← Chapters

နောက်ထပ်အပြောင်းအလဲကြီး

Vol. 90 Ch. 1250

နောက်ထပ်အပြောင်းအလဲကြီး

Vol. 90 Ch. 1250

ဝမ်ချီက ချက်ချင်းမဖြေသေးဘဲ ဝမ်ဝေ့အနားတွင် ရှိသည့်သူများကို ကြည့်လိုက်သည်။

“သူတို့ကို စိတ်ပူစရာမလိုဘူး။ သူတို့က အခု ငါ့လူတွေဖြစ်နေပြီ” ဝမ်ဝေ့က ဖျောင်းဖျလိုက်၏။ ထို့နောက် သူက အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

“ဒါက ဝမ်ချီ။ သူ့ကျင့်ကြံဆင့်ကိုပဲ မကြည့်နဲ့။ သူက ငါ့အဖွဲ့အတွက် ကြီးကြပ်ရေးမှူးပဲ။ ငါ့ရဲ့ ယုံကြည်မှုအပြည့်အဝကိုလည်း ကိုင်ဆောင်ထားတာ။ သူနဲ့ ဆက်ဆံကြတဲ့အခါမှာ လေးစားသမှုတော့ ပြကြဦး။”

မုန့်ခယ်က ပထမဦးဆုံး ဝမ်ချီအား နှုတ်ဆက်လိုက်သည်။ ထို့နောက် တခြားသူများကလည်း လိုက်လံနှုတ်ဆက်လိုက်ကြ၏။ ဝမ်ချီကလည်း ထိုလူအကြီးကြီးများက သူတို့ခေါင်းကို ငုံ့ကာ နှုတ်ဆက်လာသည့်အချက်ကို တိတ်တဆိတ်ဂုဏ်ယူရင်း ပြန်လည်နှုတ်ဆက်လိုက်သည်။ သို့သော်လည်း ထိုအရာက သူ့ကြောင့် မဟုတ်ဘဲ သူ့ခေါင်းဆောင်ကြောင့်ဖြစ်မှန်း သိထားလေ၏။ သူက သူ့ကျင့်ကြံဆင့်ကို တတ်နိုင်သမျှမြန်မြန် တိုးတက်အောင်လုပ်ပြီး ထိုလေးစားသမှုနှင့် ထိုက်တန်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“မင်းက ဘာတွေ အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာတုန်း” ဝမ်ဝေ့က ပြောလိုက်သည်။

“တောက်ပအပြုံးဧကရာဇ်က ဖမ်းဆီးခံလိုက်ရပြီ” ဝမ်ချီက အလျင်အမြန် ပြောလိုက်သည်။

“ဘယ်သူက ဖမ်းသွားတာတုန်း”

“ဝူယွီဇာမဏီရဲ့ လူတွေ” ဝမ်ချီက ရှင်းပြလိုက်သည်။

“သူ့တက်လှမ်းမှုကြောင့်လား”

“ဟုတ်တယ်။ သူက ကမ္ဘာတစ်ခုလုံးကို ခေါ်လာတာဆိုတော့ တော်တော်များများရဲ့ အာရုံစိုက်မှုကို ရသွားတယ်လေ။ အဲဒီမှာ ကောင်းကင်ကျဆင်းကမ္ဘာနဲ့အတူ အဖမ်းခံလိုက်ရတာပဲ”

“ဒါက ပြဿနာကြီးပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“အဲ့လိုလား” ဝမ်ချီက မေးလိုက်၏။ သူတစ်ယောက်တည်းသာ စိတ်ရှုပ်နေခြင်း မဟုတ်ပေ။

“သူ့ကို ရှာတာ ဘယ်သူမှ မသိအောင် သေချာဂရုစိုက်ခဲ့ပါတယ်။ ပြီးတော့ တောက်ပအပြုံးဧကရာဇ်က ပါရမီထူးကဲတဲ့ဧကရာဇ်တစ်ယောက်ပဲလေ။ သူက အဲ့လောက်အရေးကြီးလို့လား”

