အခန်း (၁၁၅၇)
Vol. 78 Ch. 1157
မင်းမှာ ဘာရည်မှန်းချက် ရှိလဲ
လင်းရီ ကျီချင်းရန်၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီး " ဒါဆိုလည်း ယှဉ်ပြိုင်ခြင်းသည်သာ အဓိကပေါ့... "
" ဒါပေမယ့် ပီကာချူ အရုပ်လေး လိုချင်သေးတယ်လေ... "
“ စဉ်းစားတာကောင်းတယ်.… ဒါမှမဟုတ် အိမ်ပြန်ပြီး အိပ်နေလိုက်ပါလား … အဲ့တာဆို အိပ်မက်ထဲမှာ အကုန်လုပ်လို့ရပြီလေ…”
“ နင်ဘယ်လိုတောင် ပြောလိုက်တာလဲ… နင်ငါ့ကို ဒါတော့ သိပ်အထင်သေးလွန်းနေပြီ…”
“ အစ်မကျီ.. နင် ဘော့စ်ကို အပြစ်တင်လို့တော့ မရဘူးလေ… အစ်မကျီကိုက လူကို အထင်တသေးကြည့်အောင် လုပ်နေတာကိုး…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အစ်မကျီမှာ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်လေးကလွဲရင် တခြား ဘာအရည်အချင်း ရှိလို့လဲ…”
ကျီချင်းရန် နှုတ်ခမ်း ခပ်ဖွဖွ ကိုက်ထားပြီး သူမကိုယ်သူမ တွေးတောလိုက်၏။ ‘ ငါ့ကို ဘယ်လိုတောင် အထင်တသေး ဖြစ်နေလိုက်ကြလဲ ကြည့်စမ်း… ခဏနေကျမှ ငါဘာလုပ်နိုင်လဲ အားလုံးမြင်အောင် ပြမယ်..’
သုံးယောက်သား စကားပြောနေစဉ်မှာပဲ စင်ပေါ်ရှိ အစီအစဉ်တင်ဆက်သူမှ “ အခု စာရင်းပေးတဲ့ လုပ်ငန်းစဉ်လည်း ပြီးသွားပါပြီ.. ကျွန်တော်တို့ဆီမှာ အတွဲ ၁၉ တွဲ ရှိထားပါတယ်… ဒါပေမယ့် ပွဲတည်နေရာရဲ့ နေရာအကျယ်အဝန်းကြောင့် နှစ်အုပ်စု ခွဲပါမယ်ဗျ… ပထမ အုပ်စုကို ၁၀ တွဲနဲ့ ဒုတိယ အုပ်စုကို ၉ တွဲ၊ ပြီးရင် အတွဲကိုယ်စီရဲ့ နောက်ဆုံး အချိန်ရလဒ်ကို မှတ်တမ်းတင်ထားပြီး ဆုလဒ်ကို ဆုံးဖြတ်ပေးသွားမှာပါခင်ဗျာ…”
လင်းရီ သူ့လက်ထဲရှိ နံပါတ် ဘောလုံးကို တစ်ချက်ကြည့်လိုက်၏။ နံပါတ် ၁၃၊ ဆိုလိုသည်က သူက ဒုတိယ အုပ်စုတွင် စာရင်းပေးထားသည် ဟူသည့် သဘောမျိုးပင်။
ကျီချင်းရန်ကတော့ ဒုတိယအုပ်စုထဲ ပါဝင်နေမှန်း သိလိုက်ရတော့ ပျော်မြူးသွားခဲ့၏။ သူမ အခြား ပါဝင်ယှဉ်ပြိုင်သူများကို ကြည့်ပြီး ၎င်းတို့ ပြုမူသည်မှတစ်ဆင့် လေ့လာ၍ ရသည် မဟုတ်ပါလား။
“ အတွဲ ၁ ကနေ ၁၀ အထိ စမှတ်နေရာမှာ ကျေးဇူးပြုပြီး အသင့်ပြင်ထားပေးကြပါ…”
