နားလည်မှုထက် ကျော်လွန်၍
Vol. 90 Ch. 1247
ဝမ်ဝေ့က ကျင့်ကြံရေးအခန်းအတွင်း ရှိနေရင်း တိုက်ပွဲကို ပြန်လည်သုံးသပ်နေသည်။ လူအိုကြီးသိုက်အတွက် ပြုလုပ်ထားသည့် သုံးသပ်ချက်က အစပိုင်း သဘောတရားနှင့် တူညီနေ၏။ တစ်ခုတည်းသော အသစ်အတည်ပြုနိုင်သည့်အရာကမူ လူအိုကြီးသိုက်သည် သူထင်ထားသလိုမျိုး သိုသိုသိပ်သိပ်နေသည့်သူ မဟုတ်ဘဲ အာရုံစိုက်မှုနှင့် ဂုဏ်သတင်းတို့ကို လိုချင်နေသည်။
ထိုအရာက နောက်ဆုံးဝှက်ဖဲအနေနှင့် သိမ်းထားသင့်သည့် သူ့ဆရာ၏ စံပြဆန္ဒကို အသုံးပြုသည့်အခါ ပိုမိုသိသာလာခဲ့သည်။ သူက ထိုအရာကို အလျင်အမြန် မထုတ်ဖော်သင့်ပေ။ ဝမ်ဝေ့ ကောက်ချက်ချထားသလောက် သူ့ဆရာသည် ကျင့်ကြံဆင့် ထုတ်ဖော်ခံရသည်ကို သဘောကျသည့်သူမျိုးဟု မထင်ပေ။
လူအိုကြီးသိုက်ရဲ့ ဆရာကို ဒီလက်ရှိ အရှုပ်အထွေးထဲမှာ ဆွဲသွင်းလိုက်ရမလား…
ဝမ်ဝေ့က တွေးလိုက်၏။ အဆုံးစွန်မဲ့ စံပြတစ်ယောက်သာ ရုတ်ချည်း ပေါ်ထွက်လာပါက အခြေအနေသည် ပိုမိုရှုပ်ထွေးလာလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ ဝမ်ဝေ့အနေနှင့် ဆရာဖြစ်သူသည် သူ့တပည့်များ၏ အပြုအမူများက သူ့အား အန္တရာယ်ကြား ဆွဲခေါ်ပါက သူတို့ကို သေအောင် ပစ်ထားမည်ဖြစ်ကြောင်း မှန်းဆမိသည်။
ဒါပေမဲ့ လူအိုကြီးသိုက်က သူ့ဆရာရဲ့ သတင်းအချက်အလက် ဖော်ထုတ်လိုက်တဲ့အချက်ကို သုံးပြီးတော့ ငါနဲ့ အလုပ်အတူတူတွဲလုပ်အောင် အကြပ်ကိုင်လို့တော့ ရတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
မဟုတ်သေးဘူး။ သူက တစ်ကြိမ် လှုပ်ရှားကောင်းလှုပ်ရှားနိုင်ပေမဲ့ သူ့အသက်ကို အလေးထားနေဦးမှာပဲ…
ဝမ်ဝေ့က လူအိုကြီးသိုက်၏ စွမ်းအားကို တစ်ကြိမ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ ပြောရလျှင် ထိုသူက ပါရမီထူးကဲသည့် စံပြတစ်ယောက် မဟုတ်ပါလော။
သူက အပြင်ဘက်တွင် တစ်စုံတစ်ယောက်ကို အာရုံခံမိသည့်အတွက် ပြောလိုက်သည်။
“ဝင်ခဲ့ပါ”
မုန့်ခယ်၏ ဧရာမခန္ဓာကိုယ်ကြီးက အခန်းအတွင်း ဝင်ရောက်လာ၏။
ဝမ်ဝေ့က ထိုင်ခုံမှ မထဘဲ ပြောလိုက်သည်။
“တစ်ခုခုဖြစ်လို့လား”
“မဟုတ်ဘူး။ လာပြီး စစ်ဆေးကြည့်တာပါ” မုန့်ခယ်က ပြန်ပြောလိုက်သည်။
“အဲဒီမှာ ဘာဖြစ်သွားတာလဲ။ အနည်းဆုံးတော့ သရေကျမယ်လို့ ထင်နေတာ”
