← Chapters

အခန်း (၁၁၅၉)

Vol. 78 Ch. 1159

အခန်း (၁၁၅၉)

Vol. 78 Ch. 1159

ကျမက ပီကာချူကို ပိုပြီး နှစ်သက်တယ်

အရောင်းသမလေးမှာ ကြက်သေသေသွားခဲ့တော့သည်။

သူမတို့ အရှိန်တင်ပြီးတာတောင် သူတို့တွေက လိုက်မှီနိုင်သေးတယ်လား…

အဲ့လူကဖြင့် သူ့ကောင်လေးလောက်တောင် ကြွက်သားတွေ မရှိတာကို ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် ပေါက်ကွဲနိုင်တဲ့ ခွန်အားတွေ ပိုင်ဆိုင်နေတာလဲ…

တစ်ချိန်တည်းတွင် ရန်လုံလည်း နောက်သို့ လှည့်ကြည့်လိုက်ပြီး လင်းရီ ဖြည်းဖြည်းချင်း နီးကပ်လာနေသည်ကို သတိမူမိလိုက်သည်။ တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ အရှိန်ကို တဖန်မြင့်တင်ရန် ကြိုးစားလိုက်၏။ သို့သော် အချည်းနှီးချည်းသာ။

သူတို့ကြား အကွာအဝေးက ဆက်လက် နီးကပ်လာနေပြီး ရန်လုံ လင်းရီကို ခါချ မပစ်နိုင်ခဲ့ချေ။

စတုတ္ထအဆင့် စတင်စဉ်အခါတုန်းက လင်းရီနှင့် ကျီချင်းရန်မှာ ၎င်းတို့နောက်တွင် ငါးမီတာ ခြောက်မီတာခန့် နောက်ကောက်ကျန်နေခဲ့သော်လည်း ယခု မီတာ နှစ်ဆယ်ကျော်ပြေးပြီးနောက် ပထမ နေရာကို ပြန်အရယူလိုက်နိုင်သည်။

ထိုအခါ လင်းရီ အရှိန်ကို မသိမသာလျော့လိုက်ပြီး ကျီချင်းရန်ကို တီးတိုးပြောလိုက်၏။ “ ဆံပင် နည်းနည်း ပြင်လိုက်ဦး… ငါတို့ လှလှပပလေး ပန်းဝင်ကြမယ်…”

ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့၏။ သို့ပေမယ့် ရင်ထဲတွင်တော့ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်လို့နေသည်။

ခက်ခဲမှု တစ်စုံတစ်ရာမရှိပါဘဲနှင့် လင်းရီတို့ ပထမနေရာကို ဆွတ်ခူးသွားနိုင်ခဲ့သည်။ နောက်ဆုံး ပန်းဝင်သည့် အချိန်ကတော့ ၃ မိနစ်နှင့် ၈ စက္ကန့်ဖြစ်၏။

ထိုစဉ် အရောင်းသမလေးတို့ စုံတွဲကတော့ ၃ မိနစ် စက္ကန့် ၃၀ နှင့် ဒုတိယနေရာကို ရရှိသွားခဲ့ကြသည်။

နှစ်ယောက်လုံး၏ စံချိန်များက ကြည့်ရှုသူများကို ပါးစပ်အဟောင်းသား ဖြစ်လို့သွားစေသည်။ ထိုကဲ့သို့ ရလဒ်မျိုးကို ဖြတ်ကျော်နိုင်ဖို့ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

နောက်ထပ် မိနစ် နှစ်ဆယ် ကြာပြီးနောက် ဒုတိယ အုပ်စုရှိ စုံတွဲ ၉ တွဲလုံး ပန်းဝင်ပြီးသွားခဲ့ကြချေပြီ။ သူတို့၏ အသီးသီး ရလဒ်များကိုလည်း စခရင် အကြီးစား တစ်ခုပေါ်တွင် လူတိုင်းမြင်အောင် ပြသထားပြီး ထိပ်တန်း သုံးနေရာကိုတော့ စာလုံး အကြီးစားဖြင့် ထင်ရှားမြင်သာအောင် ပြုလုပ်ထားပေးသည်။

“ အခု… ပြိုင်ပွဲလေးလည်း ပြီးဆုံးသွားလို့ ရလဒ်အသီးသီးတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ… ပါဝင်ယှဉ်ပြိုင်သူ နံပါတ် ၁၃၊ နံပါတ် ၁၉ နဲ့ နံပါတ် ၃ ကို သက်ဆိုင်ရာ မင်းသမီးများနှင့်အတူ စင်မြင့်ထက်သို့ ဖိတ်ခေါ်လိုက်ကြရအောင်လားခင်ဗျ…”

