မေတ္တာနဲ့ မောင်းတဲ့ ဂျင်နရေတာ မဟုတ်ဘူး
Vol. 77 Ch. 1146
ချိုးယွီလော့ လင်းရီကို မော့ကြည့်လိုက်၏။
သို့ပေမယ့် သူမ ဘာစကားမျှတော့ မဆို။
လင်းရီသည်သာလျှင် ကျုံးဝေ့တပ်ဖွဲ့ တစ်ခုလုံး၌ ယခုလို ပြောဆိုဝံ့သူ ဖြစ်ပေလိမ့်မည်။ ထို့ပြင် အပေါ်ယံကြည့်ရသလောက်တော့ လင်းရီ ယခုလို ပြောရခြင်း၌ ကိုယ်ပိုင် အကြောင်းအရင်း အကြောင်းခံတို့ ရှိနေသည့်ပုံ ပေါ်သည်။
သို့ဖြစ်စေကာမူ ဒါရိုက်တာလျိုနှင့် ဒါရိုက်တာချောင်တို့က အခြား အသင်းခေါင်းဆောင်များ ကိုယ်စား တက်ရောက်လာကြခြင်း ဖြစ်ပြီး မာစတာလုကလည်း ယခုလို အသေးမွှားကိစ္စလေးကို အရေးလုပ်၍ အရာပေးနေမည် မဟုတ်ချေ။
သူတို့ နှစ်ယောက်၏ ရာထူး လွှဲပြောင်းပွဲ အခမ်းအနား ပြီးဆုံးသွားခဲ့ပြီးနောက် တွေ့ဆုံပွဲသည်လည်း နောက်ဆုံး အစီအစဉ်သို့ ကျရောက်လို့ လာခဲ့သည်။
သူတို့အားလုံး အရာအားလုံးကို အနှစ်ချုပ် ဆွေးနွေးပြီး အစီအစဉ်များ ရေးဆွဲကြတော့၏။
သို့ပေမယ့်လည်း လင်းရီမျက်လုံးထဲတွင်တော့ ဤအရာများ အားလုံးက သောက်ရေး မပါသည့် ကိစ္စရပ်များပင်။ အဘယ်ကြောင့်ဆိုသော် အရေးပါသည့် ကိစ္စမျိုးကို ယခုလို တွေ့ဆုံပွဲမျိုး၌ ဘယ်သောအခါမျှ ပြောဆိုကြလေ့ မရှိသောကြောင့် ဖြစ်၏။
နာရီဝက်ခန့် ကြာပြီးနောက် တွေ့ဆုံဆွေးနွေးပွဲမှာ ပြီးဆုံးသွားခဲ့ပြီး တက်ရောက်လာသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
ထိုစဉ် လင်းရီ၊ ချိုးယွီလော့နှင့် နင်ချဲ့တို့ လျိုဟုန်၏ ရုံးခန်းထံ ဦးတည်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှင့် ပြောဆိုဆွေးနွေးရန် တစ်စုံတစ်ရာ ရှိနေသောကြောင့်ပင် ဖြစ်သည်။
နောက်ထပ် မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် လျိုဟုန် ရုံးခန်းထဲ ဝင်ရောက်လာပြီး လင်းရီကို ပြောလိုက်၏။
“ ကောင်လေး… မင်း တော်တော်လည်း ခေါင်းမာတဲ့ကောင်… ဝမ်မြန်က မင်းနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အရင်ဆုံး လက်ဆန့်ထုတ်ပေးနေတာကို မင်း တကယ်ကြီး သူ့ကို လျစ်လျူရှုပစ်လိုက်တယ်… အဲ့ဒီအချိန်တုန်းက ဘယ်လောက်တောင် ကိုးရို့ကားယား နိုင်လိုက်တဲ့ မြင်ကွင်းမျိုးလဲ မင်း သိလား…”
