← Chapters

ရန်ဟောင်သင်္ချိုင်း

Vol. 010 Ch. 957

ရန်ဟောင်သင်္ချိုင်း

Vol. 010 Ch. 957

ခေါင်းလောင်း မြည်သံနှင့်အတူ မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ နှစ်ယောက်လုံး ဒဏ်ရာရသည်။ ရှီဟွာတောင် ရှန့်ထိုက အရိပ်အသွင် ပြောင်းလဲသွားကာ မြန်ဆန်စွာပင် မှန်နန်းတော် သခင်မထံသို့ ရွေ့လျား သွားသည်။

မှန်နန်းတော် သခင်မ၏ ခန္ဓာကိုယ်ကို ဖမ်းထားသော ကျင့်ယွီချန်းက တွန့်ဆုတ်ခြင်း မရှိဘဲ သူမ၏ဓားအား ရှီဟွာတောင် ရှန့်ထိုထံသို့ ဝှေ့ယမ်း လိုက်သည်။ သူမနားလည် သိကျွမ်းသမျှကား မှန်နန်းတော်သခင်မ သင်ကြားပေးထားခြင်း ဖြစ်ကာ တူညီသော သဘာဝရှိသည်။ ဓားက အေးစက် မာကျောသော်လည်း ရှီဟွာတောင်ရှန့်ထို၏ တိုက်ခိုက်မှုအား ခုခံရာတွင် ဓားမှာ တစ်တိတိ ကျိုးကြေသွားပြီး ပြင်းထန်သော တုန်ခါမှုတစ်ခုက သူမ၏ လက်မှတစ်ဆင့် စီးဆင်းလာသည်။

သွေးများ ဖျန်းပက်သွားကာ ကျင့်ယွီချန်း၏ လက်မှာ တွန့်လိမ်သွားပြီး မှန်နန်းတော် သခင်မနှင့်အတူ နောက်သို့ လွင့်စဉ်သွား၏။ သူမ၏ အဝတ်အစားများမှာ သွေးများ ခြင်းခြင်းနီနေကာ မြင်ကွင်းက ထိတ်လန့်ဖွယ် ကောင်းလွန်း နေသည်။

“ယွီချန်း ...” မှန်နန်းတော် သခင်မ၏ မျက်နှာက ပြာနှမ်းသွားသည်။ သည်တိုက်ခိုက်မှုဖြင့် ကျင့်ယွီချန်း၏ ဒဏ်ရာမှာ သူမထက် ပြင်းထန်သွားသည်။ ခေါင်းလောင်းသံနှင့် နန်းတော်ရာ၏ စွမ်းအင် ဖိနှိပ်မှုများ ကြောင့်သာ မဟုတ်ပါက ရှီဟွာတောင် ရှန့်ထို၏ တိုက်ခိုက်မှုတွင် ကျင့်ယွီချန်း မည်သို့မှ အသက်ရှင်စရာ မရှိပေ။

“သခင်မလေး ... ကျွန်မ အဆင်ပြေပါတယ်...” ကျင့်ယွီချန်းက မှန်နန်းတော် သခင်မအား ကြည့်ကာ စိတ်ဓာတ်ခိုင်မာစွာ ပြောသည်။ သူမက မှန်နန်းတော် သခင်မအား ဆရာဟု မခေါ်ပေ။ သခင်မလေးဟု ခေါ်ခြင်းမှာ သူမကား ငယ်စဉ်ကတည်းက မှန်နန်းတော် သခင်မ၏ အစေခံမလေး ဖြစ်သောကြောင့်ပင်။

“ဒါက မင်း ဝင်စွက်ဖက်လို့ပဲ...” ရှီဟွာတောင် ရှန့်ထိုက ထူးမခြားနားစွာ ပြောသည်။ သည်အတွက် သူက ရှီများအား တိုက်ခိုက်သည်ဟု သတ်မှတ်၍ မရတော့ပေ။

ဒေါင်...

