တောင်းဆုမှန်သမျှ ပြည့်စေ
Vol. 87 Ch. 1126
“လုံရှန်းဆန်းရန်လား” ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး အော်ဟစ်လိုက်ကြသည်။
ချင်မူ့နောက်မှ လိုက်လာသော နဂါးချီလင်က အံ့အားသင့်သွားလေသည်။ “ငါ့ကို မှတ်မိတဲ့သူတွေ ရှိတာလား….. ငါက အဲ့လောက်တောင် နာမည်ကြီးတယ်ပေါ့..”
သူက အမြှီးကို အလံတိုင်တစ်တိုင်ကဲ့သို့ မတ်နေအောင် ထောင်ကာ နှစ်ခါတိတိ လွှဲရမ်းလိုက်သည်။ သူ လုံရှန်းဆန်းရန်အသွင်ဖြင့် ရှိခဲ့တုန်းက လူသားအသွင် ပြောင်းထားရန် လိုအပ်ခဲ့သဖြင့် အမြှီးမရှိခဲ့ပေ။ ယခုတွင် နဂါးချီလင်အသွင် ဖြစ်ချေရာ အမြှီးကို သဘာ၀အတိုင်း လွှဲရမ်းနိုင်ပေသည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ကြောက်ရွံ့လွန်းသဖြင့် သူတို့၏နောင်တော် သေသည်ရှင်သည်ကိုပင် ဂရုမစိုက်နိုင်ကြဘဲ လေပေါ် ဝှစ်ခနဲ ပျံတက်သွားကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ဖန်သားကောင်းကင်စေတီ၏ ထီးရွက်များသည် ကားထွက်သွားပြီး ကောင်းကင်ဘုံ ၂၈ ဘုံအား ဖွင့်လှစ်လိုက်ကာ ရှေးဟောင်းနတ်ဘုရားနှစ်ပါးအား လူကွဲသွားစေသည်။
ဒုတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားက ချက်ချင်း ထွက်ပြေးခဲ့သောကြောင့် သူ၏အရှိန်မှာ မြန်သထက် မြန်လာ၏။ သူက ပခုံးကို ခါ၍ သူ့အနောက်ရှိ အရိုးတောင်ပံကို ဖြန့်လိုက်ရာ အရိုးများကြားရှိ အသားလွှာသည် တုန်ခါလာတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူကား ကြယ်တစ်စင်းမှ တစ်စင်းဆီသို့ အရိပ်သဖွယ် ခုန်ကူးနေတော့သည်။
ထိုအခိုက်အတန့်တွင် ၎င်းတို့သည် ကြယ်များမဟုတ်ဘဲ ဧရာမရတနာကြီးများဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။ ထိုရတနာများမှာ ဖန်သားကောင်းကင်စေတီတွင် တွဲခိုနေသော ကြယ်များကဲ့သို့ မျက်စိကျိန်းမတတ် တောက်ပနေကြလေသည်။
‘ဒါက တကယ်ကို တစ်လောကလုံးရဲ့ နံပါတ်တစ် ရတနာပဲ …’’
သူ ထိုသို့တွေးနေစဉ် သူ့ပတ်ပတ်လည် နေရာဟင်းလင်းအပြင်မှာ ပုံပျက်လာသည်။ ထို့နောက် ဖျတ်ခနဲ ချင်မူ့အရှေ့ ပြန်ရောက်သွား၏။
ဒုတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရား အံ့ဩမှင်သက်သွားသည်။ သူ့မှာ ဘိုးဘေးမြေနှင့် ဝေးကွာနေသည့်အတွက် သိသိသာသာ စွမ်းအင်လျော့ကျနေသည်။ လုံရှန်းဆန်းရန်ကို ရင်ဆိုင်တိုက်ခိုက်နိုင်မည် မဟုတ်သဖြင့် သေရမည်မှာ သေချာပေသည်။
သို့သော် ချင်မူနှင့် အခြားသူများအပေါ် သူ့အကြည့် ကျရောက်သွားသည့်အခါ သူ့မှာ ကြောင်အသွားတော့သည်။
‘ဒီလူတွေရဲ့ သိုင်းအဆင့်က မမြင့်ဘူး…. အမြင့်ဆုံးက အဲ့ဒီ စာပိစိလေးပဲ….. တစ်ယောက်က ကျောက်စိမ်းမြို့တော်အဆင့်မှာ... တစ်ယောက်က အစစ်အမှန်နတ်ဘုရားအဆင့်ပဲ ရှိသေးတယ်…လုံးရှန်းဆန်းရန်က ဒီမှာမဟုတ်ဘဲ သူတပည့်တွေချည်း ရောက်နေတာများလား”
သူ့မှာ စိတ်မလှုပ်ရှားမိဘဲ မနေနိုင်တော့ချေ။ လုံရှန်းဆန်းရန်၏ နောက်လိုက်များနှင့် တပည့်များသာဆိုပါက သူ့အတွက် ဘုရား,မခြင်းပင်။
‘တစ်လောကလုံးရဲ့ နံပါတ်တစ်ရတနာ ဖန်သားကောင်းကင်စေတီသာ ငါ့လက်ထဲ ရောက်လာလို့ကတော့…”
သူက နောက်ဆုတ်မည့်အစား ချင်မူနှင့်အခြားသူများထံသို့ တန်းတန်းမတ်မတ် ပြေး၀င်သွားလေသည်။
ထိုအချိန်တွင် ချင်မူက ဖန်သားကောင်းကင်စေတီထံ အရိုအသေပေးကာ ပြောလိုက်သည်။ “အို အရှင်ရတနာ၊ ပထမကောင်းကင်ဘုံဖြင့် ကျွန်တော်တို့ရဲ့ အင်အားကြီးရန်သူတော်တွေကို ဖယ်ရှားပေးတော်မူပါ…”
သူ့အသံ ထွက်ပေါ်လာသည်နှင့် ဖန်သားကောင်းကင်စေတီ၏ အမိုးထိပ်ရှိ ရှေးဟောင်းနတ်ဘုရားဥသည် တုန်ခါလာပြီး တာအိုသံများ ပဲ့တင်ထပ်သွားစေ၏။ ကြီးမြတ်လှသော မဟာတာအိုအင်အားက အမိုးဆီမှ တဟုန်ထိုး ထွက်ပေါ်လာပြီး ပထမကောင်းကင်ဘုံ၏ ဘိုးဘေးနန်းတော်ရတနာများဆီသို့ စီး၀င်သွားသည်။
ချက်ချင်းဆိုသလို ထိုထူးဆန်းသော ရတနာများမှာ နှလုံးခုန်နေသကဲ့သို့ တုန်ခါသံများဖြင့် ပြည့်နှက်သွားသည်။ လောကကို ချေမှုန်းနိုင်သည့် အလင်းတန်းတို့သည် ဖန်သားကောင်းကင်စေတီအတွင်း နေရာလွတ်ကို ပုံပျက်သွားစေပြီး အရပ်လေးမျက်နှာသို့ လိမ့်ထွက်ကာ ဒုတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားကို လွှမ်းခြုံသွား၏။
ကမ္ဘာမြေပြင်ကို ကြေမွအက်ကွဲသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဒုတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်မှာ ထိုနေရာ၌တင် အငွေ့ပျံသွားပြီး အရိုးရော အသားပါ မရှိတော့ချေ။