“ ဘယ်သူကရော သူ့ကို ဟိတ်ဟန်ထုတ်ခိုင်းနေလို့လဲ… ကျုပ် ကြည့်မရလို့ဗျာ… “
“ မင်းတို့ ဖြစ်ခဲ့တဲ့ ကိစ္စတွေ အကုန် ငါ ကြားပြီးသွားပြီ… ပြီးခဲ့တာတွေ ပြီးပါစေတော့ပေါ့ကွာ… စိတ်သဘောထား ကြီးစမ်းပါ... ”
“ ကံဆိုးချင်တော့ ကျုပ်က သဘောထားသေးသိမ်တဲ့ကောင် ဖြစ်နေတာပဲ… အဲ့ကောင်ကတောင် ကျုပ်ကို ဒီလို လာလုပ်နေမှတော့ ကျုပ်ကကော ဘာဆိုင်လို့ ယဉ်ကျေးပြနေရမှာလဲ…”
လျိုဟုန် ပြုံးပြီး ခေါင်းသာ ခါရမ်းမိလိုက်သည်။ သူ လင်းရီ၏ စရိုက်ကို ဆလံသမိလိုက်၏။
“ ကောင်းပြီ…အဲ့ကိစ္စ ထားလိုက်တော့... အခု တခြား အကြောင်း ပြောကြရအောင်… ငါ မင်းတို့ သုံးယောက်ကို ဒီခေါ်လိုက်တယ် ဆိုတာက မင်းတို့ရဲ့ အသင်းကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာ ရှိလို့ပဲ…”
“ အဖွဲ့ဝင်သစ်တွေ ခေါ်ယူဖို့ ကိစ္စလား…”
“ ငါ အဲ့အကြောင်း စဉ်းစားနေတာ…” လျိုဟုန်ပြောလိုက်ပြီး “ ဝူဟန်ချွမ်နဲ့ စွေ့ချန်ကျယ် အပြင်ကို ကျန်တဲ့ အသင်း ၁ အဖွဲ့သားတွေ အကုန် ငါ့ဆီ နှုတ်ထွက်လွှာ တင်သွင်းလာခဲ့ကြတယ်…”
“ သူတို့အကုန် နှုတ်ထွက်သွားခဲ့ကြတယ်ပေါ့…”
“ ဟုတ်တယ်…” လျိုဟုန် မချိပြုံး ပြုံးလိုက်ပြီး “ သူတို့ ထင်နေကြတာ လင်းရီက မတော်သရော် နည်းလမ်းတွေနဲ့ ဝမ်မြန်ကို ပထုတ်လိုက်တယ်လို့ ထင်နေကြတာလေ… နောက်ပြီး သူတို့ချင်းကလည်း ပခုံးချင်းယှဉ်ပြီး တိုက်ပွဲ အလီလီကို ဖြတ်ကျော်လာခဲ့ကြတဲ့ ရဲဘော်တွေဆိုတော့ သူတို့ချင်း ရင်းနှီးမှုက သမုဒ္ဒရာကြီးလောက်ကို နက်ရှိုင်းနေကြပြီ… အဲ့တော့ ဝမ်မြန်နဲ့အတူ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ….”
“ အသင်း ၁ က တိလိရာ့ကျွန်းပေါ်မှာ လုပ်ရမယ့် မစ်ရှင်တွေ ရှိနေသေးတယ်လေ… ခု သူတို့တွေ အကုန်လုံး နှုတ်ထွက်လိုက်ပြီဆိုတော့ အဲ့ မစ်ရှင်တွေက ဘယ်လို ဖြစ်ကုန်မှာလဲတဲ့…”
“ အသေးမွှားလေးပါ… အသင်း ၁ ရဲ့ မစ်ရှင်တွေက ဟိုလို အရေးပါတာမှတ်လို့… ငါ အဲ့ ကိစ္စတွေကို အသင်း ၄ ဆီ လွှဲပေးလိုက်ပြီးပြီ.. သူတို့က အတွေ့အကြုံ ရှိပြီးသားတွေဆိုတော့ မကြာခင် အခြေအနေတွေ ပြန်တည်ငြိမ်သွားမှာပါ..”
လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်သည်။ ကျုံးဝေ့တပ်ဖွဲ့၏ တိုက်ခိုက်ရေး အင်အားစုတွင် အသင်း ၄ သင်း ရှိမှန်း သူ သိထားသည်မှာ ကြာလှပြီးဖြစ်၏။
ပထမ အသင်း ၃ သင်းရှိ တပ်ဖွဲ့ဝင်များကို သသတွေ့မြင်ဖူးပြီး ဖြစ်သော်လည်း အသင်း ၄ ရှိ လူများကသာလျှင် အထူး သီးသန့်ဆန်နေသည်။ သူ တစ်ယောက်တစ်လေမျှပင် မတွေ့ဖူးသေးချေ။ အသင်း ၄ မှာ ကျုံးဝေ့တပ်ဖွဲ့၏ ဝှက်ဖဲ တစ်ချက် ဖြစ်နေသည်လော။ တပ်ဖွဲ့၏ မဏ္ဍိုင်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“ ဒါပေမယ့် ရှေ့သုံးလေးလောက်တုန်းကရင် ကျွန်မတို့ ဝင်ခွင့်စမ်းသပ်ပွဲ လုပ်ခဲ့ပြီးပြီပဲလေ… ရလဒ်တွေကလည်း တော်တော်ကြီးကို စိတ်ပျက်ဖို့ ကောင်းလောက်အောင်ပဲ… နောက်တစ်ကြိမ် ထပ်လုပ်ရင်တောင် ထူးခြားလာမှာ မဟုတ်ပဲကို…” နင်ချဲ့မှ ပြောလိုက်သည်။
“ ဒီကိစ္စ ခုနလေးတင်ပဲ ငါတို့ ဆွေးနွေးခဲ့ကြတာ… တို့တွေ အရင် လူခေါ်ယူတဲ့ ထုံးစံကို ပယ်ဖျက်ပြီး ဒီတစ်ခါ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါ်ယူမယ်…”
“ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ .... ဟုတ်လား…” ချိုးယွီလော့နှင့် နင်ချဲ့တို့ နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြတော့၏။
“ ဒါဆို တင်းကြပ်မှုတွေကို လျော့ချပစ်တော့မယ်ပေါ့…”
“ ဒါပေါ့... ရွေးချယ်စရာ ဘယ်ရှိမှာလဲ.. “ လျိုဟုန် ပြောဆိုလိုက်ပြီး “ မင်းတို့ရဲ့ အသင်း ၂နဲ့ ၃ မှာက လူနည်းနည်းလေးပဲ ရှိတာလေ… အသင်း ၁ ဆိုရင် ပြောကို ပြောမနေနဲ့တော့… တစ်သင်းလုံးမှာ လင်းရီ တစ်ယောက်တည်း ကျန်တယ်… အချိန်မီ နောက်ထပ် အသင်းဝင် တစ်သုတ်ကို မခေါ်ယူနိုင်ဘူးဆိုရင် ကျုံးဝေ့တပ်ဖွဲ့ကြီးလည်း ပိတ်သိမ်းလိုက်ရုံပဲ…”
“ နောက်ပြီးတော့ … မင်းရဲ့ အသင်း၃ ကို တစ်သင်း အယောက် သုံးဆယ် ထပ်ချဲ့ဖို့ ပြင်ထားလိုက်…”
“ မဖြစ်ဘူး..”
လင်းရီ ဘာတစ်ခွန်းမျှ မပြောရသေးခင် ချိုးယွီလော့နှင့် နင်ချဲ့တို့မှ ပြိုင်တူ အသံထွက်လာခဲ့ကြ၏။
“ ဟမ်…”
သူမတို့၏ အပြုအမူက လျိုဟုန်ကို အံ့အားသင့်သွားစေခဲ့သည်။ “ ဒါ မင်းတို့နှစ်ယောက် သဘောထားချင်း တိုက်ဆိုင်တာ ပထမဆုံးအကြိမ် ဖြစ်မယ်နဲ့ တူတယ်…”
“ ကျွန်မတို့ စိတ်ထဲ လူနည်းနည်းလေးပဲ ရှိတာက ပိုကောင်းမယ် ထင်မိလို့ပါ..”
