← Chapters

မှတ်ဉာဏ်အပိုင်းအစ

Vol. 11 Ch. 22

မှတ်ဉာဏ်အပိုင်းအစ

Vol. 11 Ch. 22

ကိုင်းတိုက ပထမဆုံး ဥစာကီကို လက်ဦးမှုရယူပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ချက်ချင်းဆိုသလိုပဲ လက်ထဲမှာ မီးတောက်ပုဆိန်နှစ်ခုကို ဖန်တီးလိုက်ကာ ဥစာကီရဲ့လည်ပင်းကို ထိုးခွဲပစ်ဖို့ ကြိုးစားတယ်။ ဥစာကီကလည်း အတွေ့အကြုံရှိသူတစ်​​​ယောက်မလို့ နောက်ကိုယိမ်းရှောင်လိုက်ပြီး ဓားရိုးကို လက်တစ်ဖက်တည်းနဲ့ကိုင်ကာ ချက်ချင်းဆွဲထုတ် ခုတ်ချပစ်လိုက်တယ်။

“ကပ်သီးလေးပဲ....” ဘေးလွတ်ရာကိုပြေးဖို့ကြိုးစားရင်း နောက်ကိုလှမ်းကြည့်လိုက်မိတဲ့ ဖလေရာက ကောက်ချက်ချလိုက်တယ်။ ကိုင်းတိုက အဲဒီလျှပ်တပြတ်ဓားချက်ကို ဘေးထွက်ရှောင်လိုက်နိုင်ပေမဲ့ အဲဒီနေရာမှာ ဖလေရာသာဆိုရင် ခန္ဓာကိုယ်ထက်ပိုင်းပြတ်နေလောက်ပါပြီ။

“မိရိုင်ကိုခေါ်ပြီး ဘေးလွတ်ရာကိုပြေးကြ။” ကိုင်းတိုက ထပ်ပြောလိုက်တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ ပုဆိန်နှစ်လက်ကို ဆက်တိုက်ဝေ့ယမ်းလို့။

ပိုးကောင်ဘုရင်မဥစာကီက သူ့ရဲ့ပိုးကောင်စွမ်းအားကို မသုံးဘူးလို့ပြောခဲ့ပေမဲ့ ဖီးနစ်ရဲ့စွမ်းအားတွေမရှိတော့တဲ့ ကိုင်းတိုအတွက် သန်မာတဲ့ပြိုင်ဖက်တစ်ယောက်ဖြစ်နေဆဲပါ။

လင်ဒါက သွားဖို့အတင်းငြင်းနေတဲ့ မိရိုင်ကို ပွေ့ချီပြေးပြီး ဖလေရာကတော့ သူတို့နှစ်​ယောက်ကို ကာကွယ်ပေးဖို့ နောက်ကနေ ခပ်ခွာခွာနေပြီးလိုက်တယ်။ ဥစာကီကတော့ ကိုင်းတိုကိုအနိုင်ယူဖို့ကြိုးစားရင်း သူတို့နောက်ကနေ လိုက်လာတယ်။

“ကိုင်းတို၊ နင်က ငါသွားမယ့်လမ်းမှာ ပိတ်ရပ်နိုင်မယ်လို့ ထင်နေတာလား။ ဒီအတိုင်းဆိုရင် နင့်ကိုအားမနာဘဲ ခုတ်ဖြတ်ပစ်ရလိမ့်မယ်။”

