သူက ရုပ်လေးချောတာနဲ့ပဲ အရာရာစွမ်းမယ်လို့ ထင်နေတာလား
Vol. 77 Ch. 1147
လျိုဟုန် ဆေးလိပ်ငွေ့များ မှုတ်ထုတ်နေပြီး လင်းရီကို ဘာမျှ ပြန်မပြောခဲ့ပေ။
လင်းရီ၏ စကားလုံးများက အနည်းငယ် ကျိုးကြောင်း မဆီလျော်သော်ငြားလည်းပဲ သူပြောသွားသည်က အဓိပ္ပာယ်ရှိလေသည်။
အနည်းဆုံးတော့ အကယ်၍ ချိုးယွီလော့နှင့် နင်ချဲ့တို့ဆိုပါက ကျိန်းသေပေါက် ကလဲ့စားချေပေးမည်ဟု ပြောဆိုသွားခဲ့သည်။
သူက သွေးအေးရက်စက်သူ တစ်ယောက်မဟုတ်ချေ။ ဤအတိုင်း သောက်ချေမပါတာကို လက်မခံနိုင်ရုံမျှသာ ဖြစ်၏။
" မင်းက လက်စားမချေပေးချင်ဘူးဆိုတော့ ဒီကိစ္စကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ... "
" ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အရင်တစ်ခေါက် ကယ်ဆယ်ရေး မစ်ရှင်တုန်းက လူနှစ်ယောက် ဆုံးရှုံးသွားတာကလွဲရင် အကြီးမားဆုံး ဆုံးရှုံးမှုက ဘက်စ်သတ္တုရိုင်းတွေ သူများလက်ထဲ ပါသွားခဲ့တာပဲ... ကျုပ်တို့ သတ္တုရိုင်းတွေ ပြန်ယူနိုင်တာနဲ့ အဆင်ပြေပြီ... "လင်းရီ ပြောပြီးနောက် ဆက်လက်၍
" ဒါပေမယ့် အဲ့ဟာက နည်းနည်းကြာနေပြီဆိုတော့ ဘက်စ်သတ္တုရိုင်းကို သုံးပစ်လိုက်ပြီလား ကျုပ်လည်း မသေချာဘူး... "
" အဲ့လိုဆိုရင် ဒီကိစ္စ မင်းနဲ့ လွှဲထားလိုက်တော့မယ်... တကယ်လို့ သုံးပစ်လိုက်ပြီ ဆိုရင်တောင် ဒီနောက်ကွယ်က အကြောင်းပြချက်ကို ရှာဖို့လိုတယ်... "
" ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ... "
ဤသည်က ရွှေနက် ကော်ပိုရေးရှင်းကြီး၏ လက်ချက်ဖြစ်ကြောင်း လူတိုင်းက သိနေသော်လည်း သူတို့ထံတွင် လက်ဆုပ်လက်ကိုင် ပြစရာ သက်သေ တစ်ခုမျှ ရှိမနေချေ။
ထို့ကြောင့် အခြေအနေကို မည်မျှအထိ ကောင်းကောင်း ကိုင်တွယ်နိုင်မလဲဆိုတာ လင်းရီ မသေချာပေ။
" ကောင်းပြီ.. မင်း ဒီကိစ္စ ကိုင်တွယ်ဖို့ အကောင်းဆုံးသာလုပ်..." လျိုဟုန် ပြောလိုက်ပြီး " လက်ရှိ မင်းအသင်းမှာကလည်း တစ်ယောက်မှ ရှိမနေဘူးဆိုတော့ အသင်း ၂ နဲ့ ၃ က ကြိုက်တဲ့လူကို ခေါ်သွားလို့ရတယ်... "
" ဒါနဲ့ လျိုလောင်တ... ဂျင်မီကို ဘယ်မှာ ထိန်းသိမ်းထားလဲ... "
" သူ ရန်ကျင်းရဲ့ အကျော်ဇေယျ(ထိပ်တန်းစား) အကျဉ်းထောင်ထဲမှာရှိတယ်..." လျိုဟုန် ပြောလိုက်၏။
" ဒါပေမယ့် အားပြန်မွေးနေတုန်းဆိုတော့ ငါတို့ ရိုးရှင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေပဲ ပြုနိုင်သေးတယ်... ဘာ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်မှ မရသေးဘူး... "
" ပြန်ပြီး အားမွေးနေတဲ့ အခြေအနေ ဟုတ်လား... အဲ့ကောင်က ဘာဖြစ်နေလို့... "
" မင်း လှေပေါ်မှာတုန်းက သူ့ကို လေးငါးချက် ထိုးခဲ့တာ ခုထိကို သက်သာမလာသေးဘူးကွ... အဲ့တာကို သူ ဘာဖြစ်နေလဲ မင်းက မေးနိုင်သေးတယ်ပေါ့... မင်း အတည်ကြီးလား... " လျိုဟုန် အတွန့် တက်လိုက်သည်။
" အာ... ကျုပ် နည်းနည်း လက်လွန်မိသွားတယ်..."