လျိုဟုန် ပြုံးပြီး ဆေးလိပ်ဘူး ထုတ်ကာ သုံးလိပ်ယူလိုက်သည်။ ထို့နောက် နင်ချဲ့ထံ တစ်လိပ်ကမ်းပြီး ကျန်သည်ကို လင်းရီထံ ပေးလိုက်၏။
သို့သော် လင်းရီ သူ့လက်ကို ခါရမ်းလိုက်လေသည်။
လျိုဟုန် များများ တွေးမနေဘဲ သူ့ဆေးလိပ်သူ မီးညှိလိုက်၏။
“ အရင်တုန်းက ငါတို့ရဲ့ လူသစ် စုဆောင်းမှု အများစုက ရန်ကျင်းကနေပဲ… ဒါကြောင့်မို့ ပါဝင်သူ လူများစုကလည်း ရန်ကျင်းကချည်း ဖြစ်နေခဲ့တာ… တကယ်လို့ တခြား စီရင်စုက လူတွေ ပါလာခဲ့ရင်တောင် ငါတို့ရဲ့ ရဲဘော်ရဲဘက်ဟောင်းတွေ အကြံပြုထောက်ခံပေးတဲ့ လူတွေချည်းပဲ.. ဒါကြောင့်မို့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ လူခေါ်ယူမှုက တော်တော်လေး တင်းကြပ်တယ် ပြောလို့ရတယ်…” လျိုဟုန် သူ့ ဆေးလိပ်ပေါ်ရှိ ပြာများကို ဆေးလိပ်ခွက်ထဲ တောက်ချလိုက်ပြီး “ တကယ်လို့ ဒီတစ်ကြိမ် စည်းမျဉ်းစည်းကမ်းတွေကို နည်းနည်းလေး လျော့ပေါ့ပေးလိုက်မယ်ဆိုရင် စမ်းသပ်မှုကို လာရောက်ဖြေဆိုမယ့်သူတွေက နည်းမှာ မဟုတ်ဘူး… အဲ့ဒီထဲ အရည်အသွေးကောင်းတဲ့ ကျောက်ရိုင်းတုံးလေးတွေ ပါလာတာမျိုးလည်း ဖြစ်နိုင်တာပဲလေ… ဝင်ခွင့်စမ်းသပ်ပွဲရဲ့ ရလဒ်က မင်းတို့ စိတ်ကူးထားတာထက် ကျော်လွန်နေတာမျိုးလည်း ဖြစ်နိုင်နေတာပဲ…”
“ ဒါပေမယ့် ကျွန်မတို့ရဲ့ ကျင့်ကြံတဲ့ နည်းလမ်းက ထူးခြားပြီးတော့ နားလည်တတ်မြောက်ကြတဲ့ လူတိုင်းကလည်း ရန်ကျင်းမှာ စုဝေးနေကြတယ်လေ… တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်သားတွေ စုဆောင်းမယ်ဆိုရင်တောင် အောင်မြင်ဖို့ အလားအလာက သိပ်ရှိမှာ မဟုတ်ဘူး..” ချိုးယွီလော့ ပြောလိုက်သည်။
“ မင်း အမြင်ကကော…” လျိုဟုန် နင်ချဲ့ကို ကြည့်ပြီး မေးမြန်းလိုက်၏။
နင်ချဲ့ ပခုံးတွန့်လိုက်ပြီး “ ကျွန်မလည်း ထိုနည်းလည်းကောင်းပဲ…”
လျိုဟုန် လင်းရီကို ကြည့်လိုက်ပြီးနောက် သူက ဆက်ပြော၏။
“ သူဆိုလည်း ရန်ကျင်းကမှ မဟုတ်တာ…သူ့အရည်အချင်းက မင်းတို့ မြင်တဲ့အတိုင်းပဲ... ပြီးတော့ ခုမှ တည်ထောင်ကစ ကုမ္ပဏီတစ်ခုရဲ့ သူဌေးကြီး တစ်ဦးလည်းဖြစ် … မင်းတို့ မိသားစု နှစ်ခုရဲ့ စည်းစိမ်တွေ စုပေါင်းလိုက်ရင်တောင် သူကို မှီမှာ မဟုတ်ဘူး… ဒါတောင် သူက မိဘမဲ့နော်.. မင်းတို့ ဒီကိစ္စ ဘယ်လို ရှင်းပြမလဲ…”
လင်းရီ “ ….”
