← Chapters

ဒီခွေးရဲ့ စရိုက်က

Vol. 77 Ch. 1145

ဒီခွေးရဲ့ စရိုက်က

Vol. 77 Ch. 1145

သူ အထဲသို့ ဝင်သည်နှင့်တစ်ပြိုင်နက် လူတော်တော်များများ၏ အကြည့်က သူ့အပေါ်တွင် ရှိနေကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။

အကဲဖြတ်ခြင်း

လေးစားကြည်ညိုခြင်း

တစ်ခုခုကို မျှော်လင့်စောင့်စားနေခြင်း သို့မဟုတ်

အထင်သေးခြင်း… စသဖြင့် အကြည့်ပေါင်း ထောင့်ခြောက်ရာတို့က လင်းရီအပေါ် စုပြုံနေခဲ့သည်။

ဤသို့သော ခံစားချက်မျိုးက စင်ပေါ်သို့ တက်လှမ်းလာနေသည့် စတားတစ်ယောက်နှင့် သွား၍ ဆင်တူနေသည်။ မမြင်နိုင်သည့် အကြည့်တို့က မမြင်ရသည့် ဖိအားများကို စုစည်းဖြစ်ပေါ်လာစေပြီး လင်းရီအပေါ်တွင် တောင်ကြီး တစ်လုံးနှယ် ဖိနှိပ်ချင်နေတော့သည်။

လင်းရီ ထီမထင်ဟန် အမူအရာဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

သူ၏ အမူအရာက ပြောပြလိုနေသည်မှာ “ စီနီယာ ကျတယ်ဆိုပြီး ဖျင်လာမယားကြနဲ့… မီးပွင့်သွားမယ်… “ ဟူ၍ပင်။

နှစ်ယောက်သား ချိုးယွီလော့ ကြိုတင်နေရာဦးထားပေးသည့် နေရာသို့ သွား၍ တွေ့ဆုံပွဲ တရားဝင် စတင်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်ကြသည်။

မနက် ဆယ်နာရီထိုးတော့ လျိုဟုန်နှင့် ချောင်ကျားတုတို့ လူငါးယောက်နှင့်အတူ ခန်းမထဲသို့ ရောက်ရှိလာခဲ့လေသည်။

“ ရှေ့ဆုံးက တစ်ယောက်က ကျုံးဝေ့တပ်ဖွဲ့ရဲ့ အထွဋ်အထိပ် ခေါင်းဆောင်ကြီး မာစတာလုလေ…” နင်ချဲ့မှ မိတ်ဆက်ပေးလိုက်သည်။

“ အင်း… ငါမှန်းကြည့်လို့ရပါတယ်..” လင်းရီ ပြောလိုက်ပြီး “ သူ လမ်းလျှောက်တဲ့ ပုံစံ ကြည့်လိုက်ရုံနဲ့ သူက အရေးပါတဲ့ လူတစ်ယောက်ဆိုတာ ငါ ပြောလို့ရတယ်…”

မူလကတော့ လုပေချိန် ကျုံးဝေ့တပ်ဖွဲ့၏ ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်လာသည်က သူ၏ အကျိုးပြုရလဒ်များနှင့် နိုင်ငံရေး အောင်မြင်မှုများကြောင့် ဖြစ်မည်ဟု လင်းရီ ထင်မှတ်ထားခဲ့သည်။ သို့သော် မျှော်လင့်မထားစွာဖြင့် လုပေချိန်တွင် စွမ်းဆောင်ရည်တစ်ချို့ ရှိနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

သူ တပ်အပ်မသေချာသော်ငြားလည်းပဲ စကေးနှင့် စွမ်းဆောင်ရည်ပိုင်း၌ အနည်းဆုံး လုပေချိန်သည် စတုတ္ထအဆင့်(B အဆင့် ) ရှိလောက်၏။ မဟုတ်ပါက ထိုသို့ သန်မာအားကောင်းသည့် အရှိန်အဝါများအား ထုတ်လွှတ်နေနိုင်လိမ့်မည် မဟုတ်ချေ။

ပုန်းကွယ်နေသော နဂါးများနှင့် ဝပ်နေသောကျားများ စုစည်းရာ ကျုံးဝေ့တပ်ဖွဲ့ကြီး ဖြစ်ထိုက်ပေစွ။

သူတို့ စင်ပေါ်ကို ရောက်တော့ ကျုံးဝေ့တပ်ဖွဲ့ ခေါင်းဆောင်ကြီးမှ ထိုင်ချလိုက်သည်။

လျိုဟုန် မိုက်ကို ကိုင်လိုက်ပြီး “ အားလုံးပဲ... ဒီနေ့ တွေ့ဆုံပွဲရဲ့ အဓိက ရည်ရွယ်ချက်က ငါတို့ရဲ့ အတိတ်က လုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်ပြီး အနာဂတ် တက်လမ်းအတွက် အစီအစဉ်တွေ ချမှတ်ချင်လို့ပဲ ဖြစ်ပါတယ်.. ဒီအတွက် မာစတာလုကို စကားပြောဖို့ ဖိတ်ခေါ်ပါရစေ..”