ပြောပြီးနောက် လင်းရီ ထရပ်လိုက်ပြီး " ဒီလိုဆို ကျုပ် တစ်ချက်သွားကြည့်ပြီး သတင်းတစ်ချို့ ရလိုရငြားပေါ့... "
" ခဏစောင့်.. ငါမင်းကို ခွင့်ပြုမိန့် ပေးလိုက်မယ်... မဟုတ်ရင် မင်း သူနဲ့ တွေ့လို့ရမှာ မဟုတ်ဘူး...."
" အိုကေလေ.. "
လျိုဟုန် ပါးစပ်ထဲတွင် စီးကရက် ခဲထားပြီး ခွင့်ပြုမိန့်ကို လှန်လောရှာဖွေ၍ လင်းရီထံ ကမ်းပေးလိုက်သည်။ " ရော့... လိပ်စာကိုတော့ ဟိုနှစ်ယောက်ကိုမေးလိုက်... ဒါယူပြီး မင်း ၀င်သွားလို့ရပြီ... ငါ ခဏနေကျရင် ဖုန်းနံပါတ်တစ်ခု ပို့ပေးလိုက်မယ်... သူ့နာမည်က ကွမ်းလုံ... အဲ့ကောင်က အကျဉ်းထောင်ရဲ့ ဒါရိုက်တာပဲ... မင်း အဲ့ကိုရောက်ရင် သူ့ဆီ ဆက်သွယ်လိုက်... ပြီးရင် သူမင်းကို လာကြိုပေးလိမ့်မယ်... "
" ခင်များကလည်း အဆက်အသွယ်ရှိနေမှတော့ ဒီစာရွက်ကြီးက ဘာလုပ်ဖို့ လိုနေတော့မှာတုန်း... "
" အေး.. အဲ့ကောင်က နည်းနည်းထူးတော့ မင်းတို့ သွားတွေ့ရင် သူတို့က မှတ်တမ်းယူထားမှာ... အဆက်အသွယ် ရှိတယ်ဆိုရင်တောင် လုပ်ထုံးလုပ်နည်း တစ်ချို့ကိုတော့ လိုက်နာဖို့ လိုအပ်နေသေးတုန်းပဲကွ... "
" ကောင်းပြီ ကောင်းပြီ... ကျုပ် သွားနှင့်တော့မယ်... "
လင်းရီ လှည့်ထွက်လာခဲ့လိုက်သည်။ ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း သူနှင့်အတူ ထွက်လာခဲ့ကြပြီး ဂျင်မီကို အတူ စစ်ဆေးမေးမြန်းရန် စိုင်းပြင်းနေကြလေသည်။
သုံးယောက်သား အဆောက်အအုံထဲမှ အတူထွက်လာခဲ့ကြပြီး နင်ချဲ့၏ ကားထဲသို့ ၀င်ရောက်လိုက်ကြ၏။ ထို့နောက် ရန်ကျင်း၏ အကျော်ဇေယျ အကျဉ်းထောင်ဆီ ဦးတည်လိုက်ကြတော့သည်။
" ဒီလောက်ကြာနေပြီကို ဘာလို့ အကျဉ်းချထားသေးတုန်းလဲတဲ့.. သူတို့ စီရင်ချက် မချတော့မို့များလား... "
" အသုံး၀င်တဲ့ သတင်းအချက်အလက် တစ်ခုမှ မရသေးတော့ သူ့ကို ခုထိ စီရင်ချက် မချရသေးဘူးလေ... "ချိူးယွီလော့ ပြောလိုက်၏။
