ပြိုင်ဘက်ကင်းသော သိုင်းသမားအနေနဲ့ ထွက်လို့လာ
Vol. 87 Ch. 1129
အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်တွင် မင်းသားချင်းကျုံး အကြပ်ရိုက်နေသည်။ စီရင်စုကိုးစု၏ ရှေးဟောင်းနတ်ဘုရားကိုးပါး အသတ်ခံခဲ့ရသည့်အမှုမှာ တရားခံမပေါ်သေးပေ။ ထောက်တိုင်သုံးတိုင် ကောင်းကင်ဘုံမှ ရှေးဟောင်းနတ်ဘုရားသုံးပါးသည်လည်း အစအနမကျန် ပျောက်ကွယ်သွားကြသည်။
အဖြူရောင်နတ်မင်း စစ်တပ်ကြီးနှင့်အတူ အနောက်ကောင်းကင်မှ ထွက်ခွာသွားခဲ့သည့်အချိန်မှ ယခုလိုအဖြစ်အပျက်ကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ အဖြူရောင်နတ်မင်း ပြန်လာလျှင် သူ၏ အသုံးမကျမှုအတွက် အပြစ်တင် ဆူပူခံရလိမ့်မည်။ သူ မင်းသား ဆက်ဖြစ်နိုင်၊ မဖြစ်နိုင်မှာ မေးခွန်းထုတ်စရာ ဖြစ်နေ၏။
“အရှင်မင်းသား၊ စီရင်စုကိုးစုနဲ့ ကောင်းကင်နတ်ဘုံကို ဆက်သွယ်ပေးထားတဲ့ စွမ်းအင်အကူးအပြောင်းတံတား ဖျက်ဆီးခံလိုက်ရပြီလို့ စီရင်စုကိုးစုက သတင်းပို့လာပါတယ်…. ကောာင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်၊ ထူစစ်ခုန်းကြယ်တာရာအရှင်သခင် ကျင့်ပိုင်ကျွမ်းလည်း အဆုံးမဲ့တိမ်တိုက်နန်းတော်မှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်…”
လာရောက် အစီရင်ခံသည့် နတ်တပ်မှူးသည် တခဏ တုံ့ဆိုင်းနေပြီးနောက် ဆက်လက်လျှောက်တင်၏။ “သူနဲ့အတူ ပါလာတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေလည်း တစ်ယောက်မကျန် သတ်ဖြတ်ခံခဲ့ရပါတယ်… အဆုံးမဲ့တိမ်တိုက်နန်းတော်ရဲ့ တပည့်ကလည်း အရိပ်အယောင်တောင် မတွေ့ရဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်…”
“ကျင့်ပိုင်ချွမ်းက သေသွားပြီလား”
မင်းသားချင်းကျုံး ခေါင်းနပန်းကြီးသွားပြီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “စီရင်စုကိုးစုက အဖြစ်အပျက်တွေကို ငါ့ဆီ ပြန်ပြောပြနိုင်တဲ့သူ ဘယ်သူရှိလဲ….. ဘာကြောင့် အဲ့လောက် ရုန်းရင်းဆန်ခတ် ဖြစ်သွားရတာလဲ… ထောက်တိုင်သုံးတိုင်ကောင်းကင်ဘုံက ရှေးဟောင်းနတ်ဘုရားတွေကရော ဘယ်ရောက်သွားကြလဲ”
နတ်ဘုရားတပ်မှူးက ခေါင်းရမ်းကာ လျှောက်တင်သည်။ “ထောက်တိုင်သုံးတိုင်ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အရိပ်အယောင်ကို မတွေ့ရပါဘူး…. ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားသုံးပါးက စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ်ပြီး ကျွန်တော်တို့ အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်ဆီ လာနေတာကို တွေ့ခဲ့ရတယ်လို့ စွမ်းအင်အကူးအပြောင်းတံတားဆီက အစောင့်တွေက ပြောကြပါတယ်
