အခန်း (၁၁၆၂)
Vol. 78 Ch. 1162
ဥက္ကဌလင်း
" အစကတော့ ဒါရိုက်တာချီ ကျုပ်ကို ခေါ်ပြီးတော့ တည်းဖို့ ခိုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တာ၀န်ယူပေးဖို့ တောင်းဆိုလာတယ်... ကျုပ်ကလည်း သဘောတူပြီး အဆင်ပြေမယ့် ဟိုတယ်တွေ လိုက်ရှာကြည့်ကြည့်တယ်... နောက်တစ်နေ့ ရောက်တော့ ဒီဟိုတယ်ဘက်ကနေ ဖုန်းဆက်လာပြီး သူတို့ပြောတာ ကျုပ်တို့ရဲ့ အသင်းလိုက် ခရီးသွားမယ့် အစီအစဉ်ကို သိထားပါတယ်တဲ့... သူတို့ဆီမှာ တည်းခိုဖို့ကို ဘယ်လို သဘောရလဲပေါ့ဗျာ... ကျုပ်လည်း စုံစမ်းကြည့်လိုက်တော့ မဆိုးဘူး.. ဒါနဲ့ ဖြည်းဖြည်းချင်း ညှိနှိုင်းရာကနေ ၄၀ ရာခိုင်နှုန်း လျှော့ဈေးရလိုက်တာပဲ... "
" ကောင်းပြီ... တော်တယ်... " လင်းရီ ပြောလိုက်ပြီး " မင်းတို့ ခေါင်းဆောင်ပိုင်းတွေ ဒီရက်ပိုင်း အများကြီး ပင်ပန်းခဲ့ရမှာပဲ... "
လင်းရီ သေသေချာချာ ပြန်တွေးကြည့်လိုက်တော့ လင်းယွင် အုပ်စုတွင် လူများစွာ ရှိသည်။ ချီရှန်းကျောက် နှင့် ဟော်ယွမ်ယွမ်တို့ မည်မျှပင် အရည်အချင်း ရှိနေစေကာမူ ၀မ်ထျန်းလုံသည်က သူ၏ ပထမဦးဆုံး နောက်လိုက် တစ်ယောက် ဖြစ်လေသည်။
ဤသည်ကို ရေစက် ကြမ္မာဟု သတ်မှတ်၍ရ၏။
" သူဌေးဆီမှာ အလုပ်လုပ်ခွင့်ရတာကိုကပဲ ကျုပ်ရဲ့ မဟာ ကံကောင်းမှုကြီးပါ... ကျုပ် အရိုးကြေကြေ အရေခမ်းခမ်း အစွမ်းကုန် အကောင်းဆုံး ကြိုးစားသွားမှာပါသူဌေး... "
" တစ်လှေတည်း စီးနေကြတဲ့ သူတွေကိုပဲ... သရုပ်ဆောင်နေတာတွေ ရပ်ပြီး အလုပ်စတော့... "
၀မ်ထျန်းလုံ ရယ်မောလိုက်ပြီး လူတိုင်းကို ဆက်လက် စုစည်းလိုက်၏။
၀မ်ထျန်းလုံ၏ စီစဉ် ဆောင်ရွက်မှုက တော်တော်လေးကို ရှင်းလင်းတိကျနေကြောင်း လင်းရီ သတိပြုမိလိုက်သည်။
ယင်းက ဘာကြောင့်လဲဆိုတော့ ဟိုတယ် ၀န်ထမ်း အများစုမှာ ဟွာရှန့် ဘာသာစကားကို နားလည် တတ်ကျွမ်းထားကြပြီး သူ ဟွာရှန့်ကပြားတစ်ချို့ကိုပင် မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပဲ ဆက်သွယ်ပြောဆိုရာ၌ အခက်တွေ့မှု တစ်စုံတစ်ရာ မရှိတော့ချေ။
ဤသည်က အသေးမွှား ကိစ္စလေးမျှသာ ဖြစ်သော်လည်း လင်းရီကတော့ စိတ်လေး စိတ်ထင့်လို့နေသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်က ထို မြေခွေးမ အာယာနဲ မစ်ဆူသည် သူတို့ ရောက်ရှိလာမည်ကို ကြိုတင်သိနေပြီး ယခုလို စီစဉ်ထားခြင်းမျိုး ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် သူမကိုယ်တိုင်ကတော့ လူလုံး မပြလာချေ။
အကယ်၍ ထိုသို့ ဖြစ်သည် ဆိုပါကလည်း ကောင်း၏။ သူမ မကြာခင် ရက်ပိုင်းအတွင်းတွင် သူ့ထံ ကျိန်းသေပေါက်ကို ဆက်သွယ်လာရပေမည်။
