← Chapters

အခန်း (၁၁၅၈)

Vol. 78 Ch. 1158

အခန်း (၁၁၅၈)

Vol. 78 Ch. 1158

ပြိုင်လိုစိတ် ပြင်းထန်သည့်ဉာဉ်

“ ဟင်… ရဲ အကယ်ဒမီမှာ နည်းပြ ဟုတ်လား..”

လူငယ်လေး၏ အထောက်အထားကို သိရှိပြီးနောက် အခြားသော ပြိုင်ပွဲဝင်များမှ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။

ဒါ ကျွမ်းကျင်သူပဲ… သာမန်လူက ကျိန်းသေပေါက် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး…

ပထမဆုကတော့ သူတို့အတွက်ပဲ ထင်တယ်…

“ အင်း… ကျုပ်က ကျိုးဟိုင် ရဲအကယ်ဒမီမှာ နည်းပြလုပ်နေတာလေ…”

“ ဒါဆို ခဏကျရင် ငါတို့ကို နည်းနည်းပါးပါးလောက်လေး သက်ညှာပေးဦးနော… သိပ်အဝေးကြီးလည်း ချန်ထားရစ်မနေနဲ့ဦး…” အခြားသော ပြိုင်ပွဲဝင်များမှ အပြုံးလေးဖြင့် ပြောလိုက်ကြ၏။

“ ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီ… ကျုပ်က အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး… ဒီတိုင်း လာပြိုင်ရုံလေးပါပဲ..”

လူငယ်လေးမှ ပြုံးလိုက်၏။ သို့ပေမယ့် သူ့မျက်နှာထက်တွင် ယုံကြည်ချက်များ ပြည့်ဝနေသည်ကိုတော့ ငြင်းလို့မရချေ။

သူ၏ ကာယကြံ့ခိုင်မှုဖြင့် ဆိုပါက ယခုလို ဂိမ်းအသေးစားလေးကို အနိုင်ရရန်က ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။ ဤလူများက သူ၏ ပြိုင်ဘက် မဟုတ်ကြချေ။

ထို့ပြင် သူတို့နှစ်ယောက်က ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ကြိုတင်သိရှိထားပြီး အိမ်တွင်လည်း အခေါက်ပေါင်းများစွာ လေ့ကျင့်ထားပြီး ဖြစ်၏။ ထို့ကြောင့် အခြေအနေကို လွယ်လင့်တကူပင် ထိန်းချုပ်နိုင်သည်။

လူတိုင်းက သူမ၏ ချစ်သူကောင်လေးအား မြှောက်ပင့်နေကြသည်ကို မြင်တော့ အရောင်းသမလေးမှ ဂုဏ်ယူစွာ မော်ကြွားလိုက်သည်။

သူမ လင်းရီနှင့် ကျီချင်းရန်တို့ကို မသိမသာ တစ်ချက် ရှိုးလိုက်ပြီး ' ပထမ ဆုက ကျိန်းသေပေါက်ကို ငါတို့ရဲ့အပိုင်ပဲ…'

“ အိုးဟိုး… ကြည့်စမ်းပါဦး… ကျွန်တော်တို့ရဲ့ ပြိုင်ပွဲထဲကို ကျွမ်းကျင်သူ တစ်ယောက်က ဝင်နွှဲလာလိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားဘူးဗျာ.. အခြေအနေတွေက အခုဆိုရင် ပိုပိုပြီးတော့ကို ပြင်းထန်လို့ လာနေပါပြီ… “ အစီအစဉ် တင်ဆက်သူမှ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ကျန်တဲ့သူတွေကို ပြောပြချင်တာ ဒီနေ့ ကျွမ်းကျင်သူ ရောက်လာခဲ့ရင်တောင်မှ လုံးဝ စိတ်မလျော့လိုက်ကြပါနဲ့… သူ့ကို အမှောက်သိပ်ပြီး ပထမဆုကို အိမ်ပြန်ယူသွားနိုင်ပါသေးတယ်… ဒီတော့ လူတိုင်းပဲ အားကုန်စိုက်ထုတ်လိုက်ကြပါ…”