“မင်းက ရှေ့ရေးကို မမြင်ဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒီနှစ်အများကြီးမှာ ဘယ်သူကမှ တစ်ကမ္ဘာလုံးကို တက်လှမ်းခိုင်းဖို့ မတွေးခဲ့ဖူးဘူး။ သူတို့လုပ်နိုင်ခဲ့တယ်ဆိုရင်တောင် ဒါက အရမ်းခေတ်စားတဲ့ အတွေးအခေါ်တော့ မဟုတ်ဘူးလေ။ အခု ကပ်ပါးတွေက ဒိုင်မေးရှင်းအနိမ့်ကကမ္ဘာတွေကို အတင်းအကြပ် တက်လှမ်းစေခဲ့မယ်ဆိုရင် ဘာဖြစ်သွားမယ်လို့ ထင်လဲ”

“စည်းမျဉ်းဥပဒေသတွေတော့ ရှိတယ် မဟုတ်ဘူးလား။ သူတို့က ကမ္ဘာတစ်ခုလုံးကို တက်လှမ်းစေဖို့ ပုံရိပ်ယောင်ကို စေလွှတ်လို့ မရဘူးလေ” ဝမ်ချီက မေးလိုက်သည်။

“သူတို့က စည်းမျဉ်းတွေရဲ့ အကန့်အသတ်အတွင်းမှာ သူတို့ကိစ္စတွေကို လုပ်ပေးမဲ့သူတွေကို စေလွှတ်လို့ရတယ်လေ” မုန့်ခယ်က ထပ်ပြောလိုက်သည်။

“သူတို့က ခေတ်ကာလမဟုတ်ရင်တောင် မျိုးဆက်တစ်ခုကြာတော့ စီစဉ်ဖို့ အချိန်ရသေးတယ်”

“ဒါပေမဲ့ တောက်ပပြုံးဧကရာဇ်ရဲ့ အောင်မြင်မှုက အလွယ်တကူတော့ မရဘူး။ တစ်ယောက်ယောက်က ကမ္ဘာ့ထိပ်တန်းအင်အားစု ၇၀ရာခိုင်နှုန်းကို သူ့ကို ကူညီပေးဖို့ ဖျောင်းဖျဖို့တော့ လိုတယ်” ဝမ်ချီက ပြန်လည်ချေပလိုက်သည်။

“ဒါမှမဟုတ်ဘူးဆိုလည်း သူတို့ကို နာခံဖို့ အတင်းအကြပ် ဖိအားပေးတာမျိုးပေါ့” တုကွန်းက ထပ်ပြောလိုက်၏။

“ဧကရာဇ်တစ်ယောက်အနေနဲ့ ဒိုင်မေးရှင်းအနိမ့်က ကမ္ဘာတစ်ခုကို လွှမ်းမိုးဖို့ အင်အား အလုံအလောက်ရှိဖို့ဆိုတာက လွယ်ပါတယ်”

“ပြီးတော့ တစ်ကမ္ဘာလုံးကို ဖျောင်းဖျဖို့ဆိုတာက ခင်ဗျား ထင်ထားသလောက်တော့ မခက်ခဲဘူး” ဒုတိယမင်းသား ကျားဖျင်က ဝင်ရောက်ပြောလိုက်သည်။

“မသေမျိုးဘဝတွေနဲ့ ကတိစကားနဲ့ဆိုရင် ထိပ်သီးအင်အားစု မရှိတဲ့ ကမ္ဘာတော်တော်များများက အထက်ကမ္ဘာကို ဆက်သွယ်ပြီးတော့ အဲဒီအပေးအယူကို ဝမ်းပန်းတသာ လက်ခံကြလိမ့်မယ်”

“မင်းတို့အားလုံးက အပေါ်ယံပဲ ကြည့်နေကြတာပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“တကယ့်ပြဿနာက အန္တိမသဟဇာတပဲ။ သူက ကပ်ပါးတွေလိုမျိုး အကန့်အသတ်တွေ မရှိဘူး။ သူ့စိတ်တိုင်းကျ ဒိုင်မေးရှင်းအနိမ့်က ကမ္ဘာကို ယူလို့ရတယ်”