နောက်ထပ် ခေါင်းလောင်းသံ တစ်သံကို ကြားကြရသည်။ ရှေးခေါင်းလောင်းက ဆက်လက်၍ လည်ပတ်နေကာ ကြောက်မက်ဖွယ် အလင်းများအား ထုတ်လွှတ်ထားသည်။ ခေါင်းလောင်းသံမှာ မဟာလမ်းစဉ် စွမ်းအားများအလား ထင်မှတ်ရပြီး ကြားရသူတိုင်း၏ စိတ်အား တုန်ခါစေ ပြန်သည်။ အားလုံး ညည်းသံပေးကာ အားနည်း သွားသည်။ အထူးသဖြင့် ရှန့်ထိုများမှာ ကြီးစွာ ဖိနှိပ်ခြင်း ခံရသည်။

တစ်ချိန်တည်းမှာပင် သူတို့ ရပ်နေသော နေရာ၌ လင်းလက်သော ဝင်္ကပါ အစီအရင်တစ်ခု အသက်ဝင်လာဟန် ရပြီး ရှေးခေါင်းလောင်းနှင့် ဆက်နွှယ်သွားကာ ကြီးစွာသော မဟာ လမ်းစဉ်ဖိအားတစ်ခု ဖြစ်လာသည်။ ရှန့်ထိုများ အားလုံးမှာ မဟာ လမ်းစဉ်ဖိအားကို တောင့်ခံရန် ဖြစ်လာခဲ့သည်။

ဒေါင် ...

ခေါင်းလောင်းကား ဆက်လက်၍ မြည်နေဆဲ ဖြစ်သည်။ ခေါင်းလောင်းသံ ထွက်လာတိုင်း ရှန့်ထိုများ၏စိတ်ကို တုန်ခါစေသည်။ ရှားရှင်းယွန်ဘေးမှ တန်ခိုးရှင်က ပြောသည်... “မင်းသမီး... ကျုပ်တို့ အဆင့်က ဖိနှိပ်ခံရပြီးတော့ ရှန့်ထိုစွမ်းအားတွေကို မထုတ်နိုင်တော့ဘူး...”

ရှားရှင်းယွန်၏မျက်လုံးများထဲမှ အေးစက်သော အငွေ့အသက်များထွက်လာကာ ရီဖူရှင်းအား တစ်ချက် ကြည့်သည်။ သို့သော် ရီဖူရှင်းက ပြောသည်... “မင်းသမီး ... ရုပ်သေးတွေက လမ်းကြောင်းကို ပိတ်ထားပြီးတော့ ခေါင်းလောင်းလည်း ရှိနေတယ်... ကျုပ်က ခန့်မှန်းမိတာပဲ ရှိတာ.... ဝင်္ကပါက ပြောင်းလဲနေတယ်...။ ကျုပ်တို့မှာ အခွင့်အရေး ရှိလာတော့မယ် ထင်တယ်...” သူက ထိုသို့ ပြောနေစဉ်မှာပင် ဝင်္ကပါရှေ့၌ လမ်းကြောင်းများ ပေါ်လာပြီး ရှေ့မှ ဘုရားကျောင်းထဲသို့ ဦးဆောင်နေသည်။ ရှေးဟောင်း လမ်းကြောင်းများထဲ၌ ရှေးကျကာ အားကောင်းသော ရုပ်သေးများ ပေါ်လာတော့သည်။

“သူက မှန်မှန်ကန်ကန်ပဲ ခန့်မှန်းနိုင်ခဲ့တာလား...” လူအများအပြားက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။

ရှားရှင်းယွန်ကား ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ သူမက လမ်းကြောင်းထဲသို့ လှမ်းဝင်လိုက်သည်။ ဘုရားကျောင်းသို့ သွားရာလမ်းပေါ်လာရာ သည်လမ်းကပင် အမှန် ဖြစ်ရပေမည်။

ဘန်း...

ရှားရှင်းယွန်၏ တိုက်ခိုက်မှုက ရုပ်သေးအား ထိသည်။ သို့သော် ရုပ်သေးမှာ ပျက်စီးသွားခြင်း မရှိပေ။ ရုပ်သေးမှာ သူမ၏ တန်ခိုးအဆင့်ကို လိုက်၍ တူညီအောင် အစီအရင်မှ ဖန်တီးထားခြင်း ဖြစ်ရာ အလွန် အားကောင်းသည်ဟု သူမ ခံစားရသည်။ နောက်ဆုံးတွင် သူမ၏ ပြင်းထန်သော တိုက်ကွက် တစ်ခုအောက်၌ ရုပ်သေးမှာ ကျိုးကြေ သွားရတော့သည်။ ရှားရှင်းယွန်က ရှေ့သို့ ဆက်သွားသည်။ ခေါင်းလောင်းက ဆက်လက် မြည်နေသည်။