" ငါ့အထင် ရန်ကျင်းရဲ့ အကျော်ဇေယျ အကျဉ်းထောင်က ပြင်းထန်တဲ့ ရာဇ၀တ်သားနဲ့ နိုင်ငံခြားက သံသယ ရှိသူတွေကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်မယ်... အဲ့မှာရှိတဲ့ လူတွေက တော်တော်လေးကို အထင်ကြီးဖို့ ကောင်းကြလောက်တယ် ဟုတ်တယ်ဟုတ်... မင်းတို့တောင် အရမ်းကာရော မလုပ်ရဲတဲ့ အခြေအနေလေ... "
" တစ်ဖက်လူက သိပ်နပ်တဲ့ မြေခွေးအိုကြီးလေဟယ်... နင် ထင်သလောက် လွယ်မနေဘူး.. "
" အေးဆေးပေါ့.. အခု ငါကိုယ်တိုင် မေးမြန်းတော့မှာ... အဲ့ကောင် သေသွားရင်တောင် ငါမေးရင် ပြန်ထပြီး ဖြေစေရမယ်... "
ချိုးယွီလော့ မျက်လုံးသာ လှန်ကြည့်လိုက်၏။ လင်းရီ၏ လှည့်ကွက်များက အကန့်အသတ်မဲ့ပြီး အကယ်၍ သူရောက်သွားခဲ့ပါက အသုံး၀င်သည့် သတင်းတစ်ချို့ ရရှိရန်အလို့ငှာ တစ်ဖက်လှည့်မှ မျှော်လင့်မိနေပြန်သည်။
တစ်နာရီကျော်ကြာအောင် မောင်းနှင်ပြီးနောက် နင်ချဲ့ ကားကို အကျော်ဇေယျ အကျဉ်းစခန်းသို့ မောင်းနှင်လာခဲ့၏။
အကျဉ်းစခန်းက လင်းရီ ထင်ထားသည်ထက်ပင် တခမ်းတနား ရှိလို့နေပြီး တိတ်ဆိတ်သည့် လေထုနှင့် အုံ့မှိုင်းသည့် ပတ်၀န်းကျင်က ၀န်းရံသိပ်သည်းလို့ နေခဲ့၏။
သုံးယောက်သား ကားပါကင်ထဲမှ ထွက်လာခဲ့ကြသည်။ ချိုးယွီလော့ သူမဖုန်းကို ထုတ်၍ လျိုဟုန် ပို့ပေးလာသည့် နံပါတ်ကို ခေါ်ဆိုလိုက်၏။
" ဟယ်လို... ဒါရိုက်တာကွမ်းလား... ကျွန်မ ကျုံးဝေ့တပ်ဖွဲ့က ချိုးယွီလော့ပါ... "
" ကောင်းပါပြီ ကောင်းပါပြီ... ကျွန်မတို့ ဒီနေရာမှာပဲ စောင့်နေပါ့မယ်... "
စကားတစ်ချို့ ပြောပြီးနောက် ချိုးယွီလော့ ဖုန်းပြန်ချလိုက်၏။
" တစ်ဖက်က ဘာပြောလဲ... "နင်ချဲ့ မေးမြန်းလိုက်၏။
" သူပြောတာ သူ ငါတို့ကို ကြိုဖို့ လူတစ်ယောက် လွှတ်လိုက်ပါ့မယ်တဲ့... သူ ခဏနေကျရင် ထွက်လာတော့မှာပါ... ခဏလောက် စောင့်လိုက်ကြတာပေါ့... "
ချိုးယွီလော့ ပြောခဲ့သည့်အတိုင်း မိနစ်အနည်းငယ် ကြာပြီးနောက် အသက်သုံးဆယ်ဟု ထင်ရသည့် လူငယ်တစ်ယောက် ခက်သွက်သွက် လမ်းလျှောက်လာလေသည်။
" အသင်းခေါင်းဆောင်ချိုးက ဘယ်သူများလဲဗျ... " ၀န်ထမ်းမှ ယဉ်ကျေးစွာ မေးမြန်းလိုက်၏။
" ကျွန်မပဲ... "