အစီအစဉ် တင်ဆက်သူမှ မိုက်ဖြင့် ကြေညာလိုက်သည်။

ကျယ်လောင်စွာ မြည်ဟီးနေသည့် လက်ခုပ်တီးသံများနှင့်အတူ သုံးတွဲလုံးမှ စင်မြင့်ထက်သို့ တက်လာခဲ့ကြ၏။

ယှဉ်ပြိုင်စဉ်အခါက တက်တက်ကြွကြွနှင့် ခွန်အားအပြည့် ဖြစ်နေသည့် ကျီချင်းရန်မှာ ယခုတော့ အနည်းငယ် ရှက်ရွံ့သလို ခံစားနေရလေသည်။

သူမ၏ အဆင့်အတန်းနှင့် ကြွယ်ဝမှုကို ရှေးရှုပါက ယခုလို ဂိမ်းပြိုင်ပွဲမျိုးတွင် ဝင်ပြိုင်ခြင်းမှာ သိပ်ကို ကလေးဆန်လွန်းပြီး အကယ်၍ တစ်စုံတစ်ယောက်သာ သူမကို မှတ်မိသွားခဲ့မည် ဆိုပါက လှောင်ရယ်မောလောက်ကြပေသည်။

အစီအစဉ် တင်ဆက်သူမှ လင်းရီနှင့် ကျီချင်းရန်ထံ အပြုံးလေးဖြင့် ချဉ်းကပ်လာပြီး “ မင်္ဂလာပါ... မိန်းကလေးတို့ နှစ်ယောက်က ရုပ်ရည်ချင်း လိုက်ဖက်ရုံတင် မကသေးဘူး.. နှစ်ယောက်ရဲ့ အပေးအယူ အချိတ်အဆက် မိမှုတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ.. အခု ပထမနေရာ ရသွားပြီဆိုတော့ စကားနည်းနည်းလောက် ပြောပေးပါဦး… ဒါမှမဟုတ် ပုံမှန်ဆို လူကြီးမင်းတို့ စုံတွဲက ဘယ်လိုတွေ ထိတွေ့ဆက်ဆံကြသလဲဆိုတာပေါ့..”

“ အမ်… ကျမတို့က သာမန် စုံတွဲတွေလိုပါပဲ… ဘာမှ ထူးခြားနေတာမျိုး မရှိပါဘူး… ဒီတစ်ခေါက် အနိုင်ရသွားခဲ့တယ်ဆိုတာကလည်း ကျမရဲ့ ကောင်လေးကို ကျေးဇူးတင်ရမှာပါ… အားလုံးကို ကျေးဇူးတင်ပါတယ်…”

ကျီချင်းရန် ရှက်ရွံ့သည် ဆိုသော်လည်းပဲ မေးမြန်းလာသည်ကို ပြန်မဖြေဝံ့လောက်သည်အထိ ‘ သနားဖွယ် ရှက်ရွံ့ခြင်း ‘ မျိုး မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူမက ကုမ္ပဏီတစ်ခု၏ စီအီးအို တစ်ယောက်ပင် မဟုတ်ပါလား။ ထို့ကြောင့် အခြေအနေကို အသာတကြည် အေးဆေးကိုင်တွယ်နိုင်သည်။

သို့ပေမယ့် သူမ မျက်နှာပေါ်ရှိ ဂုဏ်မာနတို့ကတော့ ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်း မရှိချေ။ လင်းရီ သူမ၏ ချစ်သူ ကောင်လေး ဖြစ်နေသည်ကို သူမ ဂုဏ်ဆာမိသည်။

“ သိပ်ကို ကောင်းမွန်လွန်းတဲ့ အဖြေပါပဲ ခင်ဗျာ… “ အစီအစဉ် တင်ဆက်သူမှ ပြောလိုက်ပြီး “ ကျွန်တော်တို့ နှစ်ပတ်လည် အခမ်းအနားပွဲကြီးရဲ့ ပထမဆုကြီးကို သိမ်းပိုက်ထားနိုင်ပြီဆိုတော့ ယွမ် လေးသောင်းတန် ငွေသားကူပွန်နဲ့ ယွမ် နှစ်သောင်းတန် ဒစ်စကောင့်ကို မကြာခင် လက်ခံရပါတော့မယ်.. ဘာတွေ ဝယ်မယ်လို့ စိတ်ကူးထားလဲ… ဘာတွေ ဝယ်ဖို့ကော စီစဉ်ထားသေးလဲဆိုတာ သိခွင့်ရှိမလားဗျ…”

“ အဲ့ကိစ္စတော့ ကျမတို့ ခုထိ မစဉ်းစားရသေးဘူး… ကျမက ငွေသား ကူပွန်ကို စိတ်ကို မဝင်စားတာ… ပီကာချူ အရုပ်ကိုပဲ ပိုနှစ်သက်တယ်.. အဲ့ဒါကလည်း ဝင်ပြီး ယှဉ်ပြိုင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ပဲလေ…” ကျီချင်းရန် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

“ အာ….”

