ငါ့ ကောင်လေး အိမ်မှာ မရှိဘူး
Vol. 77 Ch. 1150
လင်းရီ ငြိမ်သက်သွားခဲ့၏။ မေးခွန်းမေးပြီးနောက် အချိန်အတော်ကြသည်ထိတိုင်အောင် သူ့ဘက်က စကားတစ်ခွန်း ပြောမလာခဲ့ချေ။
ယခင်တုန်းကတော့ သူတို့ ရွှေနက်ကော်ပိုရေးရှင်း၏ လက်ချက်ဟု တထစ်ချ ကောက်ချက်ချခဲ့ကြ၏။
ထို့ကြောင့်ပဲ ကျုံးဝေ့တပ်ဖွဲ့မှ လုယူသွားခဲ့သည့် ဘက်စ်သတ္တုရိုင်းများသည် ဂျက်ဖရီ၏ လက်ထဲတွင် ရှိနေလိမ့်မည်လို့ သူ တွေးထင်ထားခဲ့သည်။
သို့သော် ယခု ပြန်လည် ဆုံးဖြတ်ချက် ချရမည့် အခြားအချက်တစ်ခု ရောက်ရှိလို့ လာပြန်သည်။
ယင်းက... ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့သားများ သတ္တုရိုင်း လက်၀ယ် ရသွားစဉ်က အနက်၀တ်လူနှင့် ဆုံတွေ့ခဲ့ခြင်း မရှိကိုပင်။
အကယ်၍ သူတို့ ဆုံတွေ့ခဲ့ရသည် ဆိုပါက ဘက်စ်သတ္တုရိုင်း နှစ်ကီလိုကို ပြန်လည်ရယူဖို့ရန်က မဖြစ်နိုင်သလောက် ဖြစ်နေသည်။
ဤသည်ကလည်း လင်းရီ အမှန်တကယ် ဂရုစိုက်နေသည့် ပြဿနာ တစ်ရပ်ပင်။
အသင်း ၁ မှ သေဆုံးသွားသည့် လူနှစ်ယောက် အတွက် သို့မဟုတ် သတ္တုရိုင်း ပြန်လည် ရရှိရေးကို လင်းရီ လားလားမျှ စိတ်မ၀င်စားချေ။ သူ အမှန်တကယ် ဂရုစိုက်သည်က ဤတစ်ခေါက်တွင် သူ အနက်၀တ်လူနှင့် ပြန်ဆုံတွေ့နိုင်လိမ့်မည်လော ဆိုတာကိုပင်။
" ဂျက်ဖရီ အပေးအယူလုပ်မယ့် တစ်ဦးတည်းသောလူက မစ်ဆူမိသားစုပဲလို့ မင်းပြောခဲ့တာ ဟုတ်တယ်နော်... "
" အဲ့တာ ငါထင်တာပဲ... "ဂျင်မီ ပြောလိုက်၏။
" ဂျက်ဖရီက မစ်ဆူမိသားစုနဲ့ အရင်တစ်ခေါက် အလဲအလှယ် ပြုဖို့အတွက်ကို အများအပြား အင်အား စိုက်ထုတ်ခဲ့ရတာ ဆိုတော့ သူ လွယ်လွယ်နဲ့တော့ ရင်းနှီးပတ်သက်မှုကို လက်လျော့လိုက်နိုင်မှာ မဟုတ်ဘူး... ဒါပေမယ့် လူလွှတ်ပြီး အလဲအလှယ် လုပ်ဖို့ကတော့ မသေချာသေးဘူး... "
" ဘာလို့... မင်းကလွဲရင် တခြားလူ မရှိတော့လို့လား... "
" ရွှေနက် ကော်ပိုရေးရှင်းမှာ ဂျက်ဖရီကလွဲရင် ငါ ၊ ပေါလ် နဲ့ အယ်လက်ဆာ တို့က ရာထူး အဆင့် အမြင့်ဆုံးပဲ... ဒီတော့ ငါတို့ သုံးယောက်ပဲ အဲ့လို အပေးအယူမျိုး လုပ်ဖို့ အဆင့်မီတယ်... ဒါပေမယ့် သူတို့ အကုန်လုံးက တိလိရာ့ ကျွန်းပေါ် ရောက်နေတာဆိုတော့ ဂျက်ဖရီ ဘယ်သူ့ကို ပြန်ခေါ်မလဲတော့ မပြောတတ်ဘူး... "
