မင်းသမီးကို စိန်ခေါ်ခြင်း
Vol. 010 Ch. 962
ကျောက်ကျိမင်ကား ကျောက်ပြည်ထောင်၏ ဘုရင်ဖြစ်ကာ သူအလိုရှိသော မိန်းမအား ယူနိုင်၏။ သို့သော် သူ၏နန်းတော်၌ပင် မှန်နန်းတော်အား တည်ဆောက်ကာ မှန်နန်းတော် သခင်မနှင့် ရုပ်အဆင်းတူသော စီ အမည်ရှိ ကိုယ်လုပ်တော်အား ထား၏။ သူ၏စွဲလမ်းမှုမှာ မည်မျှ နက်ရှိုင်းသည်ကို ထင်ရှားစေ၏။
သူကား ငယ်ရွယ်စဉ် အချိန်အခါ ကတည်းက နာမည်ကျော်ကြား ထင်ရှားသော ကျောက်ပြည်ထောင် မင်းသားဖြစ်၏။ သူ့ပါရမီနှင့် နောက်ခံ အင်အားအရ မည်သည့်အရာကမှ သူ့အား ငြင်းခွင့်မရှိ။ မှန်နန်းတော် သခင်မ၏ အကြောင်းကို စတင် ကြားသိကတည်းက သူကား ပြိုင်စံရှား မိန်းမလှအပေါ် ကြီးစွာ စိတ်ဝင်စားခဲ့၏။ သူမအား မြင်သောအခါလည်း စွဲလမ်း နှစ်သက်ခဲ့ပြန်သည်။ သူက မှန်နန်းတော် သခင်မအား ရယူရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သော်လည်း သူ့အဖြစ်မှာ လိုက်လေ ဝေးလေ။ နောက်ဆုံး သူမ၏မင်္ဂလာပွဲ၌ လိမ်လည် လှည့်စားကာ ကျောက်ပြည်ထောင်သို့ သူမအား ဆောင်ယူ နိုင်ခဲ့သော်လည်း သူမကား မိမိကို လက်ထပ်ရန်ထက် သေခြင်းတရားကိုသာ ရွေးသည်။
သူမက မှန်နန်းတော်သို့ ရောက်ပြီး နောက်တွင်လည်း နည်းလမ်းမျိုးစုံဖြင့် မိမိကို ဆန့်ကျင်သည်။ ထိုအထဲတွင် ရှန့်ထိုဖြစ်ရန် ကြိုးစားမှု၌ လုပ်ကြံခြင်းများလည်း ပါဝင်ခဲ့သည်။ သူ၏အဖေမှာလည်း ထိုရန်ငြိုး ပဋိပက္ခကြောင့် မှန်နန်းတော် သခင်မ၏ ဆရာသခင်နှင့် တိုက်ခိုက်ကာ နှစ်ယောက်သား ဆုံးပါးခဲ့၏။ ထိုအချိန်မှစ၍ သူမအား ရယူပိုင်ဆိုင်ကာ မိမိခြေရင်း၌ ဝပ်တွားခစား စေရမည်ဟု သူကိုယ်တိုင် သွေးသစ္စာ ဆိုခဲ့သည်။
ယခု သူခက်ခဲစွာ ရယူရန် ကြိုးစားနေသော မိန်းမအား ရီဖူရှင်းက ပွေ့ဖက်ထား၏။ သူတစ်ခါမှ မထိတွေ့ဖူးသော ထိုအလှလေးမှာ ရီဖူရှမ်း၏ နမ်ရှုပ်ခြင်းကို ခံရ၏။ ခွေးကောင်လေးကား သူမ၏ ခန္ဓာကိုယ်ကိုပင် သူ့ရှေ့မှောက်၌ ချော့မြှူ ဆော့ကစားသည်။ လက်ရှိ ကျောက်ပြည်ထောင် ဘုရင်၏ စိတ်သဏ္ဌာန်မှာ မည်သို့ ဖြစ်နေမည်ကို လွယ်လင့်တကူ ခန့်မှန်းနိုင်၏။
ဤနေရာကကော … မည်သည့်နေရာ ဖြစ်သနည်း။ သင် ရန်ဟောင်တစ်ပါး ဖြစ်လိုလျှင် ထိုလမ်းစဉ် အတွက် စိတ်နှလုံးခိုင်မာမှု ရှိသလောဟု သူက မေးသည်။