ဥစာကီက ကိုင်းတိုရဲ့ပုဆိန်တိုက်ကွက်တွေကို ဓားနဲ့ပယ်ချလိုက်ပြီးနောက် ဓားသွားပေါ်ကို လက်နှစ်ချောင်းတင်ပြီး သုံးသပ်လိုက်ပါတယ်။ သံကြိုးအသွင် အနက်ရောင်မီးတောက်တွေက သူ့အရိပ်ထဲကနေ ထွက်လာပြီး ကိုင်းတိုရဲ့မြူတန့်စွမ်းအားကို ဖိနှိပ်ဖို့ကြိုးစားတယ်။ ကိုင်းတိုကတော့ သူ့ဆီရောက်လာတဲ့ သံကြိုးတချို့ကို ပုဆိန်နဲ့ခုတ်ဖြတ်ပစ်လိုက်ပြီး နောက်ကိုခုန်ဆုတ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကိုင်းထားတဲ့ မီးတောက်ပုဆိန်တွေနဲ့ ဥစာကီကို လှမ်းပစ်ပေါက်လိုက်တယ်။

ထန်း... ထန်း...

ဥစာကီက ပုဆိန်တွေကို ဓားနဲ့ကြားဖြတ်ခုတ်ချလိုက်ပြီး လေသံမာမာနဲ့ပြောလိုက်တယ်။

“အကွာအဝေးတစ်ခုထားပြီး တိုက်ဖို့ကြိုးစားနေတာလား။ မရဘူး။”

ဥစာကီရဲ့စွမ်းအားကန့်သတ်နယ်မြေက ကိုင်းတိုမျှော်မှန်းထားတာထက် ပိုပြီးကျယ်ပြန့်လာပြီး မီတာရာပေါင်းများစွာကို ဖုံးအုပ်သွားတယ်။ ကိုင်းတိုကိုယ်တိုင်ကတော့ သံကြိုးတွေကြားမှာရောက်နေပြီး သူ့စွမ်းအားကန့်သတ်မခံရအောင် ပင်လယ်ဖျံတစ်ကောင်လိုမျိုး လှိုင်းတွေကြားမှာ လူးလှိမ့်နေရတယ်။

“စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းလိုက်တာ။” သူက ပြောလိုက်ပြီး မီးလှံတံတစ်စင်းကို ဖန်တီးလိုက်ပြီး လက်ထဲမှာ သုံးရာ့ခြောက်ဆယ်ဒီဂရီလည်အောင် ချာလည်လှည့်လိုက်တယ်။ မီးလှံက သူ့အနားရောက်လာတဲ့ သံကြိုးတွေကို ဖယ်ရှားလိုက်ပေမဲ့ ကိုင်းတိုလုပ်နိုင်တာက ဒီလောက်ပါပဲ။ သံကြိုးတွေ သူ့ကိုမထိအောင် တုန့်ပြန်ရုံပဲ တတ်နိုင်သေးတာ။

“အစကတည်းကပြောပါတယ်။ လက်လျှော့လိုက်တော့။”

ဥစာကီက မြေပြင်ကို ခြေထောက်နဲ့ကန်ပြီး ရှေ့ကိုခုန် ထွက်လိုက်တယ်။ သူ့ရဲ့အားအဟုန်ကြောင့် မြေပြင်က အက်ကွဲသွားပြီး ခန္ဓာကိုယ်က အသံမြန်နှုန်းကိုချိုးဖောက် သွားတယ်။ အနီးအနားလေထုက ဖိသိပ်ခံလိုက်ရသလို ဖြစ်သွားပြီး ဘန်းခနဲပေါက်ကွဲထွက်သွားသလို ဥစာကီက ကိုင်းတိုရဲ့ရှေ့ လက်မအနည်းငယ်အကွာမှာ ချက်ချင်း ပြန်ပေါ်လာတယ်။

“သေစမ်း....” ဥစာကီရဲ့လက်ထဲကဓားက ကိုင်းတိုရဲ့မျက်နှာပေါ်မိုးကျလာတယ်။ ကိုင်းတိုကိုယ်တိုင်ကတော့ တည်တည်ငြိမ်ငြိမ်ရှိနေပြီး လှံမကိုင်ထားတဲ့လက်နဲ့ လက်သီးကိုဆုပ်ကာ ဥစာကီရဲ့အကာအကွယ်မဲ့နေတဲ့ ဝမ်းဗိုက်ကို ဦးအောင် ထိုးချလိုက်တယ်။

ဘုန်း....

