← Chapters

ပြေး

Vol. 11 Ch. 23

ပြေး

Vol. 11 Ch. 23

အဲဒီနေ့ကို သူပြန်ပြီးအမှတ်ရသွားခဲ့တယ်။ သူ့ရဲ့ဆရာ ပျောက်ကွယ်သွားခဲ့တဲ့ နေ့ကိုပေါ့။ အာကိုင်းဂါမီ ကိုင်းတိုက ဒီစကြဝဠာမှာ မွေးဖွားလာခဲ့တဲ့ တည်ရှိမှုမဟုတ်ဘူး။ ကုန်အောင်ပြောရရင် ဒီဂြိုဟ်ပေါ်က သက်ရှိအားလုံးက တခြားစကြဝဠာတစ်ခုကနေ စတင်ခဲ့တာ။

“အပြစ်သားသခင်ကြီး...” သူရေရွတ်လိုက်တယ်။

သူတို့စကြဝဠာကို အပြစ်သားသခင်ကြီးတစ်ပါးက ဖျက်ဆီးခဲ့တာဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်တဲ့ ကျဲကျဲက လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်တာကြောင့် တခြားအုပ်ချုပ်သူတွေနဲ့အတူ အပြစ်သားသခင်ကြီးကို တားဆီးရင်းနဲ့ သေဆုံးသွားခဲ့တာ။

ဒါပေမဲ့ အဲဒီသေဆုံးမှုကို သူလက်မခံနိုင်ခဲ့ဘူး။ လက်မခံနိုင်မှုကနေ ဖြစ်တည်လာတဲ့ ဝမ်းနည်းမှု၊ နှစ်သန်းပေါင်းများစွာ စကြဝဠာနှစ်ခုကြားက အကွာအဝေးကို ဖြတ်သန်းရာကနေ ဖြစ်တည်လာတဲ့ အထီးကျန်မှုတွေက သူ့ကိုဝါးမျိုသွားပြီး နောက်ဆုံးမှာ ထာဝရကို စွန့်ခွာဖို့အထိ ဖြစ်လာခဲ့တယ်။

“ငါက သေပြီးသားဆိုရင် ဘာလို့ငါက ဒီမှာရှိနေရသေးတာလဲ။”

သူက ထပ်ရေရွတ်လိုက်တယ်။ ထာဝရကိုစွန့်ခွာခြင်းဟာ မသေမျိုးတစ်ပါးအတွက် နောက်ဆုံးအဆုံးသတ်ပါပဲ။ ဒါပေမဲ့ သူဆိုတဲ့ဆောင်ဟိုင်က အာကိုင်းဂါမီ ကိုင်းတိုဆိုတဲ့ တစ်ဆင့်နိမ့်တဲ့ တည်ရှိမှုတစ်ခုအနေနဲ့ ရှင်သန်နေသေးတယ်။ သူဘယ်တုန်းကမှ မရည်ရွယ်ခဲ့တဲ့ ရလဒ်တစ်ခုပေါ့။

သူ့အတွေးတွေက အဲဒီတုန်းက အချိန်တွေဆီကို ပြန်ရောက်သွားတယ်။ တိုက်ပွဲအတွင်းမှာ ရှိနေတဲ့အချိန် သူ့ရဲ့ဆရာက အာကာသပေါ်တယ်တစ်ခုကိုဖွင့်ပြီး သူ့ကို တိုက်ပွဲနဲ့ဝေးရာဆီ ပို့ခဲ့တာ။ သူနိုးလာတဲ့အချိန်ရောက်တော့ ကျန်ခဲ့တာဆိုလို့ သေဆုံးနေတဲ့ စကြဝဠာကြီးနဲ့ အပြစ်သားသခင်ကြီးရဲ့ရုပ်ထုပါပဲ။ ပြီးတော့ ကျဲကျဲနောက်ဆုံးပြောခဲ့တဲ့ စကားတွေကို သူပြန်မှတ်မိလာခဲ့တယ်။ အဲဒီအချိန်တုန်းက သူသတိမထားခဲ့မိတဲ့ စကားတွေဆိုပေမဲ့ပေါ့။

“ငါ့မှာနင့်အတွက် ချန်ပေးနိုင်ခဲ့တာဆိုလို့ အမှတ်တရတွေပဲရှိတော့တယ်... နှုတ်ဆက်ပါတယ်၊ ဆောင်ဟိုင်။”