သို့သော်ငြား ယင်းက တိုက်ဆိုင်မှု တစ်ခု သပ်သပ်သာ ဖြစ်သွားပါက အခြားဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြီဖြစ်၏။
ချက်ကင် ၀င်ပြီးသည့်နောက် လူတိုင်း မိမိတို့ စိတ်ထင်ရာကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရှိကြသည်။ ပြီးလျှင် ညနေ ခြောက်နာရီ၌ စုံညီ ညစာစားပွဲကိုတော့ တက်ရောက်ကြရမည် ဖြစ်၏။
အတူတူ စားသောက်ခြင်းကလည်း ရင်းနှီးချစ်ခင်မှု ခရီးထွက်ခြင်း၏ အရေးပါသည့် ကဏ္ဍတစ်ရပ်ပင်...။
၅:၃၀ ၀န်းကျင်လောက် ရောက်တော့ ကုမ္ပဏီ၏ အမှုဆောင် အရာရှိများနှင့် ၀န်ထမ်းများမှ ပွဲကျင်းပသည့် ခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ၀င်ရောက်လာပြီး ညစာစားသောက်ရန်အတွက် ပြင်ဆင်ကြတော့၏။
လင်းရီကတော့ ထိုသို့သော စုဝေးမှုမျိုးကို စိတ်မ၀င်စားချေ။ သူက လူများ စုဝေးတာကို ထိုင်ကြည့်ရင်း ဝိုင်သောက်ရသည်လောက်သာ သဘောကျသည်။
သို့သော် သူ့ဘက်က မည်သို့ပင် ဖြစ်နေစေကာမူ သူသည်က ကုမ္ပဏီ၏ သူဌေးကြီးတစ်ဦးဖြစ်၏။ ထို့ကြောင့် ၀န်ထမ်းများနှင့် ထိုက်လျောက်သည့် ထိတွေ့မှု တစ်ချို့တော့ ရှိထားသင့်ပေသည်။
ရှေး ယခင် ဧကရာဇ် များပင် သူတို့၏ တိုင်းသူပြည်သားများနှင့် ပျော်ရွှင်မှုများကို ဝေမျှ ခံစားလေ့ရှိရာ သူသည်က အသေးစား ဘော့စ်လေး တစ်ယောက်သာ ဖြစ်ပြီး ဟိန်ဟန် ၀င့်ကြွားရအောင် ဘာမို့နည်း။
" ဥက္ကဌလင်း ... "
လင်းရီ ထိပ်ဦးပိုင်း စားပွဲတွင် ထိုင်နေပြီး စားသောက်ပွဲ စတင်မည့် အချိန်ကို စောင့်ဆိုင်းနေစဉ်တွင် အသံတစ်သံကို ကြားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ၀မ်ထျန်းလုံမှ အသက်သုံးဆယ် အရွယ်ဟု ထင်ရသည့် အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်နှင့် အတူ သူရှိရာနေရာသို့ ရောက်ချလာသည်။
လင်းရီ ဂျပန်ကားများကို အကြည့်များသွားသောကြောင့် လားတော့ မသိ။ သက်လတ်ပိုင်း အမျိုးသားကို မြင်သည်တွင် သူ့စိတ်ထဲ တစ်စုံတစ်ရာကို ပြေးပြေးမြင်နေမိသည်။ ထို့ပြင် ဝါ၀န်ကို ၀တ်ဆင်ထားသည့် အမျိုးသမီးကလည်း သိပ်ကို ဆွဲဆောင်မှုရှိလှသည်။ ငယ်ရွယ်ပြီး ကြော့ရှင်းလန်းဆန်းသည့် ရနံ့တို့ သင်းပျံ့နေသည်မှာ သိသာထင်ရှားလှ၏။
လင်းရီလည်း ယဉ်ကျေးမှုအရ မတ်တပ်ရပ်လိုက်ပြီး ၀မ်ထျန်းလုံကလည်း သူတို့ကို မိတ်ဆက်ပေး၏။
" သူဌေး... သူက မစ္စတာ ခန်တာရို ခါဝါရှီးမား... အိုမန် ဟိုတယ်ရဲ့ အထွေထွေ မန်နေဂျာ... ပြီးတော့ ဒီဘက်က မစ် ဇီရှာ အိုကီတာ... သူတို့ရဲ့ အမှုဆောင် ဒါရိုက်တာပေါ့... "
ဇီရှာ အိုကီတာ...
