အခန်း (၁၁၅၆)
Vol. 78 Ch. 1156
ရိုးရှင်းလွန်းလို့ ဦးနှောက်ချို့ယွင်းနေတဲ့သူတောင် လုပ်နိုင်တယ်
" မဖြစ်နိုင်လိုက်တာဟယ် .. နင်ကလည်း.. သူ့ အ၀တ်အစားတွေ ကြည့်ရတာ ပေါပေါပဲပဲလည်း ဟုတ်ဟန် မတူပါဘူး..."
" ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်လာရင် နင် အပေါ်ယံလောက်ပဲ ကြည့်လို့မဖြစ်ဘူး.. " အရောင်းကောင်မလေးမှ ကြိုးအနည်းငယ်နှင့် ရေကူး၀တ်စုံကို ညွှန်ပြလိုက်ပြီး " ငါသူ့ကို ခုလေးတင် ဈေးနှုန်းပြောပြလိုက်တော့ သူ ဘာလုပ်ခဲ့တယ် ထင်လဲ... သူက ထဆဲပြီးတော့ ဈေးကြီးတယ် ပြောတာနော်... အဲ့လောက် အမြင်မကျယ်တဲ့ သူဌေးမျိုး ငါ မမြင်ဖူးဘူး... "
" သူထင်တာနဲ့ တလွဲစီ ဖြစ်နေလို့နေမှာပေါ့... ဘုရားသခင်က မျှတပြီးသားပါ... သူ့ရုပ်ရည်ကတင် ဒီလောက် ခန့်ညားပြီးနေပြီကို ပိုက်ဆံထပ်ပေးလိုက်လို့ ဘယ်ဖြစ်မှာလဲ... မဟုတ်ရင် တခြားယောက်ျားသားတွေ ဘယ်လို အသက်ရှင်ကြတော့မလဲ... " ဆံပင်အရှည်နှင့် အရောင်းကောင်မလေးမှ ပြောဆိုလိုက်၏။
ယခင် အရောင်းသမလေးကတော့ ရင်ဘက်ရှေ့ လက်ကို ပိုက်ထားပြီး " ငါတော့ သူတို့က နှစ်ပတ်လည် အခမ်းအနားပွဲမှာ ဆင်နွှဲဖို့ ရောက်လာကြတယ်ဆိုတာ လောင်းရဲတယ်... မစခင် လျှောက်ပတ်ကြည့်ရင်းနဲ့ အချိန်ဖြုန်းနေတာပဲ ဖြစ်ရမယ်... "
" ဖြစ်နိုင်တယ်... ပြောခါမှ ငါးနာရီတောင် ခွဲတော့မယ်နော်... ဒီနေ့ရဲ့ ဒုတိယအကျော့ပွဲက စတော့မှာ... လူတိုင်းကလည်း လေးလွှာမှာ လာစုနေကြပြီ... "
" အစကတော့ ငါတို့လို သာမန်လူတွေပဲ ရုံရှင်း ပလာဇာလို နေရာမျိုးမှာ ဒီလိုပွဲမျိုး ဆင်နွှဲမယ် ထင်ထားတာ လူချမ်းသာတွေပဲ လာကြမယ်လို့ ထင်မထားဘူး... "
ယနေ့ ပွဲအခမ်းအနားတွင် ဆိုင်၀န်ထမ်းများ ပါ၀င်ဆင်နွှဲခြင်းကို ကန့်သတ်ထားခြင်း မရှိသောကြောင့် သူမတို့လည်း ကြင်ဖော်တစ်ယောက်လောက် ရှိခဲ့ပါက လွတ်လွတ်လပ်လပ် ပါ၀င်ဆင်နွှဲနိုင်သည်။
ဧရာမ ဆုလဒ်ကြီး၏ ဖျားယောင်းသွေးဆောင်မှုအောက်တွင် လူပေါင်းများစွာမှ ကြိုးစားကြည့်ရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် အဆုံးတွင် အကုန်လုံးက ရှုံးနိမ့်သွားခဲ့ရလေသည်။
ယင်းက ဘာကြောင့်လဲဆိုတော့ ဤသည်က အသင်းအဖွဲ့နှင့် လှုပ်ရှားရသည့် ကစားနည်းဖြစ်ပြီး တစ်ယောက် လွဲချော်သည်နှင့် တစ်သင်းလုံး ဆုရဖို့ကို မေ့ပစ်လိုက်ရုံပင်။