လင်းရီ စဉ်းစဉ်းစားစားဖြင့် ခေါင်းညိမ့်လိုက်၏။ လက်ရှိ ရရှိထားသည့် သတင်းအချက်အလက်ပေါ် အခြေခံ၍ ကောက်ချက်ချရမည် ဆိုပါက မစ်ဆူမိသားစုမှာ အဓိကမိန်း ဖြစ်နေသည့်ပုံစံပင်။
ထိုအကြောင်းတွေးမိတော့ လင်းရီ မေးစေ့ ပွတ်သပ်လိုက်သည်။ ဟော်ယွမ်ယွမ်က ကုမ္ပဏီ၏ ခရီးစဉ်ကို ဂျပန်သို့ သွားရန် ရွေးချယ်ထားခဲ့၏။
မည်မျှ မှန်ကန် အသင့်ကျလိုက်သည့် ဆုံးဖြတ်ချက်နည်း။
" ကောင်းပြီ.. ဒီခုတော့ ဒီလောက်ပဲ... တကယ်လို့ နောက်ထပ် မေးစရာတွေ ရှိသေးရင် ငါ ပြန်လာခဲ့မယ်.... "
" အိုကေ အိုကေ... " ဂျင်မီ အလျင်အမြန် ခေါင်းညိမ့်ပြလိုက်၏။ " မင်း ငါ့ကို ကတိပေးခဲ့တာကိုတော့ မမေ့သေးပါဘူးနော်... "
" မင်းကိုယ်မင်း ဆင်ဆင်ခြင်ခြင်သာနေ... အဲ့လိုဆို မင်း မသေဖို့ ငါ အာမခံတယ်... "
" ငါ - ငါနားလည်ပြီ... "
ဂျင်မီကို မေးမြန်းစုံစမ်းပြီးနောက် သုံးယောက်သား စစ်ဆေးမေးမြန်းခန်းထဲမှ ထွက်လာခဲ့ကြသည်။
အပြင်တွင် စောင့်ဆိုင်းနေသည့် ကော်ဇီကျန်းနှင့် ရန်ကျင်းတို့သည်လည်း ဂျင်မီကို သူ့မူလ အခန်းဆီ ပြန်ခေါ်ဆောင်သွားကြလေသည်။
" တော်တော်တောင် ကြာနေပြီ... ဂျက်ဖရီ မစ်ဆူ မိသားစုနဲ့ နောက်တစ်ကြိမ် အပေးအယူ လုပ်ပြီးလောက်ပြီလို့ နင်တို့ မထင်ဘူးလား... "နင်ချဲ့မေးမြန်းလိုက်၏။
" ဘယ်သိမှာလဲ... " ချိုးယွီလော့ ပခုံးတွန့်လိုက်ပြီး " ကံတရားပေါ်ပဲ မူတည်တယ်... "
" ဂျက်ဖရီ လက်ထဲမှာပဲ ရှိနေသေးတာလည်း ဖြစ်နိုင်တယ်...." လင်းရီ ပြောဆိုလိုက်သည်။
" နင် ဘာလို့ အဲ့လို ပြောနိုင်ရတာလဲ... "
" ငါတို့ မစ်ရှင်ကျရှုံးခဲ့တာ ဒီနေ့နဲ့ဆိုမှ ဆယ်ရက်လောက် ရှိသေးတယ်... ဂျက်ဖရီလည်း သူ့လူတွေကို ပြန်ခေါ်ဖို့ အချိန်လိုတယ်... လောစရာ မလိုပါဘူး... "
ကောင်မလေး နှစ်ယောက်လုံး မသိစိတ်မှ ခေါင်းညိမ့်မိလိုက်ကြသည်။
ဂျင်မီ၏ ပြောစကားများအရ ရွှေနက် ကော်ပိုရေးရှင်းတွင် နိုင်ငံခြား အပေးအယူကို ပြုလုပ်ရန်အတွက် အဆင့်မီသူ သုံးယောက်သာလျှင် တည်ရှိသည်။
ယခု အပြင်တွင် ရှိနေသည့် တစ်ဦးတည်းသော လူကလည်း အဖမ်းခံထားရပြီး ပေါလ်နှင့် အယ်လက်ဆာတို့ကလည်း တိလိရာ့ကျွန်းပေါ်သို့ ရောက်ရှိနေသည်။ ၎င်းတို့အဖို့ အလျင်စလို ပြန်လာချင်စေကာမူ မပြီးမပြတ်သေးသည့် ကိစ္စများနှင့် အချိန်တစ်ချို့တော့ ယူရမည် ဖြစ်၏။ ထို့ကြောင့် ဂျက်ဖရီ၏ လက်ထဲတွင် သတ္တုရိုင်းများ ရှိနေသည်က အမှန်ပင် ဖြစ်နိုင်ချေ များလှသည်။