နာမည်က ဘာကြောင့် ရင်းနှီးနေသလို ဖြစ်နေတာပါလိမ့်... သူမက အာနဲရီ အိုကီတာနှင့် တစ်စုံတစ်ရာ ပတ်သက်နေခြင်း ရှိမရှန သူသိချင်မိသွားခဲ့သည်။
" မစ္စတာ ခါဝါရှီးမား.. မစ် အိုကီတာ... သူကတော့ ကျုပ်တို့ လင်းယွင် အုပ်စုရဲ့ ဥက္ကဌ.. မစ္စတာ လင်းရီပါ.... "
" မင်္ဂလာပါ ဥက္ကဌလင်း.. ကျုပ်တို့ရဲ့ အိုမန် ဟိုတယ်ကနေ ကြိုဆိုလိုက်ပါတယ်... ကျုပ်တို့ရဲ့ ဟိုတယ်မှာ နေထိုင်ဖို့ ဆုံးဖြတ်ပေးတဲ့အတွက် ၀န်ထမ်းတွေရဲ့ ကိုယ်စား ကျုပ်ကနေပြီး ကျေးဇူးတင်ပါရစေ... "
" အိုး... ခင်များ ဟွာရှန့်စကားပြောတာ သိပ်ပီတာပဲ... "
ခန်တာရို ခါဝါရှီးမား၏ ပီသသည့် ဟွာရှန့်လေသံကို ကြားတော့ လင်းရီ အနည်းငယ် အံ့အားသင့်မိသွားခဲ့သည်။
သူ၏ ရုပ်ရည် သွင်ပြင်ကိုသာ ဖယ်ရှားလိုက်မည် ဆိုပါက တစ်ဖက်သူကို ဂျပန်လူမျိုးဟု ပြောရန်ပင် ခက်စွပင်...။
" ဟွာရှန့် ဘာသာစကားက ဖြည်းဖြည်းချင်းနဲ့ ကမ္ဘာသုံး ဘာသာစကား ဖြစ်လာနေပြီလေ.. ဒီကို လာလည်ကြတဲ့ ဟွာရှက ဧည့်သည်တွေကလည်း တစ်နေ့ တစ်နေ့ မနည်းဘူး... ဒီတော့ ဒီဟိုတယ်က ၀န်ထမ်း အများစုကလည်း ဟွာရှန့်လို ပြောတာ ကျွမ်းကျင်ထားကြပါတယ်... "
" အထင်ကြီးလောက် စရာပါပဲ... " လင်းရီ သာမန်လျှံကာ ပြုံးပြီး ချီးမွမ်း၏။
" သူဌေး... ခု ကိစ္စက ဒီလိုပါ... " ၀မ်ထျန်းလုံ ပြောလိုက်ပြီး " ဟိုတယ်ဘက်ကနေပြီး ကျုပ်တို့ စားရင်းသောက်ရင်းနဲ့ ကြည့်ဖို့ ဖျော်ဖြေတင်ဆက်မှု အသေးစားလေး တစ်ခု စီစဉ်ပေးဖို့ရှိတယ်... "
ထိုသို့ ပြောပြီးနောက် ၀မ်ထျန်းလုံ ရှေ့သို့ တိုးလာပြီး လေသံတီးတိုးဖြင့် " အဲ့တာက ဖရီးနော် သူဌေး... "
" ဒါကောင်းတဲ့ ကိစ္စပဲလေ... မစ္စတာ ခါဝါရှီးမားက သိပ်တွေးပေးတတ်တာပဲ... ကျေးဇူးတင်ပါတယ် ... "
လင်းရီ ဂျပန် ဇာတ်ကားတစ်ချို့မှ လွဲ၍ မည်သည့် ဂျပန်ယဉ်ကျေးမှုကိုမျှ ခံစားလို့မရချေ။
သို့သော် ဖရီးဆိုလျှင်တော့ မတူခြားနားသည့် ကိစ္စတစ်ရပ် ဖြစ်သွားပြီဖြစ်၏။ သူ့အပြင် ၀န်ထမ်း အများအပြားကလည်း လိုက်ပါလာခဲ့သောကြောင့် သူက မနှစ်သက်ဘူးဆိုလျှင်တောင်မှ အခြား မနှစ်သက်သူ မရှိဟု မဆိုလိုပေ။ ထိုလူများကို ခံစားကြည့်ခိုင်းလိုက်လို့ ရလေသည်။