ကျီချင်းရန် ပြောလိုက်သည့်သူကို တစ်ချက်ကြည့်လိုက်၏။ သူမကိုယ်သူမ ယခုလို အားကစားနည်းများ၌ မထူးချွန်မှန်း နားလည်သော်လည်း လက်လျော့ဖို့ရန် ဆန္ဒမရှိ။ “ ပထမဆုက ငါတို့အတွက်ပဲ… ဘယ်သူနိုင်မယ်မှန်း တပ်အပ်ပြောလို့ မရသေးပါဘူး…”

“ အဟမ်း… အဟမ်း..” အစီအစဉ် တင်ဆက်သူမှ လည်ချောင်းရှင်းလိုက်သကာလ “ အခု ပါဝင်ယှဉ်ပြိုင်မယ့်သူ ကိုးယောက်လုံး .. အဆင့်သင့် ဖြစ်ပြီဆို လက်တွေ မြှောက်ပေးကြပါ…”

ဤအဆင့်နှင့် ပတ်သက်၍ကတော့ ပြဿနာ မရှိချေ။ ပါဝင်သူတိုင်းက ညာဘက်လက်များ မြှောက်ပြီး သူတို့အားလုံး အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်ကြ၏။

“ ကောင်းပြီ.. လူတိုင်းပဲ အသင့်ပြင်… သုံး၊ နှစ်၊ တစ်.. စ…”

အစီအစဉ် တင်ဆက်သူ စကားဆုံးသည်နှင့် ဒုတိယ အုပ်စု ပြိုင်ပွဲဝင်များအားလုံး တစ်ချိန်တည်း စတင်လှုပ်ရှားလိုက်ကြသည်။

လူငယ်လေး၏ လှုပ်ရှားမှုများက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန် သွက်လက် မြန်ဆန်နေသည်။ သစ်သားပြားများ သူ့လက်ထဲတွင် ကစားသွားသည်မှာ လှစ်ခနဲ လှစ်ခနဲနှင့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ အခြားသူများထက် မီတာဝက် အသာစီး ရသွားခဲ့တော့၏။

“ ဘုရားရေ.. ရူးလောက်စရာပဲ.. အဲ့ကောင် လူမှ ဟုတ်သေးရဲ့လားဟ…”

“ ငါ ခြေထောက် နှစ်ချောင်းနဲ့ပြေးရင်တောင် အဲ့လောက် မမြန်ဘူး.. “

အခြားသူများထံမှ ချီးကျူးသည့် စကားသံများကို ကြားတော့ လူငယ်လေးမှာ စိတ်ထဲ ဂုဏ်ဆာမိသွားခဲ့သည်။

ဒီလို ကစားနည်းလောက်ကတော့ သူ့အတွက် ကလေးသာသာပဲ… ဒီလူတွေက ငါ့ကိုကျော်ပြီး ပထမဆု ရချင်နေကြတယ်တဲ့လား… အဟက်… ဆောတီးပဲ…

ဟာသလာမလုပ်နဲ့… ။

“ ရန်လုံ… မြန်မြန်လေး … ငါတို့ နောက်ကောက်ကျနေပြီ…” သူ့ကောင်မလေးမှ လှမ်းအော်ဟစ်လိုက်၏။

ရန်လုံ တဒင်္ဂမျှ ကြက်သေသေသွားခဲ့သည်။

သူက ဒီလောက်မြန်မြန်နဲ့ ပထမဆုံး ရွေ့လျားနေတာတောင် သူ့ထက်မြန်တဲ့လူက ရှိနေသေးတာလားဟ….

ရန်လုံ အလိုအလျောက် ခေါင်းလှည့်ကြည့်မိလိုက်တော့ ပြေးလမ်း နံပါတ် ၃ မှ ပြိုင်ပွဲဝင်မှာ ဆယ်မီတာအကျော်ကိုပင် ရောက်ရှိလို့ နေချေပြီ။ သူ့ထက်လည်း အမြန်နှုန်းက နှစ်ဆ ရှိ၏။

ရန်လုံ တစ်က္ကန့်မျှ အေးခဲသွားခဲ့တော့သည်။ သူ့ထက် ပိုမြန်သည့် လူ ရှိသည်ဆိုတာကို လက်ခံရ ခက်ခဲနေလေသည်။