အစီအစဉ် တင်ဆက်သူ၏ ညွှန်ကြားချက်အတိုင်း ပထမ အုပ်စု ပြိုင်ပွဲဝင်များမှ စမှတ်နေရာ အရှေ့တွင် နေရာယူလိုက်ကြသည်။
ဤလူများအားလုံးက အသက်သုံးဆယ် အရွယ်ဟု ထင်ရသည့် အမျိုးသားများ ဖြစ်ကြ၏။ ၎င်းတို့၏ ဝတ်ပုံစားပုံမှ တဆင့် မည်မျှ ကြွယ်ဝချမ်းသာမှန်း မပြောဆိုနိုင်သော်လည်း ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်လောက်ကြချေ။ သူတို့အားလုံး၏ မျက်နှာထက်တွင် ခိုင်မာသည့် အပြုံးများ ရှိနေပြီး ပထမဆုကို ဆွတ်ခူးရယူနိုင်မည့် ယုံကြည်ချက်များ ပြည့်ဝနေကြလေသည်။
တစ်ချိန်တည်းတွင် ၎င်းတို့၏ အမျိုးသမီးများက ဒုတိယ အဆင့် ကြိုးခုန်သည့် နေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
“ ကောင်းပါပြီ… ပြိုင်ပွဲဝင် ဆယ်ယောက်လုံး အသင့်ဖြစ်ပြီဆို လက်မြောက်ပေးကြပါ…” အစီအစဉ်တင်ဆက်သူမှ ပြောလိုက်၏။
လူတိုင်း လက်မြောက်လိုက်ကြပြီး အကုန်လုံးက အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းကို ဖော်ပြလိုက်ကြ၏။
“ အခု… အမှတ် အစဉ်ရေတွက်ပါ့မယ်… သုံး၊ နှစ်၊ တစ်.. စ…”
အစီအစဉ် တင်ဆက်သူ၏ စကားဆုံးသည်နှင့် စမှတ်နေရာတွင် မတ်တပ်ရပ်နေသည့် အမျိုးသားများမှ စတင်လှုပ်ရှားကြတော့သည်။
အရင်ဆုံး သစ်သားပြားတစ်ခုပေါ်တွင် မတ်တပ်ရပ်ထားပြီး အခြား သစ်သားပြား တစ်ခုကို ရှေ့သို့ ရွေ့၏။ ထိုသစ်သားပြားပေါ် ကူးပြီး တစ်ဖန် နောက်တွင် ကျန်သည့် သစ်သားပြားကို ရှေ့ပြန်ချကာ ၎င်းတို့၏ အမျိုးသမီးများထံ ဦးတည်နေကြလေသည်။
ကျီချင်းရန် ယခုလို ဂိမ်းမျိုး တစ်ခါမှ ကစားဖူးခြင်း မရှိချေ။ အကယ်၍ သူမသာ ဤနည်းလမ်းမျိုး အသုံးပြုရမည် ဆိုပါက နှစ်ဆယ် မီတာ အကွာအဝေးကို အချိန်ဘယ်လောက်မှ ကြာမည် မဟုတ်ဟု ကိုယ့်ကိုယ်တွေးတောမိနေတော့၏။
သို့သော်လည်းပဲ တကယ့်တကယ် ပြိုင်ပွဲစတင်တော့ လက်တွေ့အခြေအနေက သူမ စိတ်ကူထားသည်နှင့် လုံးဝ ကွာခြားနေကြောင်းကို ကျီချင်းရန် မြင်တွေ့လိုက်ရသည်။