အမှတ်တရတွေ၊ ဟုတ်တယ်။ သူတို့နှစ်ယောက်မှာ အမှတ်တရတွေအများကြီးရှိခဲ့ဖူးတယ်။ စကြဝဠာကြီးကို ပျက်ယွင်းစေတဲ့ ကပ်ဘေးကြီးရဲ့အရင်းအမြစ်ကို ရှာဖွေဖို့အတွက် သူတို့နှစ်ယောက်က ကမ္ဘာပေါင်းများစွာမှာ ဘဝပုံစံပေါင်းများစွာနဲ့ ဝင်စားပြီး အမှတ်တရပေါင်းများစွာကို ဖန်တီးခဲ့တာ။

ခန္ဓာကိုယ်အားနည်းလွန်းတဲ့ သခင်လေးအနေနဲ့ သူရှိနေတုန်းက သူ့ရဲ့ဆရာက သူ့ရဲ့အိမ်စေအဖြစ် ရှိနေပေးခဲ့တယ်။ သူမိန်းမငယ်လေးတစ်ယောက်အဖြစ် ဝင်စားခဲ့ချိန်တုန်းကလည်း ဆရာက အမေအဖြစ်နဲ့ နေပေးခဲ့တာပဲ။ သူက သူရဲကောင်းဖြစ်လာတဲ့ ဘဝမှာတောင် သူ့ဆရာက မိစ္ဆာဘုရင်မဘဝနဲ့ သူ့ကိုစောင့်ရှောက်ပေးခဲ့ဖူးတယ်။

“အမှတ်တရတွေ... အမှတ်တရတွေ... ဒီလိုအရာတွေကို ဘာကြောင့်များ ငါမေ့ပစ်နိုင်ရတာလဲ။”

ကိုင်းတိုက မိုးကောင်းကင်ပေါ်က နေမင်းကြီးကို မော့ကြည့်လိုက်တယ်။ အခုတော့ အရာအားလုံး နောက်ကျသွားခဲ့ပါပြီ။ သူဟာ ထာဝရကို စွန့်ခွာပြီးသား နတ်ဘုရားတစ်ပါး။ လက်ရှိရှိနေတဲ့သူဟာ တစ်ဆင့်နိမ့်တဲ့ တည်ရှိမှုတစ်ခု။ ဒါပေမဲ့...

သူ... သူ့လက်ထဲက မိန်းမငယ်လေးကို ကြည့်လိုက်တယ်။ ဒီမိန်းကလေးကို သူ့မေ့ပျောက်မသွားချင်သလို သူ့အနားကနေ ပျောက်ကွယ်မသွားစေချင်ဘူး။

“နောက်ဆုံးတော့ ငါနားလည်သွားခဲ့ပြီ... အမှတ်တရတွေက မေ့ပျောက်ဖို့မဟုတ်ဘဲ ရင်မှာ ထာဝရသိမ်းထားဖို့ပဲမဟုတ်လား။ မင်းကို ထာဝရမမေ့စေဖို့အတွက် ငါလုပ်ဖို့လိုတာတစ်ခုကို လုပ်ရလိမ့်မယ်။”

ကိုင်းတိုက မိရိုင်ရဲ့မျက်နှာကို ကြင်ကြင်နာနာဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကို အကြင်နာပေးလိုက်တယ်။ မိရိုင်က သူ့ခန္ဓာကိုယ်ထဲကို နွေးထွေးတဲ့စွမ်းအားတွေ ပြန်လည်စီးဝင်လာနေတာကို သတိထားမိပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ပါတယ်။ နောက်တော့ သူ့ကို ကိုင်းတိုက နမ်းထားမှန်းသတိပြုမိပြီး ကိုင်းတိုကို တွန်းဖယ်ကာ ပြောလိုက်ပါတယ်။

“ဆရာ....”

