← Chapters

လျှပ်စစ် ကေဘယ်တွေနဲ့ ရှေးဟောင်းအုတ်ဂူ

Vol. 77 Ch. 1152

လျှပ်စစ် ကေဘယ်တွေနဲ့ ရှေးဟောင်းအုတ်ဂူ

Vol. 77 Ch. 1152

“ ဟေ့‌ ဟေ့ … လူမြင်ကွင်းကြီးမှာ ဘာတွေ လျှောက်လုပ်ချင်နေတာတုန်း…”

“ ကျစ်… နင်က အဲ့တာကို ဂရုစိုက်နေသေးတယ်ပေါ့…”

“ မစိုက်လို့ ဖြစ်ပါ့မလား… ငါ့မှာလည်း ထိန်းသိမ်းရမယ့် သိက္ခာဆိုတာလေးကလည်း ရှိနေသေးတော့ တကယ်လို့ မင်း ဒီလို ကိစ္စမျိုးတွေ လုပ်ချင်တယ်ဆိုရင် ပိုပြီး သီးသန့်ဆန်တဲ့ နေရာဆီ သွားသင့်တယ်…”

“ နင်က ပျော်ဖို့လည်း မကောင်းဘူး..”

လင်းရီ ပြုံးပြီး ရန်စီအား စနောက်နေခြင်းကို ရပ်တန့်လိုက်သည်။ “ ပြီးတောင် ပြီးတော့မယ်… ရိုက်ကူးရေး စဖို့ သိပ်မလိုတော့ဘူး ထင်တယ်…”

ရန်စီ တိုက်ခတ်သွားသည့် လေပြေကြောင့် ဖွာသွားခဲ့သည့် သူမ ဆံစများကို နားအနောက်သို့ သပ်လိုက်ရင်း “ ငါ ဒီနားလေးမှာ နေရာကောင်း တစ်ခု တွေ့ထားတယ်… ဟွမ်ရှီး ကျေးရွာနဲ့ ငါးကီလိုမီတာလောက်ပဲ ဝေးတယ်.. ထျန်းပေါ်လို့ ခေါ်တဲ့ တောင်လေ… အဲ့မှာ သစ်အယ်သီးပင်တွေရော အများကြီးပဲ… ငါတို့ အဲ့နေရာကို ရိုက်ကူးရေးအတွက် ကောင်းကောင်းကြီး အသုံးချလို့ရတယ်… ဒါပေမယ့် လမ်းအခြေအနေက နည်းနည်းဆိုးနေတော့ လူတစ်ချို့ကို ကူညီပေးဖို့ ပြောထားတယ်… နင်လည်း အားနေတယ်ဆိုတော့ ငါနဲ့ အတူ တစ်ချက်လောက် လိုက်ကြည့်လိုက်ပါလား…”

“ ဒီနားမှာ တောင်တစ်ခု ရှိနေတယ်ပေါ့ ဟုတ်လား..” လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး “ ငါ ဒီမှာ နေလာတာဖြင့် ဒီလောက်ကြာနေပြီကို ဒီနားဝန်းကျင်မှာ တောင်တစ်ခုရှိမှန်း ခုမှ ကြားမိတော့တယ်…”

“ နင်ကိုက နင့်ကိစ္စက လွဲရင် တခြားကိစ္စတွေ အားလုံးကို အရေးမှ မစိုက်ပဲကိုး… “ ရန်စီ ပြောဆိုလိုက်၏။

“ အဲ့တာကြီးကတော့ လုံးဝ မမှန်သေးဘူး… ဘယ်သူ့ ကိစ္စလဲ ဆိုတဲ့အပေါ်မှာ မူတည်သေးတယ်…” လင်းရီ တုံ့ပြန် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် ဒီတစ်ခေါက်တော့ မင်းကို အဖော်မလုပ်ပေးနိုင်သေးဘူး.. ငါ တခြား အလုပ်တွေ ရှိသေးတယ်…”