နိုင်လိုစိတ် ပြင်းပြမှုကြောင့်ဟု ပြောဆိုရမလားမသိ။ အချို့ပြိုင်ပွဲဝင်များမှာ လောကြီးပြီး အလွဲလွဲအချော်ချော်တွေ လုပ်မိကုန်ကြတော့သည်။ အနည်းငယ် ရယ်ရွှင်ဖွယ်ကောင်းပြီး စိတ်ဝင်စားဖို့လည်း ကောင်း၏။ ပြိုင်ပွဲကို ဘေးမှ ရပ်ကြည့်နေသူများက သဘောတကျနှင့် တဟားဟား ရယ်မောကြတော့လေသည်။
သို့သော် လှောင်ရယ်ချင်စိတ်နှင့် မဟုတ်။ ယခုက အပျော်ကစားနေကြမှန်း လူတိုင်း နားလည်သည်။
အကွာအဝေးက မီတာ နှစ်ဆယ်ကျော် ရှိပြီး အလျင်မြန်ဆုံးနှင့် ဒုတိယအဆင့်သို့ ဝင်ရောက်သွားသည့် ပြိုင်ပွဲဝင်က သူ့အမျိုးသမီးထံ ရောက်ရန် နှစ်မိနစ်မျှ ကြာမြင့်ခဲ့သည်။
အနှေးဆုံး ပြိုင်ပွဲဝင်ကတော့ လမ်းတစ်ဝက်တွင်သာ ရှိသေး၏။ ကွာခြားမှုက ထင်ရှားသိသာလွန်းလှပေသည်။
ကျီချင်းရန် သူမ၏ အကြည့်ကို ဒုတိယအဆင့် ကြိုးခုန်သည့် နေရာသို့ ရွေ့ပြောင်းလိုက်၏။
ဤအပိုင်းနှင့် စပ်လျဉ်း၍ သူမ အထူးတလှယ်ကို ဂရုစိုက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ပါဝင်ယှဉ်ပြိုင် ရမည် ဖြစ်သောကြောင့် ဖြစ်သည်။
“ အာ….”
သူ၏ အမျိုးသမီးထံ ပထမဆုံး ရောက်ရှိလာသည့် ကောင်လေးမှ ကြိုးကို ပြင်ဆင်ပြီး ဒုတိယအဆင့်ကို စတင်ရန် ဆုံးဖြတ်လိုက်ကြသည်။
သို့ပေမယ့် တစ်ယောက်မှ မအောင်မြင်။
လေးကြိမ်မှ ငါးကြိမ်ထိအောင် ကြိုးစားခါမှ သုံးကြိမ်ခန့်လောက်သာ အောင်အောင်မြင်မြင်နှင့် ခုန်နိုင်ခဲ့၏။ သူတို့၏ ယခင် အားသာမှုကလည်း ဒုတိယ ရောက်လာသူကို ပေးအပ်လိုက်ရချေပြီ။
“ တော်တော်လေးတော့ ခက်တယ်နော်…” ကျီချင်းရန် ပြောလိုက်သည်။
“ ဒါပေါ့... မဟုတ်ရင် စုံတွဲအတားအဆီးဖြတ်ကျော် ပြေးပွဲလို့ ဘယ်ခေါ်ပါ့မလဲ… ဒါက စုံတွဲတွေကြား အချင်းချင်း အပေးအယူ ဘယ်လောက်မျှလဲဆိုတာကို ဆန်းစစ်တာပဲ…” ဟော်ယွမ်ယွမ်မှ ပြောလိုက်သည်။
ကျီချင်းရန် အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထားမိလိုက်သည်။ သူမ လင်းရီ၏ အရည်အချင်းကို ယုံကြည်မှု ရှိသော်လည်း သူမကိုယ်သူမကတော့ များစွာ ယုံကြည်ချက် မရှိပေ။
အကယ်၍ သူမသာ လင်းရီကို ဆွဲချမိမည် ဆိုပါက အခြားသူများ၏ ရယ်မောခြင်းကို ခံရနိုင်လေသည်။
မကြာမီ တစ်စုံတစ်ယောက်က ဒုတိယအဆင့် နှစ်ယောက်တူတူ အကြိမ် ၂၀ ကြိုးခုန်သည့် ကဏ္ဍကို ပြီးဆုံးသွားခဲ့ပြီး တတိယအဆင့်သို့ ချင်းနင်းဝင်ရောက်သွားခဲ့တော့၏။