နဂါးချီလင်နှင့် ယန်အာတို့နှစ်ယောက်သား ပြိုင်တူ အော်ဟစ်အားပေးလိုက်ကြသည်။ သို့သော် ချင်မူမှာတော့ လန့်နေသည်။ သူက ခေါင်းမော့၍ ကောင်းကင်ထက်ရှိ ရှေးဟောင်းနတ်ဘုရားဥဆီ ကြည့်ရင်း ကြောက်ရွံ့လာမိသည်။
ရှေးဟောင်းနတ်ဘုရားဥထဲရှိ သက်ရှိမှာ ဖော်ပြမတတ်အောင် စွမ်းအားကြီးပေသည်။ ၎င်းသည် တောင်းဆိုတိုင်းအား လိုက်လျောပေးနိုင်၏။ ၎င်း၏ ကောင်းကင်နတ်သိုင်းများက စွမ်းအားကြီးပြီး အားကောင်းပြင်းထန်သည်။ ကောင်းကင်နတ်အရှင်များထက်ပင် သာလွန်လိမ့်မည်ဟု ချင်မူ ခံစားနေရ၏။
ကောင်းကင်နတ်အရှင်များ ထိန်းချုပ်သည့် ကောင်းကင်လက်နက် ကောက်းကင်နတ်အရှင်ယွီပင်လျှင် ၎င်းကို မရင်ဆိုင်နိုင်မည်ကို ချင်မူ စိုးရိမ်နေမိသည်။
ချင်မူမှာ ဟန်မပျက်သော်လည်း သူ့လည်ဂုတ်တွင် ကြက်သီးမွေးညင်းများ ထနေပြီး ချွေးစက်များ စီးကျနေသည်။
အခြားတစ်ဖက်တွင် တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားမှာလည်း ကောင်းကင်ဘုံအမျိုးမျိုးကို ကရိုက်ကရိုက် ဖြတ်ရင်း အလျင်အမြန် ထွက်ပြေးနေသည်။
ထိုအခိုက်အတန့်တွင် ချင်မူက ထပ်မံဦးညွှတ်အရိုအသေပေးကာ ဆုတောင်းလိုက်သည်။ “အို အရှင်ရတနာ၊ ကောင်းကင်ဘုံ ၁၇ ဘုံမြောက်နဲ့ ဒီအစွမ်းထက်လှသော ရန်သူတော်ကို ချေမှုန်းပေးတော်မူပါ”
ကြယ်လင်ကျယ်လောင်သော တာအိုအသံသည် ကောင်းကင်ထက်ရှိ ရှေးဟောင်းနတ်ဘုရားဥဆီမှ ထပ်မံထွက်ပေါ်လာသည်မှာ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများနှင့် စစ်ဗုံသံများအလား ထင်ရ၏။ တစ်ချိန်တည်းမှာပင် ချင်မူ့အသိစိတ်အလျဉ်က ကောင်းကင်ထက်သို့ တိတ်တဆိတ် ပျံတက်သွားပြီး ရှေးဟောင်းနတ်ဘုရားဥ၏ ဆန်းကြယ်မှုကို သိရှိရန် ကြိုးစားနေသည်။
ဤရှေးဟောင်းနတ်ဘုရားဥမှာ ထိုက်ရှီ၏ဥနှင့် မတူပေ။ ဝေစွေ့ဖုန်း ထိုက်ရှီဥကို ခွဲခဲ့စဉ်က ထိုက်ရှီဥထဲရှိ စွမ်းအားမှာ အသက်၀င်လာခဲ့သည်။ အမျိုးမျိုးသော တာအိုသင်္ကေတများက ဥထဲမှ စိမ့်ထွက်လာပြီး တာအိုသံလည်း ဟိန်းထွက်လာခဲ့၏။
ဤရှေးဟောင်းနတ်ဘုရားဥသည် အပြင်၌ ထူးဆန်းသော အရာတစ်ခုမှ မရှိသဖြင့် အတွင်းရှိ အရာကို လေ့လာစူးစမ်းရန် ခက်နေ၏။ ၎င်း၏စွမ်းအား စုစည်းသည့်အချိန်တွင်မှ စွမ်းအားတို့ ထွက်သွားနိုင်ရန် လမ်းကြောင်းတစ်ခု ပွင့်လာသဖြင့် ချင်မူ့အသိစိတ်အလျဉ် ခိုး၀င်နိုင်သည့် အခွင်းအရေးတစ်ခု ရသည်။