သူ ကြောင်အမ်းနေသည့် အခိုက်အတန့်တွင်ပဲ လင်းရီမှ နောက်ထပ် တစ်မီတာ ကျော်တက်သွားခဲ့ပြီး လူတိုင်းကို အပြတ်သတ် နောက်ချန်ရစ်ထားခဲ့လိုက်တော့သည်။

ဒုတိယ အဆင့် ကြိုးခုန်သည့် နေရာတွင်တော့ ကျီချင်းရန်မှ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ပြီး လက်သီးလက်မောင်းတန်း၍ အားပေးနေတော့၏။

“ လုပ်ထား ရီ… နင်က အတော်ဆုံးပဲ…”

သူမ၏ မျက်ဝန်းများက ဂုဏ်ယူမှုဖြင့် တလက်လက် တောက်ပနေပြီး ပြောမပြတတ်လောက်အောင် ခံစားနေရတော့၏။

ယင်းက လင်းရီသည် တစ်ကမ္ဘာလုံးတွင် ပြိုင်ဘက်ကင်း တည်ရှိမှု တစ်ခုကဲ့သို့ ဖြစ်သွားခဲ့တော့၏။

“ ငါထင်တာ အဲ့ကောင်လေးက ကျွမ်းကျင်သူလို့ ထင်ထားတာ… ဘယ်ဟုတ်မှာလဲ… ငါတို့ကြားထဲမှာ သိုသိုသိပ်သိပ်နေတဲ့ ဆရာကြီး တစ်ပါးကလည်း ရှိနေသေးတာကိုး…”

“ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့တဲ့… မင်းကြည့် … သူ့ကို ပရော်ဖက်ရှင်နယ် နည်းပြတောင် လိုက်မမှီနိုင်ဘူး…”

ဆွေးနွေးပြောဆိုနေကြသည့် အသံများကို ကြားတော့ အရောင်းသမလေးနှင့် သူ့ကောင်လေးတို့မှ မသက်မသာ ဖြစ်သလို ခံစားလိုက်ကြရသည်။ လင်းရီကို ချဉ်စုပ်စုပ် ဖြစ်နေသည့် မျက်နှာထားများဖြင့် လှည့်ကြည့်လိုက်ကြ၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် လင်းရီ ကျီချင်းရန်ထံ ရောက်ရှိသွားခဲ့သည်။

သူမ၏ စိတ်လှုပ်ရှားမှုများက မရပ်တန့်နိုင်သည့် လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်ပေါ်နေပြီး လက်ကို အဆက်မပြတ် ဝှေ့ရမ်းရင်း လင်းရီကို လက်မတစ်ခု ပေးလိုက်၏။

“ နင် သိပ်အံ့ဩဖို့ကောင်းတယ်… ဒီလောက်မြန်မယ်တောင် မထင်ထားဘူး…”

“ ခုက အောင်ပွဲခံနေရမယ့် အချိန် မဟုတ်သေးဘူး.. ဒုတိယအဆင့် ပြီးအောင် လုပ်ဖို့ ကျန်သေးတယ်…”

“ အွန်း…”

လင်းရီ ပြောတော့မှပဲ ကျီချင်းရန် နှစ်ယောက်တူတူ ကြိုးခုန်ရဦးမည်ကို ပြန်လည် အမှတ်ရသွားခဲ့တော့သည်။

“ လုပ်… စကြစို့…”

ကျီချင်းရန် လင်းရီနှင့် မီတာဝက်အကွာတွင် ရပ်လိုက်၏။

“ ငါ အစောပိုင်းတုန်းက ပြောထားတာတွေ မှတ်မိသေးလား..” လင်းရီ ညင်သာစွာ မေးမြန်းလိုက်သည်။

“ အင်း.. ငါ့ အရှိန်အတိုင်းပဲ ခုန်ပြီး ကျန်တာကို ဘာမှစိတ်ပူစရာ မလိုဘူး… ဟုတ်တယ်မလား…”

“ အတိအကျပဲ… အဆင့်သင့်ပဲလား…”

“ အင်း… ရယ်ဒီပဲ…”