ထိုအခိုက်အတန့်တွင် နတ်ဘုရားတစ်ပါးက အပြေးအလွှား ရောက်လာ၍ အစီအရင်ခံသည်။ “အရှင်မင်းသား၊ ကျွန်တော်တို့ အောက်ဘုံက အဖြစ်အပျက်တွေကို စစ်ဆေးပြီးပါပြီ…. ထောက်တိုင်သုံးတိုင်ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေက အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်ဆီ ရောက်လာပြီး အောက်ဘုံက လူသားတွေကို စားဖို့ တိတ်တိတ်လေး ဆင်းသက်သွားကြပါတယ်တဲ့”
“အဲ့ဒီမျိုးမစစ်သုံးကောင် ဒီကိစ္စတွေရဲ့ အကျိုးဆက်ကို နားမလည်ဘူးပဲ”
မင်းသားချင်းကျုံး ဒေါသူပုန်ထသွားသည်။ သူက ခုံကို ဒုန်းခနဲ ထုကာ အော်လိုက်လေသည်။ “ဒီလောက် ကိစ္စတွေ ရှုပ်ယှက်ခက်နေတာတောင် သူတို့က ငါ့နယ်မြေဆီ လာပြီး လူသားတွေ စားနိုင်ကြသေးတယ်…. သူတို့ကို ခေါ်လိုက်…. စီရင်စုကိုးစု လူသတ်မှုနောက်ကွယ်က တရားခံက ဘယ်သူလဲ ငါ သိချင်တယ်…”
နတ်ဘုရားမှာ တွန့်ဆုတ်သွား၏။ “သူတို့ သေသွားပါပြီ…”
မင်းသားချင်းကျုံး၏ ဒေါသသည် သတင်းစကားကြောင့် ချက်ချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။ သူ့မှာ ရတနာထိုင်ခုံပေါ်သို့ ဖင်ထိုင်ရက် ကျသွားပြီး ရေရွတ်လိုက်မိသည်။ “သေပြီတဲ့လား”
နတ်ဘုရားက လျှောက်တင်သည်။ “ထောက်တိုင်သုံးတိုင် ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေကို မြို့တစ်မြို့အပြင်မှာ သေနေတာ တွေ့ခဲ့ရတာပါ…. အောက်ဘုံကို ကြီးကြပ်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ပြောစကားအရ ကောင်းကင်ဘုံတွေ အလွှာထပ်ထပ် ပွင့်လာပြီး အဲဒီကောင်းကင်ဘုံတွေရဲ့ ထိပ်ဆုံးမှာ အလုံးတစ်လုံး ရှိနေတာကို တွေ့ခဲ့ရပါတယ်တဲ့…. ရတနာတွေကလည်း ကြယ်တာရာကောင်းကင်က ကြယ်တွေလို အများကြီး ပြန့်ကျဲနေပြီးတော့ ထောက်တိုင်သုံးတိုင်ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ဖြတ်ခဲ့တာပါတဲ့…”
မင်းသားချင်းကျုံးသည် ထိုရတနာမျိုးအကြောင်း ကြားပင်မကြားဖူးချေ။ သူက စိတ်ဓာတ်ကျစွာ ခေါင်းရမ်းလိုက်သည်။ “ကောင်းကင်နတ်ဘုံက မဟာလေဟာနယ်ကို တိုက်ခိုက်ဖို့ ခမည်းတော်ကို ဆင့်ခေါ်လိုက်တဲ့အတွက် ခမည်းတော်က အနောက်ကောင်းကင်ကို စောင့်ရှောက်ဖို့ ငါ့ကို တာ၀န်ပေးခဲ့တယ်… မဟူရာနတ်မင်း၊ အစိမ်းရောင်နတ်မင်းနဲ့ ဇာမဏီနတ်မင်းတို့လည်း ခေါ်ဆောင်ခံခဲ့ရတယ်…. ကောင်းကင်နတ်ဘုံက အစောင့်ဆယ်ဖွဲ့နဲ့ မဟာစစ်တပ်ကြီးတွေကိုလည်း စေလွှတ်ဦးမှာ… အခု ဒါတွေ ဖြစ်နေပြန်ပြီ…. အနောက်ကောင်းကင်က ရှေးဟောင်းနတ်ဘုရား ၁၂ ပါး သေဆုံးသွားတာက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး…. ငါ ဒါကို ဖုံးကွယ်မထားနိုင်ဘူး”