“အရမ်းမလှုပ်နဲ့... “ ကိုင်းတိုက သတိပေးလိုက်တယ်။ အခုသူတို့နှစ်​ယောက်ကို လင်းလတ်လွန်းတဲ့ အလင်းရောင်တွေက လွှမ်းခြုံထားပြီး မီးတောက်မဟုတ်တဲ့ သံလိုက်လှိုင်းသဏ္ဍာန်စွမ်းအားတွေပါ။ စွမ်းအားတွေရဲ့မူလရင်းမြစ်က မိုးကောင်းကင်မှာရှိနေတဲ့ နေမင်းကြီးဆီကဖြစ်ပြီး နေရောင်ခြည်ကိုယ်တိုင်က ကိုင်းတိုရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ခစားနေပါတယ်။

“လွန်ခဲ့တဲ့နှစ်ခုနစ်ရာက ငါ့ရဲ့နတ်ဘုရားနိယာမကို ငါကိုယ်တိုင်ပစ်ပယ်ပြီး ထာဝရကို စွန့်ခွာခဲ့တယ်။ ဒါပေမဲ့ အခုတော့ အဲဒီနိယာမကို ပြန်ယူရမယ့်အချိန်ရောက်လာပြီ။”

ကိုင်းတိုက မိရိုင်ကို လက်တစ်ဖက်နဲ့ပွေ့ဖက်ထားရင်းကနေ အားနေတဲ့ လက်တစ်ဖက်နဲ့ ဥစာကီရှိရာကို လက်နဲ့ဝေ့ယမ်းချလိုက်တယ်။

ရွှတ်....

နေစွမ်းအင်သံလိုက်လှိုင်းတွေက ဥစာကီကို စတင်ရိုက်ခတ်လာတာကြောင့် ဥစာကီက ဓားကို ရင်ဘတ်ရှေ့မှာ ကန့်လန့်ကာထားလိုက်ပေမဲ့ အားပြင်းလွန်းတဲ့အတွက် ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေပေါ်လာပြီး ပိုးကောင်တစ်ဝက်ပုံစံကို ချက်ချင်းပြောင်းလိုက်ရပါတယ်။

“မင်းပိုးကောင်တစ်ကောင်ရဲ့စွမ်းအားကို ထုတ်သုံးလိုက်ပြီ။ မင်းရှုံးတယ်။”

ကိုင်းတိုက အေးစက်စက်လေသံနဲ့ ပြောလိုက်တယ်။ မိရိုင်ကတော့ သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေ ဖြည်းဖြည်းချင်း ပြန်ကောင်းနေတာကို သတိထားမိပြီး မျက်ခုံးပင့်လိုက်ပါတယ်။

“ဆရာ... ဒီစွမ်းအားက ဖီးနစ်နဲ့လည်းမတူဘူး။”

“ ဒီစွမ်းအားက မသေမျိုးနတ်ဘုရားဖြစ်ဖို့အတွက် ငါကိုယ်တိုင် ကြာပန်းခုနစ်ခုကို ပူးပေါင်းပြီးဖန်တီးခဲ့တဲ့ နိယာမပဲ။ အရင်စကြဝဠာမှာ ဖန်တီးခဲ့တယ်ဆိုပေမဲ့ပေါ့။”

ကိုင်းတိုက ပြောရင်းဆိုရင်းနဲ့ မိရိုင်ကို ဖက်ထားရာကနေ လွှတ်ပေးလိုက်တယ်။ အဲဒီနောက်တော့ သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး မီးတောက်စွမ်းအင်လှိုင်းတွေကို စုစည်းကာ ဓားတစ်လက်အဖြစ် သွန်းလုပ်လိုက်တယ်။

“Satella Blade” သူ့လက်ထဲကဓားက နေရဲ့မျက်နှာပြင် အပူချိန်လောက်အထိ အပူလှိုင်းတွေဖြာထွက်နေတဲ့အတွက်ကြောင့် ဓားတည်ရှိနေရုံနဲ့တင် ပတ်ဝန်းကျင်မှာရှိနေတဲ့ လေထုက ပုံသဏ္ဍာန်ပျက်ယွင်းနေပြီး ကိုင်းတိုရပ်နေတဲ့မြေပြင်ကပါ အရည်ပျော်တော့မယ့် အရိပ်အယောင်တွေပြသလာခဲ့ပါပြီ။

“ ဒီစွမ်းအားက မပြီးပြည့်စုံပေမဲ့ မူလပုံစံက အိုမီဂါအဆင့်စွမ်းအားဖြစ်မယ့်ပုံပဲ။ ဒီဂြိုဟ်ကို ကာကွယ်ပေးနေခဲ့တဲ့ အိုမီဂါက နင်ဆိုတဲ့ မှန်းဆချက်တွေက တကယ်မှန်ခဲ့တာပဲ။”