" ဒါလုပ်ပေးသင့်တာပါ လုပ်ပေးသင့်တာပါ... ဥက္ကဌလင်းက ကျုပ်တို့ရဲ့ ဟိုတယ်မှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပေးနဲ့တင် ကျုပ်တို့ဖို့ ဂုဏ်ယူဖွယ်ရာပါပဲ ... "
ဟိုတယ်မှ တင်ဆက်မှု အတွက် စီစဉ်ပြင်ဆင်ထားပြီး ဖြစ်၏။ လင်းရီ၏ ခွင့်ပြုချက် ရသည်နှင့် သရုပ်ဆောင်များအားလုံး ပွဲကျင်းပသည့် နေရာသို့ ရောက်လာခဲ့ကြသည်။
နိုင်ငံခြားသား အနုပညာရှင်များကို မြင်တော့ ကုမ္ပဏီ၏ ၀န်ထမ်းများအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြတော့၏။
အနှီ အမှုဆောင် အရာရှိများက အပေါ်ယံတွင် ဂုဏ်သရေရှိပြီး ကြီးမြတ်သည့် သယောင် ဆောင်ထားကြစေကာမူ ၀မ်းတွင်းတွင်တော့ ၎င်းတို့သည်လည်း သူလိုငါလို ပုထုဇဉ်များပင် ဖြစ်သည်။
" ဥက္ကဌလင်းက ငါတို့ အပေါ် သိပ်ကောင်းတာပဲ.. ဒီရောက်အောင် လေယာဉ် စင်းလုံး ငှားပေးရုံတင် မကဘူး... စီစဉ်ပေးထားတာတွေကလည်း လုံး၀ ထိပ်တန်းပဲ... အခုဆို စားရင်းသောက်ရင်းနဲ့ ဖျော်ဖြေမှုတွေကိုပါ ခံစားလို့ရတော့မယ်... ငါ ဥက္ကဌလင်းကို လေးစားလို့ မဆုံးတော့ဘူး... " စီမံခန့်ခွဲရေး ဌာနရှိ အမျိုးသမီးတစ်ဦးမှ ပြောလိုက်ခြင်းပင်။
" ဟင်း... ဥက္ကဌလင်းက ဘယ် တော့များမှ ငါ့ကို သတိပြုမိမှာလဲတဲ့ဟင်... ငါသူ့အတွက် ဘယ်လို အနေအထားမျိုးပဲ လုပ်ပေးရ လုပ်ပေးနိုင်တယ်... ငါ ကိုယ်၀န်ရသွားရင်တောင် တာ၀န်ယူပေးစရာ မလိုပါဘူး... " ထိုစကားကိုတော့ ဘဏ္ဍာရေး ဌာနရှိ မိန်းကလေး တစ်ယောက်မှ ပြောလိုက်ခြင်း ဖြစ်၏။
" နင် အားလုံး လုပ်ပေးနိုင်တယ် မပြောစမ်းနဲ့.. ကောင်းကောင်းတောင် မပန်းထုတ်နိုင်တာကို နင် ဒီ အပိုင်းမှာတော့ ငါ့ကို မယှဉ်နိုင်ပါဘူး... "
" သပပဲ.. နင် ဘယ်လို စကားမျိုးတွေ လာပြောထွက်နေတာလဲ... "
" ငါလည်း ဘယ်တတ်နိုင်မှာ... ငါလည်း ဥက္ကဌလင်းကို စိတ်ထဲ စွဲလမ်းနေမိတာကိုး... "
" ဟားဟား.. သူဌေး ကတော် တစ်ယောက်လုံး ဒီမှာ ရှိနေတာကို နင်တို့တွေ အခွင့်အရေး မရှိပါဘူး... "
ဟော်ယွမ်ယွမ် ပြောသည့်အတိုင်း အကယ်၍ တစ်နေ့ လင်းရီသာ ဖောက်ပြန်ဖို့ ဆန္ဒရှိခဲ့မည် ဆိုပါက သူ့ကုမ္ပဏီရှိ အမျိုးသမီးတစ်ယောက်မျှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
