← Chapters

အခန်း (၁၁၆၀)

Vol. 78 Ch. 1160

အခန်း (၁၁၆၀)

Vol. 78 Ch. 1160

ကမ္ဘာ့အတော်ဆုံး အမျိုးသမီး

" အို အားနာစရာကြီး... ကျမတို့က ဆုလည်း ရထားပြီးပြီ.. မန်ဘာကတ်ကို လက်ခံလို့ မသင့်တော်ပါဘူး... "

" ဥက္ကဌကျီက ယဉ်ကျေးလွန်းနေပါပြီ... ဒါက ကျုပ်တို့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့ အသေးစား လက်ဆောင်လေးပါ... ကျေးဇူးပြုပြီး လက်ခံလိုက်ပါ... "

ကမ်းလာသည့် လက်ကို မရိုက်ထုတ်သင့်ဆိုသည့် စကားအတိုင်း တစ်ဖက်သူမှ အင်မတန် ယဉ်ကျေးပြလာနေသောကြောင့် ကျီချင်းရန်လည်း ဆက်ပြီး ငြင်းဆန်နေဦးမည် ဆိုပါက မယဉ်ကျေးရာ ကျသွားလိမ့်မည်။

မန်ဘာကတ်ကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်ရင်း ကျီချင်းရန် လီချီတုံးကို ပြောလိုက်၏။

" ကျေးဇူးတင်ပါတယ် စီအီးအိုလီ.. ကျမတို့ နောက်လည်း လက်တွဲပြီး အလုပ်အတူ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်... "

" ဒါကတော့ ဥက္ကဌကျီနဲ့ ဥက္ကဌလင်း ကျုပ်ကို အခွင့်အရေးပေးမယ့် အပေါ် မူတည်မှာပဲဗျ... ကျုပ်ကတော့ အချိန်မရွေး အဆင်သင့်ပါပဲ... "

" စီအီးအိုလီ .. ရှင်က ကြင်နာလွန်းနေပါပြီ... "

ဤသည်က ရှားပါးသည့် အခွင့်အရေး တစ်ရပ်ဖြစ်သော်ငြားလည်း လီချီတုံး မည်သည့် အချိန်တွင် ရပ်တန့်ရမလဲဆိုတာကို ကောင်းကောင်းသိသည်။ အလွန်အကျွံပြုမိပါက စိတ်ရှုပ်၊ စိတ်ကသိကအောက် ဖြစ်ဖွယ်များသို့ ဦးတည်သွားနိုင်ကြောင်း လီချီတုံး နားလည်ထားသည်။

လူတို့နှင့် ထိတွေ့ ပြောဆို ဆက်ဆံရာတွင် ထိုကဲ့သို့သော အချင်းအရာကို ပြင်းထန်စွာ တားမြစ်ပိတ်ပင်ထားလေသည်။

" ဥက္ကဌလင်းနဲ့ ဥက္ငဌကျီလည်း တခြားကိစ္စလေးတွေ ရှိနေမှာပဲ.. ကျုပ် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး... နောင် အလုပ်အတူ တွဲလုပ်ဖို့ အခွင့်အရေး ရှိလာတဲ့ အခါကျမှ ထပ်ပြီး ပြောကြတာပေါ့... "

" ကောင်းပြီလေ.. နောက်တစ်ခေါက်မှပေါ့... "

နှုတ်ဆက်စကား ဆိုပြီးနောက် ကျီချင်းရန် သူမ၏ ပီကာချူ အရုပ်လေးကို ကြင်နာယုယစွာဖြင့် ပြန်ပွေ့ဖက်ထားလိုက်၏။

တစ်ဖက်ရှိ ဟော်ယွမ်ယွမ်ကတော့ ငွေသားကူပွန်ကို အချိန်အတော်ကြာ‌အောင် မျက်စောင်းထိုးလို့နေသည်။

သုံးယောက်သား ထွက်ခွာသွားသည်ကို ကြည့်ရင်း ပွဲစီစဉ် တင်ဆက်သူမှ လီချီတုံးထံ ချဉ်းကပ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခွန်းဆက်လိုက်၏။

“ မင်္ဂလာပါ စီအီးအိုလီ..”