လုပေချိန် ပြုံးလိုက်ပြီး “ ငါတို့အားလုံးက ရဲဘော်ရဲဘက်တွေချည်းဆိုတော့ လုပ်ရိုးလုပ်စဉ်တွေ ကျော်ပြီး အဓိက အချက်ကိုပဲ တန်းသွားကြတာပေါ့…”

“ ဒါက… ခေါင်းဆောင်.. ခင်များ စကား သုံးလေးခွန်းလောက်တော့ ပြောသင့်တယ် ထင်တယ်… လူသစ်တွေလည်း ရောက်လာခဲ့တာ ဆိုတော့လေ…”

“ ကောင်းပြီလေ… ဒါဆိုလည်း ငါ စကားတစ်ချို့ ပြောချင်တယ်.. ဒါပေမယ့် ငါးမိနစ်လောက်ပါပဲ… မပူပါနဲ့… မင်းတို့ နားမထောင်ချင်မှန်း သိတာတောင် စင်ပေါ်မှာ တစ်နာရီလောက်ကြာအောင် ပြောနေတဲ့ လူစားမျိုးထဲ ငါမပါဘူး…”

“ ဟားဟား…”

မည်မျှ နှစ်လိုဖွယ်ကောင်းလိုက်သည့် ခေါင်းဆောင်တစ်ယောက် ပီသလိုက်သနည်း။ စကားနည်းနည်းပြောပြီး ပရိတ်သတ်ကို ဟာသနှော၍ သက်တောင့်သက်တာ ဖြစ်အောင် ပြုလုပ်ပေးသွားခဲ့သည်။

လင်းရီလည်း ခံစားချက်တို့ ကောင်းမွန်နေသည်။ အကုန်လုံးက ယောက်ျားသားများ ဖြစ်ကြသောကြောင့် ကြီးကျယ် မြင့်မြတ်သည့် ဂိုက် ဖမ်းနေစရာမလိုပေ။ အကယ်၍ အချိန်ပို အားလပ်နေသည်ဆိုပါက အရေးကြီးသည့် ကိစ္စများကို ဆောင်ရွက်နေသင့်ပေသည်။

မိုက်ကို ကိုင်ရင်းဖြင့် လုပေချိန် လည်ချောင်း အရင်ရှင်းလိုက်သည်။

“ ဒီ နှစ်ပိုင်းတွေက ကျုံးဝေ့တပ်ဖွဲ့အတွက် အကြပ်အတည်းကာလလို့ ပြောလို့ရတယ်… ငါတို့ရဲ့ အမိနိုင်ငံတော်ကို ကာကွယ်ပေးရင်း အကျိုးဆောင်ပေးနိုင်ခဲ့တယ်ဆိုပေမယ့် အားနည်းချက်တွေက တစ်ပုံတစ်ပင်ကြီးကို ရှိနေတယ်ဆိုတာကိုလည်း ငါတို့တွေ ငြင်းလို့မရဘူး… အဲ့ဒီအတွက် ငါ့မှာလည်း အပြစ်မကင်းဘူး… အားနည်းချက်တွေကို သေချာသုံးသပ်ပြီးတော့ ကျိန်းသေပေါက်ကို ပြုပြင်သွားမယ်… ဒီတော့ ငါ့ရဲ့ သူရဲကောင်း ရဲဘော်တွေကလည်း မင်းတို့တတွေ အမှားတွေကနေ သင်ယူပြီး အသစ်အသစ်သော ခွန်အားတို့နဲ့အတူ ရှေ့ဆက်ချီတက် ကြိုးစား …… “

သူ အများအပြား ပြောသွားခဲ့သည်။ သို့ပေမယ့် သူ့စကားကို သူတည်သည်။ မိန့်ခွန်းက ငါးမိနစ်အတွင်းမှာပဲ ပြီးဆုံးသွားခဲ့၏။

ထို့ပြင် ဓာတ်ပြားဟောင်းကြီးများကိုသာ ပြောဆိုသွားခဲ့ပြီး လက်ရှိ ရောက်နေကြသည့် လူတိုင်းကို မိမိတို့တာဝန် မိမိတို့ မမေ့လျော့ကြစေရန်အတွက် ရည်ရွယ်လေသည်။