" ဒါရိုက်တာကွမ်းက ရုံးခန်းထဲမှာ စောင့်နေပါတယ်.. ကျေးဇူးပြုပြီး လိုက်ခဲ့ပေးကြပါဗျ... "
" ကောင်းပြီ... "
၀န်ထမ်း၏ ဦးဆောင်လမ်းပြမှုအောက်တွင် လေးယောက်သား အကျဉ်းစခန်းထဲသို့ ၀င်ရောက်လာခဲ့ကြသည်။
အပြင်မှ ရှုစား၍ တခမ်းတနား ရှိသော်လည်းပဲ အထဲသို့ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်မျိုးတစ်ဖုံ ဖိနှိပ်နေသည့် လေထုကို ကောင်းကောင်းကြီး ခံစားနေရသည်။
ယင်းခံစားချက်ကြီးက လင်းရီ အထူးကြပ်မတ်ကုသဆောင်သို့ ၀င်လိုက်သည့် အချိန်နှင့် ဆင်တူသလို ရှိ၏။ သူ ဘယ်နှစ်ကြိမ်ပဲ သွားသွား မွှန်းကြပ်သည့် ခံစားချက်က ဘယ်သောအခါမျှ ပျောက်ကွယ်မသွားခဲ့ချေ။
အကယ်၍ ကျန်းမာရေး ပြဿနာ ရှိသည်ဆိုပါက သင့်တင့်သည့် ဆေးကုသမှုကို ခံယူသင့်သည်။ အကယ်၍ သင်က ရာဇ၀တ်မှု တစ်ခုခုကို ကျူးလွန်ထားသည်ဆိုပါက တရားဥပဒေ၏ အကျိုးအပြစ်ကို ရင်ဆိုင်သင့်ပေသည်။
၀န်ထမ်း၏ လမ်းပြမှုအောက်တွင် သုံးယောက်သား ကွမ်းလုံ၏ ရုံးခန်းထဲသို့ ရောက်လာခဲ့ကြ၏။
ကွမ်းလုံဆိုသူက အသက်လေးဆယ် အရွယ်ဟု ထင်ရပြီး ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် အနက်ရောင် ကိုင်းမျက်မှန်တစ်လက်ကို တပ်ဆင်ထားသည်။ သူက တက္ကသိုလ် ကျောင်းဆရာဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူ၏ အကျင့်စရိုက်က ယခု အကျဉ်းစခန်းလို နေရာမျိုးနှင့် အပ်စပ် သက်ဆိုင်ခြင်းမျိုး မရှိချေ။
ကွမ်းလုံအပြင်ကို ရုံးခန်းထဲ၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိနေခဲ့၏။
နှစ်ယောက်လုံးကလည်း ငယ်ရွယ် ပျိုမြစ်သူများ ဖြစ်ကြပြီး သုံးဆယ် အစောပိုင်း အရွယ်များ ဖြစ်ကြကာ ချိုးယွီလော့ ၊ နင်ချဲ့တို့နှင့် တစ်ရွယ်တည်း နီးပါးပင်။
" မင်္ဂလာပါ အသင်းခေါင်းဆောင်ချိုး၊ အသင်းခေါင်းဆောင်နင်၊ အသင်းခေါင်းဆောင် လင်း... "