ပေါက်ကွဲသံတစ်ခုနဲ့အတူ ဥစာကီဝတ်ထားတဲ့ ကျောင်းသူဝတ်စုံဂျက်ကပ်က အောက်အနားတွေ စုတ်ပြတ်သတ်သွားတယ်။ သူငုံကြည့်လိုက်တော့ အဝတ်အစားတွေဖုံးမထားတော့တဲ့ သူ့ဝမ်းဗိုက်က ညိုမည်းစွဲနေပြီး ကိုင်းတိုရဲ့လက်သီးက သူ့အသားထဲကို နစ်ဝင်နေတယ်။ ကိုင်းတိုရဲ့သူသေကိုယ်သေတိုက်ကွက်ကို ဥစာကီ အံ့ဩသွားခဲ့တာကြောင့် ဓားခုတ်ချက်ကတော့ ရှေ့မဆက်နိုင်တော့ဘူး။

“ဘယ်လိုလုပ်ပြီးတော့....”

“ဆာဂီဖစ်က မင်းကိုကောင်းကောင်းလေ့ကျင့်ပေးခဲ့ပုံပဲ။ ဒါပေမဲ့ လိုသေးတယ်။”

ကိုင်းတိုက သူ့ညာခြေကို မြှောက်လိုက်တယ်။ ဥစာကီက အံ့အားသင့်နေဆဲဖြစ်တာကြောင့် ရှောင်ဖို့ကြိုးစားပေမဲ့ လွတ်မသွားပါဘူး။ ခြေကန်ချက်က သူ့ဘယ်ဖက်နံကြားကို ထိမိသွားပြီး ခန္ဓာကိုယ်က လေထုထဲကို သုံးပေအထိမြောက်သွားပြီး ပြန်ပြုတ်ကျလာတယ်။

“ငါသိသမျှ လူတွေအားလုံးက ဘာလို့ငါ့လမ်းမှာ လာပိတ်ဖို့ ကြိုးစားနေရတာလဲ။” ဥစာကီက အရိုင်းဆန်ဆန် အော်ဟစ်လိုက်ပြီး မြေပြင်ကို လက်နဲ့ထောက်ကာ ပြန်ခုန်ထလိုက်ပြီး ကိုင်းတိုကို အရူးအမူးဝင်ရောက်တိုက်ခိုက်တယ်။ ဓားချက်တိုင်းက ပိုပြင်းထန်လာပြီး ကိုင်းတိုက မီးတောက်ဓားတစ်ချောင်းကို အလျင်အမြန်ဖန်တီးကာ ဥစာကီရဲ့ဓားချက်တွေကို တန်ပြန်ခုခံနေရတယ်။

“မင်းလျှောက်မယ့်လမ်းက မှားယွင်းနေတာကြောင့်ပဲ။”

ကိုင်းတိုက ဥစာကီရဲ့ဓားကို ပြန်တွန်းဖယ်လိုက်ရင်း ပြောလိုက်တယ်။ ဥစာကီက ဓားမာစတာတစ်ပါးဆိုပေမဲ့ ကိုင်းတိုက ဥစာကီသုံးနေတဲ့ ​တောင်ဖြိုဓားသိုင်းကို နက်နက်ရှိုင်းရှိုင်းနားလည်ပါတယ်။ ဒါကြောင့် ဥစာကီအနေနဲ့ သူ့ကိုဓားရေးချင်းယှဥ်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ဒါပေမဲ့....

“ဒီလိုဆိုရင်တောင်မှ မိရိုင်နဲ့အတူ ကမ္ဘာကိုအတူအုပ်စိုးချင်တဲ့ ငါ့အိပ်မက်က ပျောက်ပျက်မသွားသေးဘူး။”

ဖျောက်... ဖရောက်... ဖရောက်....

