ဒီလိုမဟာမိတ်မျိုး ငါ မလိုချင်
Vol. 86 Ch. 1124
ချုန်းထူရှေးဟောင်းနတ်ဘုရားသည် လူမျက်နှာ၊ ခွေးခန္ဓာကိုယ်နှင့် ကျားခြေထောက်တို့ကို ပိုင်ဆိုင်ထား၏။ သူ့ပါးစပ်တွင် ရှည်လျားချွန်မြသည့် သွားတို့က ငေါထွက်နေသည်။ သူ့အနောက်တွင်ကား ဧရာမအစိမ်းရောင်အမြှီးကိုးချောင်းက နေရာယူထားသည်။ သူသည် ယဇ်ပလ္လင်ပေါ်တွင် ကပြဖျော်ဖြေပွဲတစ်ပွဲအား ကြည့်ရင်း ပျော်ပါးနေ၏။
များပြားလှသော စစ်သည်တော်များ၊ စစ်သူကြီးများက သူ့ကို ၀န်းရံကာ လုံခြုံရေးတင်းကြပ်ထားသည်။ သူ့အောက်တွင် နတ်မိမယ်များသည် ပိုသားနှင့်ဝါးတို့ဖြင့် ပြုလုပ်ထားသော ဗုံတို့ကို တီးခတ်ရင်း သာယာနာပျော်ဖွယ် အသံများဖြင့် တင့်တယ်လှပစွာ ကခုန်နေကြသည်။
ထိုနတ်မိမယ်များမှာ ကိုယ်လုံးကိုယ်ပေါက် လှကြပြီး အဓိကနေရာများကိုသာ ဖုံးလျက် လျှပ်ပေါ်လျှပ်လီစွာ ဝတ်စားထားကြသည်။ လှုပ်လှီလှုပ်လဲ့ ကခုန်နေသော သူတို့၏ကကွက်တို့က အားလုံးကို မြှူဆွယ်နေတော့သည်။
ချုန်းထူရှေးဟောင်းနတ်ဘုရားနှင့် နတ်စစ်သူကြီးတချို့က ဟီးဟီးဟားဟား ရယ်မောနေကြသည်။ ချုန်းထူရှေးဟောင်းနတ်ဘုရားက စိတ်လှုပ်တရှားဖြင့် သူ့ဝိုင်ခွက်အား မြှောက်လိုက်၏။ လူတစ်ကိုယ်စာလောက် ရှိသော သူ၏ခြေသုံးချောင်း ကြေးခွက်ထဲတွင် ဝိုင်များများစားစား မရှိတော့ချေ။
သူက ခန္ဓာကိုယ်ကို ကိုင်းကာ သီဆိုကပြနေသော နတ်မိမယ်တစ်ဦးအား ဆွဲခေါ်လိုက်သည်။ ထို့နောက် နတ်မိမယ်ကို လက်သီးဖြင့် ဖြစ်၍ သွေးများအား ညှစ်ထုတ်လိုက်ပြီး သူ့ခွက်ထဲ ထည့်လိုက်သည်။ ထို့နောက် တစ်ကျိုက်တည်း မော့သောက်လေသည်။
နတ်မိမယ်မှာ စိစိညက်ညက် ကြေမွလျက် သေဆုံးသွားပြီဖြစ်၍ သူက သူမကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
ချုန်းထူဘိုးဘေးမြေအပြင်မှ ကြည့်ရှုနေသော ချင်မူသည် ဤမြင်ကွင်းကို မြင်နေရ၏။ သူက ဖန်သားကောင်းကင်စေတီ ထုတ်၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ရုတ်တရက် ရှေ့သို့ တရှိန်ထိုး ပြေးတက်သွားသည်။ လမ်းတွင် သူက ဖန်သားကောင်းကင်စေတီအား ချုန်းထူဘိုးဘေးမြေထံ ပစ်လွှတ်လိုက်သည်။
ဘုန်း…
ဖန်သားကောင်းကင်စေတီမှာ အသံထက်ပင် မြန်သည်၏။ မကြာမီ ၎င်းသည် အသံထက် အဆတစ်ရာပိုသော အမြန်နှုန်းသို့ ရောက်ရှိသွားချေပြီ။ ၎င်း၏ကျောက်စိမ်းထောက်တိုင်က မီးတောက်များအား ချုန်းထူဘိုးဘေးမြေတစ်လျှောက် သယ်ဆောင်လျက် ထီးရွက်များကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ချင်မူကလည်း ဖန်သားကောင်းကင်စေတီကို ယှဉ်နိုင်သော အမြန်နှုန်းဖြင့် နောက်မှ လိုက်လာသည်။ သူက ရှေ့သို့ ပြေးနေစဉ် ခေါင်းငုံထားပြီး သူ့ဓားကျိုး၏လက်ကိုင်ကို ဖိကိုင်ထားသည်။
ဝှစ်….
