အတွင်းစိတ်ရိုင်း
Vol. 010 Ch. 955
ပြည်နယ်ကိုးခုမှ လူများအားလုံး ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မကို စိတ်ဝင်စား နေကြောင်း သိကြသည်။ တကယ့် သူတို့ နှစ်ယောက်၏ ပုံပြင်ကိုမူကား လူကြီး မျိုးဆက်များသာ သိကြပေသည်။
ပုံပြင်၏အစမှာ ကျောက်ပြည်ထောင် အင်အား လျော့ပါးလာခြင်းနှင့် မှန်နန်းတော် အင်အား ကြီးမားလာခြင်းဖြင့် စသည်။
ပုံမှန်အားဖြင့် အပေါ်ယံ၌ ကျောက်ပြည်ထောင်နှင့် မှန်နန်းတော်မှာ ကောင်းမွန်သော ဆက်ဆံရေးရှိဟန် ရသည်။ သို့သော်လည်း အရှေ့ဘက်ပြည်နယ်၏ တော်ဝင်မြေ သုံးခုမှာ အလွန် ရှုပ်ထွေးသော ဆက်နွယ်မှုများ ရှိသည်။
ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ အကြား မဟာမိတ်မှာ ပုံမှန်အားဖြင့် မှန်နန်းတော်၏ တည်ရှိမှုကို အနည်းနှင့်အများ ခြိမ်းခြောက် လာခဲ့သည်။ ကျောက်ပြည်ထောင်က ယခင် သူတို့၏ အကြွင်းမဲ့ အာဏာကို အရှေ့ဘက် ပြည်နယ်၌ ပြန်လည် တည်ဆောက် လိုခဲ့သည်။ ထို့ကြောင့် သူတို့ မဖြစ်မနေ ရှင်းလင်းရမည်ကား မှန်နန်းတော် ဖြစ်သည်။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော် ပြဿနာက ထိုကိစ္စအား နှောင့်နှေး စေခဲ့သည်။
တူညီစွာပင် မှန်နန်းတော် သခင်မကလည်း ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်ကို ခုခံရန် တော်ဝင်ကျဲ နန်းတော်အား ထောက်ပံ့ရန် လိုနေသည်။ တော်ဝင်ကျဲ နန်းတော်သာ အဆုံးသတ် သွားပါက မြှားဦးမှာ မှန်နန်းတော်သို့ ရောက်လာမည်မှာ အနှေးနှင့်အမြန် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း များစွာက ဖြစ်ပျက်ခဲ့သည်များကို မသိသောသူများ ပေသည်။ သူတို့အားလုံးက ရှန့်ထိုနှစ်ပါးအား နားမလည်စွာ ကြည့်ကြ၏။
ရီဖူရှင်းကလည်း နားမလည်စွာ ကြည့်သည်။ မြေရိုင်းပြည်နယ် အတွက်ကား ပြည်နယ်ကိုးခုနှင့် အဆက်အဆံ မရှိခဲ့သည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုကိစ္စများအား သိရန် မဖြစ်နိုင်ပေ။
ကျောက်ပြည်ထောင် ဘုရင်က သူမအတွက် မှန်နန်းတော် တစ်ဆောင် တည်ဆောက် ထားပေးခဲ့သည်ဟု ကြားလျှင် မှန်နန်းတော် သခင်မ၏ မျက်နှာက ပိုမိုအေးစက် လာသည်။ သူမထံမှ ပြင်းထန်သော လူသတ် အငွေ့အသက်များ ထွက်ပေါ် လာခဲ့၏။ သူမထံမှ အေးစက်သော လှိုင်းများ ထွက်ပေါ်လာကာ ကျောက်ပြည်ထောင် ဘုရင်အား လျစ်လျူရှုလျက် ရှေ့သို့ ဆက်သွားသည်။
ရှားရှင်းယွန်နှင့် လီယောင်တို့ ဦးဆောင်သော ထိပ်သီး တန်ခိုးရှင်များမှာ ရှေ့ဆုံး၌ ရုပ်သေးများအား ရင်ဆိုင်ကာ ဆက်လက် သွားနေကြဆဲ ဖြစ်သည်။
ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော်သခင်မ ထုတ်လွှတ်သော အအေးလှိုင်းများအား ဂရုစိုက်ဟန် မတူဘဲ သူဘေးမှ ပျံသန်းလာရင်း ပြောသည်... “မင်းအတွက် အရင်က ဖြစ်ခဲ့တာတွေကို မေ့ဖို့ခက်တာ ငါသိတယ် ... ငါလည်း မမေ့ဘူး...။ တကယ်လို့ မင်းက အဲဒီအစွဲတွေကို လွှတ်ချပြီး ငါနဲ့ လက်တွဲမယ်ဆိုရင် ငါတို့က အရှေ့ဘက် ပြည်နယ်မှာ နတ်ဖက်တဲ့စုံတွဲ ဖြစ်လာပြီးတော့ အရာအားလုံးကို စိုးမိုး နိုင်လိမ့်မယ်...”