ရုတ်တရက်မြေကြီးထဲကနေ အနက်ရောင်မီးတောက် သံချိန်းကြိုးတွေ ထွက်ပေါ်လာပြီး ကိုင်းတိုရဲ့ခြေတွေကို ရစ်ပတ်လိုက်တယ်။ ကိုင်းတို ချက်ချင်းမျက်နှာပျက်သွားတယ်။

“ဘယ်လိုလုပ်ပြီး....”

“မြေပြင်ပေါ်မှာရှိနေသမျှ သံချိန်းကြိုးတွေက ရှင့်ကို အာရုံလွဲဖို့သက်သက်ပဲ။ ရှင့်ကိုတကယ်တိုက်မယ့် သံကြိုးတွေကို မြေအောက်မှာလွှတ်ထားခဲ့တာ။”

ဥစာကီက ပြုံးပြီးပြောလိုက်တယ်။ သူ့စကားမဆုံးခင်မှာပဲ ကိုင်းတိုကို သံကြိုးတွေက ဖုံးလွှမ်းသွားပြီး မီးတောက်တွေငြိမ်း​သေသွားတယ်။ ကိုင်းတိုမြူတန့်စွမ်းအား သုံးလို့မရတော့ဘူး။

“လမ်းကနေ ဖယ်လိုက်တော့။” ဥစာကီက ကိုင်းတိုရဲ့ရင်ဘတ်ကို ခြေထောက်နဲ့ကန်လိုက်တယ်။ ကိုင်းတိုရဲ့ခန္ဓာကိုယ်က လေထုထဲကို အတားအဆီးမဲ့ မြောက်တက်သွားပြီး အဆောက်အဦး အပျက်အစီးပုံတစ်ခုနဲ့ဝင်တိုက်မိတယ်။ နဂိုကတည်းကမှ ကြေမွနေတဲ့နံရံက ကိုင်းတိုရဲ့ဒဏ်ကြောင့် ချက်ချင်းပြိုကျသွားတယ်။ ကိုင်းတိုကိုယ်တိုင်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး သွေးတွေအန်ထုတ်လိုက်ရတယ်။

“ဆရာ....” မိရိုင်က လင်ဒါရဲ့ကျောပေါ်မှာ ရှိနေရင်းကနေ နောက်ကိုလှည့်ကြည့်လိုက်တယ်။ ကိုင်းတိုရဲ့စိုးရိမ်စရာအခြေအနေကိုမြင်တော့ လင်ဒါပေါ်ကနေ ဆင်းဖို့ကြိုးစားပေမဲ့ လင်ဒါက ဖမ်းဆွဲထားလိုက်တယ်။

“မိရိုင်... အဲဒီဘက်က အန္တရာယ်များလွန်းတယ်။ ပြီးတော့ နင့်ဒဏ်ရာတွေက....”

‘သေစေနိုင်လောက်တယ်'ဆိုတဲ့စကားကို လင်ဒါ ပြောမထွက်ခဲ့ဘူး။ ဒါပေမဲ့ မိရိုင်ကတော့ လင်ဒါလက်ကနေ အတင်းရုန်းနေတုန်းပါပဲ။

“သေရမယ်ဆိုရင်တောင် ဆရာ့ကို မထားခဲ့နိုင်ဘူး။”

“မိရိုင်... နင်က ဥစာကီရဲ့တကယ့်ပစ်မှတ်ပဲ။ ငါတို့ ထွက်ပြေးနိုင်ရင် ကိုင်းတိုက ဒီကနေလွတ်ဖို့ တစ်နည်းနည်းနဲ့ကြံနိုင်မှာပါ။”

ဖလေရာက မိရိုင်ကို ဖျောင်းဖျဖို့ ကြိုးစားကြည့်တယ်။ မိရိုင်ကတော့ ခေါင်းခါပြီး အတင်းဆင်းပြေးဖို့ပဲ လုပ်နေပါတယ်။