“ ဘာလုပ်စရာလဲ…”

“ ဝက်ခြံ သန့်ရှင်းရေး လုပ်ရမယ်… အဲ့ကောင်ကြီးကို ရေချိုးပေးရမယ်…”

“ ငါ သူများကို ကူပြီး သန့်ရှင်းရေး လုပ်ခိုင်းထားတယ်… နင် အဲ့အသေးအမွှား ကိစ္စလေးကို စိုးရိမ်နေစရာ မလိုပါဘူး…”

“ တကယ်.. မင်းတကယ်ကြီး ကူညီပေးထားတယ်ပေါ့… ကောင်းလိုက်တာ… ငါနဲ့အတူ အိပ်ပေးရုံတင်မကသေးဘူး.. ဝက်ခြံကိုပါ ကူပြီး သန့်ရှင်းပေးထားတယ်…”

“ အနံ့အသက်တွေက ဆိုးရွားလွန်းနေလို့ ငါလည်း ဘယ်လိုမှ သည်းမခံနိုင်တော့လို့ နင့်ကို ကူညီဖို့ ဆုံးဖြတ်လိုက်တာ… ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့…”

“ ဒါဆိုလည်း သွားကြစို့လေ… ငါလည်း ဘာလုပ်စရာမှ မရှိပဲနဲ့…”

သို့နှင့် ရန်စီ၏ ဦးဆောင်မှု အောက်တွင်ပဲ နှစ်ယောက်သား ထျန်းပေါ်တောင်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာက မဆိုးရွားလှသည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့လေသည်။ တောင်ခြေတွင် စမ်းချောင်း အသေးလေး တစ်ခုက စီးဆင်းနေပြီး တောင်တက်လမ်းတစ်လျှောက် ဝဲညာတွင် သစ်အယ်ပင်များက ခြံရံနေလျက် စိမ်းလန်းစိုပြေနေသည်။

တောင်ခြေတွင် မြေကော်စက် နှစ်စင်းနှင့် ထရပ်ကား နှစ်စင်းမှ မြေကြီး အကြွင်းအကျန်များကို အတင် အချ ပြုပြီး လမ်းကို မြင့်နေခဲ့ကြ၏။

သို့ပေမယ့် တစ်ခု စိတ်ဝင်စားဖို့ကောင်းသည်က မြေကော်စက်များ မောင်းနေသည့် လူနှစ်ယောက်မှာ ကျန်းဟော်ပင်းနှင့် ကောင်းဟောင်ယွီတို့ ဖြစ်နေလေသည်။

“ မင်း တကယ်ကြီး သူတို့ကို ဒီခေါ်လာတယ်ပေါ့..”

“ ငါလည်း အစက သူတို့ကို အကူအညီတောင်းဖို့ မရည်ရွယ်ထားပါဘူး… ဒါပေမယ့် မြို့ဝန်ကောင်းကို ငါ့ အကြံဉာဏ်တွေ ပြောပြလိုက်တော့ သူ ပြောတာ ငါ့ အစီအစဉ်က စစ်ဖန်းမြို့အတွက်လည်း ကောင်းတယ်တဲ့… တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်ကလည်း မြေကော်စက် မောင်းတတ်နေကြတယ်လေ… အဲ့တာနဲ့ပဲ သူတို့နှစ်ယောက်ကို ကူညီပေးရအောင် ဒီလွှတ်လိုက်တာပဲ…”

“ ဒါဆိုရင်တော့ ‘ ပုန်းကွယ်နေတဲ့ နဂါး ‘ နဲ့ ‘ ဖီးနစ်ငယ် ‘ ဆိုတဲ့ နာမည်တွေနဲ့ လုံးဝ အံကိုက် ဖြစ်သွားပြီ… သူတို့ နှစ်ယောက်ရဲ့ အကူအညီနဲ့သာဆိုရင် ဒီရဲ့ ရှိုးက ကျိန်းသေပေါက်ကို မအောင်မြင်ပဲ မရှိဘူး.. “

ထိုစဉ်

“ ဟော်ပင်း… ကြည့်ရတာ မင်း တစ်ခုခု တူးမိပြီထင်တယ် ငါ့ကောင်ရေ….”

