ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဖြူထည်ပါလို့ ပြောရင် မင်းယုံမှာလား
Vol. 77 Ch. 1141
" မင်းဘာတွေ လာပြီး ပြောနေတာတုန်း... မသိရင် ငါကပဲ နည်းလမ်းတစ်ချို့ သုံးပြီး အဲ့ကောင်ကို တမင် နှင်ထုတ်လိုက်တဲ့လေသံနဲ့..."လင်းရီ ပြောလိုက်ပြီးနောက် " ငါက မင်းတို့နဲ့ မတူဘူး... ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ရာထူးတိူးလာဖို့ကို စိတ်မ၀င်စားဘူး"..
“ ဒါပေမယ့် ပြဿနာက ဝမ်မိသားစု၊ ဟန်မိသားစုနဲ့ ကျောက်မိသားစု သုံးခုက စုပေါင်းပြီး မင်းကို တိုင်တန်းခဲ့ကြသေးတယ်မလား… တလောတုန်းကတောင် သတင်းတွေ ပေါက်ကွဲထွက်လာတော့ ကြားမိပါသေးတယ်… ဘော့စ်လျိုတောင် ငါတို့ကို အထူးတလှယ် အစည်းအဝေးခေါ်ပြီး မင်းအကြောင်းတွေ လျှောက်မဖြန့်ဖို့တောင် ပြောခဲ့သေးတယ်… အဲ့ကတည်းကရင် ဒီကိစ္စ တစ်ခုခုတော့ မူမမှန်ဘူးလို့ ခံစားနေရတာ….”
“ conspiracy theory တွေ ထုတ်မနေစမ်းပါနဲ့ကွာ…”
လင်းရီ လက်ဖက်ရည် တစ်ငုံ စုပ်သောက်လိုက်ပြီး ပန်ကိတ်ကို လိပ်၍ ပါးစပ်ထဲ သွပ်ထည့်လိုက်၏။ “ ငါက ဟန်နဲ့ ကျောက်မိသားစုကို ရိုက်နှက်ခဲ့တာဆိုတော့ သူတို့တွေ ဒေါသသိပ်ထွက်နေခဲ့ကြတာ … အဲ့တာနဲ့ပဲ ဝမ်မိသားစုနဲ့ သွားပူးပေါင်းသွားပြီးတော့ အမေရိကားမှာရှိတဲ့ ငါ့ရဲ့ ကုမ္ပဏီကို တိုင်တန်းလိုက်တယ်… အဲ့ကိစ္စ ဖော်ထုတ်ခံလိုက်ရတော့ နိုင်ငံကလည်း သူတို့နဲ့ စကားပြောရမှာ သဘာဝပါပဲ…”
ချိုးယွီလော့၊ နင်ချဲ့နှင့် ကျန်သူများအားလုံး ရုတ်ချည်း လင်းခနဲ ဖြစ်သွားခဲ့ကြ၏။ ထိုသို့ဆိုလျှင်တော့ အရာအားလုံးက အဓိပ္ပာယ် ရှိသွားလေပြီ။
လင်းရီသည်လည်း ဤကိစ္စနှင့် စပ်လျဉ်း၍ သိုဝှက်နေစရာ အကြောင်း မရှိဟု ခံစားနေရ၏။
၎င်းတို့အကုန်လုံးက ရန်ကျင်းရှိ ကြွယ်ဝသည့် မိသားစုဝင်များမှ ဖြစ်ကြပြီး အကယ်၍ သူက မပြောပြလျှင်ပင် ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် သိနိုင်ပေသည်။
သို့သော်လည်း ဝမ်မြန် နှုတ်ထွက်သွားသည့် ကိစ္စနှင့် ပတ်သက်၍ကတော့ သူနှင့် လေးလေးနက်နက် ဆက်နွယ်နေပြီး သူ့ကြောင့်ဟု ပြောလျှင်လည်း မမှားချေ။
ဝမ်မိသားစု၏ လွှမ်းမိုးမှုက ကျဆင်းလာသည့်အပြင် လုမိသားစုကလည်း မီးထဲ လောင်စာလောင်းထည့်ခဲ့၏။ ဝမ်မြန်ကလည်း တုံးအသူ တစ်ယောက် မဟုတ်သည့်အတွက် ကျုံးဝေ့တပ်ဖွဲ့ထဲတွင် ဆက်လက် တည်ရှိနေလိမ့်မည် မဟုတ်ချေ။