“ဟင့်အင်း... ဟင့်အင်း... ဆရာ့လက်ရှိအခြေအနေနဲ့ဆိုရင် အစ်မလက်ကနေ ဘယ်လိုမှလွတ်မှာမဟုတ်ဘူး။”

တစ်ဖက်မှာတော့ ဥစာကီက ကိုင်းတိုကို လစ်လျူရှုလိုက်ပြီး မိရိုင်တို့ရှေ့မှာ ဖြတ်ခနဲပေါ်လာတယ်။ သူက မိရိုင်ကို လက်ကမ်းပေးပြီး ပြောလိုက်တယ်။

“မိရိုင်၊ အစ်မတို့ရဲ့နန်းတော်ကို သွားရအောင်။”

ဖလေရာကတော့ ဥစာကီရဲ့လုပ်ရပ်ကြောင့် ဒေါသထွက်သွားပြီး တင်းပုတ်ကိုမြှောက်ကာ အားကုန်ရိုက်ချလိုက်တယ်။

“ဒီမိန်းမကတော့....”

ဘုန်း...

ဒါပေမဲ့ မျှော်လင့်ထားသလိုပဲ ဥစာကီက ဖလေရာကို ဓားအိမ်နဲ့လက်ပြန်ရိုက်ချလိုက်ပြီး ဖလေရာရဲ့ခန္ဓာကိုယ်က အဝေးကြီးကို လွင့်ပျံထွက်သွားတယ်။ ပလာဒင်ဝတ်စုံကလည်း သုံးစားလို့မရအောင် ပျက်စီးသွားပြီ။

“မိရိုင်ကို ရမယ်မထင်နဲ့။” လင်ဒါကလည်း သေနတ်နဲ့ ဥစာကီကိုချိန်လိုက်ပေမဲ့ ဥစာကီက ဓားကိုဓားအိမ်ထဲကနေ သာသာလေးထုတ်လိုက်ပြီး မျက်စိတစ်မှိတ်အသွင်းမှာပဲ ပြန်ထည့်လိုက်တယ်။

“ဘာ...” လင်ဒါတစ်ယောက် ဘာဖြစ်လို့ဖြစ်သွားမှန်း နားလည်ဖို့ အခွင့်အရေးမရလိုက်ခင်မှာပဲ ဓားကိုင်ထားတဲ့ သူ့လက်က တိခနဲပြတ်ကျသွားပြီး သွေးတွေပန်းထွက်လာတယ်။ ဇက်သတ္တုအပြည့်နဲ့ နည်းပညာချပ်ဝတ်က သူ့ကိုကာကွယ်ထားခဲ့ပေမဲ့ ဥစာကီအတွက်တော့ စက္ကူတစ်စအထက် မပိုပါဘူး။

“အား.... အား.....” လင်ဒါက သူ့လက်ကိုသူဆုပ်ကိုင်ပြီး မြေပြင်ပေါ်ကို ဒူးထောက်ကျသွားတယ်။ မိရိုင်လည်း သူ့ကျောပေါ်ကနေ ပြုတ်ကျသွားတော့တာပေါ့။

“နင့်ကြည့်ရတာ နှစ်ခါပြန်သေချင်နေတဲ့ပုံပဲ....” ဥစာကီက လင်ဒါကို ဓားဦးနဲ့ညွန်လိုက်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့ ဥစာကီက ဓားကိုကြာကြာ ထုတ်မထားဘဲ ပြန်သိမ်းလိုက်ပါတယ်။

“ဒါပေမဲ့ ဒီနေ့ ငါမိရိုင်ရှေ့မှာ လူမသတ်ချင်ဘူး။”

မိရိုင်ကတော့ လက်ရှိအဖြစ်အပျက်တွေကိုကြည့်ရင်း သူ့မျက်နှာပေါ်မှာ ကြောက်ရွံတဲ့အမူအရာမျိုး ပေါ်လာတယ်။

“မဖြစ်နိုင်တာ... အစ်မက... ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။”

