အရိုး
Vol. 87 Ch. 1128
နဂါးချီလင်နှင့် ယန်အာသည် ချင်မူ၏ အသက်ပြန်သွင်း ကောင်းကင်နတ်သိုင်းနှင့် ရင်းနှီးသော်လည်း ယွီချွီးတုမှာတော့ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ သူ့မှာ မအံ့ဩမိဘဲ မနေနိုင်ချေ။
ချင်မူက သူမ၏ပျက်စီးနေသော ဝိညာဉ်ကို ဆင့်ခေါ်ကာ ပြန်လည်တည်ဆောက်ပေးခဲ့သည်။ ထိုသို့ကောင်းကင်နတ်သိုင်းမျိုးက ကောင်းကင်ဘုံစည်းမျဉ်းများအား သွေဖယ်နေချေသည်။ သူ့အနေဖြင့် ကောင်းကင်နတ်သိုင်းများစွာ တွေ့မြင်ကြားသိဖူးသော်လည်း ချင်မူပြသခဲ့သော ကောင်းကင်နတ်သိုင်းမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးချေ။
ထိုသို့ ကောင်းကင်နတ်သိုင်းမျိုးသည် သေခြင်းရှင်ခြင်းနှင့် ပြန်လည်၀င်စားခြင်းသံသရာတို့ထက်ပင် အဆင့်မြင့်၏။ မဟာတာအိုမှ မွေးဖွားလာခဲ့သော ရှေးဟောင်းနတ်ဘုရားများဖြစ်သည့် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်ယင်နတ်ဘုရားမ၊ ကောင်းကင်နတ်ဧကရီနှင့် ယွမ်မုတို့ပင်လျှင် ချင်မူ့ကံကြမ္မာအား မထိန်းချုပ်နိုင်ကြချေ။
အံ့ဩမှုအပြင် ယွိီချွီးတုနှလုံသားထဲ၌ အကြောက်တရားတို့လည်း ပေါက်ဖွားလာသည်။ လူသားများ မသေဆုံးအောင် လုပ်ပေးနိုင်သော ထိုကောင်းကင်နတ်သိုင်းမျိုးသည် ကောင်းကင်ဘုံဥပဒေကို ချိုးဖောက်ခဲ့၍ ပြနလည်၀င်စားခြင်းတာအိုကို သွေဖယ်စေလိမ့်မည်ဟု သူ ခံစားနေရလေသည်။
သို့သော် လောကရှိ ကောင်းကင်နတ်သိုင်းအများစုက ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို လိုက်နာကြသော်လည်း သွေဖယ်နေသော ကောင်းကင်နတ်သိုင်းများလည်း ရှိချေသည်။
ဥပမာအားဖြင့် ဆေးပညာလမ်းစဉ်ပင်။ ဒဏ်ရာရသူကို ကုသပေးပြီး သေလုဆဲဆဲသူကို ကယ်တင်ခြင်းသည်လည်း ကောင်းကင်ဘုံဥပဒေကို သွေဖယ်ခြင်းဖြစ်သည်။ ဥပမာနောက်တစ်ခုကား သီးနှံများနှင့် သတ္တဝါတို့ကို အလျင်အမြန် ကြီးထွားလာအောင် လုပ်သော လမ်းစဉ် ဖြစ်သည်။
ပန်းပဲလမ်းစဉ်သည်လည်း အလားတူပင်။ တောင်ဖြိုခြင်းခြင်း၊ ပင်လယ်အား ခွဲခြမ်းခြင်း၊ လေထဲ၌ တံတားများ တည်ဆောက်ခြင်းနှင့် လမ်းဖောက်ခြင်းတို့ကလည်း ကောင်းကင်ဘုံဥပဒေအား ဆန့်ကျင်နေသည်မဟုတ်ပါလော။
ထို့အပြင် လောကရှိ ကောင်းကင်နတ်သိုင်းမှန်သမျှတွင် အဖျက်အဆီးစွမ်းအား၊ သတ်ဖြတ်ခြင်းနှင့် သဘာ၀ကို ဖျက်ဆီးခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းကလည်း ကောင်းကင်ဘုံစည်းမျဉ်းများနှင့် ဆန့်ကျင်နေသည်။