သူက တိုက်ပွဲအများစုကို မြင်လိုက်ရသည့်အတွက် တစ်ဖက်သတ်ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။
“သူက စံပြဆန္ဒကို အသုံးပြုနိုင်တဲ့ အသုံးအဆောင်မျိုး ရှိနေတယ်လေ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“အဲ့လိုဆိုရင်တော့ ရှင်းပြပြီးသား ဖြစ်သွားပြီ” မုန့်ခယ်အနေနှင့် ဝမ်ဝေ့၏ ခုခံမှု အလွယ်တကူ ထိုးဖောက်နိုင်ရသည့် အချက်ကို တွေးနေမိသည်။ ထိုသတင်းကို သိပြီးသည့်နောက်တွင် မုန့်ခယ်က ရုတ်ချည်းဆိုသလို ဒေါသထွက်လာလေ၏။
“အဲဒါဆိုတော့ အဲဒီကောင်စုတ်က ကျုပ်နဲ့ ရင်ဆိုင်တုန်းက အကောင်းဆုံးထုတ်မသုံးခဲ့တာပေါ့ ”
“အဲ့လိုဖြစ်ပုံပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ကဲ စကားလမ်းကြောင်းလွှဲရအောင်။ ငါ မရှိတုန်း ဘာဖြစ်သွားသေးလဲ။ တခြားတင်ပြစရာ ရှိသေးလား”
“ရှိတယ်။ အားလုံးက အစီအစဉ်တကျဖြစ်ပြီးတော့ စည်းမျဉ်းမဲ့ဇုန်ကို ထိန်းချုပ်နိုင်ပြီ”
မုန့်ခယ်က တင်ပြလိုက်သည်။
“အခု ထွက်သွားဖို့ ပြင်ဆင်မှုတွေကို အဆုံးသတ်နေတယ်။ ပြောလိုက်တာနဲ့ ထွက်သွားလို့ရပြီ”
“အဲဒါဆိုလည်း ကောင်းတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ကျားဖျင်ကို ယခင်နှစ်ရာချီအတွင်းမှာ စောင့်ကြည့်ထားတော့ သူ့အပေါ် ဘယ်လိုမြင်လဲ”
ဝမ်ဝေ့က သူ့လက်အောက်ငယ်သားကို ယုံကြည်သော်လည်း သတိကြီးကြီးထားဖို့ လိုအပ်နေဆဲသာ ဖြစ်၏။ ကျားဖျင်က သူ့ဖခင်နှင့် ပတ်သက်ပြီး မည်မျှပင် ခံစားစေကာမူ သူ့အတွက် လေးစားမှု သို့မဟုတ် ချစ်ခင်မှုတချို့ ရှိလိမ့်မည်။ ထို့ကြောင့် ဝမ်ဝေ့က သူသည် မြေပွေးတစ်ကောင်ကို ပြုစုပျိုးထောင်ခဲ့ခြင်း မဟုတ်အောင် သတိထားဖို့ လိုအပ်နေဆဲသာ ဖြစ်၏။
“သူက အတော်လေး လုပ်ရည်ကိုင်ရည် ရှိတယ်။ ပြီးတော့ စူးစိုက်မှုလည်း ကောင်းတယ်” မုန့်ခယ်က အရိုးသားဆုံး ပြန်ဖြေလိုက်သည်။
“ပြောနိုင်သလောက်ဆိုရင်တော့ သူက မူမမှန်တဲ့ အရိပ်အယောင်တော့ မရှိဘူး။ ဒါပေမဲ့ နှစ်တစ်ရာလောက်ပဲ ရှိသေးတော့ ပြောဖို့တော့ ခက်ခဲသေးတယ်”
“ကြားရတာ ကောင်းတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“အဲဒါဆို စစ်သူကြီးလုံကရော။ သူက ကျားဖျင်နောက်ကို ပြဿနာ မရှိဘဲနဲ့ လိုက်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူက ငါတို့တွေ တိတ်တဆိတ်ဖြေရှင်းရမဲ့ ပြဿနာတစ်ခုလား”