မှန်နန်းတော် သခင်မ၏ အေးစက်သော မျက်လုံးများမှာ ပိုမို၍ တင်းမာ ခက်ထန်လာဟန် ရသည်။ သူမကား အရှေ့ဘက် ပြည်နယ်၏ နာမည်ကျော် ကလန်တစ်ခုမှ မွေးဖွားလာခဲ့သူ ဖြစ်ပြီး ရုပ်ရည်နှင့်ပါရမီ နှစ်မျိုးလုံး၌ အမြင့်ဆုံးရှိသူ ဖြစ်သည်။ မှန်နန်းတော် သခင်မက ငယ်ရွယ်စဉ် အချိန်အခါ ကတည်းက အလားအလာ ကောင်းသူအဖြစ် သတ်မှတ်ခံခဲ့ရကာ ယခင် မှန်နန်းတော် သခင်ကိုယ်တိုင် သူမအား တပည့်အဖြစ် လက်ခံခဲ့သည်။ ထိုအဖြစ်က ယခင် အချိန်အခါက အရှေ့ဘက် ပြည်နယ် တစ်ခုလုံအား လှုပ်ခတ်ခဲ့သည်။
ထိုအချိန်က သူမမှာလည်း စေ့စပ်ထားသူ တစ်ဦး ရှိပေသည်။ သူမနှင့် စေ့စပ်ထားသူမှာလည်း ကိုယ်တိုင်က ပါရမီ အလွန်မြင့်ပြီး နာမည်ကျော် ကလန်မှ ဖြစ်ကာ မိသားစုချင်း ခေတ်အဆက်ဆက် ခင်မင် ရင်းနှီးခဲ့ကြသူများ ဖြစ်ကြသည်။ သို့သော်လည်း သူက ကျောက်ပြည်ထောင်မှ နာမည်ကျော် ပါရမီရှင် ကျောက်ကျိမင်နှင့် ယှဉ်လျှင်ကား မှေးမှိန် ရပေသည်။
မှန်နန်းတော် သခင်က သူမအား လက်ရင်း တပည့်အဖြစ် ရွေးချယ်ခဲ့ရာ ကျောက်ကျိမင်၏ စိတ်ဝင်စားမှုကို ရခဲ့သည်။ ထို့နောက်တွင် ကျောက်ကျိမင်က သူမအား အရူးအမူး လိုက်လံ ပိုးပန်းခဲ့၏။ သို့သော်လည်း မှန်နန်းတော်နှင့် ကျောက်ပြည်ထောင်တို့၏ ဆက်ဆံရေးမှာ ထိုစဉ် အချိန်အခါက တင်းမာနေခဲ့ရာ ထိုကိစ္စမှာ မည်သို့မှ မဖြစ်နိုင်သော အရာဖြစ်လာသည်။ ပြဿနာများအား ရှောင်ဖယ်ရန် သူမတို့မိသားစုက လက်ထပ်ပွဲအား မြန်ဆန်စွာ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုနေ့က သူမကား လက်ထပ်ဝတ်စုံဖြင့် အလွန် လှပနေခဲ့သည်။ သူမ၏ အနာဂတ်မှာလည်း ဖြောင့်ဖြူး နေခဲ့၏။ ထို့အပြင် သူမက လက်ထပ် ပြီးသည်နှင့် မှန်နန်းတော်သို့ ဝင်ကာ ရှန့်ထို၏လက်အောက်၌ သေသေချာချာ သင်ယူလေ့လာ ရတော့မည်ဖြစ်သည်။ သို့သော် ထိုနေ့ကပင် သူမအတွက် အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။