အချိန်တို့ ကုန်လွန်လာသည်နှင့်အမျှ စားဖွယ် ဟင်းလျာများ တစ်ခုပြီးတစ်ခု တည်ခင်းပြီးသွားချေပြီ။ ဟင်းလျာများကို ဟွာရှနှင့် ဂျပန်စတိုင် နှစ်မျိုး ပြုလုပ်ထားပေး၏။
လင်းရီ သူ့ ၀န်ထမ်းများ ခံတွင်း မတည့်မှာကို အစက စိုးရိမ်နေမိသည်။ သို့သော် ဟင်းလျာများ တည်ခင်းပြီးသည့်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်ကမျှ တူကို မကိုင်ကြချေ။ အကုန်လုံးက လင်းရီကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။ အလုပ်၏ စည်းမျဉ်းစည်းကမ်းများက လိုက်နာသင့်သည်များပင်...။
လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး ရယ်ကျဲကျဲဖြင့် " လူတိုင်းပဲ .. ကျုပ်ကို ကြည့်နေဖို့ မလိုပါဘူး....ကိုယ်စားချင်တာ ယူစား.. သောက်ချင်တာ သောက်ကြပါ... ဒီတစ်ခေါက် ကျုပ်တို့က အပန်းဖြေဖို့လာတာ... အဲ့လောက်ထိ တင်းကြပ်မနေကြနဲ့... "
ပြောပြီးနောက် လင်းရီ ၀မ်ထျန်းလုံကို ကြည့်၍ " စပြီး ဖျော်ဖြေလို့ရပြီလို့ သူတို့ကို ပြောလိုက်... "
၀မ်ထျန်းလုံကတော့ လင်းရီ၏ ပေါ့ပေါ့ပါးပါး အပြုမူကို နေသားကျနေနှင့်ပြီး ဖြစ်သည်။ သို့ပေမယ့် ခါဝါရှီးမားနှင့် အိုကီတာတို့အတွက်တော့ မတူ။ သူတို့ အနည်းငယ် နေသားမကျသလို ဖြစ်နေခဲ့ကြ၏။
သူက ဟွာရှရဲ့ နာမည်ကြီး တိုင်ကွန်းကြီးပဲလေ.. ဒီလောက်ထိ ပေါ့ပေါ့ပါးပါး ပြုမူနေတာကြီးကတော့ မဖြစ်သင့်ဘူးလေ.. ဟုတ်တယ်ဟုတ်...
" ဥက္ကဌလင်း.. ဒီလို လူတိုင်း စုံညီတဲ့ အချိန်မှာ စင်ပေါ်တက်ပြီး စကားသုံးလေးခွန်းလောက်တော့ ပြောပေးသင့်ပါတယ်... "
လင်းရီ ငြင်းဆိုတော့မည့် အချိန်မှာပဲ စားပွဲအောက်တွင် ကျီချင်းရန် သူ့ကို လာထိနေကြောင်း လင်းရီ သတိပြုမိလိုက်၏။
" သွားလေ.. ဘာပဲဆိုဆို ဒါက ကုမ္ပဏီရဲ့ အသင်းလိုက်သွားတဲ့ ခရီးကိုပဲ... နင် သူဌေးတစ်ယောက်နဲ့တူအောင် ပြုမူဦးမှပေါ့... "
ကျီချင်းရန်လည်း ယခုလို ဖြစ်စဉ်မျိုးနှင့် ယခင်က ကြုံတွေ့ထားဖူးပြီးဖြစ်၏။ ကုမ္ပဏီ ၀န်ထမ်းများ၏ စိတ်ဓာတ်ရေးရာကို မြင့်တင်နိုင်ရေးအတွကိ မကြာခဏဆိုသလို စကားတစ်ချို့ ပြောပေးဖို့ လိုအပ်လေသည်။
" ကောင်းပြီ... "
လင်းရီ တုံ့ဆိုင်းနေခြင်း မရှိဘဲ စင်ပေါ်သို့ တက်သွား၏။
ဇီရှာ အိုကီတာကတော့ ပွဲကြေညာသူအဖြစ် ဆောင်ရွက်ပေးရန် နောက်မှ လိုက်လာခဲ့သည်။
ဖြောင်း ဖြောင်း ဖြောင်း...