ယခု မဟာလမ်းစဉ် ဖိအားပေး လာသောအခါ သူ့စိတ် ယိမ်းယိုင်သည်။ သူကား ဒဏ်ရာပြင်းစွာ ရထားပြီးဖြစ်ကာ ယခုလည်း မဟာလမ်းစဉ်၏ ပြစ်ဒဏ်ကို ခံယူရ၏။ ရန်ဟောင်ဖိအားက သူ့လမ်းစဉ်အပေါ် ယုံကြည်မှုအား လာရောက် ဖိနှိပ် ခြိမ်းခြောက်၏။ ထို့ကြောင့် ယခု ဖြစ်ပျက်နေသည်များအား ကြည့်ရှုမည့်အစား မျက်လုံးကို မှိတ်ရသည်။ သို့သော် ရီဖူရှင်းအပေါ် သူ၏ သတ်ဖြတ်လိုစိတ်မှာ သည်တစ်ခါ အပြင်းထန်ဆုံး။
ရီဖူရှင်းက ကျောက်ကျိမင်အား ကြည့်သည်။ မိမိမှာလည်း ကြီးမားသော နာကျင်ခြင်းကို ခံစားနေရ၏။ ရှန့်ထိုတစ်ပါး၏ တိုက်ခိုက်မှုမှာ ဟာသမဟုတ်ပေ။ သူ၏ အခြေအနေမှာလည်း ကျောက်ပြည်ထောင် ဘုရင်နှင့် မှန်နန်းတော် သခင်မတို့ကဲ့သို့ ထူးမခြားနား။
သို့သော်လည်း ဤနည်းဖြင့် ဟောင်ကျူဂီအတွက် ခလုတ်တံသင်းများ ရှင်းလင်းစေခဲ့၏။ သူသာ လုံလောက်သော စိတ်ဓာတ်နှင့် ခံယူချက်ရှိလျှင် ရှန့်ထို အမွေအနှစ်မှာ သူ့အပိုင်ဖြစ်၏။ ကျောက်ပြည်ထောင် ဘုရင်နှင့် မှန်နန်းတော် သခင်မတို့၏ လက်ရှိ စိတ်အခြေအနေက စမ်းသပ်မှုကို ကျော်ဖြတ်ရန် မလုံလောက်ပေ။
ရီဖူရှင်းက သူပွေ့ဖက်ထားသော မျက်မှာ လှလှကလေးအား ငုံ့ကြည့်သည်။ သူမ၏ပါးပြင်၌ မျက်ရည်စများအား ရီဖူရှင်းက ညင်သာစွာ သုတ်သည်။ သူမ၏အသားမှာ နူးညံ့လွန်းရကား ပိုးသားများနှယ်။ သူမကား ရှန့်ထို အဆင့်သို့အထိ လေ့ကျင့်ထားသူ ဖြစ်ရကား ရုပ်သွင်မှာလည်း သန့်စင်မြင့်မြတ်လျက် အထူးထူးသော ကျက်သရေ အပေါင်းတို့ဖြင့် ပြည့်စုံသည်။ မည်သူမဆို ဤသို့သော မိန်းမအား ပွေ့ဖက်လျှင် စိတ်လှုပ်ရှားပေမည်။ ဤကား လူသား သဘာဝဖြစ်၏။
သို့သော် သူကား သနား ကရုဏာသက်ခြင်း မရှိပေ။ မှန်နန်းတော် သခင်မသည်လည်း သူ့အပေါ် ရိုးသားခြင်း မရှိခဲ့။ သူမလုပ်ဆောင်မှုများ အားလုံးမှာ လက်စားချေလိုစိတ်မှ မြစ်ဖျားခံလာခြင်း သက်သက်ဖြစ်၏။ သူမ၏ လတ်တလော ကျောက်ပြည်ထောင် ဘုရင်အား တိုက်ခိုက်မှုမှာလည်း မိမိ၏ သေခြင်းတရားကို စိုးစဉ်းမျှ ထည့်တွက်ခဲ့ခြင်း မရှိပေ။ မိမိက ရန်ဟောင်၏ စစ်ဆေးမှုကို အသုံးချကာ နှစ်ယောက်လုံး၏ စိတ်နှလုံးအား ယိမ်းယိုင် ထိခိုက်စေခဲ့၏။ ထိုအရာကား မျက်လုံးအတွက် မျက်လုံးဖြစ်၏။ မိမိတို့ သုံးယောက်လုံးမှာ သိပ်မထူးခြားပေ။
သူကိုယ်တိုင်လည်း တစ်ခါမှ လူကောင်း မဟုတ်ခဲ့။
ရီဖူရှင်းသာ ဆန္ဒရှိပါက သူ၏ရင်ခွင်ထဲ သတိလစ်နေသော သည်မိန်းမအား သူ သတ်လိုက်၍ ရ၏။ သို့သော် သူမလုပ်နိုင်။ သူမက လက်စားချေရန် ရုန့်ရင်းကြမ်းတမ်း ခဲ့သော်လည်း သူမ၏ ကံဆိုးမိုးမှောင်ကျသော အတိတ် တစ်စိတ်တစ်ဒေသအား သူသိခဲ့ရပြီ ဖြစ်သည်။ ယွီကလန်ကိစ္စမှာလည်း သူ ဝင်စွက်ဖက်စရာတော့ မရှိပေ။