ကောင်းဟောင်ယွီ၏ စကားက ကျန်းဟော်ပင်း၏ မြေကော်စက် လက်တံကို တုံ့ခနဲ ဖြစ်သွားစေခဲ့သည်။ ပါးစပ်တွင် စီးကရက်ခဲထားရင်း သူခေါင်းကို အပြင်ဘက်သို့ ထုတ်လိုက်၏။

လေပြေတစ်ဝှေ့တွင် သူ၏ ဆံပင်များက လေထဲတွင် ဝဲလွင့်နေပြီး ကျန်းဟော်ပင်း ဆံကို ပုံစံကျနအောင် ပြန်လည်ပြုပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင်တော့ လေကို အစိုးရသည့် နတ်မင်းကြီးမှာ သူ့တစ်ဦးတည်းအတွက် သီးသန့် ဖြစ်တည်နေသည့် သယောင်ပင်။

ရုပ်ကြန်အင်ပိုင်းနှင့် ပတ်သက်၍ကတော့ လင်းရီ ကျန်းဟော်ပင်းထက် ပိုမို ခန့်ညား ချောမောသည် ဆိုတာကို သူ့ကိုယ်သူ သံသယ မရှိချေ။

သို့သော်လည်းပဲ အမူအကျင့်နှင့် စပ်လျဉ်း၍ကတော့ သူက ကျန်းဟော်ပင်းလောက် မတော်သည်မှာ အမှန်ပင်။

အချို့လူများ၏ သန္ဓေပါရမီက သာမန် နောက်ခံမှ ဆင်းသက်လာသည့်တိုင်အောင် ဖုံးကွယ်ထားလို့ မဖြစ်နိုင်ချေ။

“ ဘာတုန်း ဟေ့ကောင်… ငါတို့ ရှေးဟောင်း အုတ်ဂူကို တူးဆွမိလို့လား….” ကျန်းဟော်ပင်း ပြောလိုက်ပြီး “ အိမ်က ဘိုးတော်ကြီး ပြောသံကြားတာတေ့ ဒီရဲ့ ထျန်းပေါ် တောင်အောက်မှာ ထန်ခေတ်က အမတ်ကြီးတစ်ယောက်ရဲ့ အုတ်ဂူကို မြုပ်နှံထားတယ်ဆိုပဲကွ… ငါတို့ အဲ့တာကို သွားတူးမိတာများလား မသိဘူး…”

“ သောက်ကျိုးနည်း.. ဒါဆို ရွှေတွင်း တူးမိတာပဲ.. မြန်မြန် ဆင်းကြည့်ရအောင်…” ကောင်းဟောင်ယွီ မြေကော်စက်ပေါ်မှ ခုန်ဆင်း၍ စိတ်လှုပ်ရှားနေသည့် အသံဖြင့် “ ငါ ဂူသင်္ချိုင်း ဖောက်သူများ၏ မှတ်တမ်းကို ဖတ်ပြီးတာတောင် မကြာသေးဘူး.. ဇာတ်ကွက်တွေကို ခုထိ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးတုန်းပဲ… “

“ ကောင်းကင်က တကယ်ကြီး ငါ့ကို ကူညီနေတာပဲ… “ ကျန်းဟော်ပင်း သူ၏ စီးကရက် ဖင်ဆီကို လွင့်ပစ်လိုက်ပြီး စိတ်လှုပ်ရှားနေသည့် အသံဖြင့် “ ငါ့ရဲ့ လော့ရန် တူရွင်းကို ယူလာခဲ့တာ နောက်ဆုံးတော့ အသုံးတည့်လာပြီ..”