သူမအား မင်္ဂလာခန်းဝင် ပစ္စည်းများဖြင့် သတို့သား၏ အိမ်တော်သို့ ခေါ်ဆောင် သွားခဲ့ခြင်း ခံခဲ့ရသော်လည်း ထိုနေရာမှာ အမှန်တကယ် ကျောက်ပြည်ထောင် ဖြစ်နေခဲ့သည်။ သူမ၏သတို့သားနှင့် မိသားစုတို့က သူမအား ထိုနည်းဖြင့် သစ္စာဖောက် ရောင်းချခဲ့ကြသည်။
ကံကောင်းခဲ့သည်ကား သူမ၏ဆရာက ထိုသတင်းများကို ကြားပြီး မြန်ဆန်စွာ ရောက်လာခဲ့ကာ ကျောက်ပြည်ထောင်အား ထွင်းဖောက် ဝင်လာပြီး သူမအား ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ သူမက ထိုနေ့ အိပ်မက်ဆိုးမှ လွတ်မြောက်ခဲ့၏။ သို့သော်လည်း နောက်တစ်နေ့ သူမဘဝအတွက် ထပ်မံ၍ ကံဆိုး မိုးမှောင်ကျမှုကို သိလိုက်ရသည်။ သူမ၏မိသားစု တစ်ခုလုံးမှာ ထိုနေ့၌ပင် ကျောက်ပြည်ထောင် ဖီးနစ်စစ်တပ် လက်အောက်၌ အသတ်ခံခဲ့ရ၏။ တစ်ဦးတည်းသော အသက်ရှင်သူမှ ယခု သူမဘေးတွင် ရှိနေသော...၊ ထိုစဉ်က သူမ၏ အစေခံမိန်းကလေး ကျင့်ယွီချန်း ဖြစ်သည်။
နောက်ပိုင်း နေ့ရက်များ၌ သူမ၏ကျင့်ကြံခြင်း အဆင့် မြင့်လာသောအခါ သူမ၏ သတို့သားဟောင်းနှင့် သူ့မိသားစုအား သွားရောက် သတ်ဖြတ်ခဲ့ပြီး ထိုနေ့ ထိုရက်စမှ စတင်ကာ သူမ၏ နာမည်မှာလည်း အရှေ့ဘက် ပြည်နယ် တစ်ခွင် နာမည်ကျော်ကြား လာခဲ့သည်။
“အဲဒီတုန်းက ရန်ငြိုးကြောင့် မင်းဆရာနဲ့ ငါ့အဖေလည်း သေကျေပြီးကြပြီ... ပြင်းထန်တဲ့ တိုက်ပွဲတွေကြားထဲ မရေမတွက်နိုင်တဲ့ သူတွေလည်း သေဆုံးခဲ့ကြပြီးပြီ ... ငါတို့ ဒီထက် ဆက်မှားကြ မလို့လား...” ကျောက်ပြည်ထောင် ဘုရင်က ဆက်ပြောသည်... “ပြီးတော့ မင်းရဲ့ အကြံအစည်တွေကြောင့်ပဲ ငါက နတ်ဘုရား ပြစ်ဒဏ်ကို ခံယူရာမှာ မှားယင်းခဲ့ပြီး ရှန့်ထိုဖြစ်ဖို့ ဆယ်နှစ် နောက်ကျခဲ့တယ်။ ငါမင်းအပေါ် အပြစ်တင်ခဲ့ဖူးလို့လား...”