ရီဖူရှင်း စိတ်ရှုပ်ထွေး ရသည်မှာ အနမ်းလည်း ခြွေပြီးဖြစ်သလို မထိသင့်သော နေရာများမှာလည်း ထိမိခဲ့ပြီ။ သူ၏ဒေါသများ ချက်ချင်းဆိုသလို ကွယ်ပျောက်ခဲ့၏။ သို့သော် သူ၏လက်က သိပ်လွန်ကဲခဲ့သည်တော့ မဟုတ်။ သူက ကြမ်းကြုတ် ရက်စက်သော်လည်း ထိုမျှ မရက်စက်ခဲ့။ မိမိ၏စိတ်မှာ သိပ်မခိုင်မာသည်လည်း ဖြစ်နိုင်၏။
ကျောက်ပြည်ထောင် ဘုရင်ကား တစ်ဖန် လေ့ကျင့်နေပြီ ဖြစ်သည်။ ရီဖူရှင်းကား မှန်နန်းတော် သခင်မကို ပွေ့ဖက်ထားဆဲ။ သူက သိဒ္ဓိဝင် ရတနာတစ်ခုဖြင့် သူမ၏ပခုံးအား ရစ်ပတ်သည်။ သူမ နိုးထလာသောအခါ ထပ်မံ၍ အသုံးချ မခံလိုတော့ပေ။ သူမ ဒဏ်ရာ ရထားသည် ဆိုသော်လည်း ရီဖူရှင်းကား ရှန့်ထိုတစ်ပါးကို ခုခံနိုင်စွမ်း မရှိပေ။
ရီဖူရှင်း၏ သက်စောင့်ဝိညာဉ် ကလည်း သူ့အား မြန်ဆန်စွာ ကုစားပေးနေသည်။ သုံးယောက်လုံးမှာ ဒဏ်ရာ ရထားပြီး ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်အား နောက်တစ်ကြိမ် တိုက်ခိုက်ရန် မစဉ်းစားတော့ပေ။ သူ သင်ခန်းစာ ကောင်းကောင်း ရခဲ့ပြီး ဖြစ်သည်။
“ကျောက်ပြည်ထောင် ဘုရင် ... မှန်နန်းတော် သခင်မနဲ့ ကျုပ်နဲ့ ထိတွေ့ပြီးပြီ။ သူမ နိုးလာရင် ကျုပ် မိန်းမ ဖြစ်လာတော့မယ်။ ဘာလို့ ခင်ဗျားတိုင်းပြည်က မှန်နန်းတော်ကို မဖြိုလိုက်တာလဲ” ရီဖူရှင်းက ပြန်လည် ကုစားနေရင်း ပြောသည်။ ကျောက်ပြည်ထောင် ဘုရင်၏ လက်မောင်းများ တုန်ယင်နေသည်ကို သူမြင်သည်။ သို့သော်လည်း သူ၏မျက်လုံးများက မိမိပြောသည်ကို မကြားသည့်အလား မှိတ်ထား၏။
“သူမရဲ့လက်တွေနဲ့ အသားတွေက နူးညံ့လွန်းတယ်။ သူမက ရေလိုပဲ နူးညံ့ … ရေခဲလိုပဲ သန့်စင်လွန်းတယ်” ရီဖူရှင်းက သူမ၏ လက်သွယ်လေးအား အသာအယာ ထိတွေ့ကာ ပြောသည်။ ကျောက်ပြည်ထောင် ဘုရင်က လက်သီးများအား တင်းတင်း ဆုပ်ကာ သူ့ကိုယ်ရောင်ကိုယ်ဝါ မှာလည်း စတင်၍ စိမ့်ထွက် လာတော့သည်။ နောက်ဆုံး မခံနိုင်တော့ဘဲ တစ်ဖန် မျက်နှာက ရှုံ့မဲ့သွား၏။ သူကား မဟာလမ်းစဉ်၏ ပြစ်ဒဏ်ကို ဆန့်ကျင် တွန်းလှန်နေရရာ ရီဖူရှင်းကား သူ့စိတ် ယိမ်းယိုင်အောင် လုပ်နေသည်။ သို့သော် သူကား ဘုရင်တစ်ပါး ဖြစ်၏။ သူ၏စိတ်နှလုံးက သံမဏိအလား ခိုင်မာသည်။ သူ၏ မျက်လုံးများအား မှိတ်ထားကာ လှုပ်ရှားခြင်း မရှိပေ။ ရီဖူရှင်းက သူမ၏လက်များအား ပွတ်သပ်ခြင်းကို ရပ်တန့်လိုက်သည်။ သူက ကျောက်ပြည်ထောင် ဘုရင်အား ရန်မစတော့ဘဲ အားပြန်ပြည့်ရန် အာရုံစိုက် လိုက်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရီဖူရှင်း၏ ဒဏ်ရာများမှာလည်း မြန်ဆန်စွာပင် ကောင်းမွန် လာနေ၏။ သူက မျက်လုံးများအား ဖွင့်ထားကာ ကျောက်ပြည်ထောင် ဘုရင်အား စူးစိုက်ကြည့်လျက် တိုက်ခိုက်ရန် စဉ်းစားနေသည်။ သို့သော် ကျောက်ပြည်ထောင် ဘုရင်၏ အခြေအနေကို သူမသိပေ။ ရီဖူရှင်း တွေဝေနေ၏။
ရီဖူရှင်း တွေဝေနေစဉ်မှာပင် အသံတစ်သံ ထွက်လာသည်။ ရီဖူရှင်းက လှမ်းကြည့်လိုက်လျှင် ဟောင်ကျူဂီ ရှေ့သို့ လျှောက်သွားသည်ကို မြင်၏။
သူ အောင်မြင်ခဲ့လေပြီ။
ရီဖူရှင်းက စိတ်အေးသွားကာ သက်ပြင်းချသည်။ ဟောင်ကျူဂီကား အမွေအနှစ်ကို ရပြီဖြစ်သည်။ သည်စွန့်စားခန်း ခရီးမှာ အောင်မြင်ခဲ့ပြီဟု ဆိုနိုင်သည်။
ရှားရှင်းယွန် သူမ မသိအောင် ယူနိုင်ပါက ထိုအရာမှာ ထိုလူ၏အပိုင်ဟု ပြောသည်။
တစ်ချိန်တည်းမှာပင် ဟောင်စီက အုတ်ဂူ အပြင်ဘက်၌ များစွာသော ရှန့်ထိုများအား တားဆီးထား၏။ လူတစ်စု ရောက်လာသည်။ ဦးဆောင်လာသူကား ရှားရှင်းယွန် ဖြစ်သည်။ သူမက ဟောင်စီ၏ရှေ့သို့ လျှောက်လာခဲ့ကာ ရှန့်ထိုများက သူမနောက်မှ လိုက်လာကြ၏။ သူမက ရုပ်တုအား ကြည့်သည်။
ဟောင်စီက အားလုံးကို သူတစ်ယောက်တည်းဖြင့် တားဆီး နိုင်သည်ဟု တွေးခဲ့သည်။ သို့သော်လည်း မင်းသမီး၏ မျက်လုံးများကို မြင်လျှင် သူ တုန်လှုပ်သွား၏။ အကယ်၍ မင်းသမီးသာ အတွင်းသို့ ဝင်လိုပါက ဟောင်ကျူဂီ တစ်ယောက် အမွေအနှစ်အား ဆက်ခံရာတွင် အခက် တွေ့ပေလိမ့်မည်။
သူမ၏ စကားတစ်ခွန်းက အရာအားလုံးကို သိမ်းပိုက် နိုင်ပေသည်။ သူမ ဝင်ပါစရာပင် မလိုပေ။
“ရှေးနန်းတော်ရာက ကျုပ်ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တာပဲ။ မင်းသမီး ကျုပ်ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟောင်စီက ပြောသည်။
သူမက ဘာမှ မပြောဘဲ ရှေ့သို့ တက်လာသည်။ သို့သော် သူမ၏ မျက်လုံးများက အရာအားလုံးကို ရှင်းပြနေ၏။ မည်သူကမှ သူမအား မတားဆီးနိုင်။
သူမ၏ မျက်လုံးများအား ကြည့်ရင်းဖြင့် ဟောင်စီက ဝမ်းနည်း ဆွေးမြည့်မှုကို ခံစားရသည်။ ယူချင်းက အရှိန်အဝါ ကောင်းစွာဖြင့် ရှေ့သို့ တက်လာ၏။ ရှားရှင်းယွန်၏ နောက်မှ များစွာသော ရှန့်ထိုများလည်း ရှေ့သို့ တက်လာ ကြသည်။
“မင်းသမီး တစ်ယောက်ပဲ ဝင်လို့ရမယ်...။ ဘယ်လိုလဲ...” ဟောင်စီက ပြောသည်။
သူမက ဟောင်စီအား ကြည့်ကာ ပြောသည် ... “ကောင်းပြီ...”