ဖက်…

ပထမ စစချင်း ခုန်လိုက်ရာ ကျီချင်းရန် ခြေတစ်ဖက်သာလွတ်သွားခဲ့၏။

“ ငါ… ငါနည်းနည်းလေး စိတ်လှုပ်ရှားနေလို့….” ကျီချင်းရန် ပြောလိုက်ပြီး ကိုယ့်ကိုယ်ကို အနည်းငယ် အားမလို အားမရ ဖြစ်သွားခဲ့သည်။ သူမက အပြင်ပိုင်းတွင် ရှက်ကြောက်ကြီးဟန် တူသော်လည်း အတွင်းစိတ်ထဲတွင်တော့ ပြိုင်ဆိုင်လိုသည့် စိတ်ဝိဉာဉ်က သိပ်ကို ပြင်းထန်သည်။ သူမ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ယှဉ်ပြိုင်ရာတွင် မရှုံးနိမ့်ချင်ပေ။

“ ဖူး… အိုကေ… ငါ အခု အဆင်သင့်ဖြစ်ပြီ….”

ထိုအချိန်တွင်တော့ အခြားသော ပြိုင်ပွဲဝင်များကလည်း ဒုတိယအဆင့်သို့ ရောက်ရှိလာနေချေပြီ။

သို့ပေမယ့် သူတို့၏ ချစ်သူကောင်လေးများ၏ ပခုံးကို မှီပြီး အတူ ကြိုးခုန်နေကြသည့် အခြားသော စုံတွဲများကဲ့သို့ မဟုတ်ဘဲ ကျီချင်းရန်မှာ လင်းရီ ညွှန်ကြားသည့် အတိုင်း လိုက်နာ၍ သူမ ကိုယ်ပိုင် အရှိန်ဖြင့် ကြိုးခုန်နေခဲ့သည်။

“ တစ် ၊ နှစ် ၊ သုံး…”

“ ရှစ် ၊ ကိုး ၊ တစ်ဆယ်..”

“ ဆယ့်လေး ၊ ဆယ့်ငါး …”

ဆယ့်ခြောက်ကြိမ်မြောက်ရောက်တော့ နောက်တစ်ကြိမ် အမှားလုပ်မိပြီး ကြိုးငြှိသွားခဲ့ပြန်သည်။

“ မြန်မြန် မြန်မြန်… ငါတို့ နောက် ငါးခေါက်ဆို ပြီးပြီ..” ကျီချင်းရန် လောလိုက်၏။ သူမက လင်းရီထက်ပင် ပိုပြီး စိတ်လောလို့ လိုနေသည်။

လင်းရီ ရယ်သွမ်းပြီး ခေါင်းညိမ့်ပြလိုက်သည်။ သူသည်လည်း ကျီချင်းရန် မျက်ဝန်းထဲရှိ စိတ်ပိုင်းဖြတ်ထားမှုများကို အထင်းသား မြင်တွေ့နေရသည်။

ကျန်သည့် အကြိမ်ရေ ငါးခေါက်ကို သူတို့ အမှားမရှိဘဲ အဆုံးသတ်နိုင်သွားခဲ့၏။

တစ်ချိန်တည်းတွင် အရောင်းသမလေးနှင့် အကယ်ဒမီ နည်းပြ စုံတွဲတို့ကလည်း ကြိုးခုန်သည့် အဆင့်ကို ဖြတ်ကျော်ပြီးသွားခဲ့ချေပြီ။ မည်သို့ပင်ဆိုစေ သူတို့ နှစ်ယောက်က တိတ်တိတ်လေး လေ့ကျင့်ထားကြပြီး နှစ်ယောက်လုံးက အပေးအယူ အချိတ်အဆက် မိနေကြပြီး မဟုတ်ပါလား။

စုံတွဲ နှစ်တွဲလုံးက တတိယ အဆင့်သို့ ဆက်လက် ရွေ့လျားလိုက်ကြ၏။ ကျီချင်းရန် ပူဖောင်းကို ယူ၍ နှစ်ယောက်ကျောကြားထဲတွင် ညှပ်ထားလိုက်သည်။

“ အသင့်ပဲလား..”