“သွားစမ်း..” မှန်နန်းတော် သခင်မက အေးစက်စွာ ပြောသည်။
ထိုစဉ်က သူမက ကျောက်ကျိမင်အား သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့ကာ ထိုတစ်ကြိမ်တည်းသာ ကြိုးစားခဲ့ခြင်း မဟုတ်ပေ။ နောက်ပိုင်းတွင် ကျောက်ကျိမင်ကား သူမကို ချစ်နှစ်သက်သည်ထက် အကြောက်တရားလည်း မဖြစ်မနေ ကပ်ငြိ ပါလာခဲ့သည်။ သူမမှာ ကျောက်ကျိမင် အတွက် အစွဲအလမ်း တစ်ခုဖြစ်သလို သူမမှာလည်း ကျောက်ကျိမင်ကို သတ်ရန်မှာ သူမ၏ အစွဲတစ်ခု ဖြစ်သည်။ ကျောက်ကျိမင်မှာ သူမ၏ အတွင်းစိတ်ရိုင်း ဖြစ်သလို သူမသည်လည်း ကျောက်ကျိမင် အတွက် အတွင်းစိတ်ရိုင်း ဖြစ်သည်။
ကျောက်ကျိမင် မသေသရွေ့ သူမလည်း စိတ်အေးလက်အေး မနေနိုင်ပေ။
သူမ၏တုံးတိတိ မောင်းထုတ်သံကို ကြားလျှင် ကျောက်ကျိမင်၏ အမူအရာက အေးစက်သွားကာ လေထဲတွင် ရှိနေသော ရီဖူရှင်းအား လှမ်းကြည့်သည်... “တော်ဝင်စစ်ပွဲမှာ ဝင်ပါရုံနဲ့ မင်းက ငါ့ကို သတ်နိုင်မယ်လို့ ထင်နေလား...။ တော်ဝင်ကျဲ နန်းတော်က ရီဖူရှင်းလား...။ သူ မကြာခင် သေတော့မှာ...”
ပုံမှန်အားဖြင့် ရီဖူရှင်းကလည်း ကျောက်ပြည်ထောင် ဘုရင်၏ အကြည့်ကို ခံစားမိကာ သူတို့ နှစ်ယောက်အကြား စကားများကို ကြားသည်။ သိသာစွာပင် ကျောက်ပြည်ထောင် ဘုရင်နှင့် မှန်နန်းတော် သခင်မတို့ အကြား ရန်ငြိုးမှာ သူ ထင်သည်ထက် ကြီးမားပေသည်။
“ကျောက်ကျိမင်...” ရီဖူရှင်းက ပြုံးလျက် ပြောသည်... “ကျောက်ပြည်ထောင် ဘုရင်... ခင်ဗျားနာမည်က တကယ်ပဲ အရှိန်အဝါ ရှိတာပဲ...။ ခင်ဗျားက တကယ်ပဲ နာမည်နဲ့ လိုက်ဖက်အောင် နေနိုင်ပါ့မလားပဲ ကျုပ် စိုးရိမ်တယ်”
ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကြည့်သည်။
“ဒါဆို တော်ဝင်မြေနှစ်ခုက ခေါင်းဆောင်တွေ မိန်းမ တစ်ယောက်ကို ဝိုင်းတိုက်ကြတော့ မလို့ပေါ့...” ရီဖူရှင်းက ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ မှန်နန်းတော် သခင်မအား ဘေးတစ်ဖက် တစ်ချက်မှ ချဉ်းကပ်ကာ ရန်ပြုရန် အနေအထားအား မြင်ရာ ငေါ့တောတော့ ပြောသည်။
ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ နှစ်ယောက်လုံးမှာ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ မြင့်မားသော နေရာ၌ရှိရာ သူတို့ နှစ်ယောက်ပေါင်း တိုက်ခြင်းက မှန်နန်းတော် သခင်အား အလေးနိမ့်စေ နိုင်ပေသည်။
“ကျုပ် လုပ်တဲ့ ကိစ္စရပ်တွေမှာ မင်းရဲ့ သဘောထားကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ...” ရှီဟွာတောင်ရှန့်ထိုက ရီဖူရှင်းအား ကြည့်ကာ အေးစက်စွာ ပြောသည်... “အင်ပါယာရှားက ရှန့်ထိုတွေ အဆင့်နိမ့် တန်ခိုးရှင်တွေကို မတိုက်ခိုက်ဖို့ တားမြစ်ထားတယ် ဆိုပေမဲ့ တစ်စုံ တစ်ယောက်က ရှန့်ထိုတစ်ပါးကို အရင်လာပြီး ရန်စရင် … နောက်ပိုင်း ဖြစ်လာမှာတွေကို သူက နားလည်ပေးနိုင်မယ်လို့ ငါထင်တယ်....”
သူတို့ကား အချင်းချင်း ဆိုးဝါးသော ဆက်ဆံရေးတစ်ခု ရှိနေပြီဖြစ်ရာ နောက်ထပ် ဟန်ဆောင်နေစရာ မလိုတော့ပေ။ ယခု မှန်နန်းတော် သခင်မကလည်း ပဋိပက္ခအကြား ဝင်ပါမည် ဆုံးဖြတ်ပါက သူတို့ကလည်း ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် အဆုံးသတ်ရန် ကြိုးစားရပေမည်။
***