“အခုထိတော့ တပ်ဖွဲ့နဲ့ ပတ်သက်ပြီး ဘာမှသိသိသာသာ တိုးတက်မှုတော့ မရှိသေးဘူး။ အဲဒါဆိုတော့ အမှန်တရားကို ပြောဖို့တော့ ခက်တယ်။ ဒါပေမဲ့ သိထားသလောက် သူက ကျားဖျင်ကိုတော့ သစ္စာရှိတဲ့ပုံပါပဲ”
“ဒါပေမဲ့ ငါတို့ဆီတော့ မဟုတ်ဘူးပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျားဖျင်သာ သစ္စာရှိနေသရွေ့ ဒါက ပြဿနာ မဟုတ်ဘူး”
ဝမ်ဝေ့က ထိုလူများအား သူ့သစ္စာရှိလက်အောက်ငယ်သားများအဖြစ် ပြောင်းလဲဖို့ အချိန်အလုံအလောက် ရှိလေသည်။ သူက မည်သည့်နည်းဗျူဟာကို အသုံးပြုစေကာမူ အဆုံးသတ်၌ သူက အကျိုးကျေးဇူးအများဆုံး ရရှိမည်သာ ဖြစ်၏။
“တခြားတစ်ခုရှိသေးလား”
“မရှိတော့ဘူး ဒါပါပဲ” မုန့်ခယ်က ပြန်ပြောလိုက်သည်။
“ဒါနဲ့ ဟုတ်သား နှလုံးသားနက်ကောင်းကင်ဘုံအရှင်ကို ဖမ်းမိပြီ”
“အိုး”
“သူက ကျုပ်တို့ စေလွှတ်ထားတဲ့ သူလျှိုကို အာရုံခံမိသွားတယ်လေ။ အဲဒါကြောင့် ထူးထူးဆန်းဆန်း နည်းလမ်းကို သုံးပြီးတော့ ထွက်ပြေးသွားခဲ့တာ။ အဲဒါကြောင့် ကိုယ်တိုင်လိုက်ပြီး ဖမ်းလိုက်ရတယ်”
“ထူးထူးဆန်းဆန်းတဲ့လား။ ဘယ်လိုထူးဆန်းတာမျိုးကို ပြောတာလဲ။” ဝမ်ဝေ့က မေးလိုက်သည်။ မုန့်ခယ်က နည်းလမ်းကို ထူးဆန်းသည်ဟု ခေါ်ဆိုသည်က အနည်းငယ် သမာရိုးကျ မဟုတ်ပေ။
“သူက အာကာပြင်နည်းစနစ်ကို သုံးခဲ့တာ။ ဒါပေမဲ့ အရင်က သိခဲ့ဖူးတဲ့ အရာတွေနဲ့ မတူဘူး” မုန့်ခယ်က ရှင်းပြလိုက်သည်။
“တခြားအာကာပြင်တစ်ခုကို အသုံးပြုပြီးတော့ ပြောင်းရွှေ့ရေးအမှတ်အနေနဲ့ သုံးထားသလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီအာကာပြင်ကို မသိရဘူး။ ဒါပေမဲ့ အရင်းအမြစ်ချီနေရာလွတ်လည်း မဟုတ်ဘူး။ အချိန်မြစ်ကြောင်းရဲ့ အတက်အကျလည်းမရှိဘူး။ ကြည့်ရတာ နယ်ခြားတစ်ခု ဖြစ်ပုံပဲ။ အဲဒါကို မသိဘူး”
မုန့်ခယ်က မျက်မှောင်ကြုတ်လိုက်၏။
“ကံကောင်းတာက သူ ကူးသန်းပြောင်းရွှေ့နိုင်တဲ့ အကွာအဝေးက ကန့်သတ်ချက် ရှိနေတာ … အချိန်အစမှာ ကန့်သတ်ချက်ရှိနေတဲ့ပုံပါပဲ။ အဲဒါကြောင့် သူတို့ အလျင်အမြန် ဖမ်းနိုင်ခဲ့တာ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒီထူးဆန်းတဲ့ အာကာပြင်စွမ်းရည်ကို ရှာပြီးပြီလား”