‘ အစ်ကိုကြီး .. ခင်များ ကျုပ်ကို စော်ကားနေတာလား…ဒါမှမဟုတ် ချီးမွမ်းနေတာလား… ကျုပ် သောက်ရမ်း အံ့ဩဖို့ ကောင်းနေတယ်ဆိုတာ ကျုပ်က ပါရမီရှင်ကြီး ဖြစ်နေလို့ မဟုတ်ဘူး…ကျုပ်မှာ ဖြတ်လမ်းနည်းတွေ ရှိနေလို့ပဲ…’
“ ပြီးတော့ မင်းတို့ ပြဿနာကို ရှုမြင်တဲ့ ပုံစံက အရမ်းကို အပေါ်ယံဆန်လွန်းပြီး မျက်တောင် တစ်မွေး ဆုံးစာလောက်ပဲ မြင်တယ်… ဒီလို ကျင့်ကြံတဲ့ နည်းလမ်းကို နားလည်တတ်ကျွမ်းနေတာ တစ်နိုင်ငံလုံးမှာမှ ရန်ကျင်း တစ်မြို့တည်း ရှိတာမဟုတ်ဘူး… ဒီနှစ်တွေထဲ ကျုုံးဝေ့တပ်ဖွဲ့ကနေ ခွဲထွက်သွားကြတဲ့ သူတွေကလည်း နေရာအနှံ့မှာ ပါရမီရှင်တွေ အများအပြားကို မျိုးချခဲ့ကြပြီ… ဒါကြောင့်မို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါ်ယူဖို့အတွက် ငါ ယုံကြည်ချက် ရှိနေရတာပဲ…”
လျိုဟုန်၏ စကားလုံးများက သူမတို့ နှစ်ယောက်ကို ပြောစရာစကား ကင်းမဲ့သွားစေခဲ့သည်။
သူပြောသွားသည်ကလည်း ဟုတ်သလိုလို ရှိနေလေသည်။
“ ဒီတစ်ကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်သားခေါ်ယူမယ့် အပြင်ကို ငါတို့ဘက်က အသက်ကန့်သတ်ချက်ကိုလည်း ဖြေလျော့ပေးဖို့ စီစဉ်ထားတယ်… အသက်လေးဆယ် အရွယ်ထိပေါ့… ဒါကြောင့်မို့ ဒီတစ်ကြိမ် ကျုံးဝေ့တပ်ဖွဲ့ရဲ့ လူခေါ်ယူမှုက မြေပြင်ကို ထိုးဖောက်မယ့် ပဏာမ ခြေလှမ်းပဲ… အောင်မြင်မယ်လို့ ငါ မျှော်လင့်တယ်..”
“ ဒါဆိုလည်း အကောင်းဆုံး လူတွေကိုပဲ ရွေးချယ်မယ်… ကျွန်မမှာလည်း လူတွေကို ရွေးချယ်တဲ့ နေရာမှာ ကိုယ်ပိုင် စံမှတ်ကျောက်တွေ ရှိတယ်… သူတို့က ထူးချွန်ပြောင်မြောက်နေတယ်ဆိုရင်တော့ လူများများ ခေါ်တာ ပြဿနာ မရှိပါဘူး… ဒါပေမယ့် အရေအတွက် ကာမိအောင် ဆိုရင်တော့ ကျွန်မ လက်မခံနိုင်ဘူး..” ချိုးယွီလော့မှ ပြောလိုက်၏။
“ မင်းပြောချင်တာကို ငါနားလည်တယ်… ဒါကြောင့်မို့လည်း ငါတို့ ယာယီပဲ လူအများကြီး ခေါ်ယူမှာလေ.. ငါတို့ ဘယ်လောက်အထိ ခေါ်ယူမလဲဆိုတာကတော့ နောက်ဆုံး အခြေအနေအပေါ် မူတည်တယ်.. အခု ဆွေးနွေးနေလို့လည်း အရာမထင်ဘူး..”