သူ၏ လက်အောက်ငယ်သားနှင့် ရင်ဆိုင်ရာတွင် မူလက ပြုံးရွှင်နေသည့် မျက်နှာထားမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး တည်ကြည်သည့် မျက်နှာအမူအရာဖြင့် “ မင်း လုပ်တာ တော်တယ်.. ဥက္ကဌကျီနဲ့ ဥက္ကဌလင်းကို ပထမ နေရာ ပေးလိုက်တာ သိပ်ကောင်းတယ်... မင်း မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်လိုက်တာပဲ.. ငါ ဘဏ္ဍာရေး ဌာနကို ပြောပြီး ဒီလအတွက် ဘောနပ်စ် တစ်ထောင်ပေးဖို့ ပြောလိုက်မယ်…”

အစီအစဉ် တင်ဆက်သူမှ ကြက်သေသေသွားခဲ့တော့၏။

ဒါက သူနဲ့ ဘာမှလည်း မဆိုင်ပဲလေ…

သူတို့ ပထမ ရသွားတယ်ဆိုတာကလည်း မျှမျှတတနဲ့ ရသွားတာကို ဘာလို့ သူက အကြောင်းပြချက် မရှိပဲနဲ့ ယွမ် တစ်ထောင် ဘောနပ်စ် ရမှာလဲတဲ့…

“ စီအီးအိုလီ… ကျွန်တော် ဘာ အမှားမှတော့ မလုပ်မိပါဘူးနော်…”

ထိုနှစ်ယောက်၏ အထောက်အထားများက မရိုးရှင်းကြောင်း အစီအစဉ် တင်ဆက်သူ ကောင်းကောင်းကြီး ပြောနိုင်သည်။ ထို့ကြောင့် သူ အထူးတလှယ် သတိထားနေရတော့၏။

“ မလုပ်ဘူး… ဘာအမှားမှ မလုပ်ခဲ့ဘူး… သူတို့ ပထမ ရသွားသရွေ့ အားလုံး အဆင်ပြေတယ်…”

သူတို့ဘေးတွင် ရပ်နေသည့် ချိန်ဖျင်မှ ရယ်မောလိုက်ပြီး “ ဒီလို ပွဲအသေးစားလေးက ဟွာရှရဲ့ အချမ်းသာဆုံး ထိပ်တန်း ၂၀ စာရင်း ဝင်တဲ့ လူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ… ဒီအကြောင်းကို သေတဲ့အထိ ကြွားသွားလို့တောင် ရနေပြီ…”

“ အာ.. အဲ့လူက ဟွာရှရဲ့ အချမ်းသာဆုံး ထိပ်တန်း ၂၀ စာရင်း ဝင်တဲ့ ပုဂ္ဂိုလ်ကြီးလား…”

အစီအစဉ်တင်ဆက်သူသာ အံ့အားသင့်သွားခဲ့သည်မက အနီးအနား နားစွင့်နေကြသည့် လူတိုင်းလည်းပဲ အံ့အားသင့်သွားခဲ့ကြသည်။ ထိုသို့သော ပုဂ္ဂိုလ်က ပလာဇာသို့လာပြီး ဂိမ်းအသေးစားလေးတွင် ဝင်ဆင်နွှဲသွားသည်က ထင်မှတ်မထားလောက်အောင်ပင်။

“ ထိပ်တန်း ၂၀ ဆိုတာ ဒီတိုင်း ခန့်မှန်းခြေသပ်သပ်ပဲ… သူ့ အသားတင် ပိုင်ဆိုင်မှုက ယွမ် ဘီလီယမ် ရာချီတယ်… သူက ဒီတိုင်း သိုသိုသိပ်သိပ်နေလို့သာ နင်တို့ မသိကြတာ…”

ယွမ် ဘီလီယမ် ရာချီတယ်....