လျှပ်စီးနှစ်ချက် ဝင်းခနဲ လက်သွားသ်ညနှင့်အတူ လူတစ်ယောက်နှင့် ရတနာတစ်ခုသည် ချုန်းထူဘိုးဘေးမြေ၏ မိစ္ဆာနတ်ဆိုးအရှိန်အဝါထဲသို့ ၀င်ရောက်လာ၏။ ချုန်းထူစီရင်စုကို စောင့်ကြပ်နေသော နတ်ဘုရားများ၊ မိစ္ဆာများမှာ သူတို့ကို မြင်ပင် မမြင်လိုက်ရဘဲ လျှပ်တပြက် အသတ်ခံလိုက်ကြရတော့သည်။
ဖန်သားကောင်းကင်စေတီသည် အမျိုးမျိုးသော ကောင်းကင်နန်းဆောင်များ၊ ခန်းမများကို ဖျက်ဆီးချေမှုန်းလျက် ယဇ်ပလ္လင်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားပြီး ချုန်းထူရှေးဟောင်းနတ်ဘုရား၏ နှလုံးသားကို ဦးတည်နေ၏။
ချုန်းထူရှေးဟောင်းနတ်ဘုရား၏ တုံ့ပြန်မှုကား မြန်လွန်းပေသည်။ သူက ရှေ့သို့ ကိုင်း၍ ဖန်သားကောင်းကင်စေတီ၏ ကျောက်စိမ်းထောက်တိုင်ကို ဆွဲကိုင်ကာ အော်လိုက်သည်။ “ဘယ်သူကများ ရာရာစစ စော်ကားရဲတာလဲ”
ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံက ပွင့်လာပြီး ပြန့်ကားလာသည်။
ရှေးချုန်းထူရှေးဟောင်းနတ်ဘုရားမှာ အပေါ်သို့ ပင့်မြှောက်ခံလိုက်ရပြီး ယဇ်ပလ္လင်နှင့် ဝေးသော ပထမကောင်းကင်ဘုံအထပ်သို့ ရောက်သွားသဖြင့် အံ့အားသင့်သွားသည်။
ကောင်းကင်ဘုံ ၂၈ ဘုံ ပြန့်ကားလာသည့် အခိုက်အတန့်တွင် ဓားရောင်တစ်ချက် ဖျတ်ခနဲ ရောက်လာသည်။ ဓားရောင်သည် ချုန်းထူရှေးဟောင်းနတ်ဘုရား၏ ဧရာမသူငယ်အိမ်ကြီးများတွင် ရောင်ပြန်ဟပ်နေပြီး ကြီးမားသထက် ကြီးမားလာသည်။ ထို့နောက် ၎င်းကား ဝုန်းခနဲ ကောင်းကင်ဘုံ ၃၃ ဘုံအဖြစ် ပြောင်းလဲသွား၏။
ကောင်းကင်ဘုံ ၃၃ ဘုံ ဖွဲ့တည်သွားသည့်အချိန်၌ သူ၏ရုပ်ခန္ဓာမှာ ဓားဖြင့် ထိုးစိုက်ခံလိုက်ရချေပြီ။ သူ့ရုပ်ခန္ဓာမှာ မည်မျှပင်သန်မာပါစေ၊ ဓားရောင်ကို ဖိနှိပ်ရန် ခွန်အား မည်မျှပင် သုံးပါစေ... ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံသည် ဟင်းလင်းပြင် ၃၃ ခု အပေါ်ရှိ ချင်မူ့ဓားရာများကို ကိုယ်စားပြုလေသည်။