“ အင်း..” လင်းရီ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်၏။ ကျီချင်းရန်က ယခုဆို သူ့ကိုပင် ဦးဆောင်လို့ နေချေပြီ။ သူမ၏ ယှဉ်ပြိုင်လိုစိတ်က သူထင်ထားသည်ထက်ပင် ကြီးမားပြင်းထန်နေဟန်ပင်...။

ကောင်းသည့် အပိုင်းကတော့ သူမ စစချင်းတုန်းကကဲ့သို့ စိတ်လော မနေတော့ပဲ ဂိမ်းထဲတွင် ပွဲပြီး အာရုံစိုက်လာနိုင်သည်။ လမ်းတစ်ဝက်၌ပင် လင်းရီကို ညွှန်ကြားချက်များပေးနေပြီး အခြေအနေတစ်ရပ်လုံးကို လေးလေးနက်နက်နှင့် ထိန်းချုပ်နေတော့၏။

သူတို့နှစ်ယောက်၏ အမြန်နှုန်းက နှေးသည်။ သို့သော် တည်ငြိမ် ခိုင်မာသည်။

မကြာမီမှာပင် သူမတို့ တတိယအဆင့် ပြီးဆုံးသွားခဲ့တော့၏။ သို့သော် ကျီချင်းရန်က သတိနှင့် လှုပ်ရှားနေသောကြောင့် အရှိန်နှုန်းက အနည်းငယ် နှောင့်နှေးသွားခဲ့ကာ အရောင်းသမလေးတို့ စုံတွဲက နောက်ဆုံးအဆင့်သို့ပင် ဝင်ရောက်နေပြီးဖြစ်၏။

“ အိုး… မဖြစ်ဘူးလေ… သူတို့ ငါတို့ကို ကျော်သွားခဲ့ပြီ…” ကျီချင်းရန် နှုတ်ခမ်းစူသွားခဲ့၏။ သူမ၏ စိတ်ပျက်နေမှုကို ဖုံးကွယ်လို့ငှာ မတတ်နိုင်..။

“ နောက်ဆုံး အဆင့်က မင်းသမီးကို သယ်ပြီး မီတာ ငါးဆယ် ပြေးရမှာလေ… သူတို့က သုံးလေးမီတာလောက်ပဲ စောရောက်နေတာ ငါတို့ အေးဆေး လိုက်လို့မှီတယ်…”

“ တကယ်…”

“ ဒါပေါ့…”

လင်းရီ ကျီချင်းရန်ကို လက်မောင်းထဲ ပွေ့ချီလိုက်ပြီး ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ကို စတင်လိုက်တော့၏။

လင်းရီနှင့် ကျီချင်းရန်တို့ နောက်မှ လိုက်လာနေသည်ကို မြင်နေရသော်လည်း အရောင်းသမလေးမှာ စိုးရိမ်ပူပန်ခြင်း ကင်းမဲ့နေသည်။

‘ ဟွန့်… ငါ့ကောင်လေးက ရဲ အကယ်ဒမီရဲ့ နည်းပြပဲ… သူ့သက်လုံက ထိပ်တန်းအဆင့်ရှိတယ်… နင်တို့ လိုက်လို့ မမှီနိုင်ပါဘူး…’

“ အချစ်ရေ… အရှိန်ပိုမြန်ပြီး သူတို့ကို ခွန်အားအစစ်အမှန်က ဘာလဲ ပြလိုက်စမ်းပါ…”

“ ပြဿနာ မရှိဘူး…” ရန်လုံ ဝင့်ကြွားစွာ ပြန်ပြောလိုက်၏။

“ ဒီရဲ့ နောက်ဆုံးအချီက သက်လုံနဲ့ပဲ ဆိုင်တယ်.. စကေးနဲ့ မဆိုင်ဘူး… ဘယ်သူမှ ငါ့ကို မကျော်နိုင်ဘူး…”

“ ခစ်ခစ်… ငါလည်း အဲ့လိုပဲ ထင်တယ်..”

“ ဟေ့… အဲ့နောက်က လူကို ကြည့်စမ်းပါဦး… သူက တော်တော်လေး မြန်သားပဲ…”

အရောင်းသမလေးမှ ဘဝင်လေဟပ်လို့ မဆုံးသေးခင်မှာပဲ လူအုပ်ကြီးထံမှ ဆွေးနွေးပြောဆိုသံများကို ကြားလိုက်ရလေသည်။

သူမကို ရှော့ခ်ရသွားစေခဲ့သည်က လင်းရီနှင့် သူမတို့ကြား အကွာအဝေးမှာ လျင်လျင်မြန်မြန်နှင့် နီးကပ်သထက် နီးကပ်လာနေခြင်းကိုပင်….

All Chapters