ကွမ်းလုံ သူတို့သုံးယောက်လုံးနှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အမြင်ရှုထောင့်မှ ကြည့်မည်ဆိုပါက ကွမ်းလုံမှာ လက်ထောက် ဒါရိုက်တာ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏ ရာထူးက လင်းရီတို့ သုံးယောက်ထက် ပိုပြီး မြင့်မား မနေချေ။ ထို့ပြင် သုံးယောက်လုံး အတူရောက်လာခဲ့ကြပြီး အကုန်လုံးကလည်း စစ်တပ်၏ လျှို့ဝှက်တပ်ဖွဲ့ အင်အားစုများမှ ဖြစ်လို့နေသောကြောင့် သဘာ၀ အလျောက် ခရီးဦးကြိုပြုရာ၌ သူ့ဘက်က အားတက်သရော ရှိနေရမည် ဖြစ်သည်။
" မင်္ဂလာပါ ဒါရိုက်တာကွမ်း... "ချိုးယွီလော့ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး " ဒီတစ်ခေါက် ကျွန်မတို့လာခဲ့တာ ဂျင်မီနဲ့ တွေ့ဖို့ပါပဲ.. ဒါ ကျွန်မတို့ရဲ့ ပါမစ်ပါ... "
" ကျုပ်တို့က မှတ်တမ်းယူဖို့လောက် ပါမစ်လိုတာပါ... တကယ်လို့ နောင်ကျ အသင်းခေါင်းဆောင်ချိုးတို့ တွေ့ချင်တယ်ဆိုရင် လူချည်း သပ်သပ်လာခဲ့ကြ.. စာရွက်စာတမ်းကို နောက်မှ ပေးလည်း ရတယ်... "ကွမ်းလုံ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
" ဒါပေမယ့် အဲ့လူက တော်တော်လေး ဉာဏ်တော့များသဗျ... ကျုပ်တို့ ဘယ်လိုပဲ သူနဲ့ ညှိနှိုင်းညှိနှိုင်း နေလို့မကောင်းဘူး ပြောပြီး ပူးပေါင်းဆောင်ရွက်ပေးတာမျိုး မလုပ်ဘူး... နောက်ပြီး သူက တကယ်လည်း ဒဏ်ရာရထားတော့ ကျုပ်တို့လည်း ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်... "
ပြောပြီးနောက် ကွမ်းလုံ ဘေးသို့ ကပ်ရပ်လိုက်ပြီး သူ့ဘေးရှိ လူနှစ်ယောက်ကို ညွှန်ပြကာ " သူတို့နှစ်ယောက်ဆို ကျုပ်တို့ ဒီနေရာရဲ့ အထူးချွန်ဆုံး အကြံပေးအရာရှိတွေပဲ... ကော်ဇီကျန်းနဲ့ ရန်ကျင်း နှစ်ယောက်လုံး ကြိုးစားကြည့်တာတောင် မအောင်မြင်ခဲ့ဘူး... မင်းတို့ ကိုင်တွယ်မယ်ဆို အကြမ်းနည်းသုံးဖို့ အကြံပေးချင်တယ်... "
" အင်း.. ကျွန်မတို့လည်း သူ့အကြောင်းကြားထားလို့ စပယ်ရှယ်လစ် တစ်ယောက် ခေါ်လာခဲ့တယ်လေ.. အသင်းခေါင်းဆောင်လင်းက သူ့ကို ကိုင်တွယ်ပါလိမ့်မယ်... "
" ကောင်းတာပေါ့... ဒါဆိုကျုပ် အသင်းခေါင်းဆောင်ချိုးတို့နဲ့ လွှဲထားလိုက်ခဲ့တော့မယ်... "