ကျုံးဝေ့တပ်ဖွဲ့ကြီး၏ ရှေ့ အနာဂတ်တွင် ဆက်လက် လျှောက်လှမ်းရမည့် လမ်းက ရှည်လျားစွာ တည်ရှိနေပြီး လူတိုင်းက သက်တောင့်သက်သာ နေနေလို့ မဖြစ်ချည်။

မိန့်ခွန်းပြောကြားပြီးနောက် လျိုဟုန်မှ မိုက်ကို ပြန်လည်ရယူလိုက်၏။

“ နောက်တစ်ခုကတော့ ယနေ့ တွေ့ဆုံရခြင်းရဲ့ ဒုတိယ တစ်ချက်ပါပဲ…” လျိုဟုန် လည်ချောင်းရှင်းလိုက်ပြီးနောက် “ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် ဝမ်မြန်က ကိုယ်ရေးကိုယ်တာ အကြောင်းပြချက် တစ်ချို့ကြောင့် ကျုံးဝေ့တပ်ဖွဲ့ကနေ နှုတ်ထွက်ပါတော့မယ်… အသင်း ၂ နဲ့ ၃ ရဲ့ လက်ထောက် အသင်းခေါင်းဆောင် လင်းရီက အသင်း ၁ ရဲ့ အနာဂတ် မစ်ရှင်တွေကို ဝမ်မြန်နေရာမှာ အစားထိုး ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်… အခု သူတို့နှစ်ယောက်ကို ရာထူးလွှဲပြောင်းမှု ပြုလုပ်ဖို့ ဒီ စင်မြင့်ထက်ကို ဖိတ်ခေါ်လိုက်ပါရစေ…”

ဝမ်မြန် သူ့အင်္ကျီကို သပ်ရပ် ကျနအောင် ပြုပြင်ပြီးနောက် စင်မြင့်ထက်သို့ တက်သွားခဲ့သည်။

တစ်ချိန်တည်းတွင် အခြားသူတို့၏ အကြည့်များက သူ့အပေါ် စုပြုံလို့လာသည်။

အတိတ်တွင်တုန်းက ဝမ်မြန်ကို လူတိုင်းနီးပါးက ကျုံးဝေ့တပ်ဖွဲ့၏ အနာဂတ်ဟု မှတ်ယူခဲ့ကြသည်။ မည်သူကမျှ ထိုအနာဂတ်ကြီးမှာ သုံးနှစ်ကြာပြီးနောက်တွင် ထွက်ခွာသွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။ သူသည် သူ၏ အသင်းခေါင်းဆောင် ရာထူးကို လက်လျှော့၍ အမှန်ပင် ထွက်ခွာသွားပေတော့မည်။ ကမ္ဘာကြီးက နေ့စဉ်ရက်ဆက် လည်ပတ်နေပြီး အနာဂတ်တွင် ဖြစ်ပျက်လာမည့် အကြောင်းအရာများကို မည်သူကမျှလည်း မသိနိုင်ကြချေ။

ထိုအခိုက်အတန့်တွင် လင်းရီ သူ့ထိုင်ခုံမှ ထလိုက်၏။

သူက ဝမ်မြန်ကဲ့သို့ လူကောင် မထွားသော်လည်း ထိုအချက်ကို စိတ်ထဲ မရှိဟန်ဖြင့် ပေါ့ပါးသွက်လက်စွာ ပြုမူ လှုပ်ရှားလျက်ရှိသည်။

သူ တကယ်လည်း ဝမ်မြန်ကို ခေါင်းထဲ ထည့်မနေချေ။

အာဏာကစားပွဲ၌ ဝမ်မိသားစုမှာ အလေးမသာသည့် အခြေအနေသို့ ကျရောက်သွားခဲ့ပြီး အောင်မြင်မှုကလည်း တရားမျှတသည်။ ထို့ကြောင့် ဝမ်မြန်ထွက်ခွာသွားခဲ့သည်မှာ သဘာဝပင်။

ဝမ်မြန် မိုက်ကို လျိုဟုန်ထံမှ ကမ်းယူလိုက်၏။

“ ဒီကနေ့က စပြီးတော့ ကျွန်ုပ် ဝမ်မြန် ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် နေရာကနေ တရားဝင် နှုတ်ထွက်လိုက်ပါပြီ… ကျုံးဝေ့တပ်ဖွဲ့က အနာဂတ်မှာ သည့်ထက်မက ထွန်းတောက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်…”

ပြောပြီးနောက် ဝမ်မြန် အသင်းခေါင်းဆောင် ကိုယ်စားပြုသည့် ရာထူးတံဆိပ်ကို လင်းရီထံ ကမ်းပေးလိုက်၏။

“ ကျုံးဝေ့တပ်ဖွဲ့ဆိုတာ ခွန်အားနဲ့ စကားပြောတဲ့ နေရာပဲ…. မင်း အသင်း ၁ ကို အောင်မြင်မှုတွေ ဆောင်ကြဉ်ပေးပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို မနိမ့်ကျစေဘူးလို့ ငါမျှော်လင့်တယ်..”