ဤအဆင့်တွင် နှစ်ယောက်ကြား ညှပ်ထားသည့် ပူဖောင်းက ပြုတ်ကျခြင်းများ ရှိနိုင်သော်လည်း ရိုးရှင်းစွာပင် ပြန်လည်ကောက်ယူ၍ ရှေ့ဆက်တိုးနိုင်သည်။ ထို့ကြောင့် ကြိုးခုန်ရသည်လောက် ခက်ခဲရှုပ်ထွေးခြင်းမျိုး မရှိချေ။
နောက်ဆုံးအဆင့်က ပိုလို့တောင် ရိုးရှင်းနေသည်။
ယင်းက မင်းသမီး သယ်ပြေးခြင်း ဖြစ်ပြီး ပွဲကျင်းပသည့် နေရာတစ်ပတ် သယ်ပြေးကာ စတင်သည့် မူလနေရာသို့ ပြန်လာခဲ့ရမည် ဖြစ်၏။ ထို့နောက်တွင်တော့ ပြိုင်ပွဲမှာ တရားဝင် ပြီးဆုံးသွားချေပြီ။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ပါဝင်ယှဉ်ပြိုင်သည့် အတွဲ ၁၀ တွဲလုံးက ယှဉ်ပြိုင်လို့ ပြီးသွားခဲ့ကြ၏။
သို့ပေမယ့် ၎င်းတို့ အသီးသီး၏ ရလဒ်များကတော့ တစ်ယောက်နှင့်တစ်ယောက် ဧရာမ ကွာဟမှုများ ရှိနေလေသည်။
ပထမ နေရာရရှိသွားခဲ့သည့် စုံတွဲက ကဏ္ဍအားလုံးကို ပြီးပြည့်စုံရန် အချိန် ၇ မိနစ် ကြာမြင့်ခဲ့ပြီး အနှေးဆုံးကတော့ ၂၃ မိနစ် ကြာမြင့်ခဲ့သည်။
အံ့အားသင့်ဖို့ကောင်းနေသည်မှာ ပထမ နေရာကို သိမ်းပိုက်သွားခဲ့သူက အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း လူကြီး တစ်ဦးဖြစ်ပြီး နောက်ဆုံးနေရာ ရရှိသွားခဲ့သူက အသက်နှစ်ဆယ်အရွယ် လူငယ်လေး တစ်ယောက် ဖြစ်လို့နေခဲ့လေသည်။
သို့သော် ယင်းက စိတ်ဝင်စားဖို့ကောင်းသည့် အပိုင်း မဟုတ်သေး။ စိတ်ဝင်စားစရာ အကောင်းဆုံးက အသက်လေးဆယ် အရွယ် သက်လတ်ပိုင်း အမျိုးသားမှာ နှစ်ဆယ်ကျော် ကောင်မလေး တစ်ယောက်ကို လက်မောင်းထဲ ပွေ့ထားပြီး ထိုစဉ် အသက်နှစ်ဆယ်အရွယ် လူငယ်လေးကတော့ အသက်လေးဆယ်အရွယ်ရှိမည့် တုတ်တုတ်ခိုင်ခိုင် အမျိုးသမီးကြီး တစ်ယောက်ကို ပွေ့ချီထားခြင်း ဖြစ်သည်။
ဤပေါင်းစပ်မှုက ပြိုင်ပွဲထက်ပင် ပို၍ စိတ်ဝင်စားဖို့ ကောင်းနေသည်။ လင်းရီကတော့ အသက်နှစ်ဆယ်ကျော် ကောင်လေးကို စိတ်ထဲမှ အလေးပြုလိုက်သည်။ လေးစားဖွယ်ရာ ညီကိုပင်တည်း…။
“ အစ်မကျီ.. ဘယ်လို ခံစားရလဲ… သူများ လုပ်ပြသွားတာ မြင်ပြီးသွားပြီဆိုတော့ လုပ်နိုင်မယ်မလား..”