နှစ်ယောက်သား မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်တော့ လင်းရီနှင့် ရန်စီတို့ အနည်းငယ် ကြက်သေသေသွားခဲ့ကြ၏။

သူတို့သာ တကယ်ကြီး ရှေးဟောင်း အုတ်ဂူ တူးမိတယ်ဆိုရင်တော့ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းသွားလိမ့်မယ်…

ထိုအကြောင်း စဉ်းစားမိတော့ လင်းရီတို့ နှစ်ယောက်လည်း ခြေလှမ်းများကို ခပ်သွက်သွက်လှမ်း၍ ဆောက်လုပ်ရေး ဆိုဒ်အနားသို့ ရောက်ရှိလာခဲ့လေသည်။

လေးယောက်သား အတူ စုစည်း၍ မြေအနေအထားကို တစ်ချက်ကြည့်လိုက်တော့….

အကုန်လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

“ ဒီ မည်းမည်း အလုံးကြီးတွေက ဘာကြီးတွေတုန်း...” ကောင်းဟောင်ယွီမှ မေးမြန်းလိုက်သည်။

“ ကေဘယ်တွေနဲ့ တူတယ်…” ကျန်းဟော်ပင်း ပြောလိုက်သည်။

“ မဖြစ်နိုင်တာ… ထန်ခေတ်မှာ လျှပ်စစ်မီးရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတုန်း..”

“ ငါက သမိုင်းကျွမ်းကျင်သူ တစ်ယောက် မဟုတ်ဘူးဆိုပေမယ့် ပြောကြတာတော့ ထန်ခေတ်က တကယ့်ကို ကောင်းစားခဲ့တာတဲ့… သူတို့ လျှပ်စစ်မီး ရခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ…” ကျန်းဟော်ပင်း လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။

“ ဒါဆိုရင်တော့ ဒီရဲ့ အမတ်ကြီးက သိပ် အထင်ကြီးဖို့ ကောင်းသွားပြီ… သူ့ရဲ့ အုတ်ဂူကိုတောင်မှ ကေဘယ်ကြိုးတွေနဲ့ ကာရံထားတယ်…” ကောင်းဟောင်ယွီ အချက်အလက် ကျကျဖြင့် ထောက်ပြ ပြောဆိုလိုက်ပြီး “ ငါ ခန့်မှန်းတာ မှန်ခဲ့မယ်ဆိုရင် ဒီပုဂ္ဂိုလ်က အမတ်ချုပ် အဆင့်လောက် ဖြစ်မယ်… မဟုတ်ရင် ဒီလိုမျိုး စီစဉ်ပေးခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး..”

၎င်းတို့နှစ်ယောက်၏ ရှေ့ရှိ အခြေအနေကို ကောက်နုတ်သုံးသပ်နေသည့် စကားများကို ကြားတော့ ရန်စီ မျက်နှာ မည်းခနဲ ဖြစ်သွားခဲ့တော့သည်။

သူမ လင်းရီအနား မသိမသာကပ်၍ တီးတိုးလေသံဖြင့် “ နင် ပြောတာ ပုန်းကွယ်နေတဲ့ နဂါးနဲ့ ဖီးနစ်ငယ်နော်…. ဒါပေမယ့် ဘယ်လို ပုန်းကွယ်နေတဲ့ နဂါးနဲ့ ဖီးနစ်ငယ်က ဒီလိုတွေ ပြုမူတာ နင်မြင်ဖူးလို့လဲ…”

“ ဒါက..” လင်းရီ မျက်မှောင် နှစ်ခုကို နှိပ်နယ်လိုက်ရင်း ဤကိစ္စက ဘယ်လိုရှုပ်လို့ ရှုပ်နေမှန်းကို စဉ်းစားမရ ဖြစ်နေမိတော့သည်။

“ ရပ် ရပ် ရပ်လိုက်ကြတော့…”