လင်းရီ စင်ပေါ် ရောက်လာသည်ကို မြင်တော့ အောက်ရှိ လူများမှ အားတက်သရော လက်ခုပ်တီးပေးလိုက်ကြပြီး လင်းရီကို သူ့ကိုယ်သူ ဆယ်လီယောင်ယောင် နာမည်ကြီးယောင်ယောင် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရတော့၏။
" ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါရစေ.. ကျွန်မ နာမည်က ဇီရှာအိုကီတာပါ...ပြီးတော့ အိုမန်ဟိုတယ်ရဲ့ အမှုဆောင် ဒါရိုက်တာ တစ်ယောက်လည်း ဟုတ်ပါတယ်... ဒီနေ့လို ပွဲမျိုးမှာ ကျွန်မဖို့ ယာယီ ပွဲကြေညာသူ အဖြစ် ဂုဏ်ယူစွာနဲ့ တာ၀န်ယူပေး ပါရစေ... အခု ကျွန်မတို့ ဥက္ကလင်းကို ရှေ့ကြွဖို့ စကားတစ်ချို့ ပြောပေးဖို့ ဖိတ်ခေါ်ပါရစေ... "
ဖြောင်း ဖြောင်း ဖြောင်း...
လက်ခုပ်တီးသံများ ထပ်မံ၍ ပေါ်ထွက်လာပြီး အချိန်အတော်ကြာမှ ရပ်တန့်သွားခဲ့၏။
" အားလုံးပဲ... ကုမ္ပဏီ ဒီနေ့လို အောင်မြင်လာခဲ့တာက လူတိုင်းရဲ့ ကြိုးပမ်းပေးမှုကြောင့်ပဲဆိုတာ ငြင်းထုတ်လို့ မရပါဘူး... ဒီရဲ့ ခရီးစဉ်ကလည်း လူတိုင်းရဲ့ ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ဖို့ စီစဉ်ခဲ့ခြင်းပါပဲ... ဒီတော့ .... ကျုပ်စကားတွေ အများကြီး မပြောတော့ဘူး.... ဒီနေ့ ကျုပ်ရဲ့ ခွက်ကို မြှောက်ပြီးတော့ လူတိုင်းကို ဆုတောင်းပေးမယ်.... ဒီတစ်ခွက်ကို အပြတ်ဖြတ်နိုင်တဲ့သူတိုင်း ၆,၆၆၆ ယွမ် ဟုန်ပေါင်းရမယ်..."
" ဟူးရေး.. "
အရက်သောက်ပြီး ပိုက်ဆံရမည်ဆိုတော့ လူတိုင်း ဟေးခနဲ အသံများ စီထွက်လာခဲ့သည်။
" ဥက္ကဌလင်းက အံ့ဩစရာပဲ.. "
" ဥက္ကဌလင်း... ရှင့်ကို ကျွန်မ ချစ်တယ်... "
" ဥက္ကဌလင်း... ကျွန်မနဲ့အတူ နောက်တစ်ခေါက် ထပ်အိပ်ပေးဦး.... " ထိုစကားကိုတော့ ကိုယ်၀န်ဆောင်ထားသည့် အမျိုးသမီး ၀န်ထမ်းတစ်ယောက်မှ အော်ပြောလိုက်ခြင်းဖြစ်၏။