" သာမန်ပါပဲ... ဒီလာကြတဲ့ ကတ်စတန်မာ တော်တော်များများက လစာမြင့် ၀န်ထမ်းတွေလေ... ပြီးတော့ လျှော့ဈေးကိုလည်း သိသိသာသာ ပေးထားမှတော့ ပါ၀င်ဆင်နွှဲဖို့ လိုလိုလားလား ရှိကြမှာ သဘာ၀ပါပဲ..." ဆံပင်အရှည်နှင့် အရောင်းကောင်မလေးမှ ပြောလိုက်သည်။
" တစ်ဖက်မှာကျ တကယ့်တကယ် ကျိကျိတက် ချမ်းသာကြတဲ့ သူဌေးကြီးတွေကျတော့ သူတို့ရဲ့ ပစ္စည်းတွေကို လိုင်းပေါ်ကနေ ၀ယ်ရင်၀ယ်.. မ၀ယ်ရင် သူတို့ရဲ့ အတွင်းရေးမှူး ဒါမှမဟုတ် လက်ထောက်ကို ၀ယ်ဖို့ လွှတ်လိုက်ကြတာချည်းပဲ... သူတို့က ဘယ်တော့မှ လူကိုယ်တိုင် လာလေ့မရှိကြဘူး... "
" နင်ပြောတာ မှန်တယ်.. ငါတို့လည်း ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ အပန်းဖြေတယ်ပဲ သဘောထားလိုက်ကြတာပေါ့... " မူလအရောင်းကောင်မလေးမှ ဖုန်းထုတ်ရင်း ပြောလိုက်ပြီး " ငါ ကောင်လေးကို ဖုန်းဆက်ပြီး ဘယ်ရောက်နေလဲ မေးလိုက်ဦးမယ်... ပွဲကစတော့မှာကို နောက်ကျလို့ မရတော့ဘူး... "
" ငါကြားမိတာ နင့်ကောင်လေးက ရဲ အကယ်ဒမီရဲ့ နည်းပြတစ်ယောက်ဆို... ဒီလို ဂိမ်းအသေးစားလေးက သူ့ဖို့ဆို ထမင်းစား ရေသောက်လောက်ပဲနေမှာ... "
" ဒါပေါ့... တကယ်တမ်းကျ ငါလည်း ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကြိုသိထားပြီးသားလေ... ငါတို့နှစ်ယောက် အိမ်မှာ သုံးလေးကြိမ် လေ့ကျင့်ခဲ့ပြီးပြီ... ဒီတော့ ပြဿနာ ရှိမယ် မထင်ဘူး.... ဒီနေ့ ယွမ် နှစ်သောင်းတန် လျှော့ဈေးကူပွန်က ငါတို့အပိုင်ပဲ... "
GUCCI ရေကူး၀တ်စုံ အရောင်းဆိုင်မှ ထွက်လာခဲ့ပြီးနောက် ဟော်ယွမ်ယွမ် အခြားဆိုင်များထံ ခေတ္တပတ်ကြည့်လိုက်သေးသည်။ သို့သော် သူမ ကြိုက်နှစ်သက်သည့် ဒီဇိုင်းကိုတော့ ရှာမတွေ့သေးချေ။
သူမက ရှေးရိုးဆန်ပြီး ဆက်ဆီကျသည့် ရေကူး၀တ်စုံမျိုးကို လိုက်ရှာနေခြင်းဖြစ်၏။
ထိုစကားကြားတော့ လင်းရီ ၀င်ပြောလိုက်သည်။ " မင်း အိပ်မက်မက်နေတာပဲ... "
ယင်းက အိမ်တွင် အလကား အိပ်နေရင်းဖြင့် တစ်စုံတစ်ယောက်က သင့်ဘဏ်ထဲ ပိုက်ဆံလွှဲလာမည်ကို မျှော်လင့်နေသကဲ့သို့ ရူးကြောင်ကြောင်နိုင်လှ၏။
မင်းထင်နေတာ မင်းမှာ ငါ့လိုမျိုး ဖြတ်လမ်းကုတ်တွေ ရှိနေတယ်လို့ ထင်နေတာလား... မင်းဘာမင်း အိမ်မှာ ထိုင်အိပ်ရုံနဲ့ စနစ်ကရော ပိုက်ဆံတွေ ပေးနေမယ်လို့ မင်းထင်နေတာလား...