လူတိုင်းမှာ ၎င်းတို့နှင့် နေသားကျနေပြီဖြစ်သဖြင့် ထူးဆန်းသည်ဟု မထင်ကြတော့ခြင်းသာ ရှိသည်။ ချင်မူ့ကောင်းကင်နတ်သိုင်းမှာတော့ တွေ့မြင်နေကျ မဟုတ်သဖြင့် အံ့ဩဖွယ်ကောင်းလှသည်။
ကလေးမလေးသည် နိုးလာသည့်အခါ နှုတ်ခမ်းကလေး တွန့်၍ ငိုလုဆဲဆဲဖြစ်နေသည်။ ယွီချွီးတုက အလျင်အမြန် ပြေးသွားရင်း သူမအား ငြင်ငြင်သာသာ ချော့မြှူလိုက်သည်။
“တူတပည့်ယွီ၊ မင်း ကောင်းကင်နတ်ဘုံ ဒါမှမဟုတ် အနောက်ကောင်းကင်ရဲ့ ပိုင်နက်တွေမှာ နေလို့မရတော့ဘူး…. သူ့ကို ကမ္ဘာဦးဘုံဆီ ခေါ်သွားပါလား”
ချင်မူက ပြောသည်။ “သူက အခု ကူကယ်ရာမဲ့တဲ့ တစ်ကောင်ကြွက် ဖြစ်နေပြီ…ငါ့အနေနဲ့ ကလေးမလေးတစ်ယောက်ကို ခေါ်သွားဖို့ကလည်း အန္တရာယ်များတယ်…. ဒါကြောင့် မင်းကို အကူအညီတောင်းတာပါ”
ယွီချွီးတုက စိတ်မပါစွာ ပြန်ပြောသည်။ “ဦးရီးတော်လက်အောက်မှာ ခဏလောက်နေပြီး တိုးတက်အောင် သင်ချင်သေးတယ်”
ချင်မူက ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “မင်း ငါနဲ့နေလို့ ဘာမှအသုံးမ၀င်ဘူး … မင့်ဆရာရဲ့ စွမ်းရည်တွေက ငါ့ထက် အများကြီးသာတဲ့အပြင် သူ့ရဲ့တိုးတက်မှုတွေက ပိုမြင့်မားတယ်…. မကြာခင် ငါ သူ့ကို ကယ်နိုင်တော့မှာ…. အဲ့ဒီအခါကျရင် မင်း သူနဲ့ ပြန်တွေ့နိုင်ပြီ …. အဲ့ကျရင် မင်း တိုးတက်လာလိမ့်မယ်”
“ဆရာနဲ့ နေရတာ ပျော်ဖို့မကောင်းဘူး… စိတ်တက်ကြွစရာကို မရှိဘူး…” ယွီချွီးတုက ခပ်တိုးတိုး ညည်းညူသည်။
“စိတ်ကြွစရာတဲ့လား…”
ချင်မူက ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် တစ်ယောက်တည်း တွေးနေမိသည်။ ‘ရှေ့ဆက်သွားရင် မင်း သေလုနီးပါးဖြစ်တဲ့အထိ စိတ်ကြွစရာအချိန်တွေ ကြုံရမှာပါ…”
ယွီချွီးတုသည် ကောင်းကင်နတ်ဘုံအတွက် အတော်လေး အရေးပါမှန်း သူ ကောင်းကောင်းသိ၏။ ဝေစွေ့ဖုန်းက ထုံးတမ်းစဉ်လာကို ဆန့်ကျင်သည့်အပြင် ထူးချွန်ထက်မြက်သည်။ သူသည် မဟာလေဟာနယ်ထဲ ၀င်ရောက်၍ နှလုံသားမိစ္ဆာများမှ ကာကွယ်နိုင်မည့် နည်းလမ်းကို ဖန်တီးကာ ကစဉ့်ကလျားဟင်းလင်းပြင်ထဲ၌ သွားလာနိုင်ခဲ့သည်မဟုတ်လော။
ဝေစွေ့ဖုန်းကဲ့သို့ အံ့မခန်းလိလိ ပါရမီရှင်တစ်ဦးသာ ထိုသိုင်းကွက်မျိုး ဖန်တီးနိုင်ပေလိမ့်မည်။