ထိုစကားကြားတော့ လင်းရီတို့ကို အစောနတုန်းက လှောင်ပြောင်ထေ့ငေါ့နေခဲ့သည့် အရောင်းသမလေးမှာ မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့တော့၏။ သူမ တကယ်ကြီး ဘီလီယမ်နာတစ်ယောက်ကို စိတ်ထဲကနေ နှစ်နှစ်ကာကာ စော်ကားနေခဲ့တယ်ပေါ့… ဘယ်လိုတောင် ရူးနှမ်းလိုက်တဲ့ ငါပါလိမ့်…

အရောင်းသမလေးမှ စည်တော်ကြီးမြည်သကဲ့သို့ တဒုန်းဒုန်း ခုန်နေသည့် ရင်ဘက်ကြီးကို လက်ဖြင့် ဖိနှိပ်ထားလိုက်သည်။ ကျေးဇူးတင်စရာ ကောင်းသွားသည်က သူမ နှုတ်မှ ဆိုးရွားကြမ်းတမ်းသည်များ မပြောခဲ့သည်ပင်။ အကယ်၍ ဤလူများကိုသာ အပြစ်ပြုမိလိုက်မည် ဆိုပါက သူမ အလုပ်ပြုတ်သွားနိုင်ပေသည်။

…..

ထိုစဉ် လင်းရီ ၊ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ ပွဲကျင်းပသည့် နေရာထဲမှ ထွက်သွားနှင့်ပြီး ဖြစ်လေသည်။ ရေကူးဝတ်စုံ ကိစ္စနှင့် စပ်လျဉ်း၍ကတော့ ဟော်ယွမ်ယွမ် ဆက်မကြည့်တော့ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူမ အိမ်တွင်လည်း မဝတ်ရသေးသည့် ရေကူးဝတ်စုံတစ်ချို့ ရှိထား၏။ ထို့ကြောင့် အသစ် ဝယ်မည်ဆိုပါကလည်း အလဟဿသာ ဖြစ်သွားပေလိမ့်မည်။

“ သူဌေး… တိုကင်လေးက လှတယ်နော်… တစ်ချက်လောက် ပြကြည့်ပါလား..”

လင်းရီ များများ စဉ်းစားမနေပဲ တိုကင်ကို ကြည့်ရအောင် ကမ်းပေးလိုက်၏။ ကြည့်ပင် မကြည့်ပါဘဲ ဟော်ယွမ်ယွမ် လက်ချော်ခြေချော်ဖြင့် သူမ အိတ်ထဲ ကောက်ထည့်လိုက်တော့၏။

“ ဟာ ဟေ့… မင်းကိုယ်မင်း အဲ့တာ ဘာလုပ်တယ် ထင်နေတာတုန်း…”

“ သူဌေးရဲ့ ကြွယ်ဝမှုနဲ့ဆိုရင် ဒီလို တိုကင်မျိုး သုံးပြီး ဈေးဝယ်ရင် လူတွေ ကဲ့ရဲ့ ကြလိမ့်မယ်… ဝန်ထမ်းကောင်းပီသစွာနဲ့ ကျွန်မကပဲ သုံးပေးလိုက်ပါ့မယ်…”

“ မင်းအမားပဲ “

“ အဲ့လောက်ကြီးလည်း ဖြစ်ပျက်ပြ မနေစမ်းပါနဲ့… ကျွန်မတို့က အခု မောလ်မှာနော်…” ဟော်ယွမ်ယွမ် ပြောလိုက်သည်။

“ တကယ်လို့ ကောင်းကြီးသာ မင်းနဲ့ လက်ထပ်ပြီးတော့မှ သူ့မိသားစုက အချမ်းသာဆုံး မိသားစု ဖြစ်မလာသေးဘူးဆိုရင် ဒီကောင်တွေ မျိုးရိုးမကောင်းလို့ပဲ ဖြစ်မယ်…”

