ဘာမှမဖြစ်ဘူး ... သေဒဏ်လောက်ပဲ
Vol. 77 Ch. 1153
ရန်စီ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့တော့၏။
အကယ်၍ သူတို့သာ ဆက်သွယ်ရေး ကုမ္ပဏီများ၏ ကေဘယ်ကြိုးကို ဖြတ်တောက်ခဲ့မိသည် ဆိုရှိသော် ပြဿနာ ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ချေ။ လျော်ကြေးပေးရုံမျှနှင့် အေးဆေး ဖြေရှင်းနိုင်သည်။
သို့သော် အကယ်၍ သူတို့သာ တကယ်ကြီး စစ်တပ်မှ လာမြုပ်ထားသည့် ကေဘယ်ကြိုးများကို ဖြတ်တောက်မိခဲ့မည် ဆိုပါက အင်မတန် ကြီးလေးသည့် ကိစ္စတစ်ရပ် ဖြစ်သွားခဲ့ချေပြီ။
ဧရာမ များပြားလှသည့် ဒဏ်ကြေးငွေကို ပေးဆောင်ရရုံတင်မက တာဝန်နှောင့်ယှက်မှုဖြင့် အရေးပင် ယူခံရနိုင်သည်။
“ ဟေ့ကောင်… စစ်တပ်ရဲ့ နံပါတ်ကို မင်းသိလား… ဒါမှ မဟုတ် အရေးပေါ် နံပါတ်ကို ခေါ်လိုက်ရမလား..” ကျန်းဟော်ပင်း တံတွေးတစ်လုတ် မျိုချပြီး အသံတုန်ယင်စွာဖြင့် မေးလိုက်သည်။
“ ရမယ်မထင်ဘူး…” ကောင်းဟောင်ယွီမှ ပြန်ပြောလိုက်သည်။
“ ဒါဆို ဘယ်လိုလုပ်ကြမတုန်း… လခွီးတဲ့မှ … ငါ သေးပေါက်ချင်သလိုလိုတောင် ဖြစ်လာပြီ…”
ကျန်းဟော်ပင်း တွေးရင်း တောရင်းဖြင့် ဂနာမငြိမ် ဖြစ်လာခဲ့တော့၏။
“ အေးဆေးပေါ့ …အဲ့လောက်ကြီးလည်း စိုးရိမ်မနေကြစမ်းပါနဲ့…” လင်းရီပြောလိုက်သည်။
“ ကောင်းပြီ… ငါ့အစ်ကိုက အဲ့လိုပြောလာမှတော့ ကျုပ်လည်း စိတ်အေးအေးထားလိုက်တော့မယ်… ကျုပ်တော့ဖြင့် လန့်လွန်းလို့ ခေါင်းမီးတောက်မတတ်ပဲ..”