၁၇ ဘုံမြောက် ကောင်းကင်ဘုံ၏ အမျိုးမျိုးသော ဘိုးဘေးနန်းတော်ရတနာများမှာ မျက်စိကျိန်းမတတ် တောက်ပရင်း တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားကို သတ်ဖြတ်ပစ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ချင်မူ၏ အသိစိတ်အလျဉ်က ရှေးဟောင်းနတ်ဘုရားဥဘေးသို့ ရောက်ရှိ၍ အတွင်းသို့ ၀င်ရောက်သွားလေသည်။
ဥထဲ ရောက်ရှိချိန်တွင် ကြီးမားကျယ်ပြန့်၍ အဆုံးမရှိသော ဧရာမကမ္ဘာဦးဓာတ်ငွေ့တိမ်တိုက်တစ်ခုကို တွေ့လိုက်ရသည်။ မည်သည့်အရာမှန်းတော့ သူ သေချာမသိ။ ဥအကာနှင့်လည်း မတူချေ။
သူ အနီးကပ် ကြည့်တော့မည့်အချိန် ရုတ်တရက် ဓာတ်ငွေ့တိမ်တိုက်သည် ဧရာမခေါင်းလောင်းကြီးတစ်လုံးအသွင် ဖွဲ့တည်သွား၏။ ၎င်း၏ မျက်နှာပြင်တွင် ငှက်များ၊ သားရဲများ၊ ပိုးကောင်များ၊ ငါးများ၊ နေ၊ လ၊ ကြယ်တာရာများ၊ နဂါးငွေ့တန်းများနှင့် ကြယ်အစုအဝေးတို့အပြင် အခြားသော သဘာဝရုပ်သွင်များစွာ ရှိနေသည်။
ချင်မူ အနီးကပ်ကြည့်ရန် ပြင်လိုက်စဉ် ဧရာမခေါင်းလောင်းကြီးမှာ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ရှေးဆန်သည့် ဒယ်အိုးကြီးတစ်လုံးက အစားထိုးနေရာယူသွားသည်။ ၎င်းသည် လေးလံလှသော မြေအရှိန်အဝါထက်တွင် တည်ရှိပြီး အပေါ်အောက် မျောလွင့်လျက် အဆုံးမသတ်နိုင်စွာ လှည့်ပတ်နေ၏။
၎င်း၏မျက်နှာပြင်တွင် ရှေးဟောင်းနတ်ဘုရားအမျိုးမျိုး၏ ရုပ်တုများ ရှိနေသည်။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ပုံရိပ်များ၊ လူခေါင်းနှင့် မြွေခန္ဓာကိုယ် ရှေးဟောင်းနတ်ဘုရားများနှင့် နွားခေါင်းကျားကိုယ် နတ်ဘုရားများ အစသဖြင့် များစွာ ထင်ဟပ်နေကြသည်။
ချင်မူ သေချာပင် မကြည့်လိုက်ရဘဲ ၎င်းက ပျောက်ကွယ်သွားပြန်သည်။ ထို့နောက် တောက်ပသော မှန်တစ်ချပ် ထွက်ပေါ်လာသည်။ ၎င်းထဲတွင် စည်ကားသိုက်မြိုက်နေသည့် ထောင်ပေါင်းများစွာသော ကမ္ဘာများ ပေါ်လွင်လာ၏။ စကြ၀ဠာထဲရှိ သက်ရှိများမှာ အဆုံးမသတ်နိုင်သော ဆင့်ကဲပြောင်းလဲမှုကြီးကို တွေ့ကြုံနေရသကဲ့သို့ပင်။