ယွီချွီးတုသည် ဝေစွေ့ဖုန်း၏ အတော်ဆုံးတပည့် ဖြစ်သည့်အလျောက် ဝေစွေ့ဖုန်းဆီမှ အစွမ်းအစမှန်သမျှ သင်ယူခဲ့ရသည်။ ကောင်းကင်နတ်ဘုံအနေဖြင့် ထိုသိုင်းကွက်ကိုရရှိရန် မည်သည့်အရာမဆို လုပ်ပေလိမ့်မည်။
“မင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ရင် မင်းကို ခြေရာခံပြီး မင်းဝိညာဉ်ကို မြှားခေါ်မယ့် လူတစ်ယောက် ရှိလိမ့်မယ်”
ချင်မူက သေခြင်းရှင်ခြင်းစာအုပ် ထုတ်လိုက်ကာ ယွီချွီးတုကို ကြည့်သည်။ “အဲ့ဒီလူက ကောင်းကင်ယင်သားတော်ပဲ…. သူ မင်းကို ရှာမတွေ့အောင် မင်းနာမည်ကို သေခြင်းရှင်ခြင်းစာအုပ်ကနေ ဖျက်ပေးလိုက်မယ်”
သူက သေခြင်းရှင်ခြင်းစာအုပ်မှ ယွီချွီးတု၏ နာမည်ကို ဖျက်ကာ ဆက်ပြောသည်။ “တစ္ဆေသင်္ဘောကနေ မင်းဆရာကို ကယ်ဖို့က ငါးနှစ်ကြာနိုင်သလို နှစ်နှစ်လောက်နဲ့လည်း ပြီးသွားနိုင်တယ်…. မင်း အဲ့ဒီအချိန်ကျရင် မင်းဆရာနဲ့ ပြန်တွေ့နိုင်ပြီ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ရောက်ရင် ဇွဲကောင်းကောင်းနဲ့ လေ့လာဆည်းပူးပါ…. သင်ယူခဲ့တာတွေကို နားလည်အောင် လုပ်၊ ကိုယ်ပိုင်လမ်းစဉ်တစ်ခု ဖန်တီးပြီး တတိယအဆင့်ကနေဒုတိယအဆင့်အထိ တိုးတက်အောင် ကြိုးစား”
ယွီချွီးတုက တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်အရိုအသေပေးကာ ကျေးဇူးတင်လိုက်သည်။ သူက ကလေးမလေး၏ လက်ကို ဆွဲကာ ပြောသည်။။ “ဦးရီးတော် အကြံပေးတဲ့အတိုင်း တူတော် တသဝေမတိမ်း လိုက်နာပါ့မယ်”
ချင်မူက ခါးကိုင်းလျက် ကလေးမလေးကို ငုံ့ကြည့်ကာ မေး၏။ “ကလေးမ၊ နာမည် ဘယ်လိုခေါ်လဲ”
ကလေးမလေးသည် သူမလက်ထဲ၌ အရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။ သူမမျက်နှာမှာ အနည်းငယ်ပေကျံနေပြီး သူမက ရှက်ရွံ့စွာ ပြောလေသည်။ “ဟွာရွှမ်းရှို့ပါ.. လေးလေး၊ ဒါကို စားပါနော်”
သူမက အသားစနည်းနည်းသာ ကျန်တော့သည်အထိ ကိုက်ထားသော အရိုးကို ချင်မူရှေ့သို့ တိုးပေးသည်။ ချင်မူက ယူကာ ရယ်လိုက်လေသည်။ “ဟွာရွှမ်းရှို့တဲ့ လှလိုက်တဲ့ နာမည်ပါလား…. မင်း အသက်ပြန်ရှင်လာတော့ ယန်ဝိညာဉ်သုံးခုနဲ့ ယင်ဝိညာဉ်ခုနစ်ခုက လေးလေးရဲ့ ကောင်းကင်နတ်သိုင်းကြောင့် သန်မာလာတာ သိရဲ့လား…. အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေတောင် မင်းရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး… ပြီးတော့ လေးလေး မင်းကို ပိုကြီးတဲ့ အရိုး ပေးဦးမှာ..”