ချုန်းထူရှေးဟောင်းနတ်ဘုရား၏ မဟာတာအိုအဆင့်အရ ချုန်းထူရှေးဟောင်းနတ်ဘုရားသည် သူ၏မဟာတာအိုကို ဟင်းလင်းပြင် ၃၃ ခုအထိ မကျင့်ကြံရသေးပေ။
ချုန်းထူရှေးဟောင်းနတ်ဘုရား၏ သိုင်းအဆင့်က အင်မတန် အင်အားကြီးမားပြီး သူ၏မှော်စွမ်းအင်ကလည်း သိပ်သည်းနက်နဲသည်။ သူ၏ကိုယ်ပိုင်မဟာတာအိုအပေါ် နားလည်မှုကလည်း ပြိုင်ဘက်ကင်းသည်။ သို့သော် သူ့မဟာတာအိုမှာ လိုအပ်နေဆဲ ဖြစ်ပြီး တာအိုအပေါ် နားလည်မှုက ပြိုင်ဘက်ထက် နိမ့်ကျနေခဲ့သဖြင့် သူ၏ရုပ်ခန္ဓာကား ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံကို မခုခံနိုင်တော့ပေ။
သူ၏ရုပ်ခန္ဓာမှာ ၃၄ ပိုင်း ခုတ်ဖြတ်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်အောက်ဆုံးမှ အပေါ်အထိ အပိုင်း ၃၃ ပိုင်းမှာ ကောင်းကင်ဘုံအမျိုးမျိုးနှင့် ကြီးမားကျယ်ပြန့်သော တောင်တန်းများ၊ မြစ်များအဖြစ် ပြောင်းလဲသွားကြလေသည်။
သူ့ခေါင်းက မြောက်တက်သွားပြီး ၎င်းနှင့်အတူ ချင်မူ့အရိပ်ကလည်း လိုက်ပါလာ၏။ ချင်မူက ဘယ်လက်ဖဝါးကို ချုန်းထူရှေးဟောင်းနတ်ဘုရား၏ မျက်ခုံးနှစ်ဖက်ကြားအပေါ် ဖိချလိုက်သည်။
ကောင်းကင်နတ်မြစ်၏ ဝင်ရိုးစွန်းလေးခုအမြင်။
ချုန်းထူရှေးဟောင်းနတ်ဘုရားဦးခေါင်း၏ ပတ်ပတ်လည်တွင် ကောင်းကင်နတ်မြစ်တစ်စင်း ထွက်ပေါ်လာပြီး ဝင်ရိုးစွန်းကောင်းကင်ဘုံလေးဘုံတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသည်။ ဝင်ရိုးစွန်းကောင်းကင်ဘုံလေးဘုံအထက်တွင် နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့ မဟာတာအိုအသွင်သဏ္ဍာန်များ ဖွဲ့တည်လာပြီး သူတို့၏ခွန်အားကို သိုင်းကွက်တစ်ကွက်အဖြစ် ပေါင်းစည်းကာ ချုန်းထူရှေးဟောင်းနတ်ဘုရား၏ ဦးနှောက်ထဲသို့ ပြေး၀င်သွားသည်။
ချုန်းထူရှေးဟောင်းနတ်ဘုရား၏ ဝိညာဉ်သုံးခုမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး သေဆုံးသွားချေပြီ။