ကျီချင်းရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ယုံကြည်ချက် အပြည့်ဖြင့် “ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကပဲ…”
လင်းရီ “ …. “
တကယ့်ကို ရည်မှန်းချက်ဆိုတာ ရှိမနေဘူးပဲ…
“ အခု ပထမ အုပ်စု ပြိုင်ပွဲဝင်တွေရဲ့ ရလဒ်အသီးသီးကလည်း ထွက်ပေါ်လို့ လာနေပါပြီ… ခဏနေကျရင် ပြိုင်ပွဲရဲ့ စစ်မှန်မှုကို ပြသဖို့အတွက် စခရင်ပေါ်မှာ ကြေညာပေးပါ့မယ်နော…”
ပြောပြီးနောက် အစီအစဉ်တင်ဆက်သူမှ ကတ်ကို ကိုင်ထားပြီး “ အခု ဒုတိယအုပ်စု ပြိုင်ပွဲဝင်မယ့် စုံတွဲ ၉ တွဲကို စမှတ်နေရာမှာ နေရာယူ အသင့်ပြင်ထားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ…”
အစီအစဉ် တင်ဆက်သူ ပြောသည့်အတိုင်း အမျိုးသားများက ပထမအဆင့် စမှတ်သို့ သွားရောက် နေရာယူကြပြီး အမျိုးသမီးများကတော့ ဒုတိယအဆင့် ကြိုးခုန်သည့် နေရာသို့ သွား၍ အကြောလျှော့ ဘာလျှော့ ပြုပြီး အသင့်ပြင်ထားကြ၏။
ယင်းကလည်း လင်းရီနှင့် ကျီချင်းရန်တို့ အတူ ထွက်ပေါ်လာစေပြီး ပြိုင်ပွဲကြည့်ရှုသူများကို အံ့အားတကြီး ဖြစ်သွားစေခဲ့တော့သည်။
“ အဲ့ကောင်လေးက အရမ်း ချောတာပဲနော်… ဘေးကနေ ကြည့်ရင် ပိုပြီး ခန့်ခန့်ညားညား ရှိတယ်… ဘော်ဒီအချိုးအစားကလည်း ငါ့အကြိုက်နဲ့ ကွက်စတိ…အဟိဟိ…”
“ သူ့ကောင်မလေးကလည်း မဆိုးပါဘူး… မျက်နှာရော ကိုယ်လုံးကိုယ်ပေါက်ရော အပြစ်ဆိုရက်စရာတောင် မရှိဘူး..”
လင်းရီတို့နှစ်ယောက် ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့သည်။
ခန့်ညားသည့် ကောင်လေးနှင့် ချစ်စဖွယ် ချောမောလှပသည့် ကောင်မလေးတို့ ပေါင်းစပ်မှုက ရှားမှရှားသည့် မြင်ကွင်းတစ်ခု ဖြစ်၏။ ထို့ကြောင့် လင်းရီတို့ နှစ်ယောက်မှာ ဗျိုင်းတို့အလယ် ရောက်ရှိနေသည့် ရွှေဟင်္သာမောင်နှံကဲ့သို့ ထင်းရင်းနေပေတော့သည်။
လင်းရီနှင့် ကျီချင်းရန်တို့ကလည်း ယခုလို လူတိုင်း၏ အာရုံစူးစိုက် ခံရသည်ကို နေသားကျလို့ နေချေပြီ။
“ အစီအစဉ်တင်ဆက်သူ… ခဏလောက်လေး စောင့်ပေးလို့မရဘူးလား… ငါ့ကောင်လေးက ခုထိ ရောက်မလာသေးလို့…”
ပြောလိုက်သူက GUCCI ရေကူးဝတ်စုံ အရောင်းဆိုင်၏ အရောင်းသမလေးပင်….။ သူမက လက်ကိုမြောက်ပြီး ပြောလိုက်ခြင်းဖြစ်၏။