သူက ဒုတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရား၏ ပေါင်ရိုးကို ထုတ်လိုက်ပြီး အသားစများကို ဖယ်ရင်း အချိန်ခဏယူကာ အရိုးထဲရှိ ကြောက်မက်ဖွယ်စွမ်းအားကို ပြုပြင်ဖိနှိပ်လိုက်သည်။ ထို့နောက် အရိုးကို သူမလက်ထဲ ထည့်ပေးကာ ပြုံးလိုက်သည်။ “ဒါက မင်းကို ကာကွယ်ပေးနိုင်တယ်”
ဟွာရွှမ်းရွှီမှာ ဧရာမပေါင်ရိုးကြီးကို ဆွဲယူ၍ စပ်စုကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွား၏။ “လေးလေး၊ ဒီပေါ်မှာ အသားလည်း မရှိဘူး… ဒါက ခွေးတွေအတွက်လေ”
“ခွေးတွေ ဒါကို မဝါးနိုင်ပါဘူးကွယ်”
ချင်မူက ရယ်လျက် လက်ဝှေ့ရမ်းလိုက်သည်။ “တူလေး၊ သူ့ကိုခေါ်ပြီး သွားတော့”
ယွီချွီးတုသည် ထပ်မံအရိုအသေပေး၏။ ထို့နောက် ဟွာရွှမ်းရှို့၏ လက်ကို ဆွဲလျက် ထွက်သွားတော့သည်။
ချင်မူက ဟွာရွှမ်းရှို့ ပေးခဲ့သော အရိုးကို နဂါးချီလင်ဆီ ပစ်ပေးလိုက်သည်။ နဂါးချီလင်မှာ ပါးစပ်ဟ၍ ကိုက်ဖမ်းပြီးနောက် ချက်ချင်း ထွေးထုတ်ကာ မကျေမနပ် ပြောလေသည်။ “ကျွန်တော်က သားသတ်လွတ်သမားဗျ…. ဂိုဏ်းသခင်၊ ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ”
ချင်မူက လမ်းလျှောက်ရင်း ပြောသည်။ “အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်ဆီ သွားပြီး တောင်ကောင်းကင်၊ မြောက်ကောင်းကင်နဲ့ အရှေ့ကောင်းကင်တွေဆီ သွားကြည့်ကြတာပေါ့”
နဂါးချီလင်မှာ ယန်အာနှင့်အတူ သူ့နောက်မှ အလောတကြီး လိုက်လာကာ စပ်စုသည်။ “တခြားကောင်းကင်တွေက ရှေးဟောင်းနတ်ဘုရားတွေကိုပါ သတ်မလို့လား…. မဟာကောင်းကင်လေးဘုံလုံးက ရှေးဟောင်းနတ်ဘုရားတွေ သေသွားရင် အကြီးအကျယ် ဆူညံအုံကြွသွားမှာနော်”
“သွားလည်ပြီး ကြည့်ရုံကြည့်မှာပါဟ”
ချင်မူ့အကြည့်များသည် လင်းခနဲ လက်သွား၏။ “အဲ့ဒီကမ္ဘာသားတွေ ဘယ်လိုနေထိုင်နေလဲ သွားကြည့်ချင်တယ်… ရှေးဟောင်းနတ်ဘုရားတွေကို ထိစရာမလိုပါဘူး….ဟီးဟီး…”
သူက ရယ်နေသည်။ “တကယ်တော့ နတ်ဘုရားတစ်ပိုင်းတွေဆိုတာ ရှေးဟောင်းနတ်ဘုရား နောက်တစ်သုတ်ပဲ မဟုတ်လား…. ဒါကြောင့် ခေါင်းမာတဲ့ ရှေးဟောင်းနတ်ဘုရားတွေ အကုန်လုံးကို သတ်လိုက်လို့ ရှေးဟောင်းနတ်ဘုရားတွေ မရှိတော့ရင်တောင် သတ်ရမယ့် နတ်ဘုရားတစ်ပိုင်းတွေ တစ်သုတ်ပြီးတစ်သုတ် ရှိနေဦးမှာပဲ…. သံသရာလည်နေဦးမှာ”
နဂါးချီလင်က တွေးလိုက်ရင်း မေးမိသည်။ “ဒါဖြင့် ကျွန်တော်တို့ ဒါတွေအားလုံးကို ဘယ်လိုပြောင်းလဲကြမလဲ”
“ကိုယ့်ဘာသာ အားဖြည့်ရမယ်…. လူသားမျိုးနွယ်က ကိုယ့်ဘာသာ သန်မာတောင့်တင်းလာရမယ်… ကမ္ဘာခေတ်နှောင်း သတ္တဝါရောပဲ”