လင်းရီ သူတို့နှစ်ယောက်၏ စကားဝိုင်းထဲ ကြားဖြတ်နှောင့်ယှက်လိုက်ပြီး “ မင်းတို့ နှစ်ယောက် ဆွေးနွေးတိုင်ပင်နေတာ ဒီလောက်ကြာနေပြီကို မင်းတို့ တကယ်ကြီး ကေဘယ်အစစ်တွေ တူးမိတာကော မဖြစ်နိုင်ဘူးလား…”

“ အာ… ကေဘယ် အစစ်တွေ ဟုတ်လား…”

လင်းရီ၏ စကားလုံးများက သူတို့နှစ်ယောက်ကို ရှော့ခ်ရသွားစေခဲ့သည်။

“ ချီးပဲ ဒါဆို ရှေးဟောင်း အုတ်ဂူ မဟုတ်ဘူးပေါ့.. သောက်ကျိုးနည်း ငါ ဘာမဟုတ်တာလေးကို စိတ်လှုပ်ရှားနေမိခဲ့တာပဲ….”

လင်းရီ “ …. “

“ ချီးကို ဘာမဟုတ်တာလေးလား… ဒါ အရေးကြီးတဲ့ ကေဘယ်တွေ ဖြစ်နေနိုင်တယ်ကွ… မင်းတို့ကောင်တွေ ဥပဒေအရ တာဝန်ယူမှု တာဝန်ခံမှုတွေ လုပ်ရတော့မယ်…” “ ဘယ်လို ဘယ်လို… မဖြစ်နိုင်ဘူး… အဲ့လိုဆိုရင် ကျုပ်တို့က ရာဇဝတ်မှု ကျူးလွန်မိလိုက်တာနဲ့ ဘာထူးတော့မှာတုန်း…” “ မဖြစ်ဘူး မဖြစ်ဘူး… ငါတို့ ဘယ်လိုလုပ်ကြမလဲ…”

“ လောလောဆယ် စိတ်အေးအေးထားပြီး ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖုန်းဆက်မေးကြည့်ကြည့်.. သူတို့ရဲ့ ဖိုက်ဘာကေဘယ်တွေကို ဒီနားမှာ မြုပ်ထားသေးလားလို့… ငါတို့ဘက်က စကားကို အောက်ကသွားရင် နည်းနည်းပါးပါး လျော်ကြေးပေးပြီး အဆင်ပြေသွားလောက်မှာပါ….” ကောင်းဟောင်ယွီမှ ပြောလိုက်သည်။

“ ဒါဆိုလည်း ဘာကို စောင့်နေမှာလဲ… အတူဖုန်းဆက်ကြမယ်လေ…”

“ အင်း- အင်း…”

နှစ်ယောက်သား ဖုန်းကိုယ်စီ ထုတ်၍ မည်သည့် ဆက်သွယ်ရေး ကုမ္ပဏီ၏ ကေဘယ်များကို တူးဆွမိလဲ မေးမြန်းစုံစမ်းကြတော့၏။

လင်းရီနှင့် ရန်စီတို့ ဘေးတွင် ကပ်ရပ်နေလိုက်ကြသည်။

“ တကယ်လို့ ဒီလိုဖြစ်မယ်မှန်းသိရင် ကျွမ်းကျင်တဲ့ သူတွေကိုပဲ ငှားလိုက်ပါတယ်ဟယ်.. “ ရန်စီ ငိုရအခက် ရယ်ရအခက် ဖြစ်နေခဲ့ပြီး “ အနေအထားကို ကြည့်ရသလောက်တော့ ငါတို့ လျော်ကြေးပေးရတော့မယ်နဲ့ တူတယ်…”