“ မင်းတို့ကိုယ်မင်းတို့ အကောင်းဆုံးသာ ပြင်ဆင်ထားကြ.. သေဒဏ်ပေးခံရတာမျိုးလည်း ဖြစ်နိုင်တယ်…”
ကျန်းဟော်ပင်း “ …. “
ကောင်းဟောင်ယွီ “ …. “
“ နေ - နေစမ်းပါဦး… အဲ့လောက်ထိကြီးတောင် ဆိုးသလား… ကျုပ်မိသားစုမှာ ကျုပ်က တစ်ဦးတည်းသော သားဗျ… ကျုပ် မိန်းမတောင် မရသေးဘူး….ကြိုက်နေတဲ့ ကောင်မလေးကိုတောင် ဖွင့်မပြောရသေးဘူး…အာ ... ကျုပ် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်ဘူးဗျာ…”
“ အသာနေ…. ငါ ဖုန်းတစ်ချက်ဆက်ပြီး အခြေအနေကို လှမ်းမေးကြည့်လိုက်ဦးမယ်…”
ပြောပြီးနောက် လင်းရီ ဖုန်းထုတ်၍ ရန်ကွမ်းရှ၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဖုန်းမှာ ဝင်သွားခဲ့လေသည်။
“ အေး ကောင်လေးရီ.. ဘာကိစ္စတုန်း.. ”
လင်းရီ ရယ်သွမ်းလိုက်ရင်း “ ကျုပ် အကြီးအကဲကို တစ်ခုလောက် မေးချင်လို့…”
“ မေးလေ…”
“ ကျုပ် ကေဘယ်တစ်ချို့ တူးမိထားတယ်… ပြီးတော့ ကတ်ကြီး သုံးပါးရဲ့ ကေဘယ်တွေလည်း ဟုတ်ဟန်မတူဘူး.. အဲ့တာ စစ်တပ်ရဲ့ ကေဘယ်တွေများလားလို့… တကယ်လို့ အကြီးအကဲတို့ ဥစ္စာဆိုရင် လူတစ်ယောက်လွှတ်ပြီး စစ်ဆေးခိုင်းလိုက်ပါလား…”
“ ဟေ.. အဲ့လို ကိစ္စလည်း ရှိသေးတယ်ပေါ့…” ရန်ကွမ်းရှ အံ့အားသင့်သည့် လေသံဖြင့် ပြောလာခဲ့ပြီး “ မင်းကတော့ အမြဲတမ်း မီးပတ်မွှေးနေတော့တာပဲ… ငါ တစ်ချက် မေးကြည့်ပြီး မင်းဆီ ပြန်ဆက်လိုက်မယ်..”
“ ကျေးဇူးပါဗျ…”
လင်းရီ ဖုန်းချပြီးနောက် ရန်စီ မေးလာခဲ့သည်။ “ သူတို့ ဘာပြောလဲ…”
“ သူတို့အခု စစ်ဆေးကြည့်နေပြီတဲ့…”
လင်းရီသည်လည်း လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီးတော့မှ သိပ်မသေချာပေ။ စစ်တပ်၏ ကေဘယ်ကြိုးများကို မတော်တဆ ဖြတ်တောက်မိသည်က လိပ်ပြာတောင်ပံခတ်လိုက်သည့် နိယာမကဲ့သို့ ခန့်မှန်းမရသည့် အကျိုးဆက်များကို ဖြစ်ပွားသွားစေနိုင်သည်။
ယင်းက နိုင်ငံတော် လုံခြုံရေး ကိစ္စနှင့် ဆက်စပ်သက်ဆိုင်နေပြီး ပေါ့သေးသေး တွက်လို့မရချေ။
ဆယ်မိနစ်ကြာပြီးနောက် ရန်ကွမ်းရှ ဖုန်းပြန်ခေါ်လာခဲ့သည်။
“ အေး ဟွမ်ရှီးကျေးရွာတစ်ဝိုက်က ဧရိယာတွေတော့ ဆက်သွယ်ရေး ပြတ်တောက်သွားတယ်တဲ့… အဲ့တာ မင်းနေတဲ့ နေရာမလား…”
“ ဟုတ်တယ်.. ကျုပ် အခု ဒီကို ရောက်နေတာ…”
“ မင်း လုပ်လိုက်တာလား…” ရန်ကွမ်းရှ မေးလာခဲ့၏။
လင်းရီ သူ့ကို မျှော်တကိုးနှင့် ကြည့်နေသည့် ကျန်းဟော်ပင်းနှင့် ကောင်းဟောင်ယွီတို့ကို တစ်ချက်ကြည့်လိုက်ပြီး “ ဟုတ်တယ် အကြီးအကဲ .. ကျုပ် လုပ်လိုက်တာ…”
“ မင်းဆိုရင်တော့ အဆင်ပြေပါတယ်.. ငါ ဒီတစ်ခုကို ကြည့်ရှင်းပေးလိုက်မယ်… ဒါပေမယ့် နောက်တစ်ခေါက်ဆိုရင်တော့ သတိထားဦး… ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးကွ…”
“ ကျုပ်လည်း သိပါတယ်… ဒါပေမယ့် အကြီးအကဲတို့ကလည်း အနည်းဆုံးတော့ ဆိုင်းဘုတ်လေး တစ်ခုလောက် ထောင်ထားသင့်တာပေါ့… ကျုပ်တို့လည်း ဒီနားမှာ စစ်တပ် ကေဘယ်တွေ ရှိမှန်း မသိဘူးလေ… တူရွင်း တစ်ချက် ကော်လိုက်တာ ဘွားခနဲ ပေါ်လာခဲ့တော့တာပဲ…”
“ နိုင်ငံတော် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လာရင် မင်း ဒီသဘောတရားတွေ နားလည်သင့်တယ်…”
“ ဒီတော့ တကယ်လို့ ပုံမှန် လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆိုရင် ဘယ်လိုမျိုး အပြစ်ပေးခံရမှာလဲ….”