၎င်းအပြင် လင်းရီကို သတ္တုရိုင်းများက ဂျက်ဖရီ၏ လက်ထဲတွင် ရှိနေသေးကြောင်း သေချာစေသည့် အခြားသော အကြောင်းပြချက် တစ်ခုကလည်း ရှိနေသေးသည်။
ဤသည်က ဘာလဲဆိုတော့ ယခင် တစ်ခေါက် လဲလှယ်မှုတွင် မစ်ဆူ မိသားစုသည်လည်း ဆုံးရှုံးခဲ့ရ၏။
အနက်၀တ်နှင့်လူက မည်သူမှန်း သူတို့ မသိရှိကြချေ။ ရွှေနက်ကော်ပိုရေးရှင်းမှ ၎င်းတို့ မဟုတ်ကြောင်း ရှင်းပြစေကာမူ သူတို့၏ သတိကို ပို၍ ချပ်ထားပြီး ဒုတိယ တစ်ကြိမ် အလဲလှယ် လုပ်မှုအတွက် ကျိန်းသေပေါက်ကို ကြန့်ကြာနေပေလိမ့်မည်။
မည်သို့ပင်ဆိုစေ အာယာနဲ မစ်ဆူသည်က သတိကြီးသည့် လူတစ်ယောက် ဖြစ်လေသည်။
သို့ပေမယ့်လည်း အကယ်၍ ရွှေနက် ကော်ပိုရေးရှင်းကသာ ဘက်စ်သတ္တုရိုင်းများ ရရှိပြီးနောက် အနက်၀တ်လူနှင့် ဆုံတွေ့ခဲ့မည် ဆိုပါက အစီအစဉ်များအားလုံးက သဲထဲ ရေသွန် ဖြစ်သွားလိမ့်မည်။ သူတို့အဖို့ အိမ်ပြန်ပြီး ထိုးအိပ်ရန်သာ ကျန်ပေတော့သည်။
" တကယ်လို့ အဲ့လိုသာဆိုရင် ငါတို့ အခြေအနေကို အခွင့်ကောင်းယူလို့ ရလောက်တယ်... "ချိုးယွီလော့ ပြောဆိုလာခဲ့သည်။
" အမ်... ဘယ်လိုမျိုး အခွင့်ကောင်းယူကြမှာလဲ..." နင်ချဲ့ မေးမြန်းလိုက်၏။
" ဂျင်မီပြောတာ ငါတို့ သူ့ကို ပြန်လွှတ်လိုက်တာနဲ့ ဂျက်ဖရီရဲ့ လူတွေက သူ့ကို ကျိန်းသေပေါက် လိုက်ရှာကြလိမ့်မယ်လို့ ပြောတယ်မလား.. သူ့ကို ငါးစာအနေနဲ့ သုံးကြရင်ကော... "
" အသုံးမ၀င်ဘူး... "လင်းရီ ပြောလိုက်ပြီး " ဂျက်ထရီက သူကိုယ်တိုင်လာပြီး အဲ့ကောင်ကို သတ်မှာမှ မဟုတ်တာ... သူ့လက်ပါးစေ သုံးလေးယောက်လောက် ဖမ်းမိရင်တောင် အသုံး၀င်မှာ မဟုတ်ဘူး... သူ့လို လူစားမျိုးက သူ့အသက်ကလွဲရင် အရားအားလုံးကို စွန့်လွှတ်နိုင်တဲ့ လူစားမျိုး... ဒီတော့ စမ်းကြည့်လို့လည်း အကျိုးထူးမှာ မဟုတ်ဘူး... "
" ဒါဆိုရင် ခက်ခဲတော့မှာပဲ..." ချိုးယွီလော့ နှုတ်ခမ်းမှ တီးတိုးရေရွတ်လိုက်၏။
" တစ်ခုချင်း သွားကြတာပေါ့... ဒီကိစ္စက ငါတို့ ထိန်းချုပ်နိုင်တာရဲ့ ဟိုးအလွန်မှာ ရှိနေတာ... ငါတို့ ဘက်စ် နှစ်ကီလိုကို ပြန်ရနိုင် မရနိုင်က ဘုရားသခင်ရဲ့ စိတ်အခြေအနေပေါ် မူတည်နေပြီ.... "
" အဲ့တာဆို ငါတို့က ဘာလဲ ဆက်လုပ်ကြမှာ... "