“ ဘယ်လိုတောင် နှမြောဖို့ ကောင်းလိုက်လဲ…” ထောက်ချိန် နှောင်းသက်ပြင်းချလိုက်ပြီး “ မင်းပြီးရင် ဝမ်မြန်ဆိုတာ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ အလားအလာ အကောင်းဆုံး လူတစ်ယောက်… တကယ်လို့ သူသာ နှုတ်မထွက်ခဲ့ဘူးဆိုရင် နောက်သုံးလေးနှစ်နေလို့ မင်းတို့နှစ်ယောက် ကြီးထွားလာတဲ့ အချိန်ကျ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဘုန်းတန်းခိုး အရှိန်အဝါလည်း နေလိုလလို ထွန်းလင်းလာနိုင်တော့မှာ…”
ချိုးယွီလော့နှင့် နင်ချဲ့တို့ကတော့ ၎င်းတို့၏ အမြင်သဘောထားများကို မထုတ်ဖော်ခဲ့ချေ။
ဤသည်က အာဏာကစားပွဲ ဖြစ်ပြီး တစ်ဖက်ရှိ လင်းရီကဲ့သို့ ပူပင်ကြောင့်ကြမဲ့သည့် စရိုက်ရှိသူသည် တစ်ဖက်သူ အားကောင်းလာမည်ကို လက်ပိုက်ထိုင်ကြည့်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လွယ်လွယ်နှင့် ကန်ထုတ်ပစ်လိုက်၏။
သို့သော် ဝမ်မြန်ကတော့ ထိုသို့မထင်။ သူ၏ ၁၈ နှစ်ပြည့် မွေးနေ့ကို ဖြတ်ကျော်ပြီးသည့်နောက် သူသည်က ရန်ကျင်း၏ သရဖူဆောင်း မင်းသားကလေး ဖြစ်လာခဲ့သည်။
ဝမ်မိသားစုက အာဏာလွှမ်းမိုးမှု ကောင်းနေသော်ငြား သူကိုယ်တိုင်ကလည်း ကိုယ့်အားကိုယ်ကိုး ၊ ကိုယ့်သမိုင်းကိုယ် ရေးရန် ရေကုန်ရေခန်း ကြိုးပမ်းလာခဲ့ကာ သူနှင့် ရွယ်တူ လူငယ်အများစုထက် ကဏ္ဍအားလုံးတွင် အတိုင်းထက်ကို သာလွန်ခဲ့လေသည်။
ထို့ကြောင့် သူ အလိုချင်ဆုံး အတောင့်တဆုံး အမှုက လူတိုင်းကို အပေါ်စီးမှ နေ၍ နိမ့်ချရှုမြင်လောက်သည်အထိ တန်းခိုးထွားလာရန် ဖြစ်လာခဲ့တော့သည်။
သူ၏ ဂုဏ်မာနက သူ့အထက်ကို မပြောနှင့် သူနှင့် တစ်တန်းတည်းရှိဖို့ရာပင် ခွင့်မပြုနိုင်ချေ။
ရလဒ်အနေဖြင့် လင်းရီ အကြောင်း သတင်းကြားပြီးသည်နှင့်တပြိုင်နက် သူ၏ စိတ်ကူးယဉ် ရန်သူ တစ်ယောက်အဖြစ် ကာလကြာရှည်စွာ မှတ်ယူထားခဲ့သည်။ ဝမ်မိသားစု၏ လင်းရီအပေါ် တိုင်တန်းထားသည့် ကိစ္စပါ အမှုမှန် ပေါ်ပေါက်သွားခဲ့တော့ သူ့အတွက် လင်းရီနှင့်အတူ ကျုံးဝေ့တပ်ဖွဲ့ထဲတွင် အတူရှိမနေရန် ပို၍ပင် တွန်းအားဖြစ်သွားစေခဲ့သည်။
“ ငါတို့ မနက်ဖြန် တွေ့ရင် မင်းတို့တွေ အကုန်လုံး မင်းတို့ရဲ့ ဒေါသကို ထိန်းချုပ်ရမယ်… ရှုမြင် မကောင်းမယ့် ကိစ္စတွေ မလုပ်မိစေနဲ့…”
“ ဟမ်…. ဝမ်မြန်လည်း အဲ့မှာ ရှိနေမှာလား..”
“ သေချာပေါက်ပဲပေါ့ဟယ်… ဒါ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ထုံးစံပဲလေ… ခေါင်းဆောင်ဟောင်းက ခေါင်းဆောင်သစ်ကို သူတို့ရဲ့ တာဝန်တွေ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးဖို့ လိုတယ်… “ ချိုးယွီလော့ ပြောလိုက်၏။
“ မင်းတုန်းကရော အဲ့လိုပဲလား…”
“ ဟင့်အင်း…”
“ အာ… မင်းတောင်ရမှတော့ ငါလည်း ရရမှာပဲ.. ဒီလို ရှုပ်ထွေးပွေလီတဲ့ လုပ်ငန်းစဉ်တွေကို ငါ မကြိုက်ဘူး…”
ချိုးယွီလော့ မျက်လုံးလှန်ကြည့်လိုက်၏။ “ ငါတို့ အသင်းခေါင်းဆောင်က မစ်ရှင်လုပ်ရင်း အသက်စွန့်သွားခဲ့တာလေ… နင်က ငါတို့ကို သရဲတွေနဲ့ ဆုံစေချင်လို့လား…”
“ ဟဲ့… ငါ့ကို ဆွဲမထည့်နဲ့… ငါက သစ္စာတရားနဲ့ ခင်မင်မှု သံယောဇဉ်ကို တလေးတစား ရှိတဲ့သူပါနော်.. ငါ အသင်းခေါင်းဆောင် ရာထူးတိုးခံရပြီးတဲ့ ညနေခင်းမှာပဲ လမ်းဆုံသွားပြီးတော့ အစ်ကိုချွမ်အတွက် ငွေစက္ကူတွေ မီးရှို့ပေးခဲ့ပြီးပြီ… နင့်လိုမျိုးများ ထင်နေလား… ငါက ကျေးဇူးတရားကို မေ့ပစ်ပြီး သစ္စာဖောက်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး…”
လင်းရီ “ …. “
ဒီ ကျုံးဝေ့တပ်ဖွဲ့က လူတွေက အတွေး သိပ်လျင်ကြတာပဲ.. သာမန်လူတွေထက်ကို ပိုတယ်။
ချလပ်…
နှစ်ယောက်သား ရန်ဖြစ်နေစဉ်မှာပဲ သီးသန့်ခန်းတံခါး တွန်းပွင့်လာခဲ့သည်။
လူသုံးယောက် အပြင်ဘက်မှ ပြေးဝင်လာခဲ့ပြီး တံခါးဝတွင် ဒေါသတကြီး မတ်တပ်ရပ်၍ ရန်လိုနေသည့် စစ်သည်တော်များကဲ့သို့ ရှိနေသည်။
လင်းရီ “ …… “
ဒီ တုတ်တွေ ကိုင်ထားတဲ့ကောင်တွေက ဘယ်က ရောက်လာတာတုန်းဟ…
အခန်းများ မှားဝင်လာကြသလား…
သူတို့ အခန်းမှားဝင်လာမိတယ်ဆိုရင်တောင် ဒီလို ပုံစံမျိုးကြီးတော့ ဖြစ်မနေသင့်ဘူးထင်တာပဲ… ဟုတ်တယ်ဟုတ်…။
“ နင် ဒီကို ဘာလာလုပ်တာလဲ…”
ချိုးယွီလော့ မတ်တပ်ရပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမရှေ့ မတ်တပ်ရပ်နေသူက သူမ၏ ချစ်သူကောင်လေး ချင်ရန်လင် ဖြစ်နေသောကြောင့်ဖြစ်သည်။
သွေးပတ်သက်မှုအရ ထိုသူက လင်းရီနှင့် ဝမ်းကွဲ တော်စပ်ပေသည်။ သို့သော်လည်းပဲ ယခုလက်ရှိအခြေအနေတွင် သူတို့ထဲ မည်သူကမျှ ထိုအချင်းအရာကို မသိရှိခဲ့ကြချေ။
“ ငါလည်း မင်းကို မေးတော့မလို့ပဲ… မင်း ဒီမှာ ဘာလုပ်နေတာလဲ…”
ချင်ရန်လင် လင်းရီကို လက်ညိုးထိုးပြလိုက်ပြီး “ ငါမင်းကို ဖုန်းဆက်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး.. မင်းက ဒီကောင်နဲ့ ထမင်းလာစားနေတယ်ပေါ့…”
လင်းရီ “ ……”
ဟေ့ကောင်… ငါ့ဘာငါ ဘဲကင်စားနေတာ ငါ့လာမဆွဲထည့်နဲ့… ငါက အပြစ်ကင်းတယ်…
မင်းကောင်မလေးကလည်း ငါ့ကို ဂျိတ်ချိတ်နိုင်လောက်တဲ့ အနေအထားမျိုး မဟုတ်သေးဘူး…
“ တို့အရင် ကျိုးဟိုင်သွားခဲ့တုန်းက သူ့ဘက်က ဧည့်ဝတ်ကြေခဲ့တယ်.. အခု သူ ဒီရောက်လာပြီဆိုမှတော့ ငါသူ့ကို ပြန်ပြီး ကြိုဆိုပေးတာ ပြဿနာ ရှိလား….”
“ မင်းတို့က အချင်းချင်း ရန်ငြိုးရန်စတွေ ရှိနေကြတယ် မဟုတ်ဘူးလား… ဘာကိစ္စ ကြိုဆိုရမှာလဲ…”
ချင်ရန်လင်၏ ဒေါသမီးကြောင့် ဆံပင်များပင် လောင်ကျွမ်းချေတော့မည်။
“ ငါတော့ မင်း ဒီကောင့်ကို လာကြိုချင်လို့ ငါနဲ့ တမင် ရန်ဖြစ်တာလို့ပဲ ထင်တယ်… “
နင်ချဲ့ “ ??? “
ဖြစ်နိုင်တာ… သူတို့နှစ်ယောက်က ငါ့ကွယ်ရာမှာ တိတ်တိတ်ပုန်းနေခဲ့ကြတာများလား..
ချိတ်မိသွားခဲ့ကြတာတောင် ကြာများ ကြာနေပြီလားမသိဘူး..
လင်းရီက ခန့်ညားလွန်းပြီး ပြောစရာ အပြစ်လည်းမရှိဘူး…. ပြီးတော့ ချိုးယွီလော့ကလည်း အေးတိအေးစက် စရိုက်ပုံစံနဲ့ အမျိုးသမီးတစ်ယောက်။
ဟင်... တွေးကြည့်တော့လည်း ဒါ တကယ်ကြီး ဖြစ်နိုင်နေတာပဲလေ..။
ဟစ်….
ဒီခေါင်းစဉ်က အတင်းပြောလို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။
“ ချင်ရန်လင်… နင် ငါ့ကို တမင် သပ်သပ် ပြဿနာ လာရှာနေတာလား…”
ချိုးယွီလော့မှာ အမြဲတစေ စိတ်ဆတ်လွယ်သူ တစ်ဦး ဖြစ်၏။ ယခု ကိစ္စတွင်လည်း ချင်ရန်လင်းနှင့် သဘောထားကွဲလွဲ ငြင်းဆန်မှုများ ဖြစ်ကာ အရှုံးပေးရန် ငြင်းဆန်နေခဲ့သည်။
“ ငါက တမင် ပြဿနာ ရှာနေတယ်.. ဟုတ်လား…” ရန်လင် နှာခေါင်းရှုံ့လိုက်ပြီး
“ အဲ့စကားပြောရမှာ ငါပါ… ငါ ပြောရမှာ… ငါတော့ မင်း ဒီနေ့ ရည်ရွယ်ချက်ရှိရှိ ငါနဲ့ တမင် ရန်ဖြစ်ခဲ့တာလို့ထင်တယ်… အဲ့တာမှ မင်းသူ့ကို လွတ်လွတ်လပ်လပ် သွားကြိုလို့ရမှာလေ… ပြီးတော့ ဖုန်းတောင် ပိတ်ထားလိုက်သေးတယ်… အဲ့လိုလုပ်လိုက်တာနဲ့ပဲ မင်းကို ငါက မရှာနိုင်တော့ဘူးများ မင်းထင်နေတာလား…”
“ ဟုတ်တယ်… ငါတို့ တကယ်ပဲ လုပ်စရာ ရှိတယ်… ကံကောင်းချင်တော့ နင် လာတာ စောသွားလို့ပဲ… နင်သာ နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာမယ်ဆိုရင် ငါတို့ အခန်းတစ်ခန်း ငှားပြီးနေလောက်ပြီ… နင် အခု ကျေနပ်ပြီလား…”
လင်းရီ “ …. “
“ အမ်… ငါတို့ရဲ့ ဆက်ဆံရေးက အဖြူထည်လို့ ပြောရင် မင်းယုံမှာလား…”
“ ချီးကို ယုံရမှာလား…”
ချင်ရန်လင်း ယမ်းပုံမီးကျ ဖြစ်နေခဲ့တော့၏။ သူ ဒေါသကို ဆက်လက်ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ သူ ရှေ့သို့ ပြေးထွက်လာပြီး ထမင်းစား စားပွဲကို ကန်မှောက်ပစ်လိုက်၏။
နင်ချဲ့နှင့် ထောက်ချိန်တို့ကလည်း လျင်သည်။ သူ လှုပ်ရှားရန် ဟန်ပြင်လာသည်နှင့်တစ်ပြိုင်နက် ဘေးသို့ ကြိုရွေ့ထားပြီးဖြစ်၏။ ၎င်းတို့၏ အဝတ်အစား အသစ်လေးများသည် ကံကောင်းသွားခဲ့လေသည်။
သီးသန့်ခန်းထဲရှိ အဓိကရုဏ်းက တတိယ အလွှာရှိ အခြားသူများကို သတိပေးလိုက်သလို ဖြစ်သွားစေခဲ့သည်။
ဤနေရာတွင် ရှိသည့် စားပွဲထိုးများအပြင် အခြားသော သီးသန့်ခန်းများထဲတွင် စားသောက်နေသည့် ကတ်စတန်မာများကပါ ပွဲဖြစ်သည်ကို ကြည့်ရှုရန် အခန်းပြင်သို့ ထွက်လာခဲ့ကြ၏။
ရန်ကျင်းကဲ့သို့ နေရာမျိုးတွင် အလကားကြည့်ရမည့် ပွဲကို လက်လွတ်ခံမည့်သူ တစ်ယောက်မှ မရှိချေ။ ထို့ပြင် သူတို့ ကြားမိသလောက် အကြောင်းအရာကလည်း သိပ်ကို စိတ်ဝင်စားဖို့ ကောင်းနေသည် မဟုတ်ပါလော။
“ လူကြီးမင်းတို့ … စိတ်ထိန်းကြပါဦးရှင်… စကားအကောင်းပဲ ပြောကြပါနော်… ဒီမှာ နိုင်ငံခြားသား ဧည့်သည်တွေလည်း ရှိတော့ တကယ်လို့ ခိုက်ရန်ဖြစ်ပွားကြမယ်ဆိုရင် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်ရပါတယ်…” စားပွဲထိုးမလေးမှ ပြောလိုက်သည်။
“ ထွက်သွားစမ်း… ဒါ မင်းရဲ့ သောက်လုပ်မဟုတ်ဘူး..”
ကြမ်းတမ်းခက်ထန်နေသည့် ချင်ရန်လင်၏ ဒေါသနှင့် ရင်ဆိုင်လိုက်ရတော့ စားပွဲထိုးကောင်မလေးမှ ခြေနှစ်လှမ်းခန့် ကြောက်ကြောက်လန့်လန့် နောက်ဆုတ်မိသွားပြီး ခန်းမ မန်နေဂျာထံ ပြေးသွားလိုက်တော့သည်။
“ မန်နေဂျာမာ… ကျွန်မတို့ ဘာလုပ်ကြမလဲ..”
“ ငါ့အထင် ဒီလူတွေ အကုန်လုံးက ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေပဲ နေမယ်.. ငါတို့ သူ့ကို ထိန်းချုပ်လို့ ရမှာ မဟုတ်ဘူး… ရဲခေါ်ကြတာပေါ့…”
“ ရဲခေါ်လို့လည်း အသုံးမဝင်ဘူး…” ချင်ရန်လင် အော်ပြောလိုက်ပြီး “ မင်းတို့အားလုံး… ဝေးဝေးမှာ နေကြ… ဒီက ကိစ္စ ပြီးတာနဲ့ မူရင်း ဈေးနှုန်းအတိုင်း လျော်ကြေးပြန်ပေးမယ်…”
ပွဲကြည့်ရန် ရောက်လာကြသူများမှ အချင်းချင်း ကြည့်မိလိုက်ကြသည်။ ဤကိစ္စက တော်တော်လေး အံ့ဩဖို့ကောင်းနေသည်ကို သတိပြုမိလိုက်ကြလေသည်။
“ ငါ ခုလေးတင် မသဲမကွဲကြားလိုက်တာတော့ အဲ့ လူချောလေးက သူ့ရည်စားနဲ့ အတူ အိပ်ခဲ့တယ်ဆိုပဲ… အဲ့တာကြောင့် အဲ့လူက သိပ်ပြီး စိတ်တိုနေတာ…”
“ သူ့ကောင်မလေးကိုက လိုလိုလားလားနဲ့ အတူအိပ်ခဲ့ပါတယ်ဆိုနေမှ သင်ခန်းစာပေးတော့ကော ဘာထူးမှာမို့လို့လဲ…” ထိုစကားကိုတော့ သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးမှ ပြောလိုက်ခြင်းဖြစ်သည်။
“ ကောင်လေးက ချောချောမောမော အစင်လေး…လုံးချောလေး… ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်သွားခဲ့ရင် သိပ်သနားဖို့ကောင်းမှာပဲနော်…”
×....... × ....... ×....... × ....... ×....... × ....... ×....... ×
(စကားချပ် : Conspiracy theory - အဘိဓာန် အရဆိုရင်တော့ လျှို့ဝှက်ပူးပေါင်း ကြံစည်မှု သဘောထား အယူအဆလို့ အဓိပ္ပာယ် ရပါတယ်။ သူက ဖြစ်ရပ် တစ်ခုရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ပူးပေါင်းကြံစည်ထားတဲ့ အဖွဲ့အစည်း တစ်ခု (သို့မဟုတ် ) လက်မည်းကြီး တစ်ခုက ရှိနေပါတယ်လို့ ပြောချင်တာပါ။ ဒီလို သီအိုရီမျိုးတွေက ရွေးကောက်ပွဲ ကာလတွေ(နိုင်ငံခြား) ၊ နာမည်ကျော် နိုင်ငံရေးသမားတွေ/အနုပညာရှင်တွေ သေဆုံးသွားတဲ့ချိန်၊ စီးပွားရေး ကပ်ဆိုက်တဲ့ချိန်၊ ဇီ၀ကပ်ရောဂါတွေ ဖြစ်ပွားတဲ့ချိန်မှာ conspiracy theory ထွက်တာ များပါတယ်။ ဥပမာ ဟစ်တလာက မသေဘဲ ထွက်ပြေးသွားတာတို့။ မိုက်ကယ်ဂျက်ဆင်က သူ့ဘာသူ သေတာ မဟုတ်ဘူး။ အသတ်ခံလိုက်ရတာတို့။ ဖရီးမေဆင် ၊ အီလူမီနတီတို့လို ဂိုဏ်းတွေက လက်ရှိ ကမ္ဘာ့အရေးအခင်းတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေကြတာတို့... စသဖြင့် conspiracy theory တွေပေါ့။ ဒါတွေက ကိုယ်တွေ နိုင်ငံနဲ့တော့ ဘာမှ မဆိုင်ပါဘူးဗျာ။ ဒီတိုင်း conspiracy theory ကို မြင်မိတော့ ခေါင်းထဲရောက်မိ ရောက်လာတာလေးတွေ ပြောပြတာပါ။ )