“ ငွေဒဏ်နဲ့ ထောင်ဒဏ်ပဲ… ပုံမှန်ဆို စစ်တပ်ရဲ့ ကေဘယ်တွေ ဖြတ်တောက်မိခဲ့ရင် တစ်စက္ကန့်ကို ယွမ် ၄၀၀၀ ပေးဆောင်ရမယ်… သာမန် အသေးအမွှား အကျိုးဆက်လေးတွေပဲ ရှိခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ဆယ်နှစ်လောက်ပဲပေါ့… တကယ်လို့ အဲ့အတောအတွင်း ကြီးလေးတဲ့ ကိစ္စတွေ ဖြစ်သွားခဲ့လို့ကတော့ သေဒဏ်တောင် ကျခံရနိုင်ချေရှိတယ်…”
“ သောက်ကျိုးနည်း… တစ်စက္ကန့်ကို ယွမ် ၄,၀၀၀ … “
“ ဒါကြောင့်မို့ ပေါ့သေးသေး တွက်လို့ မရဘူး ပြောတာပေါ့ကွ… ဒီခုကစပြီး သတိထားဦး… “ ရန်ကွမ်းရှ ပြောလိုက်ပြီး “ မင်းရဲ့ ဆောက်လုပ်ရေး ဆိုဒ်ကိုတော့ လောလောဆယ် ဘာမှ မထိသေးဖို့ ပြောထားလိုက်… ငါတို့ဘက်က ကိုင်တွယ်ဖို့ လူတွေ လွှတ်လိုက်ပြီ… သူတို့ ရောက်လာရင် ကူညီပေးဖို့ လူတစ်ယောက် နှစ်ယောက် ရှိရင် အဆင်ပြေပြီ…”
“ နားလည်ပါပြီ…
ဖုန်းချပြီးနောက် ကျန်းဟော်ပင်းနှင့် ကောင်းဟောင်ယွီတို့ လင်းရီကို အလောသုံးဆယ်နှင့် မေးမြန်းကြတော့၏။
“ ငါ့အစ်ကို…. အခု အဆင်ပြေသွားပြီတဲ့လား ..”