“ ထားလိုက်စမ်းပါ… သူတို့လည်း တမင်တကာ လုပ်လိုက်တာမှ မဟုတ်ပဲကို.. ဒါပေမယ့် ငါ နားမလည်နိုင်တာ ကေဘယ်ကြိုးတွေ မြင်ပါလျက်နဲ့တောင် ထန်ခေတ်မှာ လျှပ်စစ်မီးတွေ ရတယ်ဆိုပြီး ဘယ်လိုတောင် သောက်ကျိုးနည်း တွေးမိသွားကြတာပါလိမ့်.. တကယ့်ကို ရှားပါးတဲ့ အတွေးအခေါ် ပညာရှင်ကြီးတွေပဲ… ကွန်ဖြူရှပ်တို့နဲ့ ခေတ်ပြိုင် မဟုတ်ခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်.... ”

“ တွေးခေါ်တတ်တာက ကောင်းတာပဲလေ.. မဟုတ်ဘူးလား… ခစ်ခစ်…”

နာရီဝက်ခန့် ကြာပြီးနောက် နှစ်ယောက်သား အသီးသီး ဖုန်းခေါ်ဆိုလို့ ပြီးသွားခဲ့ပြီး စိတ်သက်သာရသည့် အမူအရာမျိုးဖြင့် လင်းရီတို့အနား ရောက်လာခဲ့ကြသည်။

“ ကျုပ်တို့ ဆက်သွယ်ရေး ကုမ္ပဏီတိုင်းကို ဖုန်းဆက် မေးပြီးသွားပြီ… သူတို့ပြောတာ ဘာပြဿနာမှ မရှိပါဘူးတဲ့…” ကျန်းဟော်ပင်း ပြောဆိုလိုက်ပြီး “ ကြည့်ရတာတော့ စွန့်ပစ်ခံထားရတဲ့ ကေဘယ်တွေ နေမှာ… ကျုပ်တို့ ဦးလေးကောင်းကို ပြောပြီး ဘာဖြစ်လဲ စုံစမ်းခိုင်းလိုက်မယ်…”

“ ချီးပဲ… ငါ့မှာတော့ သေမတတ် ကြောက်လန့်လိုက်ရတာ…” ကောင်းဟောင်ယွီ ပြောဆိုလိုက်ပြီး “ ငါတို့သာ တကယ်ကြီး ကေဘယ်အစစ်တွေ သွားတူးမိလို့ကတော့ ငါတို့ မိသားစုတွေ လျော်ပေးရတော့မှာပဲ…”

“ အန္တရာယ်ထဲက ကံကောင်းမှုပေါ့ကွာ…”

ရန်စီ “ …..”

မှားနေပြီလေ… သုံးရမှာ အဲ့စကားပုံ မဟုတ်ဘူး..

“ ကဲပါ.. ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ ကေဘယ် မဟုတ်ဘူးဆိုမှတော့ ဘာထွေထူး ပြဿနာမှ မရှိတော့ဘူး…” ရန်စီ ပြောလိုက်ပြီး “ ရှောင်ယွီ… လောလောဆယ်တော့ အလုပ်နားထားဦးနော်… ငါ နင့်အဖေဆီ ဖုန်းဆက်ပြီးတော့ စွန့်ပစ်ထားတာ ဟုတ်မဟုတ် အတည်ပြုလိုက်ဦးမယ်…”

“ ကျုပ်အဖေက ကောင်တီကို အစည်းအဝေး သွားနေတာ သူ့ကို ဆက်သွယ်လို့ ရမှာ မဟုတ်ဘူး… “ ကောင်းဟောင်ယွီ ပြောလိုက်သည်။

“ ဒါပေမယ့် ပြဿနာ အကြီးစားလို့တော့ မထင်ပါဘူး… ကတ်ကြီးသုံးပါးရဲ့ ကေဘယ်တွေက လွဲရင် ဘယ်သူက ဒီလိုနေရာမျိုးမှာ ကေဘယ်တွေ လာမြုပ်ထားမှာမို့လို့…”

“ မင်းတို့ကောင်တွေ စစ်တပ်ကိုကော ဖုန်းဆက်ပြီးကြပြီလား…” လင်းရီ ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။

ရန်စီ “ ??? “

စစ်တပ်ရဲ့ ကေဘယ်တွေလား…

All Chapters