ဥစာကီက ရေရွတ်လိုက်တယ်။ ကိုင်းတိုကတော့ ခက်ဟဟသာ ပြုံးလိုက်ပြီး ဓားကိုမြှောက်လိုက်တယ်။

“ငါက အဲဒီတည်ရှိမှုရဲ့အရိပ်အယောင်တစ်ခုပါပဲ။ ဒါပေါ့၊ ငါလိုချင်ရင် အိုမီဂါအစစ်တစ်ယောက်ဖြစ်အောင် ငါ့ကိုယ်ငါ ပြောင်းလဲလို့ရတယ်။ ဒါပေမဲ့ နေလုံးကြီးထဲက နိယာမစွမ်းအားအကုန်လုံးကိုသုံးပစ်ပြီး ကမ္ဘာကိုအပျက်စီးခံရလောက်တဲ့အထိတော့ နင်က မထိုက်တန်သေးပါဘူး။”

မူလကိုင်းတိုက သူ့ရဲ့နိယာမစွမ်းအားတွေအားလုံးကို နေလုံးနဲ့အတူပေါင်းစပ်ပြီး ဒီဂြိုဟ်ကို လူသားတွေနေထိုင်နိုင်တဲ့ကမ္ဘာအဖြစ် ပြောင်းလဲခဲ့တာ။ ဒါကြောင့် ကိုင်းတိုသာ နိယာမစွမ်းအင်အားလုံးကို ပြန်ဆွဲထုတ်မယ်ဆိုရင် နေရဲ့တည်ငြိမ်မှုကိုပျက်ပြားစေပြီး ကမ္ဘာကိုထိခိုက်စေပါလိမ့်မယ်။

“ကဲ... အခုငါက အယ်ဖာအဆင့်ထိပ်ဆုံးကို ပြန်ရောက်နေပြီဆိုတော့ နင့်စွမ်းအားကိုနင် ထိန်ချန်မထားဘဲ တိုက်လို့ရပြီ။ နင်အိုမီဂါအဆင့်ကို မရောက်သေးသမျှတော့ ငါ့မှာကြောက်စရာမရှိပါဘူး။”

ကိုင်းတိုက ဓားကိုယမ်းချလိုက်တယ်။ ဥစာကီကလည်း အန္တရာယ်အရိပ်အယောင်ကို ခံစားမိလိုက်ပြီး အတောင်ပံတွေကိုသုံးကာ မီတာရာပေါင်းများစွာအထိ ခုန်ရှောင်လိုက်တယ်။

ဘုန်း....

သူရပ်နေခဲ့တဲ့မြေပြင်ကတော့ ဖြတ်ခနဲအလင်းတစ်ချက်နဲ့အတူ ထောပတ်လို တိခနဲပြတ်ကျသွားပြီး နီရဲနေတဲ့ကျောက်ရည်ပူတွေကိုသာ ချန်ထားရစ်တယ်။ ဓားကြောင့်ဖြစ်လာတဲ့ ဖြတ်ပိုင်းရာကတင် မီတာထောင်ချီပြီးရှည်လျားပါတယ်။

“ပိုးစုန်းကြူး... ငါတို့ဒီနေရာကနေသွားမယ်။”

အသက်ဘေးအန္တရာယ်ကို ခံစားမိပြီးတဲ့နော​က်မှာတော့ ဥစာကီက ရှေ့ဆက်တိုးဖို့အတွက် စိတ်မကူးရဲတော့ပါဘူး။ သူက ပိုးစုန်းကြူးကို ဆင့်ခေါ်လိုက်ပြီး ပိုးစုန်းကြူးပေါ်ကိုတက်ကာ နေရာကနေ ထွက်ခွာသွားတော့တယ်။

ကိုင်းတိုကတော့ ဥစာကီထွက်ခွာသွားတာကို ဟန်မပျက်ကြည့်နေပြီး စက္ကန့်အတော်ကြာခါမှ ပါးစပ်ထဲက သွေးတွေကို အန်ထုတ်လိုက်ပြီး ဒူးထောက်ကျသွားတယ်။ လက်ထဲက နေမီးတောက်ဓားလည်း မရှိတော့ဘူး။

“ဆရာ....” မိရိုင်က ကိုင်းတိုဘေးကိုပြေးလာပြီး စိုးရိမ်တကြီးနဲ့ ဖေးမပေးထားလိုက်တယ်။