ဥစာကီကိုယ်တိုင်ကတော့ မိရိုင်ရဲ့မျက်နှာပေါ်က ကြောက်ရွံရဲ့အမူအရာကြောင့် နောက်ကိုတွန့်သွားတယ်။

“ငါ့ကို အဲဒီလိုမျက်နှာမျိုးနဲ့မကြည့်နဲ့။”

သူက ကြေကွဲနေတဲ့ လေသံနဲ့ပြောလိုက်တယ်။ ပြီးတော့မှ သူ့ကိုယ်သူပြန်သတိထားလိုက်ပြီး ချိုမြိန်တဲ့ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။

“မိရိုင်... ညီမလေးပြောသလိုပဲ အစ်မက အစ်မပဲလေ။ ဒါကြောင့် အခုကနေစပြီး အတူတူနေကြမယ်နော်။”

ဥစာကီက မိရိုင်နားကို ကပ်သွားပြီး မိရိုင်ရဲ့ခေါင်းကို ပွတ်ပေးဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ့လက်မှာ စွန်းထင်းနေတဲ့ သွေးတွေကို သူကိုယ်တိုင်မြင်မိပြီးတဲ့ နောက်မှာတော့ သူ့မျက်လုံးထဲမှာ ကြောက်ရွံစိတ်ဝင်လာပါတယ်။

“ဒါကြောင့်... အစ်မကို အဲဒီလိုမျက်လုံးတွေနဲ့ မကြည့်ပါနဲ့တော့။” အဲဒီကြောက်ရွံစိတ်က မိရိုင်သူ့ကိုမုန်းသွားမှကို စိုးရိမ်ရာကနေ ဖြစ်တည်လာခဲ့တာ။

“ဒီကိစ္စကို ငါခွင့်ပြုမှာမဟုတ်ဘူး။” ကိုင်းတိုက အပျက်အစီးပုံထဲကနေ ပြန်ထလာပြန်တယ်။ သူ့လမ်းလျှောက်ပုံက ဘေးတစ်စောင်းဖြစ်နေပြီး နောက်တစ်ခါ နံရိုးတွေကျိုးသွားမှန်း သိသာနေပြန်ပါတယ်။ ကိုင်းတိုက ဥစာကီရှေ့ကို ရောက်လာပြီး ဥစာကီရဲ့မျက်နှာကို လက်သီးနဲ့ထိုးချလိုက်တယ်။ ဥစာကီက မရှောင်ခဲ့တာကြောင့် လက်သီးက မျက်နှာကိုထိမိသွားပြီး ပါးပြင်က နီရဲသွားခဲ့တယ်။

“ကျွန်မကို မိရိုင်ရှေ့မှာ လူသတ်မိအောင် ဖိအားမပေးပါနဲ့။” ဥစာကီက ကိုင်းတိုရဲ့ခန္ဓာကိုယ်ကို သာသာလေးတွန်းလိုက်တယ်။ ကိုင်းတိုက လွင့်ထွက်သွားခဲ့ပေမဲ့ နောက်မှာရှိနေတဲ့ မိရိုင်က ကိုင်းတိုကို စီးဖမ်းထားလိုက်ပြီး သက်ရောက်အားကြောင့် သွေးတွေကို အန်ထုတ်လိုက်ရတယ်။

“ဆရာ... နောက်ဆုံးတော့ မိရိုင်ဘာလုပ်သင့်လဲဆိုတာ နားလည်ပြီထင်ပါတယ်။”

ကိုင်းတိုက မိရိုင်ရဲ့ဖျော့တော့တော့စကားကြောင့် နားမလည်နိုင်စွာနဲ့ ကလေးမကို လှည့်ကြည့်လိုက်တယ်။ သူတို့နှစ်​ယောက်လုံး အပြင်းအထန်ဒဏ်ရာရထားပြီးပြီဖြစ်ပြီး ဥစာကီကို ဆက်လက်ပြီး မတားဆီးနိုင်တော့ပါဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကိုင်းတိုက သူ့ခန္ဓာကိုယ်ထဲမှာ အားအင်တချို့ တိုးပွားလာတာကို ခံစားမိလိုက်ပါတယ်။ ပြီးတော့ အဲဒီစွမ်းအင်ရဲ့အရင်းအမြစ်က မိရိုင်ပါ။