ဟောင်စီကား လွန်စွာ စိတ်လှုပ်ရှား နေသည်။ မြေပုံမှ အမှတ်အသားအရ အမွေအနှစ်မှာ သည်နေရာ၌ ရှိပေမည်။

ရှားရှင်းယွန်က ဦးဆောင်လျှင် ကျန်လူများကလည်း နောက်မှ လိုက်ကြသည်။ ဝင်္ကပါကား အဆက်မပြတ် သူတို့အား ရုပ်သေးများ ထုတ်လွှတ် တားဆီးသည်။ တန်ခိုးအဆင့်မြင့် သူတို့မှာ သူတို့၏ တူညီသော အဆင့်ရုပ်သေးများဖြင့် တိုက်ခိုက်ရသည်။

“ငါ အထဲသို့ သွားကြည့်လိုက်မယ် ... သူ့ကို စောင့်ကြည့်ထား...” ရှန့်ထိုကျိက ကျိရာအားပြောကာ ရှေ့သို့ တိုးဝင်သွားသည်။ တော်ဝင်မြေများနှင့် အထက်ဘုံမှ လူများကလည်း အတွင်းသို့ဝင်ရန် ကြိုးစားကြသည်။

ဟောင်စီကလည်း သွားကြည့်လိုပေသည်။ သို့သော် ရီဖူရှင်းက သူ့အား လက်လျှော့ရန် ပြောဆိုခဲ့၏။ အကြောင်းပြချက်ကို သူသိသည်။ သည်လူများဖြင့် သူက မည်သို့မှ ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။

မှန်နန်းတော် သခင်မကား ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့အား ရင်ဆိုင်နေရဆဲ ဖြစ်သည်။

“ဖယ်...” ရှီဟွာတောင်ရှန့်ထိုက ပြောကာ တစ်ဖန် ကျောက်ပြည်ထောင် ဘုရင်နှင့် ပူးပေါင်းလျက် မှန်နန်းတော် သခင်မအား တိုက်ခိုက်သည်။

ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့သာ ကျန်ရစ်သည် မဟုတ်ဘဲ ထိုအင်အားစုများမှ တန်ခိုးရှင်များ မှာလည်း နောက်ချန်နေရစ်ပြီး သူ့အား အာရုံစိုက်ထား ကြသည်ကို ရီဖူရှင်း ခံစားမိသည်။

ထို့အပြင် ရှန့်ထိုကျဲကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။ ရှန့်ထိုကျဲက သူ့အား အရိုးကွဲမတတ် မုန်းပေသည်။

နောက်ထပ် အံ့အားသင့်စရာကား တော်ဝင် အလင်းနန်းတော်နှင့် တခြား တော်ဝင်မြေမှ လူများလည်း အပြင်တွင် ကျန်နေရစ်ခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ သည်တစ်ခါ သူ၏ ပြိုင်ဘက်များမှာ ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့သာ ဟုတ်ဟန် မရတော့။

“ခင်ဗျားတို့ အထဲသို့ သွားမကြည့်ချင် ကြဘူးလား...” ရီဖူရှင်းက ဝင်္ကပါအတွင်းမှ လူများကို ကြည့်သည်။

မည်သူမှ ရီဖူရှင်းအား မဖြေကြ။

“သွားရအောင်...” ရီဖူရှင်း ပြောသည်။ ထို့နောက် သူက ဘုရားကျောင်းအား စွန့်ခွာကာ နောက်အရပ် တစ်ခုသို့ ဦးတည်လိုက်သည်။ ဘုရားကျောင်းသို့ သွားရာလမ်းမှာ တစ်ခုတည်း ရှိသော်လည်း သူတို့အား နောက်ထပ် ဦးတည်ရာသို့ သွားခြင်းအား တားဆီးခြင်း မပြုပေ။