" ငါကတော့ ဒီက ကိစ္စတွေ ပြီးပြီ.. ဒီတော့ ကျိုးဟိုင်ကို ပြန်ဖို့ ဆုံးဖြတ်ထားတယ်.. ဒီမှာ အချိန်ဖြုန်းနေစရာ ဘာအကြောင်း ရှိလို့... "
" ကောင်းပြီလေ.. ငါတို့ နင့်ကို လေဆိပ်လိုက်ပို့ပေးမယ်... "
ထို့နောက် နင်ချဲ့တို့ လင်းရီကို လေဆိပ်လိုက်ပို့ပေးလိုက်ပြီး လမ်းခွဲလိုက်ကြသည်။
နှစ်နာရီကျော်ကြာအောင် လေယာဉ်စီးပြီးနောက် လင်းရီ လေယာဉ်ပေါ်မှ ဆင်းသက်ကာ လင်းယွင်အုပ်စုသို့ မောင်းလာခဲ့လိုက်သည်။
သူ ချီရှန်းကျောက်ကို ရုံးခန်းထဲ ဆင့်ခေါ်လိုက်လေသည်။
" ကုမ္ပဏီ ခရီးထွက်ဖို့ စီစဉ်နေတာ အခြေအနေ ဘယ်လိုရှိလဲ... "
ချီရှန်းကျောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဘာကိုမျှ ဂရုစိုက်လေ့ မရှိသည့် ဥက္ကဌလင်းက ယခုကိစ္စကို အလေးအနက်ထားနေသည်လော။
" ကျုပ်တို့ အစီအစဉ်အတိုင်းပဲ ဆက်လက်ဆောင်ရွက်နေပါတယ်... နေထိုင် တည်းခိုဖို့ကိုကျ ဒေသတွင်း ကြယ်ငါးပွင့် ဟိုတယ်တစ်ခုမှာ စီစဉ်ထားပြီး လူတစ်ယောက်စာကို ယွမ် သုံးသောင်း ကုန်ကျစရိတ် တွက်ချက်ထားပါတယ်... ရှေ့ဘက်လိုင်းက မလိုက်နိုင်တဲ့ အလုပ်သမားတွေကိုလည်း တူညီတဲ့ ငွေပမာဏ ဘောနပ်ပေးဖို့ စီစဉ်ထားပါတယ်... "
" ကောင်းတယ်... "
ငွေရေးကြေးရေး စိတ်ပူစရာ မလိုသည့်အတွက် လင်းရီ ဆက်လက် မေးခွန်းများ မေးမြန်းမနေတော့ချေ။
" ဒီကိစ္စကို ဖြစ်နိုင်သမျှ မြန်မြန်စီစဉ်ကွာ... သုံးရက်အတွင်း ပြီးနိုင်မလား... "
" ဒါက..... "
ချီရှန်းကျောက် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး " ခရီးထွက်ဖို့ကတော့ ပြဿနာ မရှိပါဘူး.. ဒါပေမယ့် အများစုက အလုပ်နဲ့ နပန်းလုံးနေကြရတာဆိုတော့ သူတို့ ဒီလောက် မြန်မြန်ကြီး ကိစ္စအားလုံးကို လက်စမဖြတ်နိုင်မှာ စိုးရွံ့မိပါတယ်... "
" အကောင်းဆုံး ဖြစ်အောင် လုပ်ကွာ.. တကယ်လို့ မဖြစ်ဘူးထင်ရင် အချိန်ပို လုပ်ခိုင်းလိုက်... အချိန်ပိုကြေးလည်း ပုံမှန်အတိုင်းပဲပေးလိုက်... ဒီကိစ္စကို မြန်နိုင်သမျှ မြန်မြန် စီစဉ်ပေး.. အချိန်ထပ်မဖြုန်းနဲ့တော့... "
" နားလည်ပါပြီး... "
" ဒါနဲ့ ငါလုပ်ခိုင်းတာလို့ မပြောလိုက်နဲ့... မင်း စီစဉ်တယ်လို့ပဲ ပြောလိုက်... ပြီးတော့ အဓိက ယွမ်ယွမ် .. သူ့ကို လုံး၀ မသိစေနဲ့... "
' အာ....'