“ဆရာ... ကျွန်မမရှိတော့ရင် ကျွန်မကိုမေ့ပစ်လိုက်လဲ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်မကို ဘယ်သူမှန်းမသိတော့ဘဲ မှတ်မိဖို့ကြိုးစားပြီး ဝမ်းနည်းနေတာမျိုးတော့ မလုပ်ပါနဲ့။”

မိရိုင်က ပိုပြီးအားနည်းသည်ထက် အားနည်းလာတယ်။ ကိုင်းတိုကတော့ အံ့အားသင့်နေတဲ့ မျက်လုံးတွေနဲ့ မိရိုင်ကို ကြည့်လိုက်ပါတယ်။ တဖြည်းဖြည်း သူ့ခေါင်းထဲမှာ ရှိနေခဲ့တဲ့ မိရိုင်ဆိုတဲ့နာမည်က သူ့အတွက် ဝေဝါးလာတယ်။

“မလုပ်နဲ့....” ကိုင်းတိုက မိရိုင်ကို တင်းတင်းဖက်ထားလိုက်တယ်။ မိရိုင်ဘာလုပ်နေလဲဆိုတာ ကိုင်းတိုတဖြည်းဖြည်း နားလည်လာပြီ။

လက်ရှိကိုင်းတိုက ဖီးနစ်ဆိုတဲ့ စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးထားတာကြောင့် သူ့စွမ်းအားက မပြီးပြည့်စုံတော့ပါဘူး။ သူ့ရဲ့စွမ်းအားသိုလှောင်နိုင်စွမ်းနဲ့အသုံးချနိုင်စွမ်းက တအားမြင့်ပေမဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ စွမ်းအားကတော့ နည်းပါးလွန်းတယ်။ တစ်ဖက်မှာတော့ မိရိုင်က ပြီးပြည့်စုံတဲ့ စွမ်းအင်အရင်းအမြစ်ရှိနေပြီး ပြီးပြည့်စုံစွာ အသုံးချနိုင်စွမ်းရှိမနေဘူး။ ဒါကြောင့် မိရိုင်က ကိုင်းတိုဥစာကီကို အနိုင်ယူနိုင်ဖို့အတွက် သူ့မှာကျန်ရှိနေသမျှ စွမ်းအားတွေကို ကြယ်တာရာနယ်မြေကနေတစ်ဆင့် ပေးဖို့ဆုံးဖြတ်ခဲ့တာ။

“ရပ်လိုက်တော့... ရပ်လိုက်တော့... ငါမင်းကို မေ့မသွားချင်ဘူး....”

ကိုင်းတိုက မိရိုင်ကိုတင်းတင်းဆုပ်ကိုင်ရင်း သူ့ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့စွမ်းအားတွေကို မိရိုင်ဆီ ပြန်လွှဲပေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မိရိုင်ကတော့ အသက်ဓာတ်မှိန်မှိန်လေးသာရှိတော့တယ်။

ကိုင်းတိုရဲ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်လာတယ်။ ဟိုးအရင်ကတည်းက သူ့မှာအားနည်းချက်တစ်ခုရှိခဲ့ပြီး သူချစ်တဲ့သူတွေ သေသွားတဲ့အခါ အဲဒီလူတွေကို သူလုံးဝမေ့သွားခဲ့တယ်။ သူ့ကိုဂျပန်စာသင်ပေးခဲ့တဲ့ ဘုန်းကြီးအိုကြီးဖြစ်ဖြစ်၊ နှစ်ငါးဆယ်လုံးလုံး သူနဲ့အတူရှိလာခဲ့တဲ့ ဘုံကျောင်းအပျိုစင်ကိုပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ အနည်းဆုံးတော့ မိရိုင်ကို သူမမေ့ချင်ပါဘူး။ သူတို့ကို မှတ်မိနေရင် ပိုနာကျင်ရမယ်ဆိုတာကို သူသိနေတာတောင်မှပေါ့။