“သူ့ကို ရှာပြီးပြီ။ သူ့ရဲ့ ဒိုင်မေးရှင်းအငယ်ထဲထိ ရှာပြီးသွားပြီ။ ဘာမှမတွေ့ရသေးဘူး” မုန့်ခယ်က ခေါင်းယမ်းလိုက်သည်။
“တကယ်လို့ နည်းစနစ်ဆိုရင်လည်း ထုတ်ဖော်ဖို့ တခြားတစ်ယောက်က သူ့ကို နှိပ်စက်နေတယ်လေ။ ဒါပေမဲ့ သူက ပါးစပ်တင်းတင်း ပိတ်ထားတုန်းပဲ”
ထိုစကားဝိုင်းထဲ၌ ဝမ်ဝေ့က သူသည် နှလုံးသားနက်ကောင်းကင်ဘုံအရှင်နှင့် ပတ်သက်ပြီး အရေးကြီးသည့်အချက်တချို့ကို လွတ်သွားကြောင်း သဘောပေါက်သွားခဲ့သည်။
ကျန့်ချောင်းက နှလုံးသားနက်ကောင်းကင်ဘုံအရှင်နှင့် မည်သို့ဆက်သွယ်နိုင်မည်နည်း။ သူ့အသက်ကို တန်ကြေးအနေဖြင့် ထားကာ စွမ်းအားကြီးပုဂ္ဂိုလ်ကို ဆင့်ခေါ်နိုင်မည့် အခမ်းအနားအကြောင်း တွေ့ခဲ့လေသည်။
ဒီအခမ်းအနားက နှလုံးသားနက်ကို ဒိုင်မေးရှင်းအနိမ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် ပြုထားတာပဲနေမယ်။ ဒါပေမဲ့ ကောင်းကင်ဘုံအရှင်တွေ လုပ်နိုင်တဲ့အရာမျိုးတော့ မဟုတ်ဘူးပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒုတိယအချက်နဲ့ဆိုရင် သူက ငါ့ကို သတ်ပြီး ငါ့ဝိညာဉ်ကို ယူတော့မလို့။ နှလုံးသားနက်က ဒီနေရာမှာ ပုန်းအောင်းနေတာဆိုတော့ သူက သူ့အသက်ကို အလေးထားတဲ့သူဆိုတာ ပြနေတာပဲ။ ဒါပေမဲ့ အဲဒီတုန်းက သူက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဒိုင်မေးရှင်းအနိမ့်ကို ဝင်ရောက်စွက်ဖက်ဖို့ ပြဿနာမရှိတဲ့ပုံပဲ။ သူ့ကို ဘာလို့ အဲ့လောက် ရဲတင်းစေတာလဲ…
ဝမ်ဝေ့က ယခင်က မူမမှန်မှုများကို ပြန်လည်စဉ်းစားနေမိသည်။ အစစ်အမှန်ကောင်းကင်တာအိုက သူ့တားမြစ်ခံစစ်ဆေးမှုကြောင့် နှလုံးသားနက်အား အရေးသာချက်တချို့ ပေးခဲ့တာလားဟု စဉ်းစားနေမိသည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ ဆန့်ကျင်ဘက် ဖြစ်နေခဲ့လျှင်…
အစစ်အမှန်ကောင်းကင်တာအိုက နှလုံးသားနက် ထူးကဲနေလို့ ငါ့စစ်ဆေးမှုရဲ့ ခြိမ်းခြောက်မှုအမြင့်ဆုံးအနေနဲ့ ရွေးချယ်ခဲ့တာဆိုရင်ရော…
“သူ ရှိနေတဲ့နေရာကို ပြ”
ဝမ်ဝေ့က နှလုံးသားနက်ရှိရာ အကျဉ်းထောင်ဆီ ဦးတည်လိုက်သည်။
ထိုသူတွင် အနီရောင်ဆံပင်များ ရောစပ်ထားသည့် အနက်ရောင်ဆံပင်တို့ ရှိလေသည်။ သူ့အဝတ်အစားများက ညစ်ပတ်နေပြီး သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေလေ၏။ သူ့အဝတ်အစားအနှံ့ သွေးများစွန်းထင်းနေကာ ကြမ်းပြင်တွင်လည်း သွေးများရှိနေလေသည်။ သို့သော်လည်း သူ့ သတိထားမိဖွယ် အကောင်းဆုံးအချက်က မဲမှောင်နေသည့် သူ့မျက်ဝန်းအစုံ ဖြစ်သည်။ ထိုအရာက နတ်ဆိုးတစ်ကောင်နှင့် တူ၏။