ရုတ်တရက် တောက်ပလှသော မှန်က ပျောက်ကွယ်သွား၏။ ထူးဆန်းသော ကမ္ဘာဦးဓာတ်ငွေ့တိမ်တိုက်က ထပ်မံလှည့်ပတ်သွားပြန်သည်။ ထို့နောက်တွင် ၎င်း၏ အရမ်းရောင်အငွေ့များအတွင်းမှ အမျိုးသမီးတစ်ဦး လျှောက်ထွက်လာသည်။ သူမတွင် တွေ့ရသူအား မြင်မြင်ချင်း ချစ်ခင်နှစ်သက်သွားစေနိုင်သော မျက်နှာလေး ရှိလေသည်။
'လန်ဝူ…’
ချင်မူမှာ မှင်သက်သွားမိသည်။ နတ်ဘုရင်လန်ဝူသည် အပြုံးတစ်ခု ဆင်မြန်းရင်း သူ့ဆီသို့ လျှောက်လာနေ၏။ သူမအသွင်မှာ ငယ်ရွယ်နုပျိုနေပြီး ထက်မြက်ဖျတ်လက်မည့် အမူအရာဖြင့် နူးညံ့သိမ်မွေ့စွာ တက်ကြွနေသည်။
နတ်ဘုရင်လန်ဝူ သူ့ဘေးသို့ ရောက်လာသောအခါ သူမပုံစံသည် ပြောင်းလဲသွားပြီး နောက်ထပ် မိန်းမပျိုလေးတစ်ဦး ဖြစ်လာ၏။ သူမသည် အဖြူရောင်အ၀တ်များကို ၀တ်ဆင်ထားပြီး ကျော၌ ဓားရှည်တစ်လက် လွယ်ထားသည်။ သူမနဖူးတွင် နဂါးဂျိုသေးသေးလေးများ ထွက်နေပြီး ဆံနွယ်တို့က တသွင်သွင် စီးဆင်းနေသည့် ရေအလား ပခုံးထက်မှ ဖြာကျနေသည်။
'ပိုင်ချွီအာ…’
ချင်မူ့နှလုံးသား လှုပ်ခတ်သွားသည်။ ပိုင်ချွီအာက သူ့အနား လျှောက်လာပြီး သူမမျက်တန်းများတွင် နှစ်လေးသောင်းကြာ မျှော်လင့်တောင့်တနေမှုက အရိပ်ထင်ဟပ်နေလေသည်။
သို့သော် သူမပုံစံက မာန်ဟုန်မြစ်၌ သူ ဆုံတွေ့ခဲ့သော မိန်းကလေးတစ်ဦးဖြစ်သွား၏။ ယောက်ျားလေးတစ်ဦးအသွင် ၀တ်ဆင်ထားသော လင်ယွိရှို့ကား သူ့အရှေ့၌ ပေါ်လာသည်။ သူမမျက်၀န်းလေးများတွင် ပျော်ရွှင်မှု၊ မထီလေးစားမှုတို့ ပြည့်နှက်နေသည်။
ထိုမိန်းမပျိုသုံးဦးတွင် တစ်ဦးသည် ချင်မူ့ကို လေးလေးနက်နက် သဘောကျနှစ်သက်သော်လည်း သူမမျိုးနွယ်၏ အနာဂတ်အတွက် ခံစားချက်မှန်သမျှအား ဖယ်ရှားပစ်ခဲ့၏။
တစ်ဦးကား ချုံဧကရာဇ်ဓားနတ်ဘုရားပင်။ ‘လူ့အသက်က ကောင်းကင်ဘုံထက် မြင့်မြတ်သည်’ ဟု ခံယူထားသော သူမ၏ ယုံကြည်ချက်ကြောင့် သူမသည် ချုံဧကရာဇ်ခေတ်မှ ရှင်ကျန်ခဲ့သူများကို စောင့်ရှောက်ရမည့် တာ၀န်ကို တစ်ယောက်တည်း ထမ်းပိုး၍ အမှောင်ထဲတွင် ရှင်သန်နိုင်မည့်လမ်းအား ရှာခဲ့၏။
ချုံဧကရာဇ်ခေတ်ကပ်ဘေး၏ ထိုညတုန်းက တွေ့ဆုံခဲ့မှုကြောင့် တစ်ဘ၀စာ အထင်လွဲမှားခဲ့ပြီး သူမမှာ ချင်မူ့ကို နှစ်လေးသောင်းတိတိ ကြေကွဲစွာ စောင့်မျှော်နေခဲ့လေသည်။
နောက်တစ်ဦးကား ကလေးဘဝတုန်းက ဖြစ်တည်လာခဲ့သော ပတ်သက်မှုပင်။ သို့သော် သူတို့ထဲမှ တစ်ယောက်က ဧကရာဇ်ဖြစ်လာပြီး ကျန်တစ်ယောက် ဧကရာဇ်အတိုင်ပင်ခံဖြစ်လာသောကြောင့် လက်မတွဲနိုင်ခဲ့ကြပေ။