ယွီချွီးတုတို့က အပြင်တွင် စိုးရိမ်တကြီး စောင့်နေကြသည်။ ချင်မူမှာ မပြောမဆိုဖြင့် သူတို့ကို ထားခဲ့ကာ ချုန်းထူရှေးဟောင်းနတ်ဘုရား၏ ဘိုးဘေးမြေထဲသို့ ၀င်ရောက်သွားခဲ့၏။ သူတို့မှာ စိတ်မပူဘဲ မနေနိုင်ကြချေ။
ထိုအခိုက်အတန့်တွင် ဧရာမခေါင်းကြီးတစ်ခေါင်းက မိစ္ဆာနတ်ဆိုးအငွေ့အသက်များကြားမှ ပျံထွက်လာပြီး မြေကြီးပေါ် ဘုတ်ခနဲ ကျကာ လိမ့်ထွက်သွားသည်။
“ရှေးဟောင်းနတ်ဘုရားဘိုးဘေးမြေ နောက်တစ်ခုဆီ သွားကြစို့” ချင်မူက ခပ်အေးအေး ပြောလျက် အခိုးအငွေ့များကြားမှ ထွက်လာသည်။
နဂါးချီလင်သည် သူ့နောက် လိုက်လာပြီးနောက် တခဏ ချီတုံချတုံ ဖြစ်နေ၏။ “ဂိုဏ်းသခင်၊ ရှေးဟောင်းနတ်ဘုရားနှစ်ပါးတောင် သတ်ခဲ့ပြီးပြီနော်…. ဆက်သတ်ရင် မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းကို အမျက်ထွက်စေမိမှာ မစိုးရိမ်ဘူးလား…. သူတို့ကလည်း ရှေးဟောင်းနတ်ဘုရားတွေပဲလေ… သက်ရှိတိုင်းက သူတို့မျိုးနွယ်အတွက် ပူဆွေးတတ်ကြတာပဲ… ဂိုဏ်းသခင် ဒီမှာ ရှေးဟောင်းနတ်ဘုရားတွေကို သတ်သွားတာ သိရင် သူတို့ စိတ်တော့ ကွက်သွားနိုင်တယ်”
ချင်မူက ရပ်လိုက်ပြီး ဆိုသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ဒီရှေးဟောင်းနတ်ဘုရားတွေကို ထိန်းနိုင်လို့လား…. သူတို့ကို ထိန်းလို့မရတာ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဘယ်တုန်းကမှ မထိန်းခဲ့တာလည်း ဖြစ်နိုင်တယ်…. တစ်ဖက်မှာ ဒီရှေးဟောင်းနတ်ဘုရားတွေက ကောင်းကင်နတ်ဘုံနဲ့ ပေါင်းပြီး စည်းစိမ်အာဏာခံစားရင်း သက်ရှိတွေကို စားသောက်နေကြတယ်…. အခြားတစ်ဖက်မှာကျတော့ ငါ့ကို သူတို့ ပြိုင်ဘက်ကင်းလာအောင် လုပ်ခိုင်းတယ်... ကောင်းကင်နတ်ဘုံကို တွန်းလှန်ပြီးတော့ အရိုင်းဆန်တဲ့ ရှေးခေတ်ကို ပြန်သွားချင်နေကြတယ်…. ဒီလိုသတ္တဝါမျိုးတွေကို ငါ့အဖွဲ့မှာ လုံး၀သည်းမခံနိုင်ဘူး”
နဂါးချီလင်က ပြောသည်။ “ဒါပေမဲ့လည်း….”