ကျီချင်းရန်၏ တည့်တိုးဆန်လွန်းသည့် စကားများက အစီအစဉ်တင်ဆက်သူကို ရှေ့ဆက် ဘာပြောလို့ ပြောရမှန်း မသိအောင် ဖြစ်သွားစေခဲ့တော့သည်။

ယွမ် ၂၀၀ တောင် မတန်တဲ့ ပီကာချူ အရုပ်လေးက ဘယ်လိုလုပ် ယွမ်လေးသောင်းတန် ကူပွန်ထက် ပိုပြီး ဆွဲဆောင်မှု ရှိနေရမှာလဲဟ…. ဟုတ်တယ်မလား...

အရောင်းသမလေးကတော့ မျက်လုံးလှန်ကြည့်လိုက်၏။ စိတ်ထဲတွင်တော့ ကျီချင်းရန်ကို ကြိတ်ပြီး လှောင်ပြောင်ထေ့ငေါ့လို့နေသည်။ ‘ နင် ငွေမက်တယ်ဆိုတာ အသိသာကြီး… အဲ့တာတောင် ကူပွန်ကြောင့် မဟုတ်ပါဘူး ဆိုပြီး ပြောထွက်သေးတယ်ပေါ့.. ဘယ်လိုတောင် ဟန်ဆောင်ကောင်းထားလိုက်လဲ… တကယ်လို့ နင်တို့သာ တကယ်ကြီး ချမ်းသာနေမယ်ဆိုရင် ယွမ် ကိုးထောင်တန် ရေကူးဝတ်စုံကို ဈေးကြီးတယ်လို့ ပြောမှာ မဟုတ်ဘူး… နင်တို့ ဘယ်သူ့ကို အရူးလာလုပ်ဖို့ ကြိုးစားနေတာလဲ…’

ကျီချင်းရန်က ထိုသို့ ပြောလာပြီ ဆိုမှတော့ အစီအစဉ် တင်ဆက်သူလည်း ရွေးချယ်စရာမရှိ၊ အပြုံးလေးဖြင့် နောက်တစ်ယောက်ထံ မိုက်ရွေ့လိုက်ရတော့၏။

ရုံရှင်း ပလာဇာတွင် ကတ်စတန်မာများက ဘုရင်ဖြစ်ပြီး ၎င်းတို့ ဘာပဲဆိုဆို သင်က အပြုံးမျက်နှာနှင့် ယဉ်ကျေးစွာ ပြုမူတတ်ရပေသည်။

“ အမျိုးသမီး ဧည့်ပြိုင်ပွဲဝင် နံပါတ် ၁၃ ရဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်… အခု ကျွန်တော်တို့ ဆုလက်ဆောင်တွေကို ချီးမြင့်ပေးပါတော့မယ်…”

အစီအစဉ်တင်ဆက်သူမှ A4 စက္ကူ အရွယ်လောက်ရှိသည့် ကူပွန်တစ်စောင်ကို ဝန်ထမ်း တစ်ယောက်ထံမှ လှမ်းယူလိုက်၏။ ထိုကူပွန်က ရွှေရောင် တလက်လက်ဖြစ်လို့နေပြီး အဆင့်တန်းမြင့်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ တစ်မီတာကျော်မြင့်သည့် ပီကာချူအရုပ်ကလည်း မပါမဖြစ်ပေ။

သို့ပေမယ့် ကျီချင်းရန်ကတော့ ကူပွန်ကို မမြင်သလို ပြုမူနေပြီး ပီကာချူ အရုပ်ကိုသာ ရင်ခွင်ထဲ ပွေ့ဖက်ထားတော့၏။ ထိုသို့ ပွေ့ထားရင်းနဲ့လည်း ရင်ထဲ နှစ်သက်စိတ်တို့ ယိုဖိတ်လျှံလာသည်။