“ ပြေပြီ… ငါ မင်းတို့ကိုယ်စား ဖြေရှင်းပေးလိုက်ပြီ..” လင်းရီ ပြန်ပြောလိုက်ပြီး “ မင်းတို့ နှစ်ယောက် ဒီမှာပဲ စောင့်နေ… ခဏနေကျရင် စစ်တပ်ကနေပြီး တစ်စုံတစ်ယောက်ကို လွှတ်ပေးလိုက်လိမ့်မယ်… သူတို့မေးလာခဲ့ရင် မင်းတို့ လုပ်ဖို့လိုတာက မင်းတို့ရဲ့ ပါးစပ်ကို ပိတ်ထားပြီး ငါလုပ်တာလို့ ပြောလိုက်ရုံပဲ…”
“ နားလည်ပြီ နားလည်ပြီ… ငါ့အစ်ကိုပြောတဲ့အတိုင်းပဲ လုပ်မယ်…”
၎င်းတို့ကို ပြောစရာရှိသည်များ ပြောဆိုပြီးနောက် လင်းရီ အညောင်းဆန့်လိုက်ရင်း ရန်စီဘက်သို့ လှည့်၍ “ ငါတို့ တောင်ပေါ် လမ်းလျှောက်ကြမလား…”
“ ကောင်းသားပဲ… ငါလည်း တောင်ပေါ်က ရှုခင်းတွေ မဆိုးလောက်ဘူးလို့ စဉ်းစားနေတာ… သွားရင်းနဲ့ အကြံဉာဏ်သစ်တွေလည်း ရရင် ရလာမှာပေါ့…”
“ အင်း… ငါ့မှာလည်း အကြံဉာဏ်သစ်တွေရှိတယ်.. ငါတို့ စမ်းကြည့်ကြလို့ရတယ်…” လင်းရီ ယိသဲ့သဲ့ လေသံဖြင့် ပြောဆိုလိုက်သည်။
ရန်စီ လင်းရီကို တအား ဆွဲဆိတ်လိုက်တော့၏ “ နင့် ဦးနှောက်က ဘာတွေ အတွေးပေါက်လဲဆိုတာကို မသိဘူးများ ထင်နေတာလား… ငါက လေးနက်တဲ့ ကိစ္စတွေ ပြောနေတာဟဲ့… ရွှတ်တီးရွှတ်နောက်တွေ လုပ်မနေနဲ့..”
ပြောပြီးနောက် နှစ်ယောက်သား တောင်တက်လမ်းဆီသို့ အတူ လမ်းလျှောက်သွားခဲ့ကြသည်။
တောင်ထိပ်က အရမ်းကြီး မမြင့်။ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၂၀၀ လောက်သာ ရှိသည်။ ဆန်းဆန်းပြားပြားဖြင့် ခမ်းနားနေသည်မျိုး မဟုတ်ဘဲ သစ်အယ်သီးပင်များ ခြံရံနေလျက် ရိုးရှင်းစွာဖြင့် အတင့်ဆန်းနေခြင်း ဖြစ်သည်။
“ နင် ဘယ်လို ခံစားရလဲ…” ရန်စီ မေးမြန်းလိုက်သည်။
“ ရှုခင်းက မဆိုးဘူး… ရှေ့နားလေးမှာ အဆောက်အဦးတစ်ချို့ရှိတယ်… ကြည့်ရတာ မြို့က ဒီနေရာကို ရှုခင်းသာ သဘောမျိုး လုပ်ချင်နေတယ်နဲ့တူတယ်… ဒါပေမယ့် ရန်ပုံငွေ ပြတ်လပ်သွားတော့ တစ်ပိုင်းတစ်စနဲ့ ချန်ရစ်ထားလိုက်တာ ဖြစ်မယ်…” လင်းရီ ပြောဆိုလိုက်သည်။
“ ဒီလိုမျိုး ပရောဂျက် အသေးစားတွေက အတော်အသင့်လောက်ပဲ ပြီးရင်ကို အခွန်တစ်ချို့ ရနိုင်တယ်… “ လင်းရီ ပြောပြီးသကာလ ဆက်လက်၍ “ ဒါပေမယ့် မင်းက အခု ရိုက်ကူးရေး လုပ်မယ်ဆိုတော့ ဒီနေရာကို သေချာပေါက် လူတွေ အာရုံစိုက်မိသွားမှာပဲလေ.. တကယ်လို့ မင်းဘက်က လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ့ဘက်က ရင်းနှီးမြုပ်နှံပေးမယ်.. အဆောက်အဦးတွေ ထပ်ဆောက်ပြီး သေချာလေး လှလှပပရိုက်လိုက်ရင် တကူးတက ကြော်ငြာတောင် ပြန်ရိုက်နေစရာ မလိုတော့ဘူး…”
ရန်စီ ဆံပင်ကို အနောက်သို့ သပ်လိုက်ရင်း “ ငါက အလုပ်ရှားနေတာမှ မဟုတ်တာ… အစကတည်းကရင် မီဒီယာ လောကထဲမှာပဲ ခြေချထားဖို့ ဆုံးဖြတ်ပြီးသား… ဒါပေမယ့် နင့်ရဲ့ အကြံကတော့ မဆိုးပါဘူး.. တကယ်လို့ ဒီလို လုပ်ချင်တဲ့ တစ်ယောက်ယောက် ရှိလာခဲ့ရင် နင့်အကြံကို ပြောပြပြီး အကြွေးတစ်ချို့ တင်ခံလိုက်ပါမယ်လေ..”