အမှောင်မျက်ဝန်းမျိုးနွယ်လား…
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုမျိုးနွယ်သည် လူများ၏ လိုအင်ဆန္ဒအပေါ် စားသုံးခြင်းဖြင့် မွေးဖွားလာကြောင်း သိထားလေ၏။ သူတို့က မိစ္ဆာမျိုးနွယ်အောက်တွင် ပါဝင်ခဲ့ဖူးသော်လည်း သူတို့ကိုယ်သူတို့ ခွဲထုတ်ခဲ့သည်။ ထိုမျိုးနွယ်နှင့် ပတ်သက်ပြီး ထူးဆန်းသည့်အချက်က အင်အားစုအများအပြားသည် မိစ္ဆာဘိုးဘေးကို သုတ်သင်စဉ်မတိုင်ခင် ခွဲထုတ်လိုက်ခြင်း ဖြစ်၏။
သို့သော်လည်း သူတို့ကို မည်သူကမှ အပြစ်တင်ခြင်း မရှိပေ။ တခြားသော အင်အားစုများက သူတို့၏ ယခင်အပြစ်ကြွေးအားလုံးကို လျစ်လျူရှုဖို့ ရွေးချယ်ထားသကဲ့သို့ ဖြစ်၏။
ဝမ်ဝေ့ သိထားသလောက် သူတို့အဖွဲ့ဝင်အများစုက ကမ္ဘာမှ ပျောက်ကွယ်သွားပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ လူဦးရေအနည်းငယ်သာ ကျန်ရှိတော့သည်။
“မင်းကိုး” နှလုံးသားနက်က ဝမ်ဝေ့ကို သတိထားမိသွားကာ ပြောလိုက်သည်။
“အမှန်ပဲ။ ခင်ဗျား တစ်ခါမှ ထင်မထားမိဘူးမလား” ဝမ်ဝေ့က လှောင်ပြောင်ကာ ပြောလိုက်၏။
“ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” နှလုံးသားနက်က မေးလိုက်သည်။ သူ့တုန်လှုပ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ငါ မင်းကို နောက်ဆုံးအကြိမ် မြင်တုန်းက လွန်ခဲ့တဲ့ နှစ်သန်းငါးရာခန့်ကပဲ။ မင်းက အဲ့တုန်းက အဆင့်(၇)ပဲ ရှိသေးတာလေ”
အချိန်မြှင့်တင်ခြင်းအစီအရင်ကပင် ထိုလူ၏ လက်ရှိကျင့်ကြံဆင့်အနေအထားကို ရှင်းမပြနိုင်ပေ။
“ဘာများပြောနိုင်မှာလဲ။ ကျုပ်က နည်းလမ်းတွေအများကြီး ရှိနေတဲ့သူပဲလေ”
နှလုံးသားနက်က အသက်ရှိုက်စာအနည်းငယ် သူ့ကို စိုက်ကြည့်နေပြီး ပြောလိုက်သည်။
“မင်းက ပြဿနာမှန်း သိတယ်။ ဒါပေမဲ့ ငါ့ဆီ မြန်မြန်ရောက်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့မိဘူး”
“ကဲ စကားတွေ တော်သင့်ပြီ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က ဒီနေရာကို အဖြေအတွက် ရောက်လာတာ။ ဒိုင်မေးရှင်းအနိမ့်ကို အကျိုးဆက် မရှိဘဲ ဘာနည်းလမ်းနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တာလဲ”