လင်းရီ အသင်းခေါင်းဆောင် တံဆိပ်ကို လှမ်းယူလိုက်ပြီး အပြုံးလေးဖြင့် “ အသင်း ၁ ကို ဘယ်သူပဲ လက်လွှဲယူယူ ကျုံးဝေ့တပ်ဖွဲ့က မင်းမရှိလည်း ထွန်းတောက်လာမှာ သေချာပေါက်ပဲ… မင်း အဲ့ကိစ္စ စိုးရိမ်နေစရာ မလိုပါဘူး…”

လူတိုင်း၏ အကြည့်များက လင်းရီနှင့် ဝမ်မြန်အပေါ် အာရုံ စူးစိုက်ထားကြသည်။ သူတို့အားလုံး နှစ်ဖက်ကြားရှိ တင်းမာမှုကို ကောင်းကောင်းကြီး ခံစားမိနေသည်။

“ ဟမ့်…. အဲ့လိုဆိုလည်း ကံကောင်းပါစေ..”

ဝမ်မြန် သူ၏ လက်ကို ရှေ့ဆန့်ထုတ်၍ လင်းရီနှင့် လက်ဆွဲနှုတ်ဆက်ရန် အသင့်ဖြစ်လို့နေသည်။

“ ကဲ လာပါပြီဗျာ…”

ဝူဟန်ချွမ် ပြုံးလိုက်ပြီး “ အသင်းခေါင်းဆောင်ကတော့ အသစ်လေးကို အခက်တွေ့အောင် လုပ်တော့မယ်… ဘယ်သူက ပိုပြီး သန်မာမယ်လို့ မင်းထင်လဲ…”

“ မေးနေစရာတောင် လိုသေးလို့လား… ခေါင်းဆောင်ရဲ့ အရည်အချင်းတွေကို မသိတာကျနေတာပဲ.. သာမန် လက်သီးတစ်ချက်ကတောင် သာမန်လူတစ်ယောက်ကို နံရိုးတွေ ကျိုးအက်သွားစေနိုင်တာ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ခွန်အားအရာမှာ ဘက်လူမရှိဘူးလို့တောင် နာမည်ကြီးခဲ့တာ မဟုတ်ဘူးလား.. လင်းရီက ဘယ်လိုလုပ်ပြီး သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲတဲ့… မင်း စဉ်းစဉ်းစားစားလေး ပြောစမ်းပါ..”

“ ကျစ် ကျစ် ကျစ်… ကြည့်လို့တော့ ကောင်းတော့မှာပဲ…” ဝူဟန်ချွမ် ရယ်သွမ်းပစ်လိုက်သည်။

“ ရာထူး လွှဲပြောင်းပြီးတော့ အသင်းခေါင်းဆောင်ဟောင်းက အသင်းခေါင်းဆောင်သစ်ကို ပညာပြတော့မယ်… ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးလဲ…”

ရောက်နေကြသည့် လူတိုင်းက ရာထူးလွှဲအပ်ပွဲ အခမ်းအနား၏ နောက်ဆုံးအခိုက်အတန့်ကို အသက်မရှု မျက်တောင်မခတ်ပဲ တောင့်တမှုပေါင်းများစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

သို့သော် လူတိုင်းကို စိတ်ပျက်သွားစေသည်က လင်းရီက ဘာမျှမပြုလုပ်ဘဲ အသင်းခေါင်းဆောင် ကိုယ်စားပြု တံဆိပ်ကို ယူ၍ သူ့ခုံနေရာသို့ ပြန်သွားခဲ့ခြင်းပင်။

သူ ဝမ်မြန်ကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့လေသည်။

လင်းရီ ထိုင်ခုံသို့ ပြန်ရောက်သည့် တိုင်အောင် ဝမ်မြန်၏ လက်က လေထဲတွင် တံ့နေလျက် ရှိသည်။ လေထု အခြေအနေမှာ အလွန်အမင်းကို ကိုးရို့ကားယား နိုင်နေတော့၏။