“ဒါပေမဲ့ သူက ဘာလို့ အဲ့လိုလုပ်ဖို့ လိုမှာလဲ” မုန့်ခယ်က မေးလိုက်သည်။ သူက နေမင်းနှစ်စင်းအကြောင်း ကောင်းကောင်းသိမထားပေ။

“ထိန်းချုပ်မှုရဖို့အတွက်ပေါ့” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“သူက အခု တစ်ကမ္ဘာလုံးအပေါ်မှာ အကြွင်းမဲ့ထိန်းချုပ်မှုရဖို့အတွက် တိုက်ခိုက်နေတာ။ အဲဒါကြောင့် ဒိုင်မေးရှင်းအနိမ့်က ကမ္ဘာတွေအားလုံးကို အားနည်းသွားစေတာက အစစ်အမှန်ကောင်းကင်တာအိုကို အားပျော့သွားစေပြီး သူ့အနေနဲ့ ထိန်းချုပ်မှုရယူဖို့ နည်းလမ်းကောင်းပဲ။ သူက အားလုံးကို မလိုဘူး။ အသင်္ချေအင်ပါယာကမ္ဘာကိုပဲ လိုမှာ”

“အသင်္ချေအင်ပါယာကမ္ဘာက ဒိုင်မေးရှင်းအနိမ့်ရဲ့ ဗဟိုချက်လေ။ သူသာ အဲဒါကို ရသွားမယ်ဆိုရင် သူ့ထိန်းချုပ်မှု တိုးမြင့်သွားမှာပဲ” တုကွန်းက ထပ်ပြောလိုက်သည်။

“အဲ့လိုဖြစ်လာမှာ မဟုတ်ဘူးမလား” ဝမ်ချီက ထိုအခြေအနေသည် မည်မျှအန္တရာယ်များကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် မေးလိုက်သည်။

“အစစ်အမှန်ကောင်းကင်တာအိုနဲ့ မေတ္တယျတို့က သူ့ကို တားဆီးလိမ့်မယ်။ ဒါပေမဲ့ အဲဒီဖြစ်နိုင်ချေက ယေဘုယျအခြေအနေအတွက် နောက်ထပ် အပြောင်းအလဲတစ်ခုပဲ” ဝမ်ဝေ့က သက်ပြင်းချပြီး သူ့ကိုယ်သူသာ အပြစ်တင်နေမိသည်။ သူက သတိထားမိခဲ့လျှင် တောက်ပအပြုံးဧကရာဇ်အား ကြိုတင်တားဆီးခဲ့နိုင်လောက်သည်။

“အဲဒါဆို အခုဘာလုပ်ကြမလဲ” တစ်ယောက်က မေးလိုက်သည်။

“အခု တတ်နိုင်တဲ့အရာက ကပ်ပါးတွေကို သတ်ပြီး ကမ္ဘာကို စည်ပင်ကြွယ်ဝအောင် ပြန်လည်ပြောင်းလဲဖို့အပြင် ဘာမှမရှိဘူး။ အဲဒါက အစစ်အမှန်ကောင်းကင်တာအိုရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်လိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“တောက်ပအပြုံးဧကရာဇ်ကို ဘယ်လိုလုပ်မှာလဲ။ သူ့ကို ဒီအတိုင်း ထားလိုက်မှာလား” ဝမ်ချီက မေးလိုက်သည်။

“သူ့ကို နောက်ကျရင် ကယ်တာပေါ့။ အခုတော့ သူက ဦးစားပေး မဟုတ်သေးဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အခု ငါ သိစရာလိုတဲ့ ကိစ္စရှိသေးလား”

“သတင်းကောင်းနဲ့ သတင်းဆိုးဆိုပြီး ရှိတယ်။” ဝမ်ချီက ပြောလိုက်သည်။

“သတင်းကောင်းက ရှောင်ထျန်းတိက ရှုကျင်းယောင်ရဲ့ အခမ်းအနားကို ဖိတ်စာပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ပထမဦးဆုံး ကိုယ်တိုင်တွေ့ချင်တယ်တဲ့”