ချင်မူက တခဏ စဉ်းစားကာ ဆက်ပြောသည်။ “လူသားတွေ သန်မာလာတဲ့အခါ နတ်ဘုရားတစ်ပိုင်းတွေကို ကြောက်စရာမလိုတော့ဘဲ ပြန်ခုခံနိုင်လိမ့်မယ်… ဒါ့အပြင် သူတို့သန်မာလာမှ ပြုပြင်ပြောင်းလဲမှုအတွက် အားထုတ်နိုင်ပြီး လူအများအတွက် နတ်ဘုရားတွေ ဖြစ်လာနိုင်ကြမှာ…. ဒါက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို လိုအပ်ရတဲ့ အကြောင်းရင်းပဲ… မတရားတဲ့ အခြေအနေတစ်ခုနဲ့ တွေ့ရင် အားသုံးပြီး ဖြေရှင်းတာက ရေကြီးခွင်ကျယ်လုပ်တာနဲ့ အတူတူပဲ…. ငါ တကယ်လုပ်ချင်တာက…”
သူသည် ပိုပို၍ နီးကပ်လာသော အဖြူရောင်နတ်မင်းကောင်းကင်နန်းဆောင်ကို ကြည့်၍ ခပ်ပြတ်ပြတ် ပြော၏။ “ငါ တကယ်လုပ်ချင်တာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို စကြ၀ဠာနဲ့ မဟာကောင်းကင်ဘုံတွေရဲ့ နေရာတိုင်းဆီ တွန်းပို့ပြီး လူသားတွေရဲ့ နှလုံးသားထဲက နတ်ဘုရားတွေကို ချိုးဖျက်ဖို့ပဲ…. နဂါးဟန်ခေတ်မှာ မအောင်မြင်ခဲ့ဘူး.... ချိမင်ခေတ်၊ ချုံဧကရာဇ်ခေတ်၊ ခိုင်ဧကရာဇ်ခေတ်တွေရောပဲ….. ဒါပေမဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကတော့ လုပ်ကောင်းလုပ်နိုင်လိမ့်မယ်”
သူက သက်ပြင်းရှည် ကြီးချလိုက်သည်။ “ငါ မဟာကောင်းကင်လေးဘုံမှာ ခရီးထွက်နေတဲ့အချိန်အတွင်း စိတ်ငြိမ်အောင် လုပ်ရင်း ကောင်းကင်နတ်အရှင်လင်ရဲ့ စာကို နားလည်အောင် လေ့လာရမယ်…. အစ်ကိုကြီးကို ကယ်ရမယ်…. တစ္ဆေသင်္ဘောပေါ်က ယွီလင်နန်းစောင့်တပ်ဖွဲ့ကို ကယ်ရမယ်…. ပိုပြီး အရေးကြီးတာက”
သူက ဆက်မပြောတော့ချေ။
ဖန်သားကောင်းကင်စေတီ၏ ဥထဲရှိ မမွေးဖွားသေးသော ရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် ထိုက်ရှီဥ၏ မဟာတာအိုကို နားလည်ရပေမည်။ ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် ပက်သက်၍ အတော်လေး ခံစားချက်မကောင်းပေ။
အထူးသဖြင့် သူ၏ ချင်စာလုံးမြေထဲတွင် ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် အချင်းချင်း ဆက်သွယ်နေကြ၏။ သို့သော် သူ၏အသိစိတ်အလျဉ် ချင်စာလုံးမြေထဲသို့ ၀င်ရောက်သွားချိန်တွင် ချက်ချင်း ရပ်တန့်ခဲ့ကြသည်။
၎င်းက အင်မတန် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှသည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ယှဉ်ပြိုင်နိုင်သော ထိုဖြစ်တည်မှုနှစ်ခုသာ မွေးဖွားလာပါက မည်သို့သော ကြောက်မက်ဖွယ်မုန်တိုင်းကြီး ဖြစ်ပေါ်လာမည်နည်း။
သူတို့ မည်သည့်အရာများနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်နေကြသည်လဲ၊ သူတို့ဘာတွေးနေသည်လဲ၊ သူတို့၏မဟာတာအိုများက ဘယ်လိုရှိသည်လဲ ချင်မူ နားလည်မှ ဖြစ်လိမ့်မည်။