← Chapters

အရှက်မရှိသော အရိုင်းအစိုင်းကောင်

Vol. 010 Ch. 965

အရှက်မရှိသော အရိုင်းအစိုင်းကောင်

Vol. 010 Ch. 965

ရီဖူရှင်းက အင်မော်တယ် တစ်ပါးအလား တော်ဝင် မြင့်မြတ်ဟန် ရနေသော သူမအား ကြည့်သည်။ ရှားရှင်းယွန်ကား ရွေကြာပန်းပေါ်၌ ရပ်နေ၏။ ကြာပန်း၏ပွှင့်လွှာ ခြောက်ခုမှာ ဆက်လက်၍ ပွင့်အာလာနေကြပြီး သူမအနီးတွင် အဆုံးမဲ့သော ကြာပန်းပုံရိပ်များ ဖြစ်ပေါ်စေသည်။ ကြာပန်းသည် အရာအားလုံးကို ပျိုးထောင်နိုင်သလို မဟာလမ်းစဉ်ကိုလည်း ပျိုးထောင်နိုင်၏။

တစ်ကြိမ် တစ်ခါက ပြည်နယ်ကိုးခု ကျောင်းတော် စာကြည့်တိုက်တွင် သူ ဖတ်မှတ်ဖူးသည်မှာ သင်သည် အမြင့်ဆုံးသော အဆင့်တစ်ခုသို့ လေ့ကျင့်နိုင်ပါက မိမိကိုယ်ပိုင် လမ်းစဉ်ကိုပင် ဖောက်လုပ် နိုင်သည် ဆို၏။ လမ်းစဉ်က ဝိညာဉ်ကို ကျိုးထောင် စေနိုင်သလို သင်၏ သက်စောင့် ဝိညာဉ်မှာလည်း အတူတူ စွမ်းအားကြီး လာနိုင်ပေသည်။ ထို့ကြောင့် အင်အားကြီး ကလန်များမှာ သူတို့၏ မျိုးဆက်များ အတွက် အရည်အသွေး မြင့်မားကာ ထူးခြားသော သက်စောင့် ဝိညာဉ်များအား လက်ဆင့်ကမ်း နိုင်ကြပေသည်။

သူ၏ ကမ္ဘာသစ်ပင်မှာ ထူးဆန်း အံ့ဖွယ်ရာ ကောင်းပြီး အမြင့်ဆုံးသော အရည်အသွေးကို ပိုင်ဆိုင်သည်။ သို့သော် သူ၏ တန်ခိုးအဆင့်မှာ သိပ်မမြင့်ပေ။ သူက ထိုအရာ၏ ထူးဆန်း အံ့ဖွယ်ရာများကို နားလည်နိုင်သော အဆင့်သို့ မထိတွေ့သေးပေ။ ကမ္ဘာသစ်ပင်မှ ‌သက်စောင့် ဝိညာဉ်များ ‌မွေးဖွား နိုင်သည်ကပင် မည်မျှ အံ့ဖွယ် ကောင်းလိုက် သနည်း။

ဟောင်ကျူဂီကား အလွန် အားကောင်းသော ရန်ဟောင်အနွယ် သက်စောင့် ဝိညာဉ်သုံးခုအား ဆက်ခံခဲ့၏။ သူကား တန်ခိုး အဆင့်နိမ့်သေးရာ သူ၏သက်စောင့် ဝိညာဉ် မည်မျှ ထူးခြားသည်ကို မသိနိုင်သေးပေ။ ယခု သူက ရန်ဟောင် အမွေအနှစ်အား ဆက်ခံခဲ့ရာ သူ၏သက်စောင့် ဝိညာဉ်မှာလည်း လူနှင့်အတူ ပြောင်းလဲ ပေလိမ့်မည်။