“ကိစ္စမရှိဘူး။ သတင်းဆိုးကရော”

“တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြဿနာတချို့ရှိနေတယ်” ဝမ်ချီက ရှင်းပြလိုက်သည်။

“သူတို့ကျန်းပိယုရဲ့ စာချုပ်ကို ထုတ်ပေးဖို့ ငြင်းဆန်နေကြတယ်။”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ကျန်းပိယုသည် တော်လှန်ရေးအစား သူ့ဆီ သတင်းစကား တင်ပြမည်ဟု ပြောခြင်းကို သဘောတူလေသည်။ သို့သော်လည်း ထိုသူများက ငြင်းဆန်နေဟန်ပေါ်၏။

“သူတို့က ငါ့ကို မျက်နှာသာမပေးဘူးပေါ့” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။

“သူတို့ကို ချက်ချ င်းဆက်သွယ်လိုက်။ တစ်ဖက်လူ အားလုံးခံစားလို့ရမဲ့ ကောင်းမွန်တဲ့ အစီအရင်သုံး”

ထို့နောက် ဝမ်ဝေ့က သူ့လူများအား အမိန့်ပေးလိုက်သည်။

“မင်းတို့ရဲ့ မျက်နှာကို ဝှက်ထား။ ဒါပေမဲ့ အရှိန်အဝါကို ထုတ်လွှတ်ကြ။ မုန့်ခယ် မင်းရဲ့ ခန္ဓာကိုယ် ပုံသဏ္ဌာန်ကိုပါ ဝှက်ထားဦး”

ဝမ်ချီက အစီအရင်ပြားကို ယူကာ တော်လှန်ရေးတပ်ဖွဲ့ဆီ တိတ်တဆိတ် ဆက်သွယ်ခဲ့သည်။ သူက သေချာပြုပြင်ပြီးသည့်နောက်တွင် အစည်းအဝေးခန်းမသို့ ပြန်ရောက်လာကာ အသက်သွင်းလိုက်၏။ တခြားတစ်ဖက်တွင် အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခပ်တည်တည်မျက်နှာနှင့် ခက်ထန်သည့် မျက်ဝန်းတို့ရှိထားသည့် လူလတ်အရွယ်အမျိုးသားတစ်ဦး ရှိနေ၏။ သူ့ပုံစံက မကြာခဏ ပြုံးလေ့ပြုံးထမရှိကြောင်း ပြသနေလေ၏။

သို့သော်လည်း သူက ဆက်သွယ်ရေးကို ဖြေကြားလိုက်သည်နှင့် သူ့စိတ်ရှုပ်ထွေးသည့် အမူအရာတို့က ပေါ်ထွက်လာသည်။

“ဒါက ဘာအဓိပ္ပာယ်လဲ”

ဝမ်ဝေ့က ပြန်မဖြေသေးဘဲ ဝမ်ချီကို ကြည့်ကာ ပြောလိုက်သည်။

“သူက ဘယ်သူလဲ”

“သူက ယာယီခေါင်းဆောင် ကောင်းကင်ဘုံအရှင် ခက်ထန်ကျားပါ” ဝမ်ချီက ရှင်းပြလိုက်သည်။

“ငါတို့က လောင်မာလို့ခေါ်တဲ့သူနဲ့ ဆက်နွယ်နေတာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်။ ဒါပေမဲ့ သူက လတ်တလောလေးက ကျွန်တော်တို့တောင်းဆိုချက်ပြီးတဲ့နောက်မှာ သူက ထိန်းချုပ်မှုယူထားတာ”

“အဲဒါဆိုတော့ အာဏာအတွက် အတွင်းရေးတိုက်ပွဲပေါ့” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။

