ကောင်းကင်နန်းဆောင်အဆင့်သို့ ၀င်ရောက်လုဆဲဆဲ ဖြစ်ခဲ့ကြသည်။ သူတို့၏ အကျင့်စရိုက်များရ ‌ကောင်းကင်နန်းဆောင်အဆင့်အတွက် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ကြမည်မှာ မုချမလွဲပင်။

သို့သော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေး ဖြစ်ပေါ်လာခဲ့သည်။ ပြုပြင်ပြောင်းလဲမှု၏ သူရဲကောင်းသုံးယောက်တွင် ချင်မူမှာ အားနည်းသွားခဲ့ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းတို့မှာ အကျဉ်းချခံခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်နန်းဆောင်အဆင့် ပြုပြင်ပြောင်းလဲမှုမှာ ရပ်တန့်သွားခဲ့၏။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ထောက်တိုင် ဖြစ်လာနိုင်ချေရှိခဲ့သည့် ကောင်းကင်နတ်အရှင်ယွီမှာလည်း ယိုတုတွင် ပုန်းခိုခဲ့ရသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး အဆုံးသတ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ ဖြစ်သည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုမှာ ယခုတွင် အဏုမြူပန်းပဲပညာတွင်သာ ပို၍အာရုံစိုက်ထားပြီး ရှုရှန်းဟွာ၊ လင်းရွှမ်နှင့် ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးဦး၊ လင်ယွိရှို့နှင့် ကျန်သူများက ဦးဆောင်နေကြ၏။

သူတို့ပါရမီများမှာ ချင်မူ၊ ကျန်းပိုင်ကွေ့နှင့် ဧကရာဇ်ယန်ဖုန်းအောက် မနိမ့်ကျသော်လည်း ပြုပြင်ပြောင်းလဲမှုများ ကြီးကြီးမားမား လုပ်ဆောင်ရာတွင် အနည်းငယ် အမြင်ကျဉ်းကြပြီး ရည်မှန်းချက်မကြီးပေ။

“ဦးရီးတော်၊ ကျွန်တော်တို့ ချုန်းထူရှေးဟောင်းနတ်ဘုရားရဲ့ ဘိုးဘေးမြေဆီ ရောက်ပြီ” ယွီချွီးတုက ပြောသည်။

ချင်မူလည်း ချုန်းထူ၏ ဘိုးဘေးမြေအပြင်၌ ရပ်လိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးက ပွင့်လာပြီး ဘိုးဘေးနယ်မြေတစ်လျှောက် တဟုန်းဟုန်း ထနေသည့် မြေအရှိန်အဝါများကို ဖြတ်၍ ကြည့်နေ၏။

မိစ္ဆာနတ်ဆိုးအရှိန်အဝါမှာ ပြောပြမရနိုင်အောက် သိပ်သည်းနေပြီး အပြင်မှ ကြည့်မရအောင် ဟန့်တားနေသည်။ သို့သော် ချင်မူ့မျက်လုံးသည် ချုန်းထူဘိုးဘေးမြေ၏ အရာအားလုံးကို မြင်သွားပြီ ဖြစ်လေသည်။

All Chapters