ကျင့်ကြံခြင်း လမ်းစဉ်မှာ ရှည်လျားပေသည်။ သို့သော် အချို့သော လူများမှာ ထူးခြားဆန်းပြား၏။ သူတို့၏သက်‌‌စောင့် ဝိညာဉ်မှာလည်း သူတို့ကျွမ်းကျင် လိမ္မာရာ ပညာရပ်ကို လိုက်၍ ပြောင်းလဲ၏။ အချို့မှာ သူတို့၏ နားလည်ဆင်ခြင်မှုကို အားပြုလျက် သက်စောင့် ဝိညာဉ်အား ပိုမိုအား‌ကောင်း စေနိုင်ကြသည်။ မည်သည့် နည်းနှင့်မဆို တန်ခိုးရှင်များမှာ တန်ခိုး အဆင့်မြင့်လေလေ သက်စောင့်ဝိညာဉ်မှာလည်း ပိုမိုအားကောင်းလေလေဖြစ်သည်။

ရှားရှင်းယွန်၏ အဖေမှာ ရန်ဟောင်ဖြစ်ပြီး သူမမှာ ငယ်စဉ် ကတည်းက သူမအဖေ၏ သွင်သင်မှုကို ရ၏။ သူမ၏သက်စောင့် ဝိညာဉ်မှာလည်း သဘာဝ လက်ဆောင်မွန်ဖြစ်ကာ ထူးခြား ကောင်းမွန်၏။ ယခု သူမ၏ကြာပန်း ဝိညာဉ်ကို ထုတ်လျှင် သူမ၏ ကိုယ်ရောင် ကိုယ်ဝါမှာ ပိုမိုအားကောင်း လာခဲ့သလို အာရုံခံစားမှုမှာလည်း ပိုအားကောင်း လာခဲ့၏။ သူမကား မည်သို့ဆိုစေ အင်ပါယာရှားဘုံ အတွင်း၌ အမြင့်မားဆုံးသော ပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။

ရီဖူရှင်း၏ သက်စောင့် ဟော်နန်းထဲ၌ ကမ္ဘာသစ်ပင်မှာ တရှဲရှဲ လှုပ်ယမ်းနေ၏။ သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်လျှင် သူ့ထံမှ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု မွေးဖွားလာသည်။ နတ်လူဝံ တစ်ဖန်ပေါ်လာကာ သန့်စင်ဗုဒ္ဓခန္ဓာဖြစ်တည်လာပြီး ရီဖူရှင်းနှင့် ပေါင်းစပ်သွားကာ သူ့အား ပိုမိုအားကောင်း စေသည်။

လှံရှည် ပျောက်ကွယ်သွားကာ နတ်လူဝံ၏ လက်၌ နှင်တံတစ်လက် ဖြစ်လာ၏။ သူ့ထံမှ ကွဲပြားခြားနားသော လောကဓာတ်များ ထွက်ပေါ်လာခဲ့သည်။ နှင်တံအား ဒြပ်စင် အမှုန်အမွှားများ တလက်လက် တောက်ပလျက် ရစ်သိုင်း ထားကြသည်။ ရီဖူရှင်းက ထိုနေရာတွင်ပင် ကြီးမားသော ဖိအားများ ထုတ်လွှတ်လျက် စစ်နတ်ဘုရား အလား ရပ်နေ၏။

ကျင့်ကြံခြင်းကား တဖြည်းဖြည်း အစီအစဉ်တကျ လေ့ကျင့် စုဆောင်းရသော အရာဖြစ်သည်။ သိုင်းပညာနှင့် လောကဓာတ်အပေါ် နားလည်မှုမှာလည်း ထိုနည်းတူဖြစ်သည်။ ရီဖူရှင်းကား တန်ခိုး စကျင့်ကတည်းက ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်ကို လေ့ကျင့်ခဲ့ကာ ယခု ဘယ်နှချက်အထိ အောင်မြင်ခဲ့သနည်း။

သူ၏တန်ခိုးအဆင့် တစ်ခါမြင့်မှ သာလျှင် ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်အား ပိုပြင်းထန်သောအားဖြင့် ရိုက်နိုင်သည်။ ယခု သူ၏ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်မှာ မူလကလို မရိုးရှင်းတော့ပေ။ သူအသုံးပြုသော လောကဓာတ်ကို လိုက်၍ ရိုက်ချက်၏ စွမ်းရည်များမှာလည်း ကွဲပြားခြားနားသော အကျိုးသက်ရောက်မှုများ ရှိပေသည်။ လူနှစ်ယောက်က တူညီသော ပညာရပ်တစ်ခုအား လေ့ကျင့်ရာ၌ ကွဲပြားသော စွမ်းအားများကို ထွက်ပေါ်စေခြင်းနှင့်တူ၏။