" နောက်မှ ဆက်ပြီး ကြည့်ကြစို့.. ပွဲက စတော့မယ်... "
သူမ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်တော့ ငါးနာရီခွဲတော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ လူတော်တော်များများက လေးလွှာတွင် စုဝေးနေကြပြီး ပွဲစတင် ကျင်းပမည့် အချိန်ကို စောင့်မျှော်နေကြလေသည်။
" ဘာပျော်စရာ ကောင်းတာမှတ်လို့... "ဟော်ယွမ်ယွမ် နှုတ်ခမ်းထော်လိုက်ပြီး " နင်တို့မှာ ပိုက်ဆံ မရှိတာလည်း မဟုတ်ပဲနဲ့ကို... "
" ဒါပေမယ့် နင် အလကား ရတာနဲ့ ပိုက်ဆံပေးပြီး ရတဲ့ ခံစားချက်က ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ... "
တကယ်တမ်းကျ ဟော်ယွမ်ယွမ်လည်း ပါ၀င်ဆင်နွှဲချင်နေသည်။ သို့ပေမယ့် ကောင်းကျုံးယွမ်က ဤနေရာတွင် ရှိမနေဘဲ ခေါ်လို့လည်း မှီမှာ မဟုတ်တော့ချေ။
သုံးယောက်သား လူအုပ်၏ အစွန်းတွင် သွားရပ်လိုက်ကြသည်။ ကံကောင်းစွာဖြင့် အရပ်နိမ့်သူ တစ်ဦးမျှ မပါသောကြောင့် ခြေဖျားထောက်လိုက်သည်နှင့် ရှေ့ရှိ မြင်ကွင်းကို ကောင်းစွာ မြင်နေရလေသညိ။
ထိုအချိန် ရင်ခွင်မှီ အရပ်ပိုင်ရှင် ကောင်မလေးများကတော့ သူတို့ ကောင်လေးများ၏ ပခုံးပေါ် ခွထိုင်ပြီး ကြည့်နေကြ၏။ ၎င်းကို မြင်တော့ ကျီချင်းရန် စိတ်ထဲ ထိုသို့ ပြုလုပ်ရသည်က သိပ်ကို မိမိုက်သည်ဟု ခံစားလိုက်ရသည်။ သို့သော် လူအများကြီး ရှိနေသဖြင့် သူမ ရှက်ရွံ့သလို ခံစားနေရကာ အိမ်မှာပဲ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တော့၏။
မကြာမီ အချိန် ငါးနာရီခွဲသွားခဲ့သည်။
၀တ်စုံပြည့်နှင့် လူငယ် တစ်ယောက် စင်ရှေ့ ရောက်လာခဲ့ပြီး မိုက်ကိုင်၍ " လူတိုင်းကို ကျွန်တော်တို့ ရုံရှင်း ပလာဇာရဲ့ ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားပွဲတော်ကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ... ဒီနေ့ အခမ်းအနားမှာ ပါ၀င်ဆင်နွှဲတဲ့သူတိုင်း ဆုတစ်ခု ရစေရမယ်လို့ ကျွန်တော် ရဲရဲကြီး အာမခံရဲပါတယ်... ပြီးတော့ တစ်ပြားမှလည်း ပေးစရာ မလိုပါဘူး... ဒါ့အပြင် ပထမဆုရတာနဲ့ ယွမ်နှစ်သောင်းတန် လျှော့ဈေးကူပွန်နဲ့ ယွမ် လေးသောင်းတန် ငွေသွားကူပွန်ကိုပါ ရနိုင်ဦးမှာပါ... လူတိုင်းကို တက်တက်ကြွကြွနဲ့ အလျင်အမြန် စာရင်းပေးသွင်းပြီး ဆင်နွှဲလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ... "
" ရီ... မြန်မြန်လေး မြန်မြန်လေး... စာရင်းသွားပေးလိုက်တော့... "
" ပြိုင်ချင်တဲ့သူ ကိုယ်တိုင် သွားပေးလေ... ငါက ဘာကိစ္စ သွားပေးရမှာလဲ..."