လင်းရီ ထိုအချင်းအရာကို မြင်တော့ ကူကယ်ရာမဲ့စွာဖြင့် ကူပွန်ကို လက်ခံလိုက်ရတော့သည်။ သူမက ပိုက်ဆံကို ဂရုမစိုက်ဘူး ဆိုလျှင်တောင် တစ်ဖက်သူက ကမ်းပေးနေပြီး ဖြစ်သောကြောင့် ငြင်းပယ်လိုက်ပါက မယဉ်ကျေးရာကျ၏။

ကျီချင်းရန် ငွေသားကူပွန်ကို စိတ်မဝင်စားသည့် ပုံစံ လုပ်ပြနေသည်ကို မြင်တော့ အရောင်းသမလေးမှာ ပို၍ပင် ဒေါသမစ္ဆရိယစိတ်များ ပွားနေမိတော့သည်။ ' ကြည့်စမ်း… ဟန်ဆောင်နေတာ... ဟန်ဆောင်နေတာ ....’

“ ကျမတို့ အခု ပြန်လို့ရပြီလား…” ဆုလက်ခံပြီးနောက် ကျီချင်းရန် တိုးတိုးလေး မေးလိုက်သည်။

“ ဟုတ်ကဲ့ ဟုတ်ကဲ့… ပြန်လို့ ရပါပြီ..” အစီအစဉ် တင်ဆက်သူမှ စင်အောက်သို့ ဆင်းရန် လက်ဟန်ပြလိုက်ပြီး ယဉ်ကျေးစွာဖြင့် “ ဂရုစိုက်ပြီး ဆင်းပေးကြပါ…”

“ ကျေးဇူးပဲ..”

ဆုလက်ဆောင်များကို ကိုင်ထားရင်း စုံတွဲမှာ စင်အောက်သို့ ဆင်းလာခဲ့ကြပြီး ဟော်ယွမ်ယွမ်ရှေ့သွား၍ ဂုဏ်ဆာပြရန် အဆင်သင့်ဖြစ်နေကြလေသည်။ သို့သော် သူတို့ ဟော်ယွမ်ယွမ် ရှိနေရမည့် နေရာကို လှမ်းကြည့်လိုက်တော့ သူမက ထိုနေရာတွင် မရှိတော့ချေ။

“ ဟင်… ယွမ်ယွမ်က ဘယ်ရောက်နေတာလဲတဲ့…” ကျီချင်းရန် ရေရွတ်လိုက်၏။

“ အစ်မကျီ.. ငါဒီမှာ…”

ဟော်ယွမ်ယွမ်၏ အသံကို ကြားတော့ လင်းရီနှင့် ကျီချင်းရန်တို့ တစ်ဖက်လှည့်ကြည့်လိုက်ကြပြီး ဆယ်မီတာ အကွာလောက်တွင် ရပ်နေသည့် ဟော်ယွမ်ယွမ်ကို မြင်တွေ့သွားခဲ့ကြသည်။ သူမဘေးတွင် အသက်ငါးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း လူကြီး တစ်ဦးနှင့် ယူနီဖောင်း စကတ်အတိုကို ဝတ်ဆင်ထားသည့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတို့ ရှိနေပြီး ရယ်မောပျော်ရွှင်စွာဖြင့် စကားပြောဆိုနေခဲ့ကြသည်။

“ ယွမ်ယွမ် ကြည့်ရတာ အသိတစ်ချို့နဲ့ စကားလက်ဆုံကျနေတယ်နဲ့တူတယ်.. သွားပြီး ကြည့်ကြည့်ရအောင်..” ကျီချင်းရန် အကြံပြုလိုက်၏။

“ အင်း…”

နှစ်ယောက်သား ရှေ့သို့ တိုးသွားရင်းဖြင့် ဟော်ယွမ်ယွမ်နှင့် ကျန်နှစ်ယောက်ကလည်း လင်းရီတို့ဘက် လမ်းလျှောက်လာနေကြသည်။

တစ်ဖက်နှစ်ယောက်ကို မိတ်ဆက်ပေးမည့် အချိန်တွင် ဟော်ယွမ်ယွမ်၏ မျက်နှာအမူအရာမှာ တည်တံ့သွားခဲ့ပြီး “ သူဌေး… ဒါက ရုံရှင်း အုပ်စုရဲ့ စီအီးအို… လီချီတုံး… ဒါကတော့ သူ့ရဲ့ လက်ထောက်… မဒမ် ချိန်ဖျင်…”

“ မင်္ဂလာပါ ဥက္ကဌလင်း… ဥက္ကဌကျီ..”