ရီဖူရှင်းကား ဒြပ်မှုန်၊ ခွန်အား၊ ကြယ်တာရာနှင့် အာကာသ စသည့် လောကဓာတ်များအား လေ့ကျင့်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်မှာလည်း ထိုလောကဓာတ်များအား အခြေခံကာ ထုတ်လွှတ်ခြင်း ဖြစ်ရာ အလွန် ပြင်းထန်သည်။ သူက နှင်းလူဝံ အင်ပါယာ၏ အဆင့်သို့ ရောက်သောအခါ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်မှာလည်း ပိုမိုအားကောင်း လာပေဦးမည်။

ရှားရှင်းယွန်သည် ဓားပန်းချီကို ကိုင်စွဲလျက် ကြာပန်းပေါ်တွင် တည်ငြိမ်စွာ ရပ်နေ၏။ သူမအနီး၌ ပိုမိုများပြားသော ကြာပန်းများ ဖူးပွင့်လာကြသည်။ ရုတ်တရက် သူမထံမှ ရောင်စဉ်များ ဖြာထွက်လာခဲ့၏။ သူမကား သန့်စင်သော အင်မော်တယ် နတ်ဘုရားနှင့် တူ၏။ သို့သော်လည်း ရီဖူရှင်းသည် သူမ၏ အလှတရားကို ခံစားနိုင်ရန် အချိန်မရှိပေ။ သူမထံမှ အန္တရာယ်၏ အငွေ့အသက်များအား သူမ ခံစား၍ရသည်။

နတ်လူဝံသည် ကောင်းကင်ထက်သို့ တက်လျှင် လေထု တုန်ခါ၏။ ကြောက်မက်ဖွယ် အားလှိုင်းများ ရိုက်ခတ်လာသည်။ ရီဖူရှင်းက နှင်တံအား ဆုပ်ကိုင်လိုက်သည်။ အဆုံးမဲ့ လောကဓာတ်များ ရှားရှင်းယွန်ထံမှ မွေးဖွားလာဟန်ရကာ ရီဖူရှင်းအား ကောင်းကင် အလွှာဖြင့် ရိုက်နှက်တော့မည့် အလား ထင်မှတ်ရ၏။ သူမတွင် လေကဓာတ်များ ရှိကာ သူ့တွင် နှင်တံ တစ်ချောင်းသာ ရှိသည်။

ကြာပန်းများမှ ဝင်းလက်လာကာ ကပ်ဘေးဓား တစ်လက်စီ မွေးဖွားပေးကြ၏။ ကြာပန်းသည် လမ်းစဉ်ကို မွေးဖွား၏။ ကြာပန်းသည် အရာအားလုံးကို မွေးဖွားပေးနိုင်၏။ အဆုံးမဲ့သော ဓားစွမ်းအားများ ကပ်ဘေးဓား တစ်လက်စီကို ရစ်ပတ်ထားကြကာ ရီဖူရှင်းသို့ ပြစ်မှတ်ထား ဦးတည်နေကြ၏။

“သူ့ကို ဖြတ်… ” ရှားရှင်းယွန်က ပြောသည်။ ကြာပန်းများမှ ဓားများသည် ပင်မဓားကို ခြံရံလျက် မြန်ဆန်စွာပင် လေထုကို ခွင်းလျက် ပြင်းထန် အားကောင်းစွာဖြင့် ရီဖူရှင်းထံသို့ ပျံသန်းလာကြ၏။

ရီဖူရှင်းလည်း လက်ကိုမြှောက်ကာ နှင်တံအား ကျဆင်း လာစေခဲ့လျှင် ဒြပ်မှုန်များအား ပြန့်ကျဲစေသည်။ ထိုအရာများမှာ ထောင်ပေါင်းများစွာသော ကြယ်ပွင့်များ လေထုကို တိုက်စား သွားသည့်အလား။ သူတို့သည် မရေမတွက်နိုင်သော ကပ်ဘေးဓားလှိုင်းများဖြင့် ရင်ဆိုင်မိကာ ကြီးမားသော ဖျက်ဆီးအား လေပွေလေလှိုင်းများ ဖြစ်လာခဲ့၏။ ထိပ်သီးရှိ တန်ခိုးရှင်များပင် သည်မြင်ကွင်းကို ကြည့်ကာ ထိတ်လန့် ကြရပေမည်။