“ဒီလိုမဟာမိတ်မျိုး ငါ မလိုချင်ဘူး”
ချင်မူက အေးစက်စွာ ပြောလိုက်၏။ “နဂါးဟန်တော်လှန်ရေးက ရှေးဟောင်းနတ်ဘုရားတွေနေရာမှာ နတ်ဘုရားတစ်ပိုင်းတွေ အစားထိုး၀င်ရောက်လာပြီး ဘာမှမပြောင်းလဲခဲ့လို့ ကျရှုံးခဲ့ရတာ… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ဒီရှေးဟောင်းနတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး ကောင်းကင်နတ်ဘုံကို တွန်းလှန်ရင်တောင်မှ ဘာမှ ပြောင်းလဲမှာမဟုတ်ဘူး”
နဂါးချီလင်မှာ တွန့်ဆုတ်နေသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ဒါကို နားမလည်ရင်ရော..”
“သူတို့ နားလည်ဖို့ လိုတယ်…. သူတို့က မဟာတာအိုကနေ မွေးဖွားလာတဲ့ နတ်ဘုရားတွေ…. ယဇ်ပူဇော်မှုကနေ မွေးလာတဲ့ ဒီနတ်ဘုရားတွေနဲ့ မတူဘူး”
ချင်မူက ရှေ့သို့လျှောက်သွားသည်။ “ပြောရရင် မဟာတာအိုကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေက ယဇ်ပူဇော်မှုတွေကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေနဲ့ ကွဲပြားတယ်…..ယဇ်ပူဇော်မှုကနေ မွေးလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေက ရှေးဟောင်းကမ္ဘာဦးခေတ် ဖန်ဆင်းရှင်တွေရဲ့ မကောင်းတဲ့ အကြံအစည်တွေကြောင့် မွေးလာခဲ့တာ .... ဒါကြောင့် သူတို့လမ်းစဉ်တွေကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး…. ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ငါ့ဆုံးဖြတ်ချက်ကို နားလည်မှာပါ”
နဂါးချီလင် နှုတ်ဆိတ်နေမိသည်။
ပိုင်ထူဘိုးဘေးမြေရှိ နတ်ဘုရားများနှင့် မိစ္ဆာများမှာ ပိုင်ထူရှေးဟောင်းနတ်ဘုရား သေဆုံးပြီးနောက် တုန်လှုပ်ခြောက်ခြားနေကြသော်လည်း အလျင်အမြန် စိတ်ကို ထိန်းလိုက်ကြပြီး အခြားဘိုးဘေးမြေများရှိ ရှေးဟောင်းနတ်ဘုရားရှစ်ပါးကို သတိပေးရန် ထွက်သွားကြသည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားမိစ္ဆာသုံးဦးက ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံဆီ သွားကာ ထိုနေရာရှိ ရှေးဟောင်းနတ်ဘုရားတို့ကို သတင်းပို့လေသည်။
ပိုင်ထူစီရင်စုသည် စီရင်စုကိုးစုအလယ်တွင် ရှိသဖြင့် ကျန်စီရင်စုရှစ်စုဆီ သွားသည့် အတိုဆုံးနှင့် အမြန်ဆုံးလမ်း ဖြစ်သည်။ သို့ထိတိုင် စီရင်စုတစ်စုစီ၏ ဘိုးဘေးမြေဆီ ရောက်ရန် သုံးရက်မှ ငါးရက်အထိ ကြာသည်။