ရီဖူရှင်း ထွက်သွားသည်နှင့်ပင် များစွာသော လူရိပ်များ သူ့နောက်မှ တရိပ်ရိပ် လိုက်ကြသည်။ ရှီဟွာတောင်ရှန့်ထို တွန့်ဆုတ်နေသည်။ မှန်နန်းတော် သခင်မနှင့် တကယ်တိုက်ခိုက်မှ သူမ၏ တကယ့်စွမ်းရည်အား သိရသည်။ သူမအား လက်ရှိ အခြေအနေတွင် အနိုင် တိုက်ခိုက်ရန် မလွယ်ပေ။

“ရန်ဟောင် အမွေအနှစ်က အရေးကြီးတယ်...” ရှီဟွာတောင်ရှန့်ထိုက ကျောက်ပြည်ထောင် ဘုရင်အား ပြောသည်။ သူတို့ နှစ်ယောက်လည်း လက်လျှော့ကာ ရီဖူရှင်းရှိရာဘက်သို့ ပျံသန်း သွားကြတော့သည်။

ယခု ရီဖူရှင်းက ရှေးနန်းတော်ရာ၏ လျှို့ဝှက်ချက်များအား သိကြောင်း ထင်ရှား ပေသည်။ သူ၏ နားလည်မှုအရဆို ခေါင်းမာသော ရီဖူရှင်းကား သည်အတိုင်း ဘုရားကျောင်းကို လက်လျှော့မည် မဟုတ်ပေ။ သူက တကယ့် အမွေအနှစ် တည်နေရာကို သိသောကြောင့်သာ ဖြစ်ရမည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့တို့ကား လွန်စွာ မြန်ဆန်သည်။ ရှေးဘုရား ကျောင်းက အများစုကို စိတ်ဝင်စားစေ သော်လည်း သူ့နောက်မှလည်း လူအများအပြား လိုက်လာမည်ဟု ရီဖူရှင်း မထင်ထားပေ။ မကြာမီ သူတို့က ရှေးနန်းတော်အရာ အမွေအနှစ် ဆက်ခံခြင်း နေရာ၏ဝင်ပေါက်သို့ ရောက်လာသည်။ အရာအားလုံး အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားခဲ့လျှင် အကောင်းဆုံး ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ထံသို့ အလွန် အားကောင်းသော မဟာ လမ်းစဉ်စွမ်းအား ရောက်လာကာ သူတို့အား တားဆီးသည်။ ကောင်းကင်တွင် ရပ်နေကြသော ကြီးမားသော ရုပ်တုများအား သူတို့ ခံစားမိသည်။ ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ နှစ်ယောက်လုံးက လေးနက်သော အမူအရာဖြင့် ရှေ့သို့ တစ်လှမ်းချင်း သွားနေကြသည်။

ရီဖူရှင်းလည်း တဖြည်းဖြည်း နှေးကွေးသွားကာ သူ့ရှေ့မှ ထည်ဝါ ခန့်ညားသော မြင်ကွင်းအား ကြည့်သည်။ မြေပုံတွင် သူသိပြီးကိစ္စ ဖြစ်သော်လည်း တကယ့်လက်တွေ့ မြင်ရသောအခါ အလွန် ထိတ်လန့်ရသည်။

သည်အရာကား ကြီးမားသော ရှေးဟောင်း အစီအရင်ကြီး ဖြစ်သည်။ သူတို့ရှေ့တွင် ဧရာမ ကျောက်တုံး နံရံကြီးရှိကာ ရှေးနန်းတော်ရာကြီး တစ်ခုလုံးအား ဖြတ်သန်း တားဆီး ထားသည်။ ကျောက်နံရံကြီးပေါ်၌ များစွာသော ရုပ်တုကြီးများ ရုပ်လုံးကြွအောင် ထွင်းထုထားသည်။ ရုပ်တုတစ်ခုစီက အသက်ဝင်နေသည့်အလား လက်ရာမြောက် ထင်ရှားသည်။

ရုပ်တုမှာ စုစုပေါင်း ၃၇ခုရှိပြီး ဘေးတစ်ဖက် တစ်ချက်ကို ညီညီညာညာ စီတန်း ထားသည်။ အလယ်တွင်ကား နတ်ဘုရားအလား အရှိန်အဝါဖြင့် ကြီးမားသော သြဇာ အာဏာများဖြင့် ပြည့်စုံသော ရုပ်တုတစ်ခုရှိနေသည်။