ချီရှန်းကျောက် ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့တော့သည်။
" ကောင်းပြီလေ... ကျုပ်ပဲ အပြစ်တင်ခံလိုက်ပါ့မယ်.... "
" ခင်များက ကျုပ်ကို အနားလည်ဆုံးပဲ... "လင်းရီ နှစ်ခြိုက်စွာ ရယ်မောပြီးသကာလ " စကားမစပ် ငါတို့ ခရီးသွားမယ့် အကြောင်းကို တရား၀င် စာမျက်နှာမှာ ကြေညာဖို့ မမေ့နဲ့ဦး... ဒါက ငါတို့ရဲ့ ၀န်ထမ်းတွေကို ဂရုစိုက်တဲ့ လုပ်ရပ်ဆိုတော့ ရှက်နေစရာ အကြောင်း မရှိဘူး... "
" နားလည်ပါပြီ... "
ချီရှန်းကျောက် အပြုံးလေးဖြင့် ပြောလိုက်၏။
ရှင်းပြပြီးနောက် ချီရှန်းကျောက် လင်းရီ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
လင်းရီ စားပွဲပေါ် ခြေထောက်တင်ပြီး ထိုင်ခုံနောက်သို့ ကျောမှီထားလိုက်၏။
ဤသည်က ယခုလောလောဆယ် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာပင်။
အကယ်၍ သူကသာ လက်ဦးမှု ရယူပြီး အာယာနဲ မစ်ဆူထံ ဆက်သွယ်ခဲ့မည်ဆိုပါက မသင်္ကာစရာ ကောင်းသွားလိမ့်မည်။
ထို့ကြောင့် သူ့သတင်းကို သူကိုယ်တိုင် လွင့်ရန်သာ ကျန်တော့လေသည်။ အာယာနဲ မစ်ဆူ တုံ့ပြန်လာခြင်း ရှိမရှိကတော့ သူ၏ ကံတရား အပေါ် မူတည်နေတော့၏။
လင်းယွင် အုပ်စုတွင် လင်းရီ မွန်းလွဲပိုင်း တစ်ခုလုံး ရှိနေခဲ့ပြီး အစီအစဉ်များ ချမှတ်နေကာ ဘာတစ်ခုမျှ ကျန်ရစ်ခြင်း မရှိကြောင်း သေချာစေရန် အတည်ပြုနေခဲ့သည်။
လေးနာရီလောက်ရောက်တော့ သူ ကော်ပိုရေးရှင်းမှ ထွက်လာ၍ ကျီချင်းရန်ကို အလုပ်သွားကြိုလိုက်ပြီး အိမ်ပြန်ပြီး ညစာ ချက်စားရန် ဟန်ပြင်ထားလိုက်၏။
ကျီချင်းရန်က အနက်ရောင်တွင် အဖြူရောင် အစက်အပြောက်များနှင့် ဂါ၀န်ကို ၀တ်ဆင်ထားပြီး သူမ၏ သေးသွယ်သည့် ခါးကို ထင်းရင်းနေစေသည်။ သူမ ပခုံးတွင် အကန့်အသတ်နှင့် ထုတ်ထားသည့် Hermes အိတ်ကို လွယ်ထားပြီး တစ်ဖက်မှလည်း ဖုန်းပြောနေလျက် ကားထံသို့ လမ်းလျှောက်လာနေသည်။
" အင်းပါ... ငါ ခဏဆို ရောက်လာတော့မှာပါ... "
" ကောင်လေးကလည်း အိမ်မှာ မရှိဘူးလေ.. နင် ဒီည ငါ့နေရာမှာ အိပ်လို့ရတယ်... "
လင်းရီ "???? "