“ သူဌေးပြောတာကို အပြည့်အဝ ထောက်ခံတယ်..” ဟော်ယွမ်ယွမ် ဘဝင်ခိုက်စွာဖြင့် ပြောလိုက်၏။

လေးလွှာမှ ထွက်ခွာလာပြီးနောက် သုံးယောက်မှာ ဖက်ရှင် စတိုးဆိုင်များဖြင့် ပြည့်နှက်နေသည့် ငါးလွှာသို့ ဦးတည်လိုက်ကြလေသည်။ ယင်းကလည်း ယနေ့ ဈေးဝယ်ထွက်လာခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်၏။ မည်သို့ပင်ဆိုစေ ရေကူးဝတ်စုံဆိုသည်မှာ တစ်ခါတစ်ရံမျှ ဝတ်နိုင်သည်များဖြစ်ပြီး ဖက်ရှင် အဝတ်အစားများ ဝယ်ယူခြင်းသည်သာ အဓိက ဦးစားပေးဖြစ်သည်။

သူတို့ ရောက်လျှင်ရောက်ခြင်း အမျိုးသမီး နှစ်ယောက်မှာ Hermes ဆိုင်ကို မျက်စိကျသွားခဲ့ကြ၏။

“ အစ်မကျီ… Hermes ဆိုင် သွားရအောင်လေနော်… သူတို့ ဒီနှစ် အသစ်တွေ အများကြီး ထွက်ထားတယ်နဲ့တူတယ်…”

“ Hermes က တကယ်ကြီး ကောင်းတာလား…. မင်းတို့ လာလိုက်တိုင်းလည်း ဒီ Hermes ချည်းပဲ…” လင်းရီအရွှန်းဖောက်လိုက်သည်။

“ ဘာတွေကောင်းမှန်း ကျွန်မလည်း မသိဘူး.. ကျွန်မသိတာဆိုလို့ သူတို့က နာမည်ကြီးတယ်.. ဈေးလည်းကြီးတယ်… luxury လည်းဆန်တယ်… အဲ့လောက်ဆို လုံလောက်ပြီ…”

“ တော်တော်ကောင်းတဲ့ လောဂျစ်… မင်းမှာ Hermes ပစ္စည်းတွေ အများကြီး ရှိတာ ငါ မမြင်မိသလိုပဲ…”

“ ဘာလို့ဆိုတော့ ကျွန်မ 'ကောင်း' နဲ့ ရှော့ပင်းထွက်ရင် ဒီလိုမျိုး ဈေးကြီးတဲ့ နေရာတွေကို ဘယ်တော့မှ ခြေဦးမလှည့်ဘူးလေ… ဒါပေမယ့် ဒီနေ့ သူဌေးလည်း ရှိနေမှာဆိုတော့ အခွင့်အရေး အပြည့်အဝ ယူရမှာပေါ့… အမ်… သူဌေး … ဘာကိုလဲ လိုက်ရှာနေတာ…”

“ ငါ့ဓား ဘယ်နားထားလိုက်လဲလို့…”

“ ကဲပါ ကဲပါ.. သွားကြစို့…” ထိုနှစ်ယောက်၏ တကျတ်ကျတ်နိုင်မှုကို နေသားကျနေသည့် ကျီချင်းရန်မှ နှစ်ယောက်လုံးကို လက်မောင်းချိတ်ပြီး Hermes ဆိုင်ထဲသို့ ဆွဲခေါ်သွားလိုက်တော့သည်။

“ လီချီတုံးက ငါတို့ကို ၅၀ ရာခိုင်နှုန်း ဒစ်စကောင့်ကတ် ပေးထားတယ်… အဲ့ဒါနဲ့ဆို ဒီက ပစ္စည်းတွေက သိပ်ဈေးမရှိတော့ဘူး..”