“ ခေါင်းဆောင် မရှိတာ နှစ်တစ်ထောင်လောက်ပဲ ရှိသေးတယ်။ အတွင်းကနေ ပြိုလဲနေပြီ။ သူတို့ရဲ့ အဖွဲ့က ငါ ပါရမီရှင်တွေကို မထောက်ပံ့သေးခင်အထိ ဘာမှတိုးတက်လာမှုမရှိတာ မထူးဆန်းတော့ဘူး”

“ရဲတင်းတဲ့ စကားတွေပဲ” ခက်ထန်ကျားက ပြောလိုက်သည်။ သူက အားလုံး၏ ဖိအားကို အောင်အောင်မြင်မြင် ခုခံပြီး စိတ်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ သူ့အနေနှင့်  ဝမ်ဝေ့သည် ထိုနေရာတွင် ဝင်ရောက်ဆင်မနွှဲသည့်အတွက် ကံကောင်းလေသည်။

“သူတို့ကရော” နောက်ဆုံးတွင် ဝမ်ဝေ့က သူ့ကို ကြည့်လာခဲ့သည်။

“ကောင်းကင်ဘုံအရှင် ကျိမင်က လုပ်ရည်ကိုင်ရည်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ တပ်ဖွဲ့က အောင်မြင်မှုအများကြီး မရှိဘူး။ ပါရမီရှင်တွေကို ငါ မပို့မပေးခင်အချိန်ထိပေါ့။ အခု ငါက သူတို့ထဲက တစ်ယောက်ရဲ့ စာချုပ်ကို ပေးဖို့ ရိုးရှင်းတဲ့ တောင်းဆိုချက်တောင်းတာတောင် ဒါက မင်းတို့ရဲ့ တုံ့ပြန်မှုလား”

“ဒါပေမဲ့ ခင်ဗျားရဲ့ တုံ့ပြန်မှုက မရိုးရှင်းဘူးလေ” ခက်ထန်ကျားက တစ်ဖက်သူသည် ကံကြမ္မာဖန်သည့်သူဖြစ်မှန်း သိသည့်အတွက် ပျော့ပျောင်းသည့် ချဉ်းကပ်မှုမျိုးကို ကြိုးစားနေသည်။

“ကျန်းပိယုရဲ့ အဆင့်အတန်းနဲ့ အခြေအနေက တွန်းအားကို အဖိုးတန်စေတယ်။ သူမရဲ့ ကဏ္ဍက တာအိုဘာသာအပေါ် စောင့်ကြည့်ပေးဖို့ပဲ”

“အဲဒါကြောင့် သူမ ထောက်ပံ့တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးဖို့ ပြောတာပဲလေ” ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။

“ဒါပေမဲ့ အဲဒီမှာ ပြဿနာရှိတယ်။ အဲ့လိုအရေးပါတဲ့ကိစ္စမျိုးအတွက်နဲ့  ကျုပ်တို့ကခင်ဗျားကို မယုံနိုင်ဘူး”

“ကျုပ်တို့ဆိုတာက ဘယ်သူတွေလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ခင်ဗျားတို့တပ်ဖွဲ့တစ်ခုလုံးလား။ ဒါမှမဟုတ်ဘူးဆိုရင် ဧကရာဇ်ကျိမင် ပျောက်ကွယ်ပြီးတဲ့နောက်မှာ အင်အားရယူထားတဲ့ မင်းတို့အင်အားစုပဲလား”

ခက်ထန်ကျားက ပြန်မဖြေပေ။

“ငါက သူတို့နဲ့ အလုပ်တွဲလုပ်လာတာ ကြာလှပြီ။ ယုံကြည်မှုဆက်ဆံရေး အနေအထားတစ်ခုကိုလည်း တည်ဆောက်ထားပြီးသား။ တကယ်လို့ ကျန်းပိယုရဲ့ စာချုပ်ကို ထုတ်ပေးဖို့ ပြဿနာရှိတယ်ဆိုရင် အပေးအယူလုပ်ဖို့ ပြောနိုင်တယ်။ အဲဒီအစား မင်းက ငါ့တောင်းဆိုချက်ကို ငြင်းခဲ့တယ်။ ဒီလိုအပြုအမူမျိုးက မင်းတို့တွေရဲ့ ဉာဏ်မမှီတဲ့ ဖွဲ့စည်းပုံအင်အားစုအကြောင်းကို ပြောပြနေတာပဲ”