“ ဘယ်အချိန်လောက် ခေါ်ယူဖြစ်မလဲ…” နင်ချဲ့ မေးမြန်းလိုက်သည်။
“ မသိသေးဘူး.. ဒါပေမယ့် မကြာခင် လုပ်ဖို့တော့ စီစဉ်ထားတယ်..” လျိုဟုန် ပြောလိုက်ပြီး “ ဒါပေမယ့် အခု လောလောဆယ် ဒါက အလေးပေးရမယ့် ကိစ္စ မဟုတ်သေးဘူး… အသင်း ၁ ရဲ့ လူနှစ်ယောက်က သေသွားခဲ့ပြီး ဘက်စ် သတ္တုရိုင်းလည်း အလုယူခံလိုက်ရတယ်.. အဲ့ကိစ္စ အရင်ဖြေရှင်းဖို့ လိုနေပြီ..”
ချိုးယွီလော့နှင့် နင်ချဲ့တို့ ခေါင်းညိမ့်လိုက်ကြသည်။ယခု အချိန်က ထိုကိစ္စကို ကိုင်တွယ်ရတော့မည့် အချိန်ပင်။
မတိုင်ပင်ထားဘဲနှင့် သူမတို့ နှစ်ယောက်လုံး လင်းရီကို ပြိုင်တူ ကြည့်လိုက်ကြ၏။
မူလက ဤကိစ္စအတွက် တာဝန်ရှိသူမှာ ဝမ်မြန်ဖြစ်ပြီး ယခု ထိုသူက နှုတ်ထွက်သွားပြီး ဖြစ်သောကြောင့် လင်းရီ လက်ထဲသို့ အလိုအလျောက် တာ၀န်ကျရောက်လေတော့သည်။
“ ကျုပ် တစ်ခု မေးချင်တယ်.. " လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အဲ့နှစ်ယောက်သာ အသက်ရှင်နေသေးမယ်ဆိုရင် သူတို့ ဝမ်မြန်နဲ့အတူ နှုတ်ထွက်ကြလောက်လား…”
လျိုဟုန် မသိမသာ မျက်မှောင် ကြုတ်သွားခဲ့ပြီး " အဲ့တာ မင်း ဂရုစိုက်နေသင့်တဲ့ ကိစ္စမဟုတ်ဘူး... မင်း ဂရုစိုက်သင့်တာက ဒီကိစ္စ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပဲ... "
" ကျုပ် အတွေးတွေက နည်းနည်းလေး အစွန်းရောက်ချင် ရောက်လိမ့်မယ်..." လင်းရီ ပြောပြီးနောက် နင်ချဲ့နှင့် ချိုးယွီလော့တို့ကို လက်ညိုးထိုးပြလိုက်ပြီး " တကယ်လို့ သူတို့နှစ်ယောက် တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျုပ် သေချာပေါက်ကို တုံ့ဆိုင်းချင်း မရှိ လက်စားချေပေးမိမှာပဲ... ဒါပေမယ့်အခု ကျုပ်နဲ့ အတူ ကျောချင်းကပ်ပြီး တိုက်ခိုက်ဖို့ ဆန္ဒမရှိဘဲနဲ့ တကယ်လို့ အသက်ရှင်နေသေးခဲ့ရင် ကျုပ်ကိုတောင် ပြန်ပြီး ဆန့်ကျင်နေမယ့် သူတွေကို ဘာကိစ္စ ကူညီပေးစေချင်နေရတာလဲ... ကျုပ်က မေတ္တာရှင်ကြီး မဟုတ်ဘူး... စိတ်တော့ မရှိနဲ့ .. ကျုပ်က မေတ္တာနဲ့ မောင်းနေတဲ့ ဂျင်နရေတာ(မီးစက်) မဟုတ်ဘူး... “