“ဘာမှစိုးရိမ်စရာမရှိပါဘူး... ဒီဓားက မင်းသုံးခဲ့တဲ့ ကြယ်ကြွေလက်သီးလိုပဲလေ။ သုံးရင် ခန္ဓာကိုယ်ကို ပြန်ထိမိတယ်။”

ကိုင်းတိုက မိရိုင်ရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ပြောလိုက်တယ်။ သူဒဏ်ရာပြင်းပြင်းရသွားပေမဲ့ သေလောက်အောင်တော့ မဟုတ်ဘူး။

“ဆရာ... ဒါဆိုရင် ဆရာက တကယ့်နတ်ဘုရားပေါ့နော်။” အသိစိတ်ပြန်ဝင်လာပြီးတဲ့နောက်တော့ မိရိုင်က စိတ်လှုပ်ရှားလာပြီး မေးလိုက်ပါတယ်။ ကိုင်းတိုကလည်း ရယ်ကျဲကျဲနဲ့ပြန်ဖြေတယ်။

“အခုလောလောဆယ်တော့ နတ်ဘုရားတစ်ပိုင်းဆိုပါတော့။ ဆရာက နေမီးတောက်နိယာမကိုမှ အပြည့်အဝမသုံးနိုင်တာ။”

သူတို့စကားပြောနေတဲ့အချိန်မှာပဲ ကောင်းကင်ပေါ်ကနေ ရွှေရောင်ဆံပင်နဲ့ နတ်သူငယ်မလေးက လက်ပိုက်လျက် ဆင်းသက်လာပါတယ်။

“အကူအညီလိုမယ်လို့ထင်နေတာ... ဒါပေမဲ့ တိုက်ဆိုင်ပြီးတော့ ဒီကမ္ဘာရဲ့အိုမီဂါအဆင့်စွမ်းအားကို မြင်လိုက်ရတာပဲ။”

ကိုင်းတိုက ဆိုဖီယာကို ဘာမှပြန်မပြောပေမဲ့ မိရိုင်ကတော့ ဒေါသတကြီးနဲ့ပြောလိုက်လေရဲ့။ “အရူးမကြီး... သူများဒုက္ခရောက်နေတာကို ကောင်းကင်ပေါ်ကနေ ကြည့်နေရုံနဲ့ ကြည့်နေတယ်ပေါ့။”

ဆိုဖီယာကတော့ အရူးမကြီးလို့ အခေါ်ခံလိုက်ရတာကြောင့် နည်းနည်းနေရခက်သွားပေမဲ့ ချက်ချင်းပဲ ဆင်ခြေတစ်ခု ပေးလိုက်တယ်။

“တ... တကယ်တော့... ကိုင်းတိုကို အခွင့်အရေးပေးလိုက်တာ ပိုကောင်းတယ်ထင်လို့ပါ။ ငါဝင်ကူရင်တောင်မှ တိုက်ပွဲကိုဘေးကနေ စောင့်ကြည့်နေတဲ့ ပိုးစုန်းကြူးကို ငါကျော်နိုင်မှာမဟုတ်ဘူးလေ။”

ဆိုဖီယာကလည်း အယ်ဖာအဆင့်ဆိုပေမဲ့ ဥစာကီဘက်မှာ အကူအညီပေးမယ့် ပိုးစုန်းကြူးလည်း ရှိနေခဲ့ပါသေးတယ်။ ဥစာကီက ကိုင်းတိုနဲ့တစ်ယောက်ချင်းတိုက်ဖို့အတွက် ပိုးစုန်းကြူးကို အသုံးမချခဲ့တာ။

“ငါနောက်ကျသွားတာလား။” သိပ်မကြာခင်မှာပဲ ကောင်းကင်ပေါ်ကနေ မိုးကြိုးလျှပ်စီးတွေနဲ့အတူ နောက်တစ်ယောက် ဆင်းသက်လာပြန်ပါတယ်။ ဖရက်ပါ။

“တိုကျိုတိုက်ပွဲပြီးသွားပြီဆိုတော့ တပ်ကူတွေကို ဒီဆက်မလာခိုင်းနဲ့တော့။ ပိုးကောင်စစ်တပ်က ငါတို့ကို ဒီတစ်ခါ တကယ်အကြပ်ရိုက်အောင် လုပ်နိုင်ခဲ့တယ်ဆိုပေမဲ့ တော်တော်အထိနာသွားပြီ။”

ဆိုဖီယာက ပြောလိုက်ရင်းနဲ့ ကိုင်းတိုကိုကြည့်လိုက်ပါတယ်။ “ပြီးတော့ ကိုင်းတိုလည်း အယ်ဖာအဆင့်ကို ပြန်ရောက်လာပြီဆိုတော့....”