နှလုံးသားနက်က သူ့အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“မင်းက ဘာတွေပြောနေတာလဲ”
“ခင်ဗျားက အတော်လေး သရုပ်ဆောင်ကောင်းတာပဲ” ဝမ်ဝေ့က နှလုံးသားနက်ရှေ့ထိုင်ကာ ပြောလိုက်သည်။
“ခင်ဗျားက ကျုပ်တားမြစ်ခံစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ကျုပ်ဘာလုပ်နိုင်တယ်ဆိုတာကို ခင်ဗျားလည်းသိမှာပါ။ အဲဒါဆိုတော့ ကျုပ်ရဲ့ ဉာဏ်ရည်ကို စော်ကားမနေဘဲနဲ့ ကောင်းကောင်းမွန်မွန် စကားဝိုင်းစလိုက်ကြရအောင်”
နှလုံးသားနက်၏ မာနကြီးမှုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ သူက ဝမ်ဝေ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါ့ရဲ့ လွတ်မြောက်ခွင့်အတွက် ကတိပေး။ မင်း သိချင်တာ ပြောပြမယ်”
ဝမ်ဝေ့က သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။ နှလုံးသားနက်၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုလိုက်သော်လည်း မတွေ့ရပေ။ သို့သော် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်းတချို့ကို ဖုံးကွယ်ထား၍အတွက်ကြောင့် မဟုတ်ပေ။ ပြောရလျှင် သူက နှလုံးသားနက်၏ တစ်ဘဝလုံးကို မြင်တွေ့လိုက်ရပြီး အရာအားလုံးက ပုံမှန် ဖြစ်နေခဲ့သည်။ ဝမ်ဝေ့က သူ့အား တစ်စုံတစ်ခု ထူးကဲအောင် ထိတွေ့မိသည့် အရာကို မတွေ့ရပေ။ ထိုကိစ္စတစ်ခုလုံးက ပထမကတည်းက မတည်ရှိဖူးသကဲ့သို့သာ ဖြစ်၏။ သို့သော် ထိုအရာ တည်ရှိကြောင်း သူကသာ သိထားသည်။
အဲဒါဆိုတော့ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းရဲ့ သတင်းအချက်အလက်တွေကို ပြန်လည်ရေးသားခဲ့တာလား…
ဝမ်ဝေ့က သူ့ဘာသာသူ မေးလိုက်သည်။
ကြည့်ရတာ ငါက အကျိုးအကြောင်းဆင်ခြင်မှုနဲ့ အချက်အလက်ကျကျတွေးတောမှုတွေ အဓိပ္ပာယ်မရှိတော့တဲ့ အနေအထားကို ရောက်နေတဲ့ပုံပဲ။ ဒါက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ရဲ့ စွမ်းအားလား…
ယနေ့ မတိုင်ခင်အထိ ဝမ်ဝေ့က ထိုထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သည် သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေလိမ့်သည့် တည်ရှိမှုဟု တစ်ခါမှ မခံစားဖူးပေ။