ရီဖူရှင်းက နှင်တံဖြင့် ရိုက်ချသော အခိုက်အတန့်၌ပင် ဒုတိယမြောက် ဓားချက် လင်းလက်သွားကာ ပထမဓားထက် အားကောင်းစွာ တိုးဝင်လာခဲ့၏။ ရီဖူရှင်း၏ နှင်တံသည်လည်း ရပ်တန့်သွားခြင်းမရှိဘဲ တဝှီးဝှီး လည်ပတ်ကာ အရာခပ်သိမ်းအား ဖျက်ဆီးသည်။ သို့သော်လည်း နှင်တံကို ကိုင်ထားသော လက်မှာ ပြင်းထန်သော ဖိအားအား ခံစားရသည်။ ဒြပ်မှုန်များ စတင်၍ အက်ကွဲလာကြ၏။ တစ်ဖက်လူ၏ဓား မည်မျှ အားကောင်းသည်ကို သူခံစား၍ရသည်။

သုံးချက်…

လေးချက်…

ဆယ့်တစ်ချက်…

ဓားချက်များကား အဆုံးမဲ့သလို ဓားအသိများမှာလည်း ပြယ်လွင့်ခြင်းမရှိ။ ရီဖူရှင်းအား ဓားစွမ်းအားများ လာရောက် ရစ်ပတ်ကြကာ မရေမတွက်နိုင်သော ဓားများ လေထုကို ‌ဖြတ်တောက်ကာ သူ့ထံသို့ ပျံသန်းလာကြသည်။ သူက အနည်းငယ်မျှ သတိလစ်မိလျှင်ပင် သက်သာမည် မဟုတ်ပေ။

သို့သော်လည်း ရီဖူရှင်းသည် အန္တရာယ်ကို မမြင်သည့်အလား ရှေ့သို့ လျှောက်လာ၏။ နတ်လူဝံ၏ မာန်သွင်း အော်ဟစ်မှု နှင့်အတူ ကောင်းကင်ကိုပင် ရိုက်နှက်နိုင်စွမ်းသော မုန်တိုင်းတစ်ခု သူ့အား ရစ်ပတ်လာသည်။

ရီဖူရှင်းကား ဆယ်စုနှစ် တစ်ခုကျော် လေ့ကျင့်ခဲ့ပြီးဖြစ်ကာ တိုက်ပွဲများစွာ နွှဲဖူး၏။ သူနှင့် အဆင့်တူအတွင်း ကောင်းကင်ဘုံ ကိုးဆင့် ရိုက်ချက်ကို အသုံးပြုသည့်တိုင် အန္တရာယ် ပေးနိုင်စွမ်းသော သူအား ယခုမှ တစ်ခါ သူကြုံဖူးခြင်း ဖြစ်သည်။

ရှားရှင်းယွန်၏ သက်စောင့်ဝိညာဉ်မှာ အားကောင်းပြီး လောကဓာတ်များအား မွေးဖွားစေနိုင်၏။ သူမသည် ဟွာထင်းလက်သိုင်းအား ကပ်ဘေးဓားဖြင့် ပေါင်းစပ်ကာ ကြာပန်းဝိညာဉ်၏ လောကဓာတ်များဖြင့် အထောက်အပံ့ပြုလျက် တိုက်ခိုက်၏။ ဤတွင် ဓားချက်ကား အရာအားလုံးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိလာသည်။

သို့သော် နှင်တံပညာကား လုံးဝ ကွဲပြားခြားနားကာ စုဆောင်းနိုင်သော အားမှာလည်း သူမ၏ဓားထက် များပြားပေသည်။ ယခု သူ၏နှင်တံမှာ ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ပေါင်းစပ် နိုင်စွမ်း၏။