သူ့မှာ ခေါင်းခဲနေသဖြင့် နှစ်ခြမ်းကွဲတော့မည့်အလား ခံစားနေရသည်။
နတ်ဘုရားက အနည်းငယ် တုံ့ဆိုင်းပြီးနောက် မေးလေ၏။ “အရှင်မင်းသား၊ ကျွန်တော်တို့ ဒီကိစ္စကို ကောင်းကင်နတ်ဘုံဆီ အစီရင်ခံသင့်လားဗျ”
“အင်း…. ငါတို့ အစီရင်ခံရမယ်….ဘယ်လိုနည်းနဲ့မှ ဖုံးကွယ်ထားလို့မရဘူး”
မင်းသားချင်းကျုံးက ပြတ်သားစွာ ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်လူဆိုးထိန်းစခန်းကို ဆက်သွယ်ပြီး တရားခံ ဘယ်သူလဲ စုံစမ်းပေးဖို့ တောင်းဆိုလိုက်…. ပြီးတော့ ငါတို့ပိုင်နက်ထဲက စွမ်းအင်အကူးအပြောင်းတံတားတွေအားလုံးကို ချက်ချင်း ပိတ်ထား…. လူသတ်သမားက အနောက်ကောင်းကင်မှာ ရှိနေတုန်းပဲ… ထွက်မသွားသေးဘူး…. ငါတို့ သူ့ကို အနောက်ကောင်းကင်မှာ ပိတ်ကို ပိတ်ထားရမယ်”
နတ်ဘုရား ထွက်သွားတော့မည့်အချိန် မင်းသားချင်းကျုံးက သူ့ကို ရုတ်တရက် လှမ်းခေါ်သည်။ “ပြီးတော့ အနောက်ကောင်းကင်က ရှေးဟောင်းနတ်ဘုရားတွေမှန်သမျှ အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်ဆီ အလျင်အမြန် လာခဲ့ဖို့ ပြောလိုက်”
နတ်ဘုရားက အလောတကြီး ထွက်ခွာသွားသည်။
‘ရှေးဟောင်းနတ်ဘုရား ၁၂ ပါးကို သတ်ခဲ့တဲ့သူက အင်မတန် အစွမ်းထက်တယ်…. ကောင်းကင်ဘုံအများကြီးဆိုတာကလည်း အင်အားကြီးတဲ့ ရတနာတစ်မျိုးပဲ…. အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်ရဲ့ အစောင့်တွေနဲ့ အနောက်ကောင်းကင်က ရှေးဟောင်းနတ်ဘုရားတွေနဲ့ တရားခံက အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်ဆီကို ၀င်မလာရဲလောက်ပါဘူး”
မင်းသားချင်းကျုံးသည် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ သူက အံတင်းတင်းကြိတ်၍ ချာခနဲ လှည့်ကာ အပြင်သို့ ထွက်သွားလိုက်ရင်း တစ်ယောက်တည်း တွေးနေသည်။ ‘ထောက်တိုင်သုံးတိုင်ကောင်းကင်ဘုံက ရှေးဟောင်းနတ်ဘုရားတွေ သေသွားတဲ့ အခင်းနေရာကို ငါကိုယ်တိုင် သွားစစ်ဆေးဖို့ လိုအပ်တယ်…. သဲလွန်စတစ်ခုခု ကျန်ခဲ့သလား ကြည့်ရမယ်”
သို့သော် သူသည် သတိလည်း ထား၏။ သူက အနောက်ကောင်းကင်၏ သိုင်းပညာရှင် နတ်ဘုရားမိစ္ဆာတစ်ရာကျော်ကို သူ့အား လိုက်လံပို့ဆောင်ပေးရန် ဆင့်ခေါ်လိုက်သည်။
မင်းသားချင်းကျုံးက သူ၏၀တ်ရုံကို ချွတ်၍ အစောင့်အ၀တ်အစား ၀တ်လိုက်သည်။ ထို့နောက် ကျန်လူများနှင့်အတူ အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်ဆီမှ အလောတကြီး ထွက်ခွာသွားလေသည်။
သူ တောင်ကောင်းကင်မုခ်၀ဆီမှ ထွက်လိုက်သည်နှင့် အဝေးတွင် လူငယ်တစ်ယောက်နှင့် နဂါးချီလင်တစ်ကောင်ကို တွေ့လိုက်ရ၏။ သူတို့ စွမ်းအင်အကူးအပြောင်းတံတားဆီ လျှောက်လာနေကြသည်။