“ မင်းက အလှူလက်ဖက်နဲ့ မျက်နှာလုပ်နေတာပဲ မဟုတ်ဘူးလား…” လင်းရီ စနောက်လိုက်၏။
“ အဲ့ဒါက.. နင်လည်း စီးပွားရေး အသေးစားလေးတွေကို စိတ်မှမဝင်စားဘဲနဲ့ ငါက ဒီတိုင်း ကောင်းမှုတစ်ချို့ လုပ်ပေးရုံပါပဲ..”
လင်းရီ ပြုံးရုံမျှ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ “ ဒါနဲ့… ငါတို့ ပြန်ရောက်ရင် ဟိုနှစ်ယောက်ရဲ့ အချက်အလက်တစ်ချို့ ရအောင် လုပ်ထားဦး…”
“ ဟိုနှစ်ယောက် .. ကောင်းဟောင်ယွီနဲ့ ကျန်းဟော်ပင်းကိုလား…”
“ အင်း… ဖြစ်တော့ ဖြစ်နိုင်ချေ မရှိဘူးဆိုပေမယ့် နိုင်ငံတော် လုံခြုံရေးနဲ့ သက်ဆိုင်နေတဲ့ ပေါ့သေးသေးတွက်လို့ မရဘူး…”
“ အင်း.. နင်ပြောချင်တာကို ငါနားလည်ပြီ…” ရန်စီ လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။
“ ခုနတုန်းက နင့်ကို ကူညီပေးလိုက်တဲ့သူက ငါတို့ ပထမတစ်ခေါက် ဆုံတဲ့အချိန်တုန်းက တွေ့ခဲ့တဲ့ အကြီးအကဲမလား…”
“ မင်း ဘယ်လိုလုပ်ပြီး သိနေတာလဲ…”
“ အမျိုးသမီးတွေရဲ့ ဆဌမ အာရုံနဲ့လေ…” ရန်စီ ပြောလိုက်ပြီး “ ငါ အစတုန်းကရင် နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန် မဟုတ်ဘူးလို့ ခံစားခဲ့ရတာ… သူများက စစ်တပ်ရဲ့ အကြီးအကဲခေါင်းဆောင်ကြီးကို နင်က ဘယ်လိုလုပ်ပြီး သူနဲ့ ရင်းနှီးသွားခဲ့တာလဲတဲ့…”
“ မင်းကြည့်ရတာ ငါ အရင် ဟွာရှန်းဆေးရုံရဲ့ နှလုံးခွဲစိတ်ဌာနမှာ ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မေ့သွားတဲ့ပုံပဲ… သူ့ရဲ့ ရောဂါကို ငါပဲ ခွဲစိတ်ပေးခဲ့တာလေ… အဲ့နောက်ပိုင်း တစ်ကြိမ် နှစ်ကြိမ်လောက် ဆက်စပ်မိတော့ ရင်းနှီးသွားခဲ့တာပဲ…”
“ လက်စသတ်တော့ ဒီလိုကိုး…”
“ ဒီက အမျိုးသမီးရောဂါတွေလည်း သိပ်ကျွမ်းတာနော်… တကယ်လို့ စိတ်ထဲ နေ့လို့ မကောင်းရင် ငါ့ဆီဖုန်းဆက်ပြီး အကြံဉာဏ်လှမ်းတောင်းလို့ရတယ်… ငါအိမ်တိုင်ရာရောက် အခမဲ့ လိုက်ကုပေးမယ်…”
“ နှာဘူး…”