လင်းရီနှင့် ကျီချင်းရန်ကို မြင်တော့ လီချီတုံး သူ၏ လက်ကို အရင်ဆန့်တန်းပြီး နှုတ်ဆက်လာခဲ့၏။ သူက သိပ်ကို ယဉ်ကျေးနေခဲ့သည်။

“ မင်္ဂလာပါ…”

“ မင်္ဂလာပါ…”

နှစ်ယောက်သား အပြန်အလှန် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ရုံရှင်း အုပ်စု၏ စီအီးအိုကို ယခုလို နေရာမျိုးတွင် တွေ့ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

၎င်းတို့၏ ဆုံတွေ့မှုက အခြားသူများ၏ အာရုံကို ဆွဲဆောင်မိသွားခဲ့၏။

အထူးသဖြင့် လင်းရီနှင့် ကျီချင်းရန်တို့က ရုံရှင်းအုပ်စု၏ အေးအေးလူလူ ရယ်မောပြောဆိုနေကြပြီး ထို့အပြင် တစ်ဖက်သူကလည်း အတော်လေးကို ယဉ်ကျေးပျူငှာနေကာ အနည်းငယ်ပင် ကိုယ်ကို ညွှတ်ထားသောကြောင့် ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်းကို သိချင်စိတ် ပြင်းပြသွားခဲ့ကြလေသည်။

“ ကျုပ်တို့က အသေးစား နှစ်ပတ်လည်ပွဲလေးပဲ ကျင်းပလိုက်တာ ဥက္ကဌကျီနဲ့ ဥက္ကဌလင်းတို့ကို ဆွဲဆောင်မိသလို ဖြစ်သွားမယ်လို့ ထင်မထားခဲ့ဘူး… ဒါ ကျုပ်တို့ ရုံရှင်း ပလာဇာရဲ့ ဂုဏ်ယူဖွယ်ရာပါပဲ…”

လီချီတုံးမှ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

“ ကျမတော့ စီအီးအိုလီရဲ့ ရှေ့မှာ ကိုယ့်ကိုယ်ကို အရှက်ရစေမိပြီနဲ့ တူပါတယ်..” ကျီချင်းရန် ရှက်ကိုးရှက်ကန်း ပြောဆိုလိုက်ရင်း “ အရုပ်လေးက သိပ်ချစ်ဖို့ ကောင်းနေတော့ ကျမလည်း အပျော်သဘောနဲ့ ဝင်ပါလိုက်တာ စီအီးအိုလီဆီကနေ အခွင့်အရေးယူသလို ဖြစ်သွားတယ်..”

“ ဟာ… မဟုတ်တာ… ကျုပ်တို့က အရင်ကတည်းကရင် DIDI နဲ့ လက်တွဲလုပ်လာခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပဲ… အခု မိသားစုဝင်တွေလို့တောင် သတ်မှတ်လို့ရတယ်… အခွင့်အရေး ယူတယ်လို့ ဘယ်လိုလုပ်ပြီး သတ်မှတ်လို့ရမှာလဲ…”

ပြောပြီးနောက် လီချီတုံး သူ့လက်ထောက်ထံ လှည့်ကြည့်၍ “ ငါတို့ ငါးနှစ်ပြည့် နှစ်ပတ်လည် အထူး မန်ဘာကတ်တွေ စီစဉ်ထားတယ်မလား… မြန်မြန် ဥက္ကဌကျီကို တစ်ခုကမ်းလိုက်လေ…”

ချိန်ဖျင် ဖောက်ထွင်းမြင်နေရသည့် အကြည်ရောင် ဒိုင်းမွန်းကတ်ကို သူမအိတ်ထဲမှ ထုတ်၍ ကျီချင်းရန်ထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီး “ ဥက္ကဌကျီ.. ဒါက ကျွန်မတို့ရဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ် စိန်အဆင့် မန်ဘာကတ်ပါ… ဒေသတွင်းမှာ ဒီလိုကတ်မျိုး ၅၅ ကတ်ပဲ ရှိတယ်… ဒါနဲ့ဆိုရင် ရုံရှင်း ပလာဇာမှာ ဝယ်သမျှ ပစ္စည်းတိုင်းရဲ့ ၅၀ ရာခိုင်နှုန်း လျှော့ဈေး ခံစားခွင့်ရှိပါတယ်… ကျွန်မတို့ရဲ့ ကျေးဇူးတင်တဲ့ ဂါဝရ လက်ဆောင်လို့ပါ သဘောထားပေးပါ.. ကျေးဇူးပြုပြီး လက်ခံပေးပါနော်…”

All Chapters