ရှားရှင်းယွန်၏ ဘေးပတ်လည်မှ ကြာပန်းများ စတင် ပျံသန်း လာခဲ့ကြကာ တောင်ဝင် အလင်းများ ဖြာထွက်လာခဲ့၏။ ကြာပန်းတိုင်းတွင် အားကောင်းသော ကပ်ဘေးဓားများ ပုန်းကွယ် နေကြသည်။ ကပ်ဘေးဓားကိုးလက်မှာ နွှယ်ဆက်နေကြပြီး ဓားများ မွေးဖွား လာသောအခါ အရာအားလုံး ပျက်စီးရပေမည်။

သူမက ရှေ့သို့ လက်ညှိုးထိုးလိုက်လျှင် ဓားကိုးလက် ပျံသန်းလာသည်။ ရီဖူရှင်းကား ခြောက်ချက် ရိုက်ထားပြီးဖြစ်ကာ ယခု သူ့ပတ်လည်၌ အားကောင်းသော မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့၏။ သူသည် ရှေ့သို့ တက်လာခဲ့သော်လည်း သတ္တမ ရိုက်ချက်အား မထုတ်သေးပေ။

ဓားသည် သူ့ထံသို့ ရောက်လာခဲ့၏။

ပေါက်ကွဲသံများ ထွက်လာကာ လေထုက လှိုင်းထန်၍ ကြယ်များ ကြေပျက်ရ၏။ ဓားများ သူ့ထံသို့ တစ်လက်ပြီး တစ်လက် ရောက်လာခဲ့ကာ သူ့ရင်ဘတ်သို့ ထိုးစိုက်လျက် သူ့စိတ်အသိအား အန္တရာယ်ပေးသည်။ သို့သော် ရီဖူရှင်းကား ဓားများကို မြင်ဟန်မရပေ။ သူ ရှေ့သို့ ဆက်လျှောက်လာခဲ့၏။ ကြောက်မက်ဖွယ် ဓားမုန်တိုင်းမှာ သူ့အား ဝါးမျိုသွားဟန် ရသော်လည်း ရီဖူရှင်း၏ အရှိန်အဟုန်မှာ ပိုအားကောင်း လာခဲ့သည်။

နတ်လူဝံမှာ ဓားချက်များကြောင့် ဒဏ်ရာဒဏ်ချက်များစွာ ရသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှာ စစ်မှန်သော နတ်ဘုရားလူဝံ ရောက်လာသည့်အလား အရွယ်အစား အဆမတန် ကြီးမားလာခဲ့၏။ သူက ကောင်းကင်ကို တုန်ခါစေအောင် မာန်သွင်း အော်ဟစ်၏။ ရီဖူရှင်းလည်း လက်မြောက်ကာ ရှေ့သို့ ရိုက်ချလိုက်တော့သည်။

ဘန်း…ဘန်း…ဘန်း…

နှင်တံနှင့် ဓားတို့ အဆက်မပြတ် ရင်ဆိုင် ထိခိုက်သံများ ထွက်ပါ်လာခဲ့၏။ မိုးခြိမ်းသံများကြားရကာ ကပ်ဘေးဓားများ အားလုံး ကြေပျက်ရသည်။ အလုံးစုံ ကျန်ရစ်သည်ကား နှင်တံတစ်လက်တည်း။ နှင်တံမှာ ဓားများအား ချိုးဖျက်လျက် ရှားရှင်းယွန်ကို ရိုက်သည်။

ရှားရှင်းယွန်ကား နောက်ကို လွင့်စဉ် သွားခဲ့သည်။ ကျယ်လောင်သော အသံနှင့်အတူ သူမက နံရံတွင်ရိုက်မိပြီး ပါးစပ်မှ သွေးများ စီးကျလာခဲ့၏။

မုန်တိုင်းများမှာ တဖြည်းဖြည်း ငြိမ်သက် သွားခဲ့သည်။ ရီဖူရှင်းသည် ထိုနေရာတွင်ပင် နတ်ဘုရား တစ်ပါးအလား တည်ငြိမ်စွာ ရပ်နေ၏။ သူ၏သက်စောင့် ဝိညာဉ်နှင့် နှင်တံတို့မှာလည်း ပျောက်ကွယ်သွားပြီး ဖြစ်သော်လည်း သူ၏ နက်မှောင်သော မျက်လုံးများမူကား ရှားရှင်းယွန်ကို ကြည့်နေဆဲ ဖြစ်သည်။