အနားရောက်သည့်အခါမှ နဂါးချီလင်၏ ခေါင်းပေါ်တွင် ၀၀တုတ်တုတ် အစိမ်းရောင်စာကလေးတစ်ကောင်လည်း ထိုင်နေကြောင်း မြင်လိုက်ရသည်။
စွမ်းအင်အကူးအပြောင်းတံတားကို စောင့်ကြပ်နေသည့် နတ်ဘုရားသည် တံတားကို ပိတ်ထားပြီး ဖြစ်၏။ သို့သော် သူ့မှာ ယဇ်ပလ္လင်သို့ လျှောက်သွားနေသည့် ထိုလူများအား မမြင်သည့်အလားပင်။
မင်းသားချင်းကျုံးမှာ အံ့အားသင့်သွားပြီး ရင်ထဲ တုန်လှုပ်သွား၏။ တစ်ချိန်တည်းမှာပင် နဂါးချီလင်၏ နားထဲမှ တိုးထွက်လာသော ထူးထူးဆန်းဆန်း သတ္တဝါသေးသေးလေးကို တွေ့လိုက်ရသည်။ ၎င်းသည် အင်မတန် သေးငယ်သည်မှလွဲ၍ မြေအောက်ဘုံအရှင်သခင်နှင့် တူနေသည်။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက နဂါးချီလင်၏ နားပေါက်၀၌ ရပ်နေပြီး ပျင်းရိပျင်းတွဲ အကြောဆန့်ကာ သမ်းဝေလိုက်သည်။ ရုတ်တရက် မင်းသားချင်းကျုံးကို မြင်လိုက်သဖြင့် ထအော်၏။ “အားးးးး”
နဂါးချီလင်နှင့် လူငယ်သည် လှည့်ကြည့်လာပြီး မင်းသားချင်းကျုံးနှင့် အကြည့်ချင်းဆုံသွား၏။
မင်းသားချင်းကျုံးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားသည်။ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဧရာမအလံကြီးရှစ်ခုသည် သူ့အနောက်၌ ထွက်ပေါ်လာပြီး လေနှင့်အတူ တဖျတ်ဖျတ် လွင့်နေသည်။
သူ သွေးသံချေးအလံကျမ်းစာကို အသက်သွင်းလိုက်သည့် တစ်ချိန်တည်းမှာပင် လူငယ်နှင့် အကြည့်ဆုံသွားလေသည်။
“နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ…. သူက ငါ့ရဲ့ အသိစိတ်၀ိညာဉ်အလျဉ်နဲ့ လှည့်စားမခံရဘူး”
လူငယ်၏အသံသည် မင်းသားချင်းကျုံးနှင့် အင်မတန် နီးကပ်စွာ ထွက်ပေါ်လာသော်လည်း တဖြည်းဖြည်း ဝေးကွာသွား၏။ မင်းသားချင်းကျုံး၏ အသိစိတ်အလျဉ်မှာ အနည်းငယ် ဝေဝါးလာပြီး ငေးကြောင်လာသည်။
“ငါ့အသိစိတ်အလျဉ် အဆင့်က လုံလုံလောက်လောက် မမြင့်မားသေးဘူးပဲ…. နတ်ဘုရင်ကုန်းယွင်အဆင့်သာ ရောက်နိုင်ရင် သူ ငါ့ကို သတိထားမိမှာ မဟုတ်ဘူး…. ဒါပေမဲ့ ငါ သူ့ကို တွေ့လိုက်ရပြီဆိုတော့ ငါ့မန္တန်တွေနဲ့ ရှင်းပစ်လိုက်လို့ရတယ်…”
အသံသည် ပိုပို၍ လုံးထွေးလာပြီး မင်းသားချင်းကျုံးမှာ သူ၏အတွေးများ တဖြည်းဖြည်း တောင့်တင်းလာသည်ကို ခံစားနေရသည်။ ၎င်းတို့မှာ သစ်သားတုံးများအဖြစ် အသွင်ပြောင်းနေကြသည့်အလားပင်။ လူငယ်နှင့် ပတ်သက်သည့် သူ၏မှတ်ဉာဏ်မှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီး အဓိပ္ပာယ် မရေရာသော သီချင်းတစ်ပုဒ်ကိုသာ ကြားနေရချေသည်။
“ဆန်းကြယ်နက်နဲလွန်း ဂိုကစားပွဲ... တစ်ခါကစား.... တမေ့တမော ကြာလေတယ်.... ပြိုင်ဘက်ကင်းသော သိုင်းသမားအနေနဲ့ ထွက်လို့လာမယ်....အသက်ချမ်းသာပေးသင့်သူကို ချမ်းသာပေးသင့်တယ်...”