" လူတွေ အဲ့လောက်များသာ ငါ ယှဉ်ပြီး မပေးနိုင်ဘူးလေဟာ.. "
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်၏။ ကျီချင်းရန်က သူမ၏ ပိုင်နက်တွင်သာ ရဲရဲဝံ့ဝံ့နှင့် ရှိပြီး တခြားနေရာသို့ ရောက်လျှင်တော့ အင်မတန် အရှက်အကြောက် ကြီးနေတတ်သည်။
" စောင့်နေ.. ငါသွားပြီး စာရင်းပေးလိုက်မယ်... "
ပွဲကို ကြည့်နေကြသည့် လူက အများအပြား ရှိသော်လည်းပဲ စာရင်းပေးသွင်းကြသည့် လူကတော့ သိပ်မရှိကြချေ။
ဤသည်က ဘာကြောင့်လဲဆိုတော့ ရုံရှင်း ပလာဇာသို့ ရောက်လာကြသူတိုင်းက ငွေကြေးလွတ်လပ်မှုကို ပိုင်ဆိုင်ထားကြသူများ ဖြစ်နေသောကြောင့်ပင်။
ဆုလဒ်က ဆွဲဆောင်နေသော်လည်းပဲ လူတစ်ချို့မှာ လူပုံအလယ်တွင် ပြိုင်ပွဲ ၀င်ပြိုင်ရမည်ကို ရှက်ရွံ့နေခဲ့ကြ၏။ သူတို့က ကျီချင်းရန်ထက်ပင် ၎င်းတို့၏ ပုံရိပ်ကို တန်ဖိုးထားနေကြလေသည်။
လင်းရီ ရေတွက်ကြည့်လိုက်တော့ စာရင်းပေးသွင်းသည့် စုံတွဲက တစ်ဒါဇင်လောက်သာ ရှိ၏။ အချို့က အဘိုးကြီး အဘွားကြီးများပင်။ ထိုသူတို့ကတော့ မည်သည်ကိုမျှ မမျှော်လင့်။ ပျော်ရွှင်သည့် အတွေ့အကြုံကို ရယူပြီး အမှတ်တရများ ဖန်တီးနိုင်ဖို့ရာ သပ်သပ်ပင်။
စာရင်းပေးပြီးနောက် လင်းရီ လက်ကမ်းစာစောင် တစ်ရွက်နှင့်အတူ ပြန်လာခဲ့၏။
" အဲ့တာဘာကြီးလဲ.. "ကျီချင်းရန် မေးမြန်းလိုက်၏။
" ငါ ပြိုင်ပွဲစည်းမျဉ်းတွေကို တစ်ချက်ကြည့်လိုက်တာ ကြီးကြီးမားမား ပြဿနာ ရှိမယ် မထင်ဘူး.. မင်းလည်း တစ်ချက်ကြည်ကြည့်လိုက်... "
ကျီချင်းရန် တစ်ချက်ကြည့်လိုက်တော့ ပြိုင်ပွဲက ကဏ္ဍများစွာနှင့် အတားအဆီးဖြတ်ကျော် ကစားပွဲနှင့် ဆင်တူနေသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်းတို့ ကဏ္ဍများစွာ ခွဲထား၏။
ပထမပိုင်း - ကျောက်တုံးပေါ်နင်းပြီး မြစ်ကို ဖြတ်ရန်။
ဒုတိယပိုင်း - ကဏန်း လက်ဆင့်ကမ်း ပြေးပွဲ ။
တတိယပိုင်း - နှစ်ယောက်တူတူ အကြိမ် ၂၀ ကြိုးခုန်။
စတုတ္ထပိုင်း - မင်းသမီးကို ချီ၍ တစ်ပတ်အပြည့် ပြေးခြင်း။
ဤ ကဏ္ဍလေးရပ်ကို အချိန်အတိုဆုံးနှင့် ပြီးမြောက်သည့် ပြိုင်ပွဲ၀င်က ပထမဆုကို ဆွတ်ခူးနိုင်ပေလိမ့်မည်။
" ခက်တယ်လို့ မထင်ပါဘူး... " ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " ကျောက်တုံးတွေနင်းပြီး မြစ်ကို ဖြတ်တယ် ဆိုတာက ဒါကို သူဌေး.. ရှင်တစ်ယောက်တည်းနဲ့ ရတယ်... ကျောက်တုံး တွေပေါ် ရိုးရိုးရှင်းရှင်းနင်းပြီး အစ်မကျီနဲ့ နောက်တစ်ဆင့် တက်သွားလိုက်ရုံပဲ...သူဌေး.. ရှင့်ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ရှင်က ဦးနှောက်ချို့ယွင်းနေတဲ့သူ ဆိုရင်တောင် လွယ်လွယ်လေး အနိုင်ယူလို့ရတယ်... "
လင်းရီ ပေါ့ပါးစွာ ခေါင်းညိမ့်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ဟော်ယွမ်ယွမ် ပြောသည်မှာ အဓိပ္ပာယ် ရှိသွားချေပြီ။
ပထမပိုင်းနှင့် ဒုတိယပိုင်းက သူ့အပေါ်တွင် လုံးလုံးလျားလျား မူတည်နေပြီး ကျီချင်းရန်က အလယ်နှစ်ခုတွင်သာ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်၏။ လုံး၀ ခက်ခဲခြင်း မရှိချေ။
"အဲ့လို မပြောနဲ့လေ... " ကျီချင်းရန် ဆံပင်ကို နားအနောက်သို့ သပ်ပြီး ပြောလိုက်၏။
" အစ်မပြောချင်တာ ဘော့စ်က ယုံကြည်ချက် မရှိဘူး ဆိုပြီးတော့လား... "
" ယုံကြည်ချက် မရှိတာက ငါ... "
ဟော်ယွမ်ယွမ် ".... "
သူ့ကိုယ်သူ ဦးနှောက်ချို့ယွင်းတဲ့သူလို့ ပြောချင်နေတာများလား...