အားလုံးမှာ သူတို့၏ အသက်ရှူနှုန်းများ နှေးကွေး လာသည်ဟု ထင်ရသည်။ သူတို့အား ဖိနှိပ်လာသော စွမ်းအားတစ်ခုကို သူတို့ ခံစားရသည်။ ရှန့်ထိုများလည်း ထိုနည်းတူဖြစ်သည်။

အလယ်မှ ရုပ်တုကား ရန်ဟောင်ဖြစ်ရန် များပေသည်။ ဘေးမှ ရုပ်တု ၃၆ခုမှာ ရှန့်ထိုများ ဖြစ်ကြပေမည်။ ထို့အပြင် သူတို့အားလုံးမှာ ရှန့်ထိုအဆင့် အမြင့်ဆုံး၌ ရှိကြ၏။

“ဒါက တကယ့် ရှေးနန်းတော်ရာပဲ... ရန်ဟောင် သင်္ချိုင်းပဲ...” သူ့ရှေ့မှ မြင်ကွင်းကို ကြည်ကာ ရှီဟွာတောင် ရှန့်ထိုကား တုန်လှုပ်နေသည်။ မှန်းနန်တော် သခင်မလည်း လှပသော မျက်လုံးများဖြင့် ထိုမြင်ကွင်းကို ကြည့်သည်။ သူမကလည်း ရှေးနန်းတော်ရာကို ဝင်လာချင်းမှာ အတွင်းမှ ရတနာများအား ရယူကာ ကျောက်ပြည်ထောင် ဘုရင်အား သတ်ဖြတ်ရာ၌ အသုံးပြုရန် ဖြစ်သည်။

သည်နေရာကား သိပ်ရှုပ်ထွေးသည် မဟုတ်ပေ။ ဝင်္ကပါလည်း မရှိပေ။ ကြည့်ရသည်မှာ သည်ရှေးနန်းတော်ရာ၏ ဆရာသခင်က သူ၏ အမွေအနှစ်အား လက်ဆင့်ကမ်းရန် စီမံထားသော နေရာလည်း ဖြစ်ပေမည်။ ရီဖူရှင်းနှင့် သူ့လူများက စစ်မှန်သော ရန်ဟောင် သင်္ချိုင်းထံသို့ ဝင်ရန် နည်းလမ်း ရှိလောက်ပေသည်။

ရှန့်ထိုကျဲ ရီဖူရှင်းထံသို့ လျှောက်သွားကာ သိပ်မဝေးသော နေရာ၌ ရပ်လိုက်သည်။ အခွင့်အရေးရလျှင် သူကား ရီဖူရှင်းကို သေရွာသို့ ပို့ပေမည်။ သို့သော်လည်း ရီဖူရှင်းကား ထိုအရာကိုသတိပင် ထားမိဟန်မတူဘဲ ရှေ့သို့ ကြည့်နေသည်။ သည်နေရာက ရန်ဟောင် အမွေအနှစ် ဆက်ခံရာနေရာ ဖြစ်သည်ကို သူသိသည်။ ရုပ်တုကား ဝင်ပေါက် ဖြစ်သည်။ သို့သော်လည်း တကယ့်ပြဿနာအား ထိုအရာကို ဖွင့်ရန်ဖြစ်သည်။

“ရီဖူရှင်း … ငါတို့ ဘယ်လို ဝင်ရမလဲ...” ရှီဟွာတောင် ရှန့်ထိုက ပြောကာ ရှေ့သို့တစ်လှမ်းပြီး တစ်လှမ်း တက်လာသည်။ ထို့အတူ သူ့အား ဖိနှိပ်လာသော စွမ်းအားမှာလည်း သိသိသာသာ အားကောင်း လာသည်ကို ခံစားမိ၏။

သို့သော် လက်ရှိ သူ၏ခေါင်းထဲတွင် လောဘသာ ရှိသည်။

တခြား တန်ခိုးရှင်များ ကလည်း ရီဖူရှင်းနှင့် သူ့လူများထံသို့ ရွေ့လျား သွားကြသည်။ သူတို့အားလုံးမှာ တကယ့်ရည်ရွယ်ရာသို့ ရောက်ခါနီးပြီ ဖြစ်ကြောင်း ခံစားမိနေကြသည်။

***

All Chapters