“ ဟုတ်တယ် ဟုတ်တယ်… ကျွန်မရဲ့ အစ်မကျီကို ကြည့်လိုက်စမ်း… သူဆို ဘယ်တော့မှ ဒီလို အသေးမွှားကိစ္စလေးတွေကို ထည့်တွက်မနေဘူး… ဒီလို လူစားမျိုးတွေကပဲ အကြီးကြီးတွေ စွမ်းဆောင်နိုင်တာ..”

ဟော်ယွမ်ယွမ် သူ့ပြောချင်တာပြောပြီးနောက် လင်းရီကို လျစ်လျူရှုကာ ကျီချင်းရန်နှင့်အတူ စတိုးဆိုင်ထဲတွင် လှည့်ပတ်ကြည့်နေတော့၏။

လင်းရီကတော့ စိတ်မဝင်စားသဖြင့် အနားယူသည့် နေရာတွင် ထိုင်ပြီး စောင့်နေလိုက်သည်။

တစ်ချိန်တည်းတွင် အမျိုးသမီးများ ဈေးဝယ်ထွက်ရသည်ကို အဘယ်ကြောင့် အဲ့လောက်ပျော်နေကြမှန်းကို သူ စဉ်းစားလို့ မပေါက်နိုင် ဖြစ်နေသည်။

မိနစ်လေးဆယ်ခန့် ကြာပြီးနောက် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ အဝတ်အစား ခုနစ်စုံ ရှစ်စုံခန့် ရွေးချယ်လိုက်ကြသည်။ ဂါဝန်နည်းနည်း၊ ဘောင်းဘီများ၊ သာမန် ကမ်းခြေဝတ်များနှင့် အလုပ်ဝတ်များပင် ပါလိုက်သေးသည်။ နှစ်ယောက်လုံးက ဝတ်ကြည့်ပြီး သူမတို့နှင့် အမြင်တင့်သမျှ၊ နှစ်သက်သမျှကို သိမ်းကျုံးယူနေကြတော့၏။ ပိုက်ဆံဆိုသည်က ကိန်းဂဏန်းတစ်ခုပင်။ ဈေးမည်မျှ ရှိလဲ သူမတို့ ထည့်မစဉ်းစားကြချေ။

“ ဒါလေးနဲ့ရှင်းမယ်နော်…”

ငါးနှစ်ပြည့် အထိမ်းအမှတ် စိန်အဆင့် မန်ဘာကတ်မှာ ဟော်ယွမ်ယွမ် လက်ထဲသို့ မည်သည့်အချိန်ကတည်းက ရောက်မှန်းမသိ ရောက်သွားခဲ့ပြီး သူမ အရောင်းစာရေးထံ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ကမ်းပေးလိုက်၏။

ငါးနှစ်ပြည့် အထိမ်းအမှတ် စိန်အဆင့် မန်ဘာကတ်ကိုလည်း မြင်တော့ Hermes စဆိုးဆိုင်၏ အရောင်းမန်နေဂျာမှာ အံ့အားသင့်မိသွားခဲ့တော့သည်။

ဒီ အမျိုးသမီးက ဘယ်သူပါလိမ့်…

ထုတ်ထားတာ မကြာသေးတဲ့ စိန်အဆင့် မန်ဘာကတ်ကို ကိုင်နေနိုင်တယ်.. ဒါ ကျိုးဟိုင်မှာ သိပ်ကို ထူးခြားတဲ့ အဆင့်အတန်း ရှိတဲ့သူပဲ ဖြစ်ရမယ်…

စတိုးဆိုင် မန်နေဂျာမှ အမှားအယွင်း မဖြစ်ရလေအောင် သူမကိုယ်တိုင် ဝန်ဆောင်မှုပေးဖို့ ဆုံးဖြတ်လိုက်တော့၏။