ထိုမိန်းမပျိုသုံးဦးလုံးသည် သူ့တာအိုနှလုံသား၏ အားနည်းချက်ပင် ဖြစ်၏။ ယခုတွင် သူတို့ကား သူ၏စိတ်နှလုံးမိစ္ဆာများ ဖြစ်လာပေတော့မည်။
လန်ဝူက အေးစက်စက် မဖြစ်တော့ချေ။ ပိုင်ချွီအာသည် အရာအားလုံးကို စွန့်လွှတ်နိုင်၏။ လင်ယွိရှို့အနေဖြင့် အတိတ်ကသူမအဖြစ် ပြန်လည်နေထိုင်နိုင်ပေသည်။
သူသာ နေလိုသည့် ဆန္ဒရှိပါက ဤမိန်းမပျိုသုံးဦးနှင့် ထာ၀ရနေထိုင်နိုင်မည့်အလားပင်။
'ဒါက အစစ်အမှန်မဟုတ်ဘူး… ပုံရိပ်ယောင်တွေ…’
ချင်မူ့အသိစိတ်အလျဉ်မှာ ကစဉ့်ကလျာ ဖြစ်နေသည်။ လင်ယွိရှို့သည် သူမလက်ဖဝါးလေးဖြင့် သူ၏အသိစိတ်အလျဉ်ကို လှမ်းထိလိုက်သည့်အခါ အသိစိတ်အလျဉ်မှာ တုန်ရီသွား၏။
နဂါးဟန်ခေတ်အား တုန်လှုပ်စေခဲ့ပြီး ကောင်းကင်နတ်ဘုံတွင် ပြဿနာရှာခဲ့သော ကောင်းကင်နတ်အရှင်မူမှာ ခံစားချက်မရှိသူ မဟုတ်ပေ။ သူသည် နူးညံ့သော နှလုံးသားဖြင့် ယောက်ျားတစ်ယောက်သာ။
သူ့အသိစိတ်အလျဉ်မှာ ချစ်ရသူ၏ အထိအတွေ့ကို ခံစားလိုက်သည့်အခါ ချင်မူ့အသွင်သို့ ပြောင်းလဲလိုက်မိသည်။
လင်ယွိရှို့မျက်နှာသည် ပိုင်ချွိီအာအဖြစ် ပြောင်းလဲသွားပြီး သူ့ရင်ခွင်တွင် မျက်နှာအပ်လိုက်၏။ သူမ ခေါင်းမော့လာသည့်အချိန်တွင် ရေတမျှ နူးညံ့ကြည်လင်ပြီး နုပျိုသော လန်ဝူဖြစ်လာသည်။
“နင် ဒီမှာနေလို့ရတယ်… အရာအားလုံးကို ထမ်းပိုးထားစရာမလိုဘူး…. ငါတို့ တစ်သက်လုံး တူတူနေလို့ရတယ်” သူမ၏ ခံတွင်းနံ့လေးသည် သစ်ခွပန်းနှင့် အိုင်းရစ်ပန်းရနံ့ သင်းပျံ့နေ၏။
ဝုန်း…
ချင်မူ့အသိစိတ်အလျဉ် ပေါက်ကွဲကာ ပျောက်ကွယ်သွားသည်။
သူသည် ရှေးဟောင်းနတ်ဘုရားဥထဲတွင် မိန်းမော၍ ပိတ်မမိနေစေရန် သူ့အသိစိတ်အလျဉ်ကို ကိုယ်တိုင် ဖျက်ဆီးခဲ့လေသည်။
သူ မျက်လုံးဖွင့်လိုက်သည့်အခါ တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရား သေဆုံးနေသည်ကို တွေ့လိုက်ရသည်။
‘မိုက်ချက်ပဲ’
ချင်မူက ကောင်းကင်ပေါ်ရှိ ရှေးဟောင်းနတ်ဘုရားဥမှ အကြည့်လွှဲလိုက်ပြီး တိတ်တဆိတ် တွေးနေသည်။ ‘ဒီရှေးဟောင်းနတ်ဘုရားဥက မမွေးသေးပေမယ့် ဘယ်လိုအရာ၀တ္ထု၊ ပုံစံပဲဖြစ်ဖြစ် ပြောင်းလဲနိုင်တယ်…လူတွေရော ပါဝင်နေတာပဲဟ”