နှစ်ယောက်သား ပြောရင်း ဆိုရင်းဖြင့် တောင်အောက်သို့ ပြန်ဆင်းလာခဲ့ကြ၏။
တောင်ခြေတွင်တော့ စစ်ယူနီဖောင်းနှင့် အရာရှိနှစ်ယောက် ရောက်နေနှင့်ပြီး ကေဘယ်များကို ပြန်လည်ဆင်နေသည်။ လင်းရီ ရှက်ရှက်နှင့် တောင်းပန်စကားဆိုပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
သို့ပေမယ့် လင်းရီသည်က အမြဲတမ်း ပြင်ဆင်ထားတတ်သည့် လူတစ်ယောက်ဖြစ်သည်။ ကားထဲတွင် အမြဲထည့်သိမ်းထားသည့် မောင့်ထိုင်နှစ်ဖာထဲမှ နှစ်လုံးကိုယူ၍ တပ်အရာရှိထံ လက်ဆောင်ကမ်းပေးလိုက်၏။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းလိုက်သည့် သဘောပင်။
လက်ထဲ ရှိသည့် ကိစ္စများ ပြီးဆုံးတော့ လင်းရီ အိမ်သို့ ပြန်လာပြီး ဝက်ခြံသန့်ရှင်းရေး လုပ်၏။ ထို့နောက် ပေါင်းပင်များကို ရှင်းလင်းပြီး ဖန်လုံအိမ်ထဲရှိ အသီးများကို တစ်ချက် စစ်ဆေးလိုက်သည်။
ပိုးကိုက်နေသည့် အသီးများကိုတော့ သူ ချက်ချင်း ဖယ်ရှားလိုက်ပြီး အားလုံးပြီးစီးတော့မှ အိမ်သို့ ပြန်လာခဲ့လိုက်၏။
…….
မသိလိုက် မသိခင်မှာပဲ အချိန် နှစ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီး လင်းယွင်အုပ်စု၏ ဂျပန်သို့ စုပေါင်းခရီးသွားမည့် ခရီးစဉ်မှာ မကြာမီတွင် ရောက်ရှိလာပေတော့မည်။
လင်းရီ ယခင်က ဂျပန်ကို တစ်ကြိမ်တစ်ခါမျှ ရောက်ဖူးခြင်း မရှိသော်လည်း စိတ်ထဲ မည်သို့မျှ ခံစားနေရခြင်း မရှိချေ။
သို့သော် တစ်ဖက်တွင်တော့ ဂျပန်သို့ ရောက်ဖူးနေသည့် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ ဤနှစ်ရက်တာတွင် ပြင်ရင်းဆင်ရင်းဖြင့် မည်သည်များနှင့် အလုပ်ရှုပ်နေမှန်းကို လင်းရီ မပြောတတ်တော့ချေ။ သူ ကြည့်လိုက်ပြန်ရင်လည်း တိုးတိုးတိတ်တိတ် စိတ်လှုပ်ရှားနေသည့် မျက်နှာထားများဖြင့် တစ်ခုခုကို အသည်းအသန်ပြောဆိုနေခဲ့ကြ၏။
“ ရီ…. ညနေကျရင် ငါ ဈေးသွားမို့ လိုက်ခဲ့ပေးပါဦး…” ဖုန်းထဲမှ ကျီချင်းရန်၏ အသံက ထွက်ပေါ်လာသည်။