အစီအစဉ် တင်ဆက်သူကလည်း ပရော်ဖက်ရှင်နယ် တစ်ယောက် ဟုတ်မနေချေ။ ဤအတိုင်း ပလာဇာ၏ ကြီးကြပ်ရေးမှူး တစ်ယောက်သာဖြစ်၏။ ထို့ကြောင့် အရောင်းသမလေးနှင့် သဘာဝအလျောက် မျက်နှာ ရင်းနှီးနေသည်။
သူတို့ချင်း ခင်မင်ရင်းနှီးမှုတော့ မရှိသော်ငြား လုပ်ဖော်ကိုင်ဖက် ဖြစ်သောကြောင့် အစီအစဉ် တင်ဆက်သူကလည်း ကူညီချင်သည်။ သို့သော် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း တစ်ချို့တော့ ရှိ၏။ မဟုတ်ပါက အပြစ်ပေးခံရလိမ့်မည်။
“ မင်းကောင်လေးက ဘယ်တော့ ရောက်လာမှာလဲ… ပြိုင်ပွဲက ခဏနေဆို စတော့မှာ… ငါတို့ အချိန်အကြာကြီး စောင့်ပေးလို့မရဘူး..”
“ ငါ ခုန ဖုန်းဆက်လိုက်တုန်းက ကားပါကင်မှာ ရောက်နေပြီတဲ့… အခု ဓာတ်လှေကားထဲ ရောက်နေလောက်ပြီ… ခဏဆို ရောက်လာတော့မှာပါ…”
“ ကောင်းပြီလေ… ဒါဆိုလည်း လူတိုင်း ယှဉ်ပြိုင်လို့ရအောင် နှစ်မိနစ် သုံးမိနစ်လောက် စောင့်ပေးလိုက်မယ်.. အိုကေ လူတိုင်းပဲ… ဒီအခွင့်အရေးကို အသုံးချပြီး သွေးပူအောင် လုပ်ထားကြပါနော…” အစီအစဉ် တင်ဆက်သူမှ လူတိုင်းကို အပြုံးလေးဖြင့် ပြောလိုက်၏။
ဤသည်က စကတည်းက အပန်းဖြေသည့် လှုပ်ရှားမှု တစ်ခုသာ ဖြစ်သောကြောင့် စောင့်ဆိုင်းရသည့် အပေါ် မည်သူကမျှ စိတ်ရှိမနေချေ။
ထိုအခိုက်အတန့်တွင် မနီးမဝေးတွင် ရှိသည့် ဓာတ်လှေကား တံခါး ပွင့်လာခဲ့ပြီး အားကစား ဆွယ်တာနှင့် အမျိုးသား တစ်ဦးမှ ပြိုင်ပွဲကျင်းပသည့် နေရာသို့ ခပ်သွက်သွက် လျှောက်လာနေခဲ့၏။
“ ငါနင့်ကို အစောကြီးကတည်းက ကြိုမပြောထားဘူးလား… ဘာလို့ အခုမှ ရောက်လာခဲ့တာလဲ…”
“ အကယ်ဒမီမှာ ကိစ္စလေး နည်းနည်း ရှိနေလို့ပါကွာ… ကျောင်းသားတွေတောင် မပြန်သေးတာကို နည်းပြတစ်ယောက် ဖြစ်တဲ့ငါက ဘယ်လိုလုပ်ပြီး ပြန်လို့ကောင်းပါ့မတုန်းဟ… “ “ နည်းပြ… ဟုတ်လား…”
ထိုအမျိုးသား၏ အလုပ်အကိုင်ကိုကြားတော့ အခြားသူများလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။
“ ကိုယ့်လူ… မင်းက ဘာအလုပ် လုပ်တာလဲ…”
“ ရဲ အကယ်ဒမီရဲ့ တိုက်ခိုက်ရေး နည်းပြလေ…” လူငယ်လေးမှ အပြုံးတစ်ပွင့်ဖြင့် ပြောပြလိုက်၏။