“ရိုင်းပြဖို့ မလိုဘူး။ ကျုပ်တို့က ခင်ဗျားကို လုံလောက်တဲ့ လေးစားသမှု…”

“အဲဒါက  စွမ်းအား၊ အင်အားစုနဲ့ ကြမ္မာက ငါ့ဘက်မှာ ရှိလို့လေ။ ငါသာ သတိမပေးရင် မင်း ဘယ်လိုဆက်ဆံမလဲဆိုတာ ပြောပြရဦးမှာလား” ဝမ်ဝေ့က ဖြတ်ပြောလိုက်သည်။ ထိုစဉ် ခက်ထန်ကျားက သူ့ဒေါသကြောင့် မျက်ဝန်းများက မီးထတောက်လုနီးပါး ဖြစ်နေ၏။

“ပြောစမ်းပါဦး။ ငါ ပို့လိုက်တဲ့လူတွေထဲမှာ သူတို့စာချုပ်ပြီးတဲ့နောက် မင်းတို့ဆီမှာ ဆက်လုပ်မဲ့သူ ဘယ်လောက်ရှိမယ်လို့ ထင်လဲ။ အထူးသဖြင့် ငါက ငါတို့အဆင်မပြေတဲ့အကြောင်း ဒါမှမဟုတ်ဘူးဆိုရင် ငါ့မှာ ပိုမိုကောင်းမွန်တဲ့ အင်အားစုတည်ဆောက်ပြီးတဲ့အကြောင်း ပြောလိုက်တဲ့ အခြေအနေမျိုးပေါ့။ ဘယ်လောက်လောက်လဲ။ ၈၀ ရာခိုင်နှုန်းလား ဒါမှမဟုတ်ဘူးဆိုရင် ၉၀ ရာခိုင်နှုန်းလား”

ခက်ထန်ကျားက ပြန်မဖြေပေ။

“စာချုပ်ကို ထုတ်ပေးရင် ထုတ်ပေး။ မထုတ်ပေးရင် မင်းတို့ရဲ့ ရွေးချယ်မှုက ငါတို့ရဲ့ ရှေ့ဆက်ရမဲ့ ဆက်ဆံရေးကို ဆုံးဖြတ်ရမယ်ဆိုတာကို မှတ်ထားလိုက်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

ဝမ်ဝေ့က လက်ကိုဝှေ့ကာ ဆက်သွယ်ရေးကို အဆုံးသတ်လိုက်၏။ ထို့နောက် သူက အနီရောင်မျက်နှာဖုံးကို ကြည့်လိုက်သည်။

“တော်လှန်ရေးထဲ ထိုးဖောက်ဝင်ရောက်နေတာက ဘယ်လိုအခြေအနေရှိနေပြီလဲ”

“အတော်လေး ကောင်းမွန်ပါတယ်။ ကျွန်မတို့တွေ အဆင့်နိမ့်အင်အားစုတွေနဲ့ အလယ်အလတ် အင်အားစုတွေဆီမှာ အတော်လေး ဝင်ရောက်ပြီးသွားပြီ” အနီရောင်မျက်နှာဖုံးက အမှန်အတိုင်းပြန်ဖြေလိုက်သည်။

“အရှိန်ကို မြှင့်တင်လိုက်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။

“ပြီးတော့ ကျန်းပိယုရဲ့ နှစ်ဖက်ချွန်သူလျှိုအကြောင်း လူဘယ်လောက် သိထားတယ်ဆိုတာကို ရှာလိုက်။ အဲဒီလူတွေကို မယုံနိုင်ဘူး”

“ဟုတ်ကဲ့ပါ” အနီရောင်မျက်နှာဖုံးက ဦးညွှတ်ပြီးသည့်နောက်တွင် သူမ၏ တာဝန်ကို ထမ်းဆောင်ဖို့ ပျောက်ကွယ်သွားသည်။

All Chapters