“တစ်နည်းအားဖြင့် ငါတို့လူသားတွေဘက်က ပိုပြီး အားသာလာပြီလို့ ဆိုလိုတာလား။” ဖရက်က ဝင်ပြောလိုက်တယ်။

ဆိုဖီယာက ခေါင်းညိတ်တယ်။ “ဖရာလီတာကလည်း အာဆီယံစစ်​ဒေသမှာ ပိုးကောင်ဗိုလ်ချုပ်နှစ်ကောင်ကို အသေသတ်နိုင်ခဲ့တယ်လို့ အကြောင်းကြားလာတယ်။”

ဆိုဖီယာက စကားကိုပြောရင်းနဲ့ ဒဏ်ရာကိုလက်နဲ့ဖိပြီး သွေးတိတ်အောင်ကြိုးစားနေတဲ့ လင်ဒါနားကိုရောက်လာပြီး “ သွေးတိတ်စေ”လို့ ရေရွတ်လိုက်တယ်။ လင်ဒါရဲ့လက်က သွေးကြောတွေက မမြင်နိုင်တဲ့ဖိအားတစ်ခုကြောင့် ဖိညှစ်ခံလိုက်ရပြီး သွေးတိတ်သွားတယ်။ ကုသပေးတာမျိုးတော့မဟုတ်ပေမဲ့ ရှေးဦးသူနာပြုနည်းနဲ့တော့ ဆင်တူပါတယ်။

“လောလောဆယ်တော့ ဒီမှာရှိနေတဲ့ အဖွဲ့ဝင်တော်တော်များများ ဒဏ်ရာရထားတဲ့အတွက် ဌာနချုပ်ကို ပြန်ဆုတ်ရအောင်။ ကိုင်းတို၊ နင်လည်း အဲဒီစွမ်းအားကို နောက်တစ်ကြိမ်သုံးဖို့ အသင့်မဖြစ်သေးဘူးမဟုတ်လား။”

ကိုင်းတိုလည်း ဆိုဖီယာကို ခေါင်းညိတ်ပြလိုက်တယ်။ ဖရက်ကတော့ တစ်ခုခုကိုတွေးနေဟန်နဲ့ နေရာမှာရပ်နေပြီးတော့ ပြောလိုက်ပါတယ်။

“ငါတို့တွေ တစ်ခုခုကို မေ့နေတယ်လို့ မထင်ဘူးလား။”

ကျန်တဲ့သူတွေအားလုံး ဖရက်ကို လှည့်ကြည့်လိုက်ကြတယ်။ ဖရက်ကတော့ စိုးရိမ်နေတဲ့ လေသံနဲ့ ပြောလိုက်လေရဲ့။

“ပိုးကောင်တွေရဲ့တပ်မှူးယင်ကောင်က အဓိကတိုက်ပွဲနှစ်ခုလုံးမှာ ဝင်မပါခဲ့ဘူး။ သူသာ တစ်နေရာရာမှာပေါ်လာမယ်ဆိုရင် ဘယ်လိုမှမခုခံနိုင်ဘဲ အဲဒီနယ်မြေတွေကို ပေးရမှာပဲ။ ဒါပေမဲ့အခုက ပိုဆိုးတာတစ်ခုခုကိုကြံဖို့အတွက် နောက်ကွယ်မှာပုန်းနေသလိုပဲ။”

ဖရက်ရဲ့စကားကြောင့် အဖွဲ့ဝင်တွေအားလုံး ကျောချမ်းသွားတယ်။ ယင်ကောင်က ပိုးကောင်ဗိုလ်ချုပ်တွေထဲမှာ အားအကောင်းဆုံးဖြစ်ပြီး လက်ရှိဥစာကီထက်တောင် ပိုပြီးတိုက်ခိုက်နိုင်စွမ်းမြင့်တယ်။ ယင်ကောင်သာ တိုကျိုတိုက်ပွဲမှာရှိနေခဲ့ရင် ကိုင်းတိုအနေနဲ့ အခွင့်အရေးတောင်ရမှာမဟုတ်ပါဘူး။

All Chapters