“ဘာကြောင့်များ... ငါသူတို့ကို မေ့ပစ်ဖို့ ဆုံးဖြတ်ခဲ့မိတာပါလိမ့်။” ကိုင်းတိုက စဥ်းစားလိုက်တယ်။ မသိစိတ်ကတော့ သူ့ကို ရှင်းလင်းတဲ့အဖြေတစ်ခု ပေးရှာပါတယ်။

“နာကျင်ရမှာ ကြောက်တဲ့စိတ်ကြောင့်လား။” သူရေရွတ်လိုက်တယ်။ သူမေ့ပျောက်ထားတဲ့ လူတွေရဲ့မျက်နှာကို တဖြည်းဖြည်းပြန်မြင်ယောင်လာပြီး ပျောက်ကွယ်နေတဲ့ မှတ်ဉာဏ်တစ်စွန်းတစ်စက သူ့ခေါင်းထဲမှာ ပြန်ထွက်ပေါ်လာတယ်။

“ဘုန်းတော်ကြီးရှိုတိုခု၊ ကိုရိုမီ၊ တာကရ-ချန်...”

သူမေ့ထားတဲ့ ချစ်ရသူတွေရဲ့နာမည်တစ်ခုချင်းစီကို သူထုတ်ပြောခဲ့တယ်။ ပြီးတဲ့နောက် သူက သူ့ရင်ခွင်ထဲမှာ ရှိနေတဲ့ မိရိုင်ရဲ့မျက်နှာလေးကို ငုံကြည့်လိုက်တယ်။

“ပြီးတော့ မိရိုင်... ငါမင်းတို့ကို ဘယ်တော့မှ မမေ့တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။”

တစ်ချိန်တည်းမှာပဲ သူ့ခေါင်းထဲမှာ မေ့ပျောက်ထားတာ ကြာဖြစ်ဖြစ်တဲ့ မှတ်ဉာဏ်အပိုင်းအစတစ်ခုက ထိုးထွက်လာခဲ့တယ်။ အဲဒီမှတ်ဉာဏ်အပိုင်းအစတွေကို အရင်ကတည်းက သူသတိထားခဲ့မိပေမဲ့ ဒီတစ်ခါကတော့ ပိုပြီးထင်ရှားပြတ်သားနေတယ်။

အနီရောင်ဆံပင်ရှည်တွေနဲ့ အဲဒီသမင်မျက်လုံးတွေအောက်က မျက်ရည်ခံမှည့်လေး။ ချစ်ရသူတွေကို ဆုံးရှုံးရတဲ့အခါ မေ့ပစ်တတ်တဲ့အကျင့်ကို ရစေခဲ့တဲ့သူ။ အရင်ကတော့ အဲဒီအနီရောင်ဆံပင်နဲ့မိန်းကလေးကို သူဝေဝေဝါးဝါးပဲ မှတ်မိခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမှတ်ဉာဏ်တွေက မနေ့တစ်နေ့က ဖြစ်ခဲ့သလိုပဲ လက်ဆတ်ပြတ်သားလွန်းနေတယ်။

“ဆောင်ဟိုင်-ကွန်း....” သူ့နာမည်အရင်းကို အဲဒီမိန်းကလေး ခေါ်တဲ့အခါ ထွက်ပေါ်လာတဲ့အသံကို သူမှတ်မိလာပြီ။ သူ(မ)ရဲ့အသံနဲ့မျက်နှာကို သူပထမဆုံးပြန်မှတ်မိလာတာပဲ။

“ဆရာမ....” သူ ရေရွတ်လိုက်မိတယ်။

All Chapters