“မင်းသမီးက ပေးထားတဲ့ ကတိကို တည်ဖို့ ကျုပ် မျှော်လင့်ပါတယ်” ဟောင်စီက ပြောသည်။ ထို့နောက် ဂိတ်တံခါးက တစ်ဖန် ပွင့်လာ၏။ ရှားရှင်းယွန် အထဲသို့ ဝင်သွားသည်ကို အားလုံးက စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ လီယောင်ကလည်း အထဲသို့ ဝင်ရန် ကြိုးစားသော်လည်း ရှားရှင်းယွန်၏လူများက သူ့အား တားဆီးထားသည်။
ရှားရှင်းယွန် ဂိတ်တံခါး အတွင်းသို့ ဝင်သည်။ ပြည်နယ်ကိုးခုမှ မည်သူကမှ သူမအား မတားဆီးနိုင်ပေ။ ဂိတ်တံခါး တစ်ဖန် ပြန်ပိတ်သွား၏။ အတွင်း၌ ဖြစ်ပျက်နေသည်ကို သူတို့ မသိပေ။
ဟောင်စီကား ဆုတောင်းရုံသာ တတ်နိုင်သည်။ အတွင်း၌ တန်ခိုးရှင် ငါးယောက်ရှိ၏။ ဟောင်ကျူဂီတွင် မျှော်လင့်ချက် ရှိပါမည်လော။
ရှားရှင်းယွန် အတွင်းသို့ ဝင်လာသည်ကို ရီဖူရှင်း မြင်သည်။ သူမ၏ မျက်လုံးများထဲ၌ အေးစက်သော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ ရှားရှင်းယွန်ကလည်း ရီဖူရှင်းအား မြင်သည်။ သူမက ရန်ဟောင် ရုပ်တုအား မြင်လျှင် အရာအားလုံးကို တစ်ခဏချင်း နားလည်သွား၏။ သူမက ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာသည်။
ရီဖူရှင်းက မှန်နန်းတော် သခင်မအား ချလိုက်ကာ ရှားရှင်းယွန်ကို တားလိုက်သည်။
“ရှေးနန်းတော်ရာက ဟောင်ကလန် ဘိုးဘေးတွေ သူ့မျိုးဆက်အတွက် ချန်ထားခဲ့တာပဲ။ ကျုပ်က ဒါကို ယူနိုင်ရင် ကျုပ်အပိုင်လို့ မင်းသမီး ပြောတယ်။ ဒါက ကျုပ်နန်းတော်က လူတွေ အတွက်လည်း အတူတူပဲမလား” သူက ပြောသည်။
“မှန်တယ်...” ရှားရှင်းယွန်က ပြောသည်။ ထို့နောက် သူမက ဟောင်ကျူဂီအား ကြည့်ကာ ပြောသည် ... “ဒါပေမဲ့ သူက ယူနိုင်စွမ်း ရှိပါ့မလား” ပြောရင်းဖြင့်ပင် သူမက ရီဖူရှင်းအား ဖြတ်ကျော်ကာ ရှေ့သို့ လှမ်းသွားသည်။
ရီဖူရှင်း၏ သဏ္ဌာန်က ရပ်ခနဲ သူမနှင့် ရန်ဟောင်ရုပ်တု အကြား ရောက်လာကာ ရှားရှင်းယွန်ကို စူးစိုက်ကြည့်သည်။
“ရှင် ကျွန်မကို တားနိုင်မယ်လို့ ထင်လား...” ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်သည်။ ရုတ်တရက် သူမထံမှ အားကောင်းသော အရှိန်အဝါ ထွက်ပေါ် လာ၏။
ရီဖူရှင်းက သူမအား ကြည့်သည်။ သူမကား အင်ပါယာရှားဘုံ အတွင်း၌ ပါရမီအမြင့်ဆုံး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
“မင်းသမီး ... မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းက မင်းသမီးရဲ့ ညွှန်ကြားမှုကို ရယူလိုပါတယ် ... “သူ၏အသံက အုတ်ဂူကြီးကို ပဲ့တင်ထပ် သွားသည်။
***