နတ်ဘုရားတစ်ပါးက ရှန်းထူစီရင်စုဆီသို့ လေအလား လျင်မြန်စွာ ရောက်ရှိသွားပြီး ရှန်းထူရှေးဟောင်းနတ်ဘုရား၏ ဘိုးဘေးမြေထဲ ၀င်ရောက်ကာ အော်ကြီးဟစ်ကျယ် ငိုကြွေးတော့သည်။ “ရှန်းထူရှေးဟောင်းနတ်ဘုရား၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါဦးခင်ဗျာ…. ပိုင်ထူဘိုးဘေးကြီး အသတ်ခံလိုက်ရပါပြီ”
ရှန်းထူရှေးဟောင်းနတ်ဘုရားသည် ထိုစကားကို ကြားသည်နှင့် ဒေါသူပုန်ထသွား၏။ သူက ခုံကို ဘုန်းခနဲ ရိုက်လိုက်ရင်း ဟိန်းဟောက်လိုက်သည်။ “ဘယ်ကောင်ကများ ရာရာစစ ငါ့သွေးသောက်ညီအစ်ကိုကို သတ်ရဲတာလဲကွ”
နတ်ဘုရားက ဖြေသည်။ “ကျွန်တော် သေချာမမြင်ခဲ့ရပါဘူး…..ရုပ်မမြင် အသံမကြားရဘဲနဲ့ ပိုင်ထူဘိုးဘေးကြီးက သေသွားခဲ့တာပါ”
“အသုံးမကျလိုက်တာ”
ရှန်းထူရှေးဟောင်းနတ်ဘုရားသည် အမျက်တချောင်းချောင်း ထွက်နေ၏။ သူက ချက်ချင်း အော်ဟစ်အမိန့်ပေးလိုက်သည်။ “ငါ့နဲ့အတူ ပိုင်ထူစီရင်စုဆီ သွားပြီး အတင့်ရဲ့လွန်းတဲ့ တရားခံကို ရှာဖို့ စပ်တပ်ကြီးကို စုစည်းလိုက်စမ်း”
နေ့တစ်၀က် ကုန်ဆုံးပြီးနောက် နတ်ဘုရားမိစ္ဆာများ စတင်ချီတက်ကြသည်။ ရှန်းထူရှေးဟောင်းနတ်ဘုရားက အလယ်တွင် ထိုင်နေပြီး နတ်ဘုရားမိစ္ဆာများစွာသည် ဗျူဟာကျကျ ၀န်းရံထားကြ၏။
ရှန်းထူရှေးဟောင်းနတ်ဘုရားမှာ စိတ်ထဲ ထင့်နေသဖြင့် တစ်ယောက်တည်း တွေးနေသည်။ “အဲ့ဒီလူက ပိုင်ထူသွေးသောက်ညီအစ်ကို သတ်ခဲ့တယ်ဆိုတော့ သူ့အစွမ်းအစက ပေါ့သေးသေးတော့ မဟုတ်နိုင်ဘူး…. ဒါပေမဲ့ ငါ့ကို ငါ့ရဲ့စစ်တပ်ကြီးက ၀န်းရံထားတဲ့အပြင် ဗျူဟာကလည်း သေသပ်တိကျတယ်…. ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တွေတောင် အနားကပ်ဖို့ ခက်ခဲလိမ့်မယ်”
ထိုအခိုက်အတန့်တွင် ဖန်သားကောင်းကင်စေတီသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး ကောင်းကင်ဘုံ ၂၈ ဘုံကို ဖြန့်ကျက်ကာ ဗျူဟာကို ဖျက်စီးလိုက်၏။
အချိန်တခဏကြာသော် ကောင်းကင်ဘုံ ၂၈ ဘုံ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ ဖန်သားကောင်းကင်စေတီကား အပြာရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး လေထဲ မြှောက်တက်ကာ ကောင်းကင်ထက်ရှိ တိမ်များကြား ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
ဖန်သားကောင်းကင်စေတီ ပျောက်ကွယ်သွားသည့်အခါ စစ်သားများသည် သူတို့နေရာသူတို့ ပြန်ယူကြလိုက်ကြ၏။
အားလုံး ရှန်းထူရှေးဟောင်းနတ်ဘုရားဆီသို့ အလောတကြီး ကြည့်လိုက်ကြရာ သူသည် ခုံတွင် မလှုပ်မယှက် ထိုင်နေကြောင်း တွေ့လိုက်ရလေသည်။ သူ့လက်များက ရတနာခုံ၏ လက်ရန်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သို့သော်.... ဦးခေါင်းကြီးကား မရှိတော့။