“ မင်္ဂလာပါရှင့်.. ဧည့်သည်တော်က ရုံရှင်းပလာဇာရဲ့ ငါးနှစ်ပြည့် အထိန်းအမှတ် စိန်အဆင့် မန်ဘာကတ်ကို ကိုင်ဆောင်သူ ဖြစ်တဲ့အတွက် ယွမ်တစ်သောင်းနဲ့ အထက် ပစ္စည်းတိုင်းကို တစ်ဝက် လျှော့ဈေး ခံစားခွင့်ရှိပါတယ်.. ဒီတစ်ကြိမ် ဧည့်သည်တော်ရဲ့ စုစုပေါင်း ကျသင့်ငွေက ယွမ် ၂.၁၆ သန်းပါ… လျှော့ဈေးနဲ့ဆိုရင်တော့ ၁.၀၈ သန်းပဲ ကျပါမယ်ရှင့်…”

ဟော်ယွမ်ယွမ် ထူးမခြားနားစွာ ခေါင်းညိမ့်လိုက်ပြီး သူမ၏ ဘဏ်ကတ်ကို ထုတ်လိုက်သည်။

“ လျှို့ဝှက်နံပါတ်က 920804…”

“ ဟုတ်ကဲ့..‌ ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးပါနော်..”

လင်းရီနှင့် ကျီချင်းရန်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။

ဒီယွမ်ယွမ် ဉာဏ်အလင်းတွေ ဘာတွေများ ပေါက်သွားလို့လား…

သူ့ကတ်နဲ့ ပိုက်ဆံရှင်းတော့မယ်ပေါ့…

ဒါ သူ့ပုံစံနဲ့လည်း မတူပါဘူး…

မကြာမီ အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှ ကတ်ဖြတ်လိုက်ပြီး ဝယ်ထားသည့် ပစ္စည်းများကို အိတ်ဖြင့် စနစ်တကျ ထုပ်ပိုးပေးလိုက်၏။

“ ဧည့်သည်တော်က စိန်အဆင့် မန်ဘာကတ် ကိုင်ဆောင်တဲ့သူဆိုတော့ ကျွန်မတို့ ရုံရှင်း ပလာဇာကနေပြီး အိမ်တိုင်ရာရောက် အလကား ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်… ဒီဝန်ဆောင်မှုကို အသုံးပြုလိုပါသလားရှင်..”

ဟော်ယွမ်ယွမ် နှုတ်ခမ်းဖွဖွကိုက်ထားလိုက်ပြီး “ အင်းနော်... ပစ္စည်းကလည်း နည်းနည်းတော့ များသား… နင်တို့ ကျိုကျုံးဗီလာကို ပို့ပေးနိုင်လား…”

“ ကျိုကျုံးဗီလာကိုလား…”

ထိုစကားကို ကြားတော့ Hermes စတိုးဆိုင် ဝန်ထမ်းများအားလုံး ထိတ်လန့်တုန်လှုပ်မိသွားကြတော့သည်။

“ ကျိုး…ကျိုးဟိုင်က အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံး ကျိုကျုံးဗီလာကို ပြောနေတာလားရှင့်…”

“ အင်း … ဟုတ်တယ်… ဗီလာကိုးခုလုံးက ငါ့အပိုင်တွေချည်းပဲလေ… ဒီတော့ ငါ နာမည် မထားရစ်ခဲ့တော့ဘူး.. ဂိတ်က လုံခြုံရေး အစောင့်ကိုပဲ ပေးထားခဲ့လိုက်… သူတို့ငါ့ဟာမှန်းသိတော့ ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်ရဲမှာ မဟုတ်ဘူး…”

လင်းရီ “ ??? ”

ဟော်ယွမ်ယွမ်.... အိုး ဟော်ယွမ်ယွမ်… မင်းကတော့ တကယ့် လခွမ်းကျလောက်အောင် တော်တဲ့ ကမ္ဘာ့အတော်ဆုံး အမျိုးသမီးပဲ…

All Chapters