နန်းတော်ရာကား ပြင်းထန်စွာ တုန်ခါနေဆဲဖြစ်ပြီး ရှားရှင်းယွန်က တည်ငြိမ်စွာပင် ရီဖူရှင်းရှေ့၌ ရပ်သည်။ သူကား သူမအား အဆင့်တူအတွင်း ပထမဆုံး အနိုင်ယူဖူးသူ ဖြစ်သည်။

မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့က ထိုမြင်ကွင်းအား ထိတ်လန့်စွာ ကြည့်ကြ၏။ ရီဖူရှင်းကား ရှားရှင်းယွန်ကို အနိုင်ယူခဲ့၏။

ရှားရှင်းယွန်သည် သူမပါးစပ်မှ သွေးများအား သုတ်လိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်နေသော မျက်လုံးများ၌ ဖုန်းကွယ် မရသော မာနတရားများ ရှိနေသေးသည်။

“ငါသာ ဆက်တိုက်ချင်သေးရင် နောက်ထပ် ဝှက်ဖဲတွေ ရှိသေးတယ် … ဒါပေမဲ့ နင်က ငါ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်မှတော့ အမွေအနှစ်ကို စိတ်မဝင်စားတော့ဘူး”

ရီဖူရှင်းလည်း ပြုံးလိုက်သည်။

“ကျုပ်ဘဝမှာ ကျင့်ကြံလာတဲ့ ကာလတစ်ခုလုံး တန်ခိုးအဆင့်တူ အတွင်း ဘယ်သူမှ ကျုပ်ကို မနိုင်ဖူးဘူး။ မင်းသမီးက ကျုပ်နဲ့ ဒီအထိ တိုက်နိုင်ခဲ့တာ အရမ်းကို အားကောင်းတယ်လို့ပဲ ပြောပါရစေ။ ဒါပေမယ့် ဝှက်ဖဲက မင်းသမီးမှာပဲရှိတာ မဟုတ်ဘူး”

ရှားရှင်းယွန်က မျက်မှောင်ကြုတ်လျက် သူ့အား ကြည့်သည်။ သည်အကောင်ကား အလွန်မာနကြီး၏။ သူ့တွင်လည်း ဝှက်ဖဲများ ရှိသည် ဆိုပါလား။ ဆိုလိုသည်က ဆက်တိုက်လျှင်လည်း သူမ ရှုံးနိမ့်မည်။

“ကျုပ်မင်းသမီးကို မတော်တဆ ဒဏ်ရာရ စေမိပါတယ်။ မင်းသမီး စိတ်မရှိပါနဲ့” ရီဖူရှင်းက သူမအား ပြောသည်။ ရှားရှင်းယွန်က သူ့အား အေးစက်စွာ ကြည့်သည်။ သည်ခွေးကောင်က သူ့ကိုယ်သူ ဘာထင်နေသည်မသိ။ သူမအား ဒဏ်ရာရစေခြင်းဖြင့် သူမက တစ်စုံတစ်ယောက်ကို စေခိုင်းကာ သူ့အား မသတ်ဟု တွေးထင်နေသည်လား။

“ပထမကတော့ ရှင့်ကို မသတ်ဖို့တွေးထားခဲ့တာ။ အခု သတ်ချင်စိတ် ပိုလာတယ်” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။

“မင်းသမီးက ကျုပ်ကို ဓားနဲ့ခုတ်နိုင်ရင် ကျုပ်က ပျော်ပျော်ကြီး သေပေးမယ်” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“အရှက်မရှိတဲ့ အရိုင်းအစိုင်းကောင်… ” သူတို့နှစ်ယောက် ပြောစကားများကို ကြားကာ မှန်နန်းတော်သခင်မသည် ရီဖူရှင်းအား ဓားဖြင့် ခုတ်သတ်လိုစိတ်များ ဖြစ်လာသည်။ မကြာသေးမီက ခွေးကောင်ကား သူမကို စနောက်နေကာ ယခု မင်းသမီးကို ကလူကျီစယ်နေပြန်၏။

***

All Chapters