" အစ်မကျီ... နင်အမြဲတမ်း အိမ်မှာ လေ့ကျင်းခန်းတွေ လုပ်နေတယ် မဟုတ်ဘူးလား... "
" ငါလုပ်တာက ရိုဂလေ... ကြိုးခုန်ဖြစ်တာ ရှားတယ်... "ကျီချင်းရန် ပြောလိုက်ပြီး " ငါ့ဘာငါ တစ်ယောက်တည်း ခုန်တာတောင် အများကြီး မခုန်နိုင်ဘူး.... တခြားတစ်ယောက်နဲ့ အတူခုန်ဖို့ဆို ပြောမနေနဲ့တော့... "
" အဲ့တာကျ...... "
ဟော်ယွမ်ယွမ် မျက်မှောင်နှစ်ခုကို ပွတ်သပ်လိုက်ပြီး သူမ သူဌေးအတွက် မိနစ်အနည်းငယ်ကြာအောင် ၀မ်းနည်းမိသွားခဲ့သည်။
" အဆင်ပြေပါတယ်... အခု စမ်းကြည့်လို့လည်း ရတာပဲ... " လင်းရီ ပြောလိုက်၏။
" ဟင်... ဘယ်လိုမျိုးလဲ.. ဒီမှာ ခုန်တဲ့ ကြိုးမှ မရှိတာ... "
" အရင်ဆုံး ကိုယ်ကို ပြေလျော့ထားပြီး နေရာမှာ ကြိုးခုန်တဲ့ပုံစံနဲ့ ဘယ်နှစ်ခေါက်ရလဲ အလွတ်ခုန်ကြည့်ကြည့်... အဲ့လိုဆို ဘယ်နှစ်ကြိမ် ခုန်နိုင်လဲ သိရမှာပဲလေ... "
" အိုး... အိုကေလေ... "
သူမက ဂျင်းဘောင်းလီလည်း ၀တ်ထားသည့် အတွက်ကြောင့် ခုန်ရပြုရ ပိုအဆင်ပြေသွားခဲ့၏။
လင်းရီ ညွှန်ကြားသည့် အတိုင်း ကျီချင်းရန် နေရာမှာတင် အကြိမ်ရေ အနည်းငယ်ခန့်မျှ ခုန်ဆွ ခုန်ဆွ ပြုလိုက်၏။
" ဒီလောက်ဆို လုံလောက်ပြီလား... "
" ပြဿနာ မရှိဘူး... " လင်းရီ အိုကေ လက်ဟန် လုပ်ပြလိုက်ပြီး ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဟု ခံစားလိုက်ရ၏။ သူ ခုန်သည့် အခါ၌ သူမနှင့်အတူ လိုက်ပြီး စည်းချက်ညှိလိုက်ရုံပင်။
" ကဏန်း လက်ဆင့်ကမ်း ပြေးပွဲကျတော့ ငါတို့ ကျောချင်းကပ် ရပ်ထားပြီး ငါတို့ကြားထဲမှာ ပူပေါင်းတစ်လုံး ညှပ်ထားရမယ်... အချိန်ကျလာရင် မင်း လုပ်ရမှာက ကိုယ်ကို ဖြောင့်ဖြောင့်ရပ်ပြီး ဘေးတိုက် လမ်းလျှောက်ရုံပဲ... ဒါပေမယ့် လမ်းတော့ ချော်မသွားစေနဲ့ပေါ့... ကျန်တာကို ငါကြည့်လုပ်လိုက်မယ်... လုပ်နိုင်မယ် မလား... "
" ငါလည်း မသိဘူးလေ... "
လင်းရီ " .... "
ဟော်ယွမ်ယွမ် " .... “