ပြောပြီးနောက် ကွမ်းလုံ ကော်ဇီကျန်းနှင့် ရန်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး " မင်းတို့နှစ်ယောက် ဗိုလ်ကြီးသုံးယောက်ကို တစ်ချက်ကြည့်ဖို့ ခေါ်သွားပေးလိုက်ကြ... "
" နားလည်ပါပြီ ဒါရိုက်တာကွမ်း... "ကော်ဇီကျန်းမှ ပြောလိုက်သည်။
ကွမ်းလုံ ခေါင်းညိမ့်ပြီးနောက် ချိုးယွီလော့နှင့် ကျန်သူများထံ တစ်ဖန်ပြန်လှည့်ကြည့်လိုက်ပြီး " ကျုပ် ခဏနေကျရင် အစည်းအဝေး ရှိသေးလို့ လိုက်မပို့တော့ဘူး... တကယ်လို့ တစ်ခုခုလိုတယ်ဆိုရင် ကျုပ်ဆီ တိုက်ရိုက်ဆက်သွယ်လိုက်... ကျုပ် တတ်နိုင်သလောက် ကူညီပေးပါ့မယ်... "
" ကောင်းပါပြီ.. ကျေးဇူးပါ ဒါရိုက်တာကွမ်း... "
" ရပါတယ်.... "
အပြန်အလှန် လောကွတ်ချော်ကြပြီးနောက် ငါးယောက်သား ရုံးခန်းထဲမှ လှည့်ထွက်လာခဲ့ကြသည်။ ကော်ဇီကျန်းနှင့် ရန်ကျင်းတို့၏ ဦးဆောင်မှု အောက်မှာပဲ သူတို့ ဗဟိုကင်း အဆောက်အဦးဆီသို့ ဦးတည်လာခဲ့ကြလေသည်။
" အစ်ကိုကော်.. သူတို့ စုံစမ်းစစ်ဆေးနိုင်မယ်လို့ ရှင်ထင်လား... "ရှေ့မှ လမ်းလျှောက်နေရင်းဖြင့် ရန်ကျင်း ညင်သာ တိုးညင်းစွာ မေးမြန်းလိုက်သည်။
" ငါလည်း မသေချာဘူး... ငါတို့ နှစ်ယောက် ဒီတစ်လကျော် အတွင်းမှာကို စာအုပ်ထဲ ရှိတဲ့ နည်းလမ်းအဖြာဖြာ လှည့်ကွက်ပေါင်းစုံကို အသုံးချပြီး စစ်ဆေးမေးမြန်းကြည့်ပြီးပြီပဲ... ငါတို့တောင် ဘာမှမရခဲ့တာကို ထောက်ရင် သူတို့ဆို ပိုလို့တောင် မဖြစ်နိုင်သေး... "
" ဒါပေမယ့် အချောလေး ကြည့်ရတာ တော်တော်လေး လုပ်နိုင်စွမ်းရှိမယ့်ပုံပဲနော်... ကျွန်မကြားတာတော့ သူက စပယ်ရှယ်လစ်တဲ့.. သူ့မှာသာ စကေးတစ်ချို့ မရှိဘူးဆိုရင် ဒီစကားမျိုး ပြောမှာမဟုတ်လောက်ဘူး..."
" ငါတို့လို ရာဇ၀တ်သားတွေနဲ့ အမြဲတမ်း ထိတွေ့နေရတဲ့ ပရော်ဖက်ရှင်နယ်တွေတောင် မရတာကို သူလည်း ရမယ် မထင်ပါဘူးကွာ... မင်းလည်း နည်းနည်းလေး ဦးနှောက်နဲ့ စဉ်းစားပါဦးလား.. သူက ရုပ်ချောတာနဲ့ပဲ အရာရာစွမ်းဆောင်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား... “