ဝမ်မြန်၏ အမူအရာမှာ အလွန်တရာကို အကျည်းတန်နေတော့သည်။ နဖူးကြောကြီးများ ထောင်ထနေပြီး အကယ်၍ ထူးခြားသည့် ပွဲအခမ်းအနားတစ်ခု မဟုတ်ခဲ့ပါက သူ၏ မာနက သူ့ကို ပေါက်ကွဲထွက်သွားစေလောက်ပေသည်။

သို့တိုင်အောင် သိက္ခာဆည်အပြုံးလေး တစ်ပွင့်ကို လူတိုင်းမြင်အောင် ပြုံးပြလိုက်ပြီး ဘာမျှ မဖြစ်သကဲ့သို့ ထိန်းသိမ်းထားလိုက်၏။

ဒီခွေးကောင်ရဲ့ စရိုက်က လင်းကျင်ကျန့်ထက်တောင် ပိုဆိုးနေတာပဲ.. စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ။

“ ဝမ်မြန်… ဒီအခမ်းအနားက ပြီးသွားပြီ… မင်း နေရာ မင်း ပြန်လို့ရပြီ…” လျိုဟုန် ဝမ်မြန်ကို လွတ်လမ်းတစ်ခု ဖန်တီးပေးလိုက်၏။

ဝမ်မြန် ဘာမျှ ပြန်မပြောဘဲ သူ့ခုံသူ ပြန်သွားခဲ့သည်။

ဝူဟန်ချွမ်နှင့် စွေ့ချန်ကျယ်တို့ ဝမ်မြန်ရောက်လာသည်ကို မြင်သော်ငြား ဘာစကား တစ်ခွန်းမျှ မပြော။ ထိုအစား တိတ်တဆိတ် လက်မြှောက်လိုက်ကြ၏။

“ ဘာလဲပြော…” လျိုဟုန် မေးမြန်းလိုက်သည်။

“ ဘော့စ်လျို…. ကျုပ်တို့လည်း တပ်ဖွဲ့ထဲကနေ နှုတ်ထွက်ချင်ပါတယ်…”

“ နှုတ်ထွက်မယ်… ဟုတ်လား..”

လျိုဟုန် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ မင်းတို့ သေချာပြီလား…”

“ ဟုတ်ကဲ့…” ဝူဟန်ချွမ် ခိုင်မာစွာ အော်ဟစ်ပြောဆိုလိုက်ပြီး “ ကျုပ်တို့က အသင်းခေါင်းဆောင်ဝမ်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေတာ နှစ်ပေါင်း မနည်းတော့ပါဘူး… အခု သူက ထွက်သွားပြီဆိုတော့ ကျုပ်တို့လည်း ထွက်သွားဖို့ ပြင်ဆင်ထားပါတယ်…”

“ မင်းတို့ ထွက်ချင်တယ်ဆို ခဏကျ ငါ့ဆီ အစီရင်ခံစာ ပို့လိုက်..”

မနီးမဝေးတွင် ထိုင်နေသည့် နင်ချဲ့မှ လင်းရီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး “ သေနာကောင်.. ကောင်းရော... နင်ကတော့ ရာထူး အခုမှ လက်ခံတာကို ဘာတွေ လျှောက်လုပ်မှန်းမသိဘူး.. အခု ဒီလူတွေက နင့်ကို ခက်ခဲအောင် လုပ်နေကြပြီ..”

“ ထွက်ပါစေပေါ့.. အမှိုက်တွေ ထွက်သွားလို့လည်း ဘာမှဖြစ်မသွားဘူး… ငါ့ကို နောင်မှ အခက်တွေ့အောင် လုပ်မှာထက်စာရင် ဒီလိုမျိုး နှုတ်ထွက်သွားတာက ပိုကောင်းတယ်…”

(TL - Note : မူရင်းမှာ ခွန်အား အဆင့်ကို E , D, C, B.... အဲ့လိုပေးထားပါတယ်။ ကျနော်ကတော့ E အဆင့်ကို ' ပထမအဆင့် ' ဆိုပြီး ပြန်ပြောင်းလဲထားပါတယ်ဗျ။ ဒါပေမယ့် နောက်ပိုင်းမှာ E ,D, C,.... စသဖြင့် မူရင်းအတိုင်းပဲ ပြန်လည် ခေါ်ဆိုသွားပါ့မယ်။ ပြန်ဖတ်ကြည့်တော့လည်း ဒီအတိုင်း ခေါ်တာက ဟုတ်တုတ်ပုတ်တုတ် ရှိနေလို့လေ။ ကသိကအောက် ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျ။ )

All Chapters