အနာဂတ်ရဲ့ ကြယ်တံခွန်
Vol. 77 Ch. 1144
“ လဲသေလိုက် လဲသေလိုက် လဲသေလိုက်… လူလိမ် လူညစ်... “ လျန်ရူရွှယ် ကျွဲမြီးတိုစွာဖြင့် အော်ငေါက်ပစ်လိုက်ပြီး “ ငါ ရေချိုးမှာကို လာမနှောင့်ယှက်နဲ့…”
“ အဲ့လောက်ကြီးလည်း စိတ်တိုမနေစမ်းပါနဲ့ကွာ… ဒီက မင်းကို တစ်ခုလောက်လေး မေးချင်လို့ပါ…”
“ ဘာကိုလဲ…”
ထိုအခါကျမှ လင်းရီ သူမကို အရင်ဖုန်းခေါ်လာခဲ့မှန်း လျန်ရူရွှယ် ပြန်သတိရသွားခဲ့သည်။ သူ့ဘက်က ပြောစရာ စကား ရှိနေသည်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
“ မင်း ရန်ကျင်းက ချင်မိသားစုအကြောင်း ဘယ်လောက်သိလဲ…”
“ အာ… ချင်မိသားစုလား… ဘာလို့ သူတို့အကြောင်း လာမေးနေတာလဲ…”
လျန်ရူရွှယ် အနည်းငယ် အံ့အာသင့်မိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လင်းရီ၏ အမေ၊ ချင်ရင်ယွဲ့က ချင်မိသားစုဝင် ဖြစ်နေသည် မဟုတ်ပါလား။
“ ဒီတိုင်း မေးကြည့်တာလေ..”
“ ငါလည်း သိပ်အများကြီးတော့ မသိဘူး…. သိတာဆိုလို့ မူလ ချင်မိသားစုက သိပ်ကို အားကောင်းခဲ့ပြီးတော့ ရန်ကျင်းရဲ့ ထိပ်တန်း မိသားစုကြီး သုံးခုထဲက တစ်ခုဖြစ်ခဲ့တယ် ဆိုတာပဲ သိတယ်…. ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ အကျဘက်ကို ရောက်နေပြီလေ… ငါတို့ရဲ့ လျန်မိသားစုနဲ့တောင် ရင်ဘောင်မတန်းနိုင်တော့ဘူး… အဲ့လိုဆိုပေမယ့် အရမ်းကြီး ဆိုးရွားနေတာမျိုးလည်း မဟုတ်ပါဘူး..”
“ သူတို့ မိသားစုဝင်တွေ အကြောင်းကော မင်းသိလား…”
“ အာ…. အဲ့တာတော့ ငါလည်း ဘယ်သိမှာတုန်းဟဲ့… ငါ ချင်မိသားစုအကြောင်း သိပ်အများကြီး မသိဘူး… သူတို့နဲ့လည်း အဆက်အစပ် မရှိဘူး…”
ချင်ရင်ယွဲ့ကြောင့်သာ မဟုတ်ပါက သူမ ချင်မိသားစုအကြောင်း တွေးဖြစ်မည်မှာတောင် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူမတို့ မိသားစု နှစ်ခုကလည်း ထိတွေ့ ဆက်ဆံမှုများ မရှိကြပြီ ဖြစ်နေသည်။
သို့တိုင်အောင် လျန်ရူရွှယ် ချင်ရင်ယွဲ့၏ အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ဖော်ထုတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စက အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်သည့် ကိစ္စရပ်တစ်ခု ဖြစ်ပြီး လင်းရီ အခြေအနေကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်မည်ကို သူမ စိုးရိမ်နေမိသည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့် ဘာတစ်ခုမျှ မပြောရန်သာ ရွေးချယ်လိုက်တော့၏။
“ အင်း ပြီးရော… အဲ့တာဆို ဘာမှ မေးစရာ မရှိတော့ဘူး… ရေသွားချိုးတော့…”
“ အင်း… နင်လည်း စောစီး နားသင့်တယ်…”
သူ သိချင်သည်များကို မေးမြန်းပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်၏။
လျန်ရူရွှယ် သိရှိထားသည်များက သိပ်ကို နည်းပါးလွန်းနေသည်။ ရှန်းရှုရီဆိုပါက ပို၍ များများစားစား သိလောက်၏။
သို့သော်လည်းပဲ ဂရုတစိုက်နှင့် တွေးတောဆင်ခြင်ကြည့်ပြီးနောက် ဤကိစ္စကို နောက်တစ်ကြိမ် အတည်ပြုရန် မလိုအပ်တော့ဟု လင်းရီ ကောက်ချက်ချလိုက်သည်။
သူ ယခင် တစ်ခေါက် ရှန်းရှုရီထံ ဖုန်းဆက်ပြီး ချင်မိသားစုအကြောင်း တီးခေါက်ကြည့်တော့ သူမပြောခဲ့သည်မှာ ချင်မိသားစုသည် တစ်ချိန်က ရန်ကျင်း၏ ထိပ်တန်း မိသားစုကြီး သုံးခု အနက်မှ တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး ရန်ကျင်းတွင် ဂုဏ်သိမ်ဩဇာ ကြီးမားသည့် မိသာစုကြီး တစ်ခု ဖြစ်ခဲ့၏။ သို့သော် ယခုနှစ်ပိုင်းများတွင် နိမ့်ကျလာခဲ့ပြီး ၎င်းတို့၏ အဆင့်အတန်းသည်လည်း ဖြည်းဖြည်းချင်း အောက်ရောက်လာခဲ့သည်။
ထိုအချက်ကတော့ လျန်ရူရွှယ် ပြောပြသွားသည်နှင့် တူညီနေသည်။
ထို့ကြောင့်သူ၏ မွေးရင်းမိခင်၊ ချင်ရင်ယွဲ့သည် ချင်မိသားစု အဆက်အနွယ် တစ်ယောက်ဖြစ်ကြောင်း သူ သေချာသလောက် ဖြစ်သွားခဲ့၏။
တွေးကြည့်လိုက်တော့ ချင်ရင်လင်သည်က သူ၏ ဝမ်းကွဲဖြစ်နေလေသည်။
သောက်ကျိုးနည်း စိတ်ဝင်စားဖို့တော့ ကောင်းနေချေပြီတကား။
သို့သော် ဤကိစ္စနှင့် စပ်လျဉ်း၍ ဖုံးကွယ်ထားသည့် အချက်အလက် တစ်ချို့တော့ ရှိရဦးမည်ဟု လင်းရီ၏ မသိစိတ်က ပြောပြနေခဲ့၏။
ချင်မိသားစုက သူနှင့် ချင်ရင်ယွဲ့၏ ပတ်သက်မှုအကြောင်းကို သိရှိသေးသည့်ပုံ မပေါ်ချေ။
မဟုတ်ပါက သူတို့ မျက်နှာချင်းဆိုင် တွေ့သည့် အချိန်၌ သူစိမ်းများကဲ့သို့ ပြုမူနေခဲ့မည် မဟုတ်ချေ။
ဤသည်ကလည်း တစ်မျိုးကောင်း၏။ မသိလိုက်ပါဘဲနှင့် သူ့အတွက် အခက်ကြုံစေမည့် ကိစ္စရပ်များစွာကို တိတ်တဆိတ် ဖြေရှင်းပေးသွားခဲ့လေသည်။
ဘာဖြစ်နေလဲဆိုတာကို သိရှိသွားပြီးနောက် လင်းရီ ဖုန်းကို ဘေးသို့ ပစ်လိုက်ပြီး အိပ်ရာဝင်လိုက်တော့သည်။
နောက်တစ်နေ့ နံနက် သူ အိပ်ရာနိုးလာတော့ နင်ချဲ့မှ ဖုန်းဆက်လာခဲ့လေသည်။
“ ငါ ဟင်းတစ်ချို့ မှာထားပြီးပြီ… မြန်မြန် စားဖို့ ဆင်းလာခဲ့တော့…”
“ အိုး… မင်းလည်း ဒီရောက်နေတာလား…”
“ မနေ့ည ပါတီပြီးတော့ ငါလည်း ဒီပြန် လာအိပ်တာလေ… ငါ ဒီနေ့ နင့်ကို အဖော်လုပ်ပေးမယ်…”
“ ကောင်းပြီလေ… ငါ့ကို ထမင်းစားခန်းထဲ စောင့်နေလိုက်…”
ဖုန်းချပြီးနောက် လင်းရီ ထပြီး ရေမိုးချိုး ကိုယ်လက်သန့်စင် ပြုလိုက်သည်။
သူ စားသောက်ဆိုင်ကို ရောက်တော့ နင်ချဲ့က စားနှင့်နေပြီး ဖြစ်ကြောင်း လင်းရီ မြင်တွေ့လိုက်ရသည်။
“ ငါ နင်ကြိုက်မယ်ထင်တဲ့ညဟင်းတစ်ချို့ မှာထားပေးတယ်… မြန်မြန်စားတော့…”နင်ချဲ့ ပြောလိုက်ပြီး
“ ဒါပေမယ့် နင် မြန်မြန်တော့ လုပ်နော်… ငါ ဘော့စ်လျိုဆီက ကြားခဲ့တာ တခြား ခေါင်းဆောင်ကြီးတွေလည်း ရှိနေမှာတဲ့… နောက်မကျစေနဲ့…”
“ ငါ လုပ်ရမှာကို ငါသိပါတယ်ဟ… ဆရာမကြီး မလုပ်ပါနဲ့ ဟုတ်ပြီလား…”
ထိုသို့ ပြောလိုက်သော်လည်း လင်းရီ အလေးအနက် ထားမနေခဲ့ချေ။ သူ့ ပုံမှန် စားနေကြ အတိုင်းသာ စားသည်။
စားသောက်ပြီးနောက် နင်ချဲ့ လင်းရီကို ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက် လေ့ကျင့်ရေး စခန်းသို့ မောင်းပို့ပေးလိုက်လေသည်။ ရာထူး လွှဲပြောင်းပေးသည့် အခမ်းအနားကို ထိုနေရာတွင် ကျင်းပမည် ဖြစ်၏။
ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက် စခန်းထဲတွင် ပွဲရုံ အသေးစားလေး တစ်ခု ရှိသည်။ ပိုမိုနားလည်လွယ်အောင် ပုံဖော်ပြရမည် ဆိုလျှင်တော့ ၎င်းက ရိုးရှင်းသည့် အစည်းအဝေးခန်းမကြီး တစ်ခု ဖြစ်၏။
ပွဲရုံထဲတွင် ထိုင်ခုံ နှစ်ရာခန့် ချထားပြီး ထိုအနက် တစ်ဝက်ခန့်မျှကသာ နေရာယူထားသည်။ မစ်ရှင် ပြုလုပ်ရန် ထွက်သွားခဲ့ကြသည့် အသင်းလေးမှအပ အထူးတလှယ် တာဝန်များ ထမ်းဆောင်နေခြင်း မရှိသည့် ဝန်ထမ်းများအားလုံး ဤနေရာတွင် ရောက်ရှိနေခဲ့ကြသည်။
ထို့ပြင် အသက်ကြီးပိုင်း တစ်ချို့လည်း ရောက်ရှိနေခဲ့ကြ၏။
ဤလူများထဲတွင် တစ်ချို့က အသင်း ၅ - ၈ အဖွဲ့ဝင်များဖြစ်ကြသည်။ ၎င်းတို့၏ အဓိက တာဝန်က သုတေသနနှင့် စူးစမ်းလေ့လာရေး ဖြစ်သောကြောင့် တိုက်ခိုက်ရေး စွမ်းအား အတော်အသင့်ရှိရုံမျှနှင့် အဆင်ပြေသည်။ ထိုအသင်းများကိုတော့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများအား ဦးစားပေးထားသောကြောင့် ဤလူအုပ်စုက အနည်းငယ် အသက်ကြီးရင့် နေကြခြင်းဖြစ်၏။
သို့သော်လည်းပဲ အဆိုပါ လူအိုကြီးများအပြင် ကျုံးဝေ့ တပ်ဖွဲ့ထဲမှ အခြားသော ခေါင်းဆောင်ကြီးများလည်း ရောက်ရှိနေခဲ့ကြသည်။ သို့ပေမယ့် ၎င်းတို့ကတော့ လေ့ကျင့်ရေး အခြေစိုက် စခန်းတွင် နေလေ့နေထ မရှိပဲ ထူးထူးခြားခြား တစ်စုံတစ်ရာ ရှိတော့မှသာ တစ်ခါတစ်ရံ လာရောက်ကြခြင်း ဖြစ်သည်။
“ ဒီနေ့ လူတော်တော် များသားပဲ… ပုံမှန်ဆို လူ ဒီလောက်ကိုမရှိတာ.. “ ထိုစကားကို စွေ့ချန်ကျယ် ဆိုသူမှ ပြောလိုက်ခြင်း ဖြစ်သည်။ သူက ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ၏ အသင်းသားတစ်ယောက် ဖြစ်ပြီး ဝမ်မြန်ပြီး ဒုတိယလိုက်သူ တစ်ဦးဖြစ်၏။
“ ငါတောင် ခုနလေးတင် ကွန်မန်ဒါကို မြင်ခဲ့တယ်… လူတိုင်း ဒီရောက်နေကြတာ အဲ့တာကြောင့် ဖြစ်မယ်…”
ထိုစကားကို ဝူဟန်ချွမ် ဆိုသူမှ ပြောလိုက်ခြင်း ဖြစ်သည်။ သူက ဝမ်မြန်နှင့် စွေ့ချန်ကျယ်တို့လောက် သန်မာအားကောင်းခြင်း မရှိသော်လည်း အားမနည်းပေ။
“ အသင်းခေါင်းဆောင် ရာထူး လွှဲအပ်ပွဲ အခမ်းအနားက ကွန်မန်ဒါရဲ့ အာရုံကို သွားဆွဲဆောင်နိုင်ခဲ့တယ်… ဟုတ်လား…” စွေ့ချန်ကျယ် အံ့အားတကြီး လွှတ်ခနဲ ပြောမိသွားခဲ့ပြီး “ မဖြစ်နိုင်လောက်ပါဘူးနော…”
ကျုံးဝေ့တပ်ဖွဲ့ တစ်ခုလုံးတွင် ကွန်မန်ဒါဟု ခေါ်ဆိုခံထိုက်သူ တစ်ဦးတည်းသာလျှင် ရှိသည်။ ထိုသူက ကျုံးဝေ့တပ်ဖွဲ့၏ အသက်ဝိဉာဏ်၊ အဖွဲ့သားတို့၏ နှလုံးသည်းပွတ် ၊ မာစတာလုဟု နာမည်တွင်သူ လုပေချိန်ပင်တည်း။
“ ဘယ်သူသိနိုင်မှာ.. “ ဝူဟန်ချွမ် ဟမ့်ခနဲ နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းထဲတွင် အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေလျက် “ ငါ့အထင် သူ လင်းရီကို တော်တော်ကြီး သဘောကျနေလို့ဖြစ်မယ်… မဟုတ်ရင် လူကိုယ်တိုင် ရောက်လာမှာ မဟုတ်ဘူး…”
“အဲ့တာဆိုရင်တော့ သူမှားသွားပြီ… လင်းရီရဲ့ စမ်းသပ်မှုရလဒ်တွေက ကောင်းရင်ကောင်းမယ်.. သူ့ရဲ့ အောင်မြင်မှုတွေ ၊ တိုးတက်မှုတွေက နောက်ပိုင်း ကိစ္စတွေ အပေါ်မှာ မူတည်နေတာလေ… ငါတို့ရဲ့ခေါင်းဆောင်ဝမ်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ…”
ဝူဟန်ချွမ် ပခုံးတွန့်ပြလိုက်၏။ “ ဘယ်သူက သိနိုင်မှာလဲ… အရင်ဆုံး ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့..”
“ တော်ပြီ.. ဒီကိစ္စ ဆက်ပြောနေစရာ အကြောင်း မရှိတော့ဘူး… ခုကစပြီးတော့ ငါက ကျုံးဝေ့တပ်ဖွဲ့နဲ့ သက်ဆိုင်ခြင်း မရှိတော့ဘူး… ဒီအကြောင်းတွေ ပြောနေလို့လည်း မထူးဘူး..” ဝမ်မြန် အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
ဝူဟန်ချွမ်နှင့် စွေ့ချန်ကျယ်တို့ အချင်းချင်း ကြည့်မိလိုက်ကြ၏။ ဝမ်မြန် ဤအကြောင်းကို မပြောစေချင်မှန်း ရိပ်စားမိသောကြောင့် ၎င်းတို့လည်း ဆွေးနွေးနေမှုကို ရပ်တန့်လိုက်ကြသည်။
“ အိုး… ဒါနဲ့ မင်းတို့ကောင်တွေ ကြားမိကြသေးလား.. ချင်ရင်လင် လင်းရီ သမတာ ခံလိုက်ရတယ်တဲ့ကွ… မနေ့တုန်းကဆိုပဲ….” ဝူဟန်ချွမ် ပြောလိုက်သည်။
“ တကယ်ကြီး… အဲ့ကောင်တွေက ဘာကိစ္စနဲ့ ရန်ဖြစ်ကြတာလဲတဲ့…”
“ အသင်း ၂ နဲ့ အသင်း ၃က ထမင်းအတူသွားစားကြတာ… ချင်ရင်လင်က ချိုးယွီလော့ဆီ ဖုန်းဆက်တာ အဲ့ကောင်မက မကိုင်ဘူး… နေရာကို လိုက်သွားပြီးတဲ့နောက်ပိုင်း မင်းတို့ ကြားတဲ့အတိုင်းပဲ… အဲ့ကိစ္စပြီးတော့ သူနဲ့ ချိုးယွီလော့တို့ လမ်းခွဲပစ်လိုက်ကြတယ်ဆိုပဲ…”
“ ဘယ်လို ဘယ်လို…. သူတို့တွေ သုံးနှစ် နီးပါးလောက် တွဲခဲ့ကြတာတောင် ဒီလောက် လွယ်လွယ်နဲ့ လမ်းခွဲပစ်လိုက်ကြတယ်ပေါ့ ဟုတ်လား…”
စွေ့ချန်ကျယ် ခေါင်းငဲ့စောင်းပြီး တစ်တန်းတည်း ထိုင်နေသည့် ချိုးယွီလော့ဘက် တစ်ချက်လှည့်ကြည့်လိုက်၏။ “ လင်းရီနဲ့များ ပတ်သက်နေမလား…”
“ ဘယ်သူက သိနိုင်မှာ… ဒါပေမယ့် သူက တကယ်ကြီး ချင်ရင်လင်နဲ့ ရန်ဖြစ်ပြီးတော့ လင်းရီနဲ့ ထမင်းအတူ သွားစားနေတာတဲ့လေ…”
“ အဲ့စောက်ကလေးကတော့ ပိုပိုပြီးတော့ကို မောက်မာလာနေတော့တာပဲ…” စွေ့ချန်းကျယ် ပြောလိုက်ပြီး “ အဲ့ကောင်က ငါ့တပည့် အယောက် ၃၀ လောက်ကို ရိုက်နှက်ရုံတင် မကသေးဘူး.. သူက ချင်ရန်လင်ကိုပါ ရိုက်နှက်လိုက်သေးတယ်… ဘယ်လောက်တောင် ဥပဒေမဲ့ စရိုက်ဆန်လိုက်သလဲ…”
“ အခုက သူ့ကို ကာကွယ်ပေးမယ့် သူ ရှိနေပြီဆိုတော့ အခြေအနေတွေက မတူတော့ဘူးကွ…” ဝူဟန်ချွမ် ပြောလိုက်ပြီး “ ငါ သိချင်တာ.. ချင်မိသားစုက ဒီကိစ္စကို အလွှတ်ပေးလိုက်ပါ့မလား မသိဘူးနော်…”
“ ချင်မိသားစုက အရင်နဂို ချင်မိသားစုလို မဟုတ်တော့ဘူး… အာဏာစွမ်းအား တစ်ခုတည်းယှဉ်ရင်တောင် နောက် ကောက်ကျန်နေခဲ့ပြီ… လျန်မိသားစုနဲ့ ခြေရာချင်း တိုင်းဖို့ဆို ဝေးပေါ့… သူတို့ လင်းရီကို ထိဖို့ဆိုတာ မဖြစ်နိုင်ဘူး..” စွေ့ချန်ကျယ်မှ ပြောလိုက်သည်။
“ ပြီးတော့ လင်းရီဆိုတဲ့ကောင်ကလည်း ခေတဲ့ကောင် မဟုတ်ဘူး… ချင်မိသားစု ဒီကိစ္စကို ကိုင်တွယ်ချင်တယ်ဆိုရင်တော့ တကယ်မလွယ်ကြောပဲ…”
“ ရန်ကျင်းက အရင်လို တန်ခိုးမထွားတော့ဘူးပဲ… ကျိုးဟိုင်လာတဲ့ စောက်ကလေးတစ်ကောင် အနိုင်ကျင့်တာကို ခံနေရတယ်… တောက်... ခံပြင်းလိုက်တာကွာ…”
“ ခေတ်တွေက ပြောင်းကုန်ပြီလေ ငါ့ကောင်ရာ… လူတွေကလည်း ဒီ အသိုင်းအဝိုင်းကို အရင်လောက် စိတ်မဝင်စားကြတော့ဘူး.. ငါတို့ အရင်လို မသန်မာတော့ဘူးဆိုတာ သာမန်ပါပဲ… ဒါက မျှော်လင့်ထားတဲ့ အတိုင်းပါပဲလေ..”
နှစ်ယောက်သား စကာပြောနေစဉ်မှာပဲ လင်းရီနှင့် နင်ချဲ့တို့ ခန်းမထဲ ဝင်ရောက်လာခဲ့ကြသည်။
လူတိုင်း၏ အကြည့်က လင်းရီအပေါ်သို့ စုပြုံကျရောက်လာသည့် အချိန်အခါလည်း ဖြစ်လေသည်။
လုပေချိန်ကိုယ်တိုင် ရွေးချယ်ခြင်းခံထားရသူက အနာဂတ်တွင် တောက်ပလာမည့် ကြယ်တံခွန် တစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပင်…..