သီချင်းသံ ရပ်သွားသည်နှင့် မင်းသားချင်းကျုံးမှာ ချက်ချင်း ခေါင်းရမ်းလိုက်ပြီး ငေးကြောင်နေရာမှ နိုးထာလာသည်။ သူက စွမ်းအင်အကူးအပြောင်းတံတားကိုတစ်လှည့်၊ သူ့ကိုယ်သူတစ်လှည့် ဇဝေဇဝါ ကြောင်ကြည့်နေသည်။
“ငါက ဘာလို့ မဟာရန်သူတော်ကြီးနဲ့ တွေ့ရတော့မယ့်အတိုင်း သွေးသံချေးအလံကျမ်းစာကို ထုတ်လိုက်တာပါလိမ့်…. စိတ်လှုပ်ရှားလွန်သွားတာ ဖြစ်မယ်”
သူက ရယ်လျက် သွေးသံချေးအလံကျမ်းစာအား ရုတ်သိမ်း၍ အော်လိုက်သည်။ “ဟိုနားက စစ်သား….စွမ်းအင်အကူးအပြောင်းတံတားကို ချက်ချင်း ပိတ်လိုက်စမ်း”
စွမ်းအင်အကူးအပြောင်းတံတားကို စောင့်ကြပ်နေသည့်အစောင့်က ချက်ချင်းဆိုသလို တံတားကို ပိတ်လိုက်သည်။
ရုတ်တရက် စွမ်းအင်အကူအပြောင်းတံတားသည် တောက်ပလာပြီး သူ စေလွှတ်ခဲ့သည့် နတ်ဘုရားက ရှေးဟောင်းနတ်ဘုရား အတော်များများနှင့်အတူ ပြန်ရောက်လာသည်။
မင်သားချင်းကျုံးမှာ အံအားသင့်နေ၏။ “မြန်လှချည်လား”
နတ်ဘုရားက ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။ “အရှင်မင်းသား၊ ကျွန်တော် ဆယ်ရက် ထွက်သွားခဲ့ပါတယ်…. ကံကောင်းစွာနဲ့ တာ၀န် အောင်မြင်လာခဲ့ပါတယ်”
“ဆယ်ရက်လား”
မင်းသားချင်းကျုံးမှာ ငိုင်သွားပြီး ကြောင်အစွာ ကြည့်နေ၏။ ထို့နောက် သူက အော်လိုက်သည်။ “မင်းထွက်သွားတာ ဘယ်နှရက် ရှိပြီလဲ”
နတ်ဘုရားမှာ အနည်းငယ်ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ့မေးခွန်းအား ဖြေ၏။ “ဆယ်ရက်ပါ…”
“ဆယ်ရက်… ဆယ်ရက်..”
မင်းသားချင်းကျုံး ကြက်သီးမွေးညင်းများစွာ ထသွားပြီး အကြောက်တရားက သူ့နှလုံးအိမ်တွင် ကြီးစိုးသွားတော့သည်။ သူသည် ကောင်းကင်နန်းဆောင်အပြင်သို့ ရောက်လာခဲ့ပြီး တခဏသာ စိတ်ထွေပြားခဲ့ကြောင်း သေချာလေသည်။ ထိုအစား ဆယ်ရက်မှာ ကုန်ဆုံးသွားခဲ့ချေပြီ။
သူသာ အစီအရင်ဖြင့် ပြုစားခံခဲ့ရပါက သူ့အစောင့်များလည်း အလားတူဖြစ်လိမ့်မည်။ သူနှင့်အတူ နတ်ဘုရားနှင့် မိစ္ဆာများစွာ ဆယ်ရက်ကျော် ရပ်စောင့်နေရခြင်းကား မည်မျှ ကြောက်မက်ဖွယ် ကောင်းလှသနည်း။
သူ့မှာ ငေးငိုင်သွားပြန်ပြီး သီချင်းဖွဖွ ညည်းနေမိသည်။ “.... ပြိုင်ဘက်ကင်းသော သိုင်းသမားအနေနဲ့ ထွက်လို့လာမယ်....အသက်ချမ်းသာပေးသင့်သူကို ချမ်းသာပေးသင့်တယ်... အသက်ချမ်းသာပေးသင့်သူကို ချမ်းသာပေးသင့်တယ်... နန်းဆောင်ကို ပြန်စို့”
သူက လက်ကို လွှဲရမ်းကာ အော်လိုက်သည်။ “တပ်သားတွေကို စု၊ ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်လူဆိုးထိန်းစခန်းကလူတွေ မရောက်လာမချင်း အဖြူရောင်နတ်မင်းကောင်းကင်နန်းဆောင်ကို စောင့်ကြပ်ကြ... အဖြူနတ်မင်း ပြန်မလာခင်အထိ လူသားတွေကို ယဇ်ပူဇော်တာ ရပ်ထားမယ်”