တိရစ္ဆာန်များဝယ်ယူခြင်း! မွေးမြူရေးခြံအဆင့်မြှင့်! အထူးလက်ဆောင်! ၃
Vol. 32 Ch. 479
စံအိမ်ပရိသတ်များက မျှော်လင့်စောင့်စားနေကြသည်။ ချင်းလင်စံအိမ်မှာဆောက်လုပ်ထားပြီဆိုသောအဖြစ်မှန်နှင့်ဂုဏ်သတင်းကြောင့် မွေးမြူရေးခြံကပျော်စရာကောင်းမည်၊ စိတ်ပျက်ရမှာမဟုတ်ဟုအမှတ်တမဲ့တွေးမိကြသည်။
တောင်ပိုင်းပရိသတ်များအတွက်ဆိုပိုမှန်သည်။ တောင်ပိုင်းမှာကျယ်ပြန့်ပြီးပျော်စရာကောင်းသောမွေးမြူရေးခြံမျိုးတွေ့ဖို့အလွန်ခက်၍ အတော်များများတစ်သက်လုံးမြင်းမစီးဖူးကြချေ။
ရုံးခန်းထဲ၌_
ချင်လင်ကသစ်မွှေးနံ့သာထွန်းနေစဉ် ကျောက်မိုချင်းဝင်လာသည်ကိုတွေ့လိုက်ရသည်။ သူကချက်ချင်းတံခါးပိတ်၍ ကျောက်မိုချင်းကိုခါးမှကောက်ချီပြီး သူ့ကိုယ်ပေါ်တွင်ကိုအားလာဝက်ဝံလိုဆွဲထားလိုက်သည်။
စွမ်းအားပင်အသီးနှစ်လုံးစားပြီးနောက်ပိုင်း ဒါမျိုးကလွယ်လွယ်ကူကူနှင့် လုံးဝအားစိုက်စရာမလိုချေ။

''လျှောက်မလုပ်နဲ့... အရေးကြီးကိစ္စနဲ့လာတာ!''
ကျောက်မိုချင်းက ချင်လင်၏လက်မောင်းကိုမရုန်းနိုင်သဖြင့် ပြောသာပြောလိုက်ရသည်။
ချင်လင်ကပြုံးပြီး ရုံးခန်းထိုင်ခုံမှာထိုင်ဖို့ချီလာပြီးမှ_ ''ဘာဖြစ်လို့လဲ?'' ဟုမေးလိုက်၏။
ကျောက်မိုချင်းက desktop ပေါ်မှကွန်ပျူတာသုံးပြီး စံအိမ်နောက်ခံအစီအစဉ်ထဲဝင်ကာ email ဖွင့်လိုက်သည်_
''ဒါလုယုံပို့ပေးတဲ့အချက်အလက် ဓာတ်ပုံနဲ့ဗီဒီယိုတွေ... ကျွန်မတိရစ္ဆာန်တွေအကြောင်းသိပ်မသိဘူး... ရှင်ဗီဒီယိုတွေတစ်ချက်ကြည့်လိုက်ဦး... ပြဿနာမရှိရင် ကျွန်မငွေချေလိုက်မယ်''
ချင်လင်ကတိရစ္ဆာန်တွေရဲ့အခြေအနေအကြောင်းဘာမှမသိ၊ ဗီဒီယိုကနေတဆင့်ကြည့်ဖို့ဆိုမပြောနှင့်တော့။ နောက်ပြီး လုယုံကဒီအပိုင်းမှာကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သူကိုယ်တိုင်မျက်စိမှိတ်ဆုံးဖြတ်တာထက် တစ်ဖက်လူကိုယုံကြည်မှုပေးတာပိုကောင်းမည်။
သို့သော် ကျောက်မိုချင်းရှေ့တွင် ထိုဗီဒီယိုများကိုကြည့်ချင်ယောင်ဆောင်နေလိုက်၏။ ဗီဒီယိုများမှာ သူဝယ်ချင်သောမြင်း၊နို့စားနွား၊သိုးနှင့်တခြားတိရစ္ဆာန်များဖြစ်သည်။
ဗီဒီယိုထဲတွင်တိရစ္ဆာန်များမှာ အလွန်အသက်ဝင်လှုပ်ရှားနေကြသည်။ ပြဿနာရှိပုံမရ။
ဗီဒီယိုကြည့်ချင်ယောင်ဆောင်ပြီးနောက် ချင်လင်ကကျောက်မိုချင်းဘက်လှည့်ပြီး_
''ပြဿနာမရှိဘူး... လုယုံရဲ့ဆုံးဖြတ်ချက်ကိုယုံလိုက်ပါ!''
''အင်း... ပြီးရင် ကျွန်မငွေချေပေးလိုက်မယ်!''
ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။ ချင်လင်ကသူမကိုခဏအသားယူပြီးနောက် သူမရုံးခန်းထဲပြန်ထွက်သွား၏။
ချင်လင်လည်း သူ့စိတ်ထဲမှဖန်သားပြင်ကြည့်ပြီး ဒီနေ့ကိစ္စများကိုင်တွယ်လိုက်သည်။ တောင်တန်းထွက်ကုန်များကြည့်ပြီး သစ်ခုတ်သည်။ ငါးမျှားသည်။ ဖြစ်ချင်တော့ ဒီနေ့ဘာမှမရ။

သို့သော် သူ့အာရုံပြန်ရုတ်သိမ်းမည်အပြုတွင် ရုတ်တရက်အသိပေးစာပေါ်လာသည်:
(ဇာတ်ကောင်အဆင့်တက်သွားပါပြီ!)
ရုတ်တရက်အဆင့်တက်သွားသောကြောင့် သူကြောင်သွားသည်။ နည်းနည်းရုတ်ချည်းဆန်၍ နည်းနည်းမထင်မိချေ။
အဆင့်တက်သည့်အချက်အလက်ကိုကြည့်မည်အပြုတွင် မြို့တော်ဝန်သောမတ်စိုက်ခင်းထဲဝင်လာသည်ကိုတွေ့လိုက်ရသည်။
(ထပ်ဆုံပြန်ပြီနော်! သတ္တုမြို့တော်က မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာတဲ့အတွက် မွေးမြူရေးခြံထွက်ကုန်ဝယ်လိုအားလည်းတက်လာတယ်... အဲဒါကြောင့် မြို့ထဲကမွေးမြူရေးခြံတွေချဲ့ထွင်ဖို့အထူးခွင့်ပြုချက်ရတယ်... မင်းရဲ့မွေးမြူရေးခြံကိုအခုချဲ့ထွင်လို့ရပြီ... မွေးမြူရေးခြံချဲ့ထွင်ပြီးရင် အထူးလက်ဆောင်ရပါမယ်!)
ချင်လင်စကားပြောဖတ်ပြီးပြီးချင်း သောမတ်ကလှည့်ထွက်သွားသည်။ သူအလျင်လိုနေပုံရ၏။
ဇာတ်ကောင်အဆင့်တက်သွားတာနဲ့ မြို့တော်ဝန်သောမတ်ကဇာတ်ကွက်စကားပြောအတွက် ဘာလို့တသီးတသန့်ရောက်လာလဲသူသိပြီ။
အဆင့်မတက်ခင်က ခြံတစ်ကွက်မှအဆင့်မမြှင့်နိုင်ဘဲမြေအသစ်မပွင့်ချေ။ မွေးမြူရေးခြံအတွက်မြေအသစ်ဖွံ့ဖြိုးအောင်လုပ်ပြီး အဆင့်မြှင့်ရန်လုပ်ငန်းတစ်ခုသာရှိသည်။
ဒီအဆင့်က မွေးမြူရေးခြံအတွက်သီးသန့်ဖြစ်သည်။
နောက်ပြီး ဒီတစ်ခေါက်မွေးမြူရေးခြံက စိုက်ခင်းနှင့်မတူ။ အဆင့်မမြှင့်ခင် မြို့ထဲကမြေကိုရှင်းလင်းဖို့လိုသည်။
အဆင့်မမြှင့်ရသေးသောမွေးမြူရေးခြံမှာ ဘဲခြံ၊ကြက်ခြံကဲ့သို့အခြေခံလိုအပ်ချက်များဆောက်ထားရုံသာရှိသည်။ အဆင့်မြှင့်ပြီးနောက် ခြံများထပ်ဆောက်နိုင်၏။
အရေးအကြီးဆုံးက မြို့တော်ဝန်သောမတ်ပြောတဲ့လက်ဆောင်ဆိုတာပင်။ သူမှန်းတာမမှားရင် ဂိမ်းပုံစံအဟောင်